အခန်း ၁၅၉၈
Vol. 113 Ch. 1598
အခန်း ( ၁၅၉၈ ) နန်သိုလောက၊ ဧကရာဇ်ကြယ် သက်ဆင်းခြင်း။
အတိုင်းအဆမရှိ ကျယ်ပြောသော နယ်နိမိတ်ပင်လယ်သည် အင်မော်တယ်နယ်မြေနှင့် ကပ်လျက်တည်ရှိပြီး ဆည်တစ်ခုဖြင့်သာ သီးခြားခွဲထုတ်ထားခြင်း ဖြစ်သည်။
၎င်းက အလွန်တရာ ကျယ်ပြောပြီး ဆန်းကြယ်သော နယ်မြေတစ်ခုဖြစ်ကာ အဆုံးမရှိသော ဒဏ္ဍာရီများ၊ လျှို့ဝှက်ချက်များ၊ မှတ်တမ်းများနှင့် ထူးဆန်းသော ဖြစ်ရပ်များဖြင့် ပြည့်နှက်နေခဲ့ပေသည်။
နယ်နိမိတ်ပင်လယ်၏ အထင်ရှားဆုံးသော လက္ခဏာမှာ ၎င်းအတွင်း၌ ရေတွက်၍မရနိုင်သော ကမ္ဘာလောကများစွာ မြင့်တက်လာခြင်းနှင့် ကျဆင်းပျက်စီးခြင်းတို့ ဖြစ်ပေါ်နေခြင်းပင် ဖြစ်သည်။
လေဟာနယ်ထဲရှိ လှိုင်းဂယက်တစ်ခုချင်းစီတိုင်းတွင် ကမ္ဘာငယ်လေးတစ်ခုစီ ပါဝင်နေခဲ့သကဲ့သို့ ပန်းတစ်ပွင့်က လောကတစ်ခု ဖြစ်နိုင်ပေသည်။
နယ်နိမိတ်ပင်လယ်ကို ဝန်းရံထားသော စကြာဝဠာဒီရေလှိုင်းများနှင့်အတူ ဖြစ်တည်လာလိုက်၊ ပျက်စီးသွားလိုက် ဖြစ်နေကြသော ရေတွက်၍မရနိုင်သည့် လောကများစွာလည်း ရှိနေခဲ့ကြသည်။
သို့သော်လည်း အချို့သော လောကများမှာမူ စကြာဝဠာ၏ ဒီရေလှိုင်းများကြား၌ ပျက်စီးသွားခြင်း မရှိကြပါချေ။
ထိုလောကများက နယ်နိမိတ်ပင်လယ်၏ ဗဟိုချက်မနယ်မြေတွင် ထာဝရ တည်ရှိနေခဲ့ကြသည်။
မျိုးဆက်ပေါင်းများစွာ တည်ဆောက်ခြင်းနှင့် အမွေဆက်ခံခြင်းတို့မှတစ်ဆင့် ၎င်းတို့က ရေတွက်၍မရနိုင်သော မျိုးနွယ်စုများနှင့် အင်အားစုများကို ဖြစ်ပေါ်စေခဲ့ပေသည်။
လောကများကို ဖုန်မှုန့်လောက၊ လောကငယ်၊ အလယ်အလတ်လောက၊ မဟာလောကဟု ခွဲခြားထားသည်။
၎င်းက အတွင်းစကြာဝဠာ၏ အဆင့်အတန်းနှင့် အတူတူပင် ဖြစ်ပေသည်။
မဟာလောကဆိုသည်မှာ အတိုင်းအဆမရှိ ကျယ်ပြောသော တည်ရှိမှုတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
၎င်းထက် ပိုမိုမြင့်မားသောအဆင့်မှာမူ တစ်ခုတည်းသောစကြာဝဠာနှင့် အနန္တစကြာဝဠာတို့ ဖြစ်ကြသည်။
ထိုကဲ့သို့သော အဆင့်အတန်းရှိသည့် လောကမျိုးမှာမူ နယ်နိမိတ်ပင်လယ်အတွင်း၌ပင်လျှင် အလွန်ရှားပါးလှပေသည်။
၎င်းတို့ကို သန်မာသော အင်အားစုကြီးများနှင့် အုပ်စိုးရှင် တော်ဝင်မိသားစုများက သိမ်းပိုက်ထားကြသည်။
ဤကဲ့သို့သော အင်အားစုမျိုး၏ စွမ်းအားမှာ အင်မော်တယ်နယ်မြေမှ အုပ်စိုးရှင်အင်အားစုကြီးများထက် အားနည်းခြင်း အလျဉ်းမရှိချေ။
နယ်နိမိတ်ပင်လယ်၏ လောကအတွင်း၌...
လောကတစ်ခုကို အပြည့်အဝ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော အင်အားစုကို အုပ်ချုပ်သူအင်အားစုဟု ခေါ်ဆိုကြသည်။
လောကတစ်ခုကို အပြည့်အဝ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော အသန်မာဆုံး ပုဂ္ဂိုလ်ကိုမူ လောကအရှင်ဟု ခေါ်ဆိုကြ၏။
နယ်နိမိတ်ပင်လယ်လောကအတွင်းရှိ သန်းနှင့်ချီသော သက်ရှိအားလုံးတွင် တူညီသော ရည်မှန်းချက်တစ်ခု ရှိနေခဲ့ကြသည်။
၎င်းက လောကအရှင် ဖြစ်လာနိုင်ရန်ပင်။
အဆုံးမရှိသော အင်အားစုများနှင့် ရေတွက်၍မရနိုင်သော အကျော်အမော် ပုဂ္ဂိုလ်များစွာတို့က အာဏာစက်လွှမ်းမိုးနိုင်ရန်အတွက် အချင်းချင်း ပြိုင်ဆိုင်တိုက်ခိုက်နေခဲ့ကြပြီး ဤခမ်းနားထည်ဝါပြီး ကမောက်ကမဖြစ်နေသော နယ်နိမိတ်ပင်လယ်လောကကြီးကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်ပေသည်။
.........
တောင်ပိုင်း ကြယ်စင်စုလောက (နန်သိုလောက) သည် အလွန်တရာ ကျယ်ပြောပြီး အတိုင်းအဆမရှိသော မဟာလောကကြီးတစ်ခု ဖြစ်သည်။
မဟာလောကက အဆုံးမဲ့သော လောကများစွာ တည်ရှိသည်ဟု ဆိုရမည့် နယ်နိမိတ်ပင်လယ်အတွင်း၌ပင်လျှင် အလွန်တရာ ရှားပါးလှပေသည်။
မဟာလောကတစ်ခုစီက အလယ်အလတ်လောကတစ်ထောင် သို့မဟုတ် လောကငယ် တစ်သန်းနှင့် ညီမျှသည်။
ဤအရာက တောင်ပိုင်းကြယ်စင်စုလောက၏ အတိုင်းအဆမရှိ ကြီးမားကျယ်ပြောမှုကို သက်သေပြနေခဲ့ပေသည်။
တောင်ပိုင်း ကြယ်စင်စုလောကကို အရှေ့(တုန်ရွှမ်း)၊ တောင်(နန်ယွမ်)၊ မြောက်(ပေ့မင်) နှင့် အနောက်(ရှီးယို) ဟူ၍ ကြီးမားသော ကြယ်စင်စုနယ်မြေကြီး လေးခုအဖြစ် ပိုင်းခြားထားသည်။
ကြယ်စင်စုနယ်မြေ တစ်ခုချင်းစီတိုင်းက အတိုင်းအဆမရှိ ကျယ်ပြောပြီး ရေတွက်၍မရနိုင်သော အင်အားစုများနှင့် မျိုးနွယ်စုများစွာ တည်ရှိနေကြ၏။
တောင်ပိုင်းကြယ်စင်စုလောကသည် မဟာလောကကြီးဖြစ်သည့်အားလျော်စွာ မည်သည့်အင်အားစုကမှ ၎င်းကို အပြည့်အဝ သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ အုပ်စိုးသူအင်အားစု ဖြစ်မလာခဲ့ကြချေ။
တောင်ပိုင်းကြယ်စင်စုလောကကို အင်မော်တယ်အင်အားစုကြီး အချို့က အသီးသီး ခွဲဝေယူထားကြပြီး မိမိတို့၏ ကိုယ်ပိုင်နယ်မြေများကို သိမ်းပိုက်ထားကြသည်။
လက်ရှိအချိန်တွင်မူ၊ တောင်ပိုင်းကြယ်စုလောက...
အရှေ့တုန်ရွှမ်း ကြယ်စင်စုနယ်မြေ၏ ရွှမ်းရှန့်ရှေးဟောင်းဂြိုလ်ပေါ်တွင်...
ရွှမ်းရှန့်ရှေးဟောင်းဂြိုလ်သည် ရွှမ်းထျန်းနတ်ဘုရားမင်းဆက်၏ ပင်မဂြိုလ် ဖြစ်သည်။
ဤသက်ရှိဂြိုလ်တစ်ခုလုံးက ရွှမ်းထျန်းနတ်ဘုရားမင်းဆက်၏ ပိုင်ဆိုင်မှု ဖြစ်၏။
ထို့ပြင် ရွှမ်းထျန်းနတ်ဘုရားမင်းဆက်က အရှေ့တုန်ရွှမ်း ကြယ်စင်စုနယ်မြေအတွင်း၌ အဆုံးမဲ့သော နယ်မြေများကို သိမ်းပိုက်ထားခဲ့ပြီး မျိုးနွယ်စုအားလုံးကို အုပ်ချုပ်ထားခဲ့သည်။
ရွှမ်းထျန်းနတ်ဘုရားမင်းဆက်၏ အကျော်ကြားဆုံးသော ပုဂ္ဂိုလ်မှာမူ လက်ရှိ အခေါင်အချုပ်ဖြစ်သူ ရွှမ်ထျန်းဧကရီပင်။
ရွှမ်းထျန်းဧကရီကမူ တောင်ပိုင်းကြယ်စင်စုလောကအတွင်း၌ အသက်အငယ်ဆုံးသော ကပ်ဘေးကိုးပါး ဧကရာဇ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ် ဖြစ်သည်။
အကယ်၍ သူမအနေဖြင့် အနာဂတ်တွင် တာအိုကို အောင်မြင်စွာ သက်သေပြနိုင်ခဲ့မည်ဆိုပါက၊ တောင်ပိုင်းကြယ်စင်စုလောကအတွင်း၌ အငယ်ဆုံး ဧကရာဇ်အဆင့် အကျော်အမော် ဖြစ်လာပေလိမ့်မည်။
သူမက ပြတ်သားပြီး ဆုံးဖြတ်ချက်ချပြီးပါက ချက်ချင်းလုပ်ဆောင်တတ်သူ ဖြစ်သည်။
သူက ရွှမ်ထျန်းနတ်ဘုရားမင်းဆက်ကို တောင်ပိုင်းကြယ်စင်စုလောကအတွင်းရှိ ထိပ်တန်းအင်အားစုကြီးများအနက် တစ်ခု ဖြစ်လာစေရန် ဦးဆောင်ခဲ့ပေသည်။
ယနေ့တွင်မူ၊ ရွှမ်းရှန့်ရှေးဟောင်းဂြိုလ်နှင့် အရှေ့တုန်ရွှမ်းကြယ်စင်စုနယ်မြေတစ်ခုလုံးပင်လျှင် ကမောက်ကမဖြစ်လျက် လှုပ်ခတ်နေခဲ့သည်။
အကြောင်းမူ ကိုးနှစ်နှင့် ငါးလတိုင်တိုင် ကိုယ်ဝန်ဆောင်ထားခဲ့ရသော ရွှမ်းထျန်းဧကရီက နောက်ဆုံးတွင် ကလေးမွေးဖွားတော့မည်ဟူသော သတင်းများ ပျံ့နှံ့နေခဲ့ခြင်းကြောင့်ပင်။
ဤအရာက သတင်းအသစ်တစ်ခုတော့ မဟုတ်ပါ။
၎င်းက လွန်ခဲ့သည့် ကိုးနှစ်တိုင်တိုင် ပျံ့နှံ့နေခဲ့ပြီးသား ဖြစ်သည်။
လူတိုင်း သိချင်နေသောအချက်က ရွှမ်ထျန်းဧကရီကို ကိုယ်ဝန်ဆောင်စေရန် စွမ်းဆောင်နိုင်ခဲ့သူကိုသာ ဖြစ်သည်။
ရွှမ်းထျန်းဧကရီက တောင်ပိုင်းကြယ်စင်စုလောကအတွင်း၌ စွမ်းအားနှင့် အလှအပ နှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း လူတိုင်းသိထားကြရမည်။
တောင်ပိုင်းကြယ်စင်စုလောကအတွင်း၌ မည်သူက ရွှမ်းထျန်းဧကရီအား မည်သူမျှ သတိမပြုမိစေဘဲ သိမ်းပိုက်နိုင်စွမ်း ရှိသနည်း။
ဧကရာဇ်ကြီးတစ်ပါးပင်လျှင် ဤကဲ့သို့ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပါချေ။
ပို၍ သံသယဖြစ်ဖွယ် ကောင်းလှသည်မှာ၊ ရွှမ်းထျန်းဧကရီက ဤအကြောင်း အချက်အလက်တစ်ခုကိုမျှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခြင်းပင် ဖြစ်သည်။
ထို့ကြောင့် လူများစွာက ရွှမ်းထျန်းဧကရီ၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သည့် ထိုဆန်းကြယ်သော တည်ရှိမှုမှာ ထိတ်လန့်ဖွယ်ရာ နောက်ခံတစ်ခုကို ပိုင်ဆိုင်ထားရမည်ဟု ခန့်မှန်းခဲ့ကြသည်။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ၊ ထိုသူက ပိုမိုမြင့်မားသောအဆင့်ရှိသည့် တစ်ခုတည်းသောစကြာဝဠာမှ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လိမ့်မည်။
ထိုအချိန်တွင်...
ကောင်းကင်ယံထက်၌ ထူးဆန်းသော သဘာဝဖြစ်စဉ်များ ထွက်ပေါ်လာခဲ့ပြီး စကြာဝဠာကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည်။
ရွှမ်းရှန့်ရှေးဟောင်းဂြိုလ်သာမကဘဲ အရှေ့တုန်ရွှမ်းကြယ်စင်စုနယ်မြေတစ်ခုလုံးပင်လျှင် ရိုက်ခတ်ခြင်းကို ခံလိုက်ရ၏။
ကောင်းကင်နှင့် မြေပြင်၏ အဆီအနှစ်များက ဆူပွက်လှုပ်ရှားလာခဲ့ပြီး ကြယ်တာရာအားလုံးမှာ မှေးမှိန်သွားခဲ့ရသည်။
၎င်းက လောကကြီး၏ အထွတ်အထိပ် အုပ်စိုးရှင်တစ်ဦး ရောက်ရှိလာမှုကို ကြိုဆိုနေခဲ့ကြသကဲ့သို့ပင်။
"ဒါ... ဒီဖြစ်စဉ်က အံ့ဖွယ်ကောင်းလိုက်တာ၊ ဧကရီရဲ့ ရင်သွေးက ဘယ်လောက်တောင် စွမ်းအားကြီးမားလို့လဲ"
ရွှမ်းထျန်းနတ်ဘုရားမင်းဆက်အတွင်းရှိ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိအားလုံးက အံ့ဩတုန်လှုပ်နေသော မျက်ဝန်းများဖြင့် မော့ကြည့်နေခဲ့ကြသည်။
"ကိုးနှစ်နဲ့ ငါးလတိုင်တိုင် ကိုယ်ဝန်ဆောင်ထားရတာ... ဒါက တကယ်ကို အထွတ်အထိပ် အုပ်စိုးရှင်တစ်ယောက်ရဲ့ အရည်အချင်းပဲ"
အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦးက တုန်ယင်နေသော လေသံဖြင့် ပြောလိုက်သည်။
"ဧကရီက ကျုပ်တို့ရဲ့ တောင်ပိုင်းကြယ်စင်စုလောကကို အုပ်စိုးမယ့်သူကို မွေးဖွားတော့မှာလား"
အချို့သူများကလည်း အသက်ပြင်းပြင်းရှူလိုက်ကြရင်း ခန့်မှန်းတွေးတောလိုက်ကြလေသည်။
လောကတစ်ခုကို အပြည့်အဝ အုပ်ချုပ်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသူကို လောကအရှင်ဟု ခေါ်ဆိုနိုင်သည်။
တောင်ပိုင်းကြယ်စင်စုလောကက အတိုင်းအဆမရှိ ကျယ်ပြောသော မဟာလောကကြီးတစ်ခု ဖြစ်သည်။
မဟာလောက၏ အရှင်သခင် ဖြစ်လာနိုင်သူများက နယ်နိမိတ်ပင်လယ်အတွင်း၌ ဂုဏ်သတင်းကျော်ကြားလှသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။
သာမန်ဧကရာဇ်ကြီးတစ်ပါးအနေဖြင့် ဤမျှလောက် ကျယ်ပြောသော မဟာလောကကို မည်သည့်အခါမျှ အုပ်ချုပ်နိုင်လိမ့်မည် မဟုတ်ချေ။
လူတိုင်းက ခန့်မှန်းတွေးတောနေကြစဉ် အချိန်အတွင်းမှာပင်...
ရုတ်တရက်၊ နဂါးနှင့် ဖီးနစ်တို့၏ အော်မြည်သံများ ထွက်ပေါ်လာခဲ့သည်။
လေဟာနယ်ထဲ၌ အတိုင်းအဆမဲ့ ကြီးမားသော အစစ်အမှန်နဂါးကြီးတစ်ကောင်၏ ပုံသဏ္ဌာန် ထွက်ပေါ်လာ၏။
၎င်းက သန်းပေါင်းများစွာသော မိုင်အကွာအဝေးအထိ ရှည်လျားကာ ကောင်းကင်ယံထက်ရှိ နေ၊ လ နှင့် ကြယ်တာရာအားလုံးကို ဝါးမြိုတော့မည့်အလား ဖြစ်နေတော့သည်။
ဖီးနစ်ငှက်၏ တည်ရှိမှုမှာလည်း အလွန်တရာ ခန့်ညားထည်ဝါလှသည်။
သို့သော်၊ ၎င်းက အစစ်အမှန်နဂါးကြီးနှင့် နှိုင်းယှဉ်ပါက အနည်းငယ် အားနည်းနေသေးသည်။
"နဂါးနဲ့ ဖီးနစ်တို့ရဲ့ အော်မြည်သံ... ဒါက အမြွှာလေးတွေများလား"
လူများစွာ အံ့ဩမှင်တက်သွားခဲ့ကြရသည်။
ဧကရီက အမြွှာများကို မွေးဖွားတော့မည်။
၎င်းက ယောက်ျားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် ဖြစ်ကြသည်။
ယင်းကြောင့် ရွှမ်းရှန့်ရှေးဟောင်းဂြိုလ်မှာ တုန်လှုပ်နေရတော့သည်။
သို့သော်လည်း အမှန်တကယ် ထိတ်လန့်ဖွယ်ရာ အခြေအနေမှာမူ ယခုမှသာ စတင်မည် ဖြစ်သည်။
နဂါးနက်တစ်ကောင် ရေပြင်ထက်မှ ထွက်ပေါ်လာခြင်း...၊ ဖီးနစ်ငှက်တစ်ကောင်က တောင်တန်းပေါ်၌ တွန်ကျူးခြင်း...၊ သက်တံတစ်ခု ကမ္ဘာမြေကို ဖြတ်သန်းသွားခြင်းနှင့် ဆီးနှင်းများ ကမ္ဘာမြေပေါ်သို့ ကျရောက်လာခြင်း အစရှိသော... အမျိုးမျိုးသော အံ့ဩဖွယ်ရာနှင့် ထူးဆန်းလှသော သဘာဝဖြစ်စဉ်များစွာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ရသည်။
အတိတ်ကာလတွင်မူ ထူးခြားသော ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာခဲ့လျှင်ပင် ထိုရင်သွေးငယ်က ဧကရာဇ်ကြီးတစ်ပါး ဖြစ်လာမည့် အရည်အချင်း ပိုင်ဆိုင်ထားကြောင်း အမြဲတမ်း ညွှန်ပြခဲ့ပေသည်။
ရလဒ်အနေဖြင့်မူ ယခင်က နှစ်ပေါင်းသောင်းချီမှ တစ်ကြိမ်သာ ကြုံတွေ့ရခဲသော သဘာဝဖြစ်စဉ်များသည် ယခုအခါ အလကားရနေသည့်အလား ပေါ်ချင်တိုင်း ပေါ်ပေါက်နေကြတော့သည်။
ဤအရာက အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလှသဖြင့် လူတို့၏ စိတ်ကို တုန်လှုပ်စေကာ မျက်လုံးများပင် ကျွတ်ကျမတတ် ဖြစ်ခဲ့ရသည်။
ထိုစဉ်...
တောက်ပသော ကြယ်ပွင့်တစ်ပွင့်က အကန့်အသတ်မဲ့ လေဟာနယ်ကို ဖြတ်ကျော်လျက် ရွှမ်းရှန့်ရှေးဟောင်းဂြိုဟ်သို့ ကျရောက်လာခဲ့သည်။
ရွှမ်းရှန့်ရှေးဟောင်းဂြိုဟ်အထက် လေဟာနယ်တွင် ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခု ဆိုင်းငံ့တည်ရှိ၏။
ဤနန်းတော်ကို ရွှမ်းထျန်းနန်းတော်ဟု ခေါ်ဆိုပြီး ရွှမ်ထျန်းဧကရီ၏ အိပ်ဆောင်နန်းတော် ဖြစ်သည်။
ဤအခိုက်တွင် ဧကရာဇ်ကြယ်က တိုက်ရိုက်ကျဆင်းလာပြီး အတိုင်းအဆမရှိ ကျယ်ပြောသော နယ်မြေကို ထိုးဖောက်သွားခဲ့သည်။
ထိုတောက်ပလှသော အလင်းရောင်က တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးကို လင်းထိန်သွားစေခဲ့တော့သည်။
တောင်ပိုင်းကြယ်စင်စုလောက၊ နန်ယွမ်နယ်မြေ...
နန်ယွမ်နယ်မြေသည် တောင်ပိုင်းကြယ်စင်စုလောက၏ ကြီးမားသော ကြယ်စင်စုနယ်မြေလေးခုအနက် တစ်ခု ဖြစ်သည်။
နန်ယွမ်နယ်မြေ၏ အုပ်စိုးသူအင်အားစုမှာမူ ယွမ်ကျူးနတ်ဘုရားမင်းဆက် ဖြစ်၏။
ယွမ်ကျူးနတ်ဘုရားမင်းဆက်နှင့် ရွှမ်းထျန်းနတ်ဘုရားမင်းဆက် နှစ်ခုလုံးက တောင်ပိုင်းကြယ်စင်စုလောကကို အုပ်ချုပ်နိုင်ရန်အတွက် အဓိက ပြိုင်ဘက်များ ဖြစ်ကြသည်။
အင်အားကြီးမားသော နတ်ဘုရားမင်းဆက်နှစ်ခုလုံးက တောင်ပိုင်းကြယ်စင်စုလောကကို လွှမ်းမိုးချုပ်ကိုင်နိုင်ရန်အတွက် အမြဲပြိုင်ဆိုင်နေခဲ့ကြပေသည်။
ယခုအချိန်၊ ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ တော်ဝင်နန်းတော်အတွင်းဝယ်...
အရှိန်အဝါကြီးမားသော ပုဂ္ဂိုလ်အချို့က လေထဲတွင် ရပ်နေခဲ့ကြသည်။
"ဧကရာဇ်ကြယ်က ကမ္ဘာမြေပေါ် သက်ဆင်းလာတယ်"
"ဒါက ဖြစ်နိုင်မလား...၊ ရွှမ်းထျန်းဧကရီ မွေးဖွားလာမဲ့ ကလေးက တောင်ပိုင်းကြယ်စင်စုလောကရဲ့ အနာဂတ်အုပ်စိုးသူ ဖြစ်လာမှာလား"
တစ်ကိုယ်လုံးကို ဝတ်ရုံနက်ဖြင့် ဖုံးကွယ်ထားသော ပုဂ္ဂိုလ်တစ်ဦးက တိုးညှင်းစွာ စကားဆိုလိုက်သည်။
သူသည် ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ တော်ဝင်အကြံပေး ဖြစ်ပေသည်။
"ဟမ့်"
ဤစကားကို ကြားရသောအခါ ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်နေသော ပုဂ္ဂိုလ်တစ်ဦးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
သူက ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ ဧကရာဇ်မင်းမြတ်ပင်။
"ဒီလို ထူးဆန်းတဲ့ ဖြစ်စဉ်တွေ ရှိနေရင်တောင်... အဲဒီရင်သွေးငယ်ရဲ့ အရည်အချင်းက ဘယ်လောက်မြင့်မားမလဲဆိုတာ ဆုံးဖြတ်ဖို့ မဖြစ်နိုင်သေးပါဘူး"
ယွမ်ကျူးဧကရာဇ်က ပြောဆိုပြီးချိန်မှာပင်...
"ဝုန်း"
ရွှမ်းရှန့်ရှေးဟောင်းဂြိုလ်ဘက်မှတဆင့် ကောင်းကင်နှင့် မြေပြင်၏ သဘာဝစွမ်းအင်များမှာ ပြင်းထန်စွာ ဆူပွက်လှုပ်ရှားလာခဲ့သည်။
အရှေ့တုန်ရွှမ်းနယ်မြေ၏ စွမ်းအင်များအားလုံးမှာ စုပ်ယူခြင်း ခံလိုက်ရသကဲ့သို့ ဖြစ်၏။
လေဟာနယ်ထဲ၌မူ...
အကန့်အသတ်မဲ့ သဘာဝစွမ်းအင်တို့မှာ ရှည်လျားသော နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး၊ မဟာလမ်းစဉ်၏ ရွှေကြာပန်းများမှာလည်း တစ်ပွင့်ပြီးတစ်ပွင့် ကျရောက်လာခဲ့တော့သည်။
တစ်ချိန်တည်းမှာပင် သူတော်စင်တစ်သောင်း အရိုအသေပေးခြင်း၊ အင်မော်တယ်ဘုရင် လင်းကျိုးထျန်း၊ ကစဉ့်ကလျား စိမ်းပြာရောင်ကြာပန်းတစ်ပွင့် ပေါ်ထွက်လာခြင်း စသည့် ထိတ်လန့်ဖွယ်ရာ ဖြစ်စဉ်များမှာလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ရပြန်သည်။
ကောင်းကင်နှင့် မြေပြင်မှာ ထိုထိတ်လန့်ဖွယ်ရာ ဖြစ်စဉ်များကို တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ ပေါက်ကွဲတော့မည့်အလား ဖြစ်နေရတော့သည်။
"ဒါက……"
ယွမ်ကျူးဧကရာဇ်ပင်လျှင် အနည်းငယ် ကြောင်အမ်းသွားခဲ့ရသည်။
သူက ပြောဆိုပြီးသည်နှင့် တပြိုင်နက်၊ သူ မှားယွင်းကြောင်း ချက်ချင်း သက်သေပြခြင်း ခံလိုက်ရတာ ဖြစ်နိုင်မလား။
"ဒါ ဖြစ်နိုင်တာက... မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ များလား"
ယွမ်ကျူးနတ်ဘုရားမင်းဆက်မှ စစ်သူကြီးတစ်ဦးက တုန်လှုပ်နေသော လေသံဖြင့် ပြောလိုက်သည်။
မြင့်မြတ်ခန္ဓာ တာအိုသန္ဓေဆိုသည်မှာ သမိုင်းတစ်လျှောက်တွင် အသန်မာဆုံးသော ခန္ဓာကိုယ်ဖွဲ့စည်းပုံများအနက် တစ်ခု ဖြစ်သည်။
အတိုင်းအဆမရှိ ကျယ်ပြောသော နယ်နိမိတ်ပင်လယ်အတွင်း၌ပင်လျှင် ၎င်းက ဂုဏ်သတင်းကျော်ကြားသော တည်ရှိမှုတစ်ခု ဖြစ်၏။
"ဒဏ္ဍာရီတွေအရ... တစ်ခါတုန်းက လောကအပြင်ဘက်ကနေ ရောက်ရှိလာတဲ့ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ ပိုင်ရှင်တစ်ယောက် ရှိခဲ့ဖူးတယ်။ သူက ပျက်စီးခြင်းနယ်မြေရဲ့ အနက်ရှိုင်းဆုံးနေရာဆီကို တစ်ဦးတည်း စွန့်စားဝင်ရောက်ခဲ့ပြီး သူ့လမ်းမှာရှိတဲ့ ရန်သူအားလုံးကို သတ်ဖြတ်ပစ်ခဲ့ကာ ပြိုင်ဘက်ကင်းခဲ့ဖူးတယ်တဲ့..."
တစ်ယောက်ကလည်း အသက်ပြင်းပြင်းရှူလိုက်မိပေသည်။
ဤကဲ့သို့သော ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးမှာ ပြိုင်ဘက်ကင်းခြင်း၏ ပြယုဂ်ပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ မြောက်ပိုင်း ပေမင်နယ်မြေ အတွင်း၌မူ...
အရာအားလုံးမှာ ရေခဲနှင့် ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
ခမ်းနားထည်သော ရေခဲရုပ်တုကြီးများလည်း မြင့်မားစွာ ရပ်နေခဲ့ကြ၏။
ထိုအချိန်တွင် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဒါက မြင့်မြတ်ခန္ဓာ တာအိုသန္ဓေပဲ... သူသာ အချိန်မတိုင်မီ သေဆုံးမသွားရင် တောင်ပိုင်းကြယ်စင်စုလောကရဲ့ အနာဂတ်အုပ်စိုးသူ ဖြစ်လာမှာ အသေအချာပဲ"
"ကံကောင်းချင်တော့ ငါတို့ရဲ့ ရေခဲနဲ့နှင်းနတ်ဘုရားမနန်းတော်နဲ့ ရွှမ်းထျန်းနတ်ဘုရားမင်းဆက်ကြားက ဆက်ဆံရေး အဆင်ပြေနေသေးတယ်။ မြန်မြန်လုပ်ကြစမ်း၊ ငါတို့နဲ့ ဧကရီရဲ့ သားတော်ကြားမှာ ပတ်သက်မှုတစ်ခုခုရှိနိုင်မဲ့ နည်းလမ်းကို ရှာဖွေရမယ်"
ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်က မြောက်ဘက် ပေမင်နယ်မြေအတွင်းရှိ အင်မော်တယ်အင်အားစုကြီးတစ်ခု ဖြစ်သည်။
၎င်းက မြင့်မားသောအရပ်၌ တည်ရှိကာ သက်ရှိသတ္တဝါအားလုံးကို ငုံ့မိုးကြည့်ရှုထားခဲ့ပေသည်။
သို့သော်လည်း ယခုအခါတွင်မူ သူတိူ့က မြင့်မြတ်ခန္ဓာ တာအိုသန္ဓေပိုင်ရှင်နှင့် ပတ်သက်ဆက်နွယ်ရန် နည်းလမ်းရှာရန် တွေးတောနေကြပြီ ဖြစ်သည်။
မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ၏ လွှမ်းမိုးမှုမှာ အလွန်တရာ ကြီးမားလွန်းသဖြင့် လူတို့၏ နှလုံးသားထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီဟုသာ ပြောရပေမည်။
ထို့ပြင်၊ ဤကဲ့သို့သော အကြံအစည်မျိုး ရှိနေခဲ့သည်မှာ ရေခဲနှင့်ဆီးနှင်းနတ်ဘုရားမနန်းတော် တစ်ခုတည်းသာ မဟုတ်ချေ။
တောင်ပိုင်းကြယ်စင်စုလောကအတွင်း၌ မြောက်မြားစွာသော အင်မော်တယ်အင်အားစုကြီးများက ရွှမ်းထျန်းနတ်ဘုရားမင်းဆက်ထံသို့ လူများကို စေလွှတ်၍ မမွေးဖွားမီကတည်းကပင် ကလေးချင်း စေ့စပ်ကြောင်းလမ်းမှုများ ပြုလုပ်ရန် စဉ်းစားတွေးတောနေခဲ့ကြသည်။
ရင်သွေးငယ်တစ်ဦး၏ မွေးဖွားခြင်းက တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးကို တုန်ခါသွားစေခဲ့ပေသည်။