အခန်း ၁၆၀၀
Vol. 113 Ch. 1600
အခန်း ( ၁၆၀၀ ) ဆယ့်ငါးနှစ်ကြာ တစ်ကိုယ်တည်း တံခါးပိတ်ကျင့်ကြံခြင်း။
ရွှမ်ထျန်းဧကရီက မြင့်မြတ်ခန္ဓာ တာအိုသန္ဓေကို မွေးဖွားခဲ့ပြီးနောက်...
တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးသည် ထိုမြင့်မြတ်ခန္ဓာ တာအိုသန္ဓေအနေဖြင့် အနာဂတ်တွင် မည်မျှအထိ စွမ်းဆောင်ရည်ပြသနိုင်မည်လဲဟူသောအချက်ကို မျှော်လင့်တကြီး စောင့်ကြည့်နေခဲ့ကြသည်။
ရွှမ်ထျန်းဧကရီက သူ့ကို ယွင်ရှောင်ဟု နာမည်ပေးခဲ့၏။
ရွှမ်ထျန်းနတ်ဘုရားမင်းဆက်၏ ဧကရာဇ်ငယ်လေးအဖြစ် တိုက်ရိုက်ခန့်အပ်ခြင်း ခံခဲ့ရသေးသည်။
မထင်မှတ်ထားသော ပြဿနာမျိုး မရှိခဲ့ပါက သူသည် ရွှမ်ထျန်းနတ်ဘုရားမင်းဆက်၏ အနာဂတ်အုပ်စိုးသူ ဖြစ်လာပေလိမ့်မည်။
ခဏချင်းအတွင်းမှာပင်၊ ရွှမ်ထျန်းဧကရာဇ်ငယ်လေးဟူသော နာမည်မှာ တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးတွင် ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ရသည်။
ရေတွက်၍မရနိုင်သော လူများစွာက ဤရွှမ်ထျန်းဧကရာဇ်ငယ်လေး၏ ပါရမီစွမ်းရည်မှာ မည်မျှအထိ သန်မာထိတ်လန့်ဖွယ်ကောင်းမည်နည်းဟု စိတ်ကူးပုံဖော်နေခဲ့ကြပေသည်။
ရေတွက်၍မရနိုင်သော မိန်းကလေးများစွာသည်လည်း သမိုင်းတစ်လျှောက်တွင် အသန်မာဆုံးသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားသည့် ဤရွှမ်ထျန်းဧကရာဇ်ငယ်လေးက မည်မျှထူးခြားထင်ရှားသော နတ်ဘုရားကဲ့သို့ အမျိုးသားတစ်ဦးအဖြစ် ကြီးပြင်းလာမလဲဟူသောအချက်ကို စိတ်ကူးယဉ်နေခဲ့ကြသည်။
သို့သော်လည်း ဝေခွဲရခက်စွာ ထိုဖြစ်ရပ်နောက်ပိုင်းတွင် ရွှမ်ထျန်းဧကရာဇ်ငယ်လေးနှင့် ပတ်သက်သော သတင်းအချက်အလက်များစွာ ထွက်ပေါ်လာခြင်း မရှိတော့ချေ။
၎င်းက လူတို့ စိတ်ကူးယဉ်ထားခဲ့ကြသကဲ့သို့ ဟိတ်ဟန်ကြီးမားခြင်း မရှိခဲ့ပါ။
ဤရွှမ်ထျန်းဧကရာဇ်ငယ်က အလွန်တရာ သိုသိပ်ပြီး လူမသိသူမသိ နေထိုင်ခဲ့သည်။
ဆယ်နှစ်တိုင်တိုင် ပြည့်မြောက်သွားခဲ့ပြီ။
သို့သော်လည်း အပြင်လောကကို ထွက်လာရန် မဆိုထားဘိ...
ရွှမ်ထျန်းနန်းတော်အတွင်းမှ အပြင်သို့ပင်လျှင် တစ်ကြိမ်တစ်ခါမျှ လှမ်းထွက်ခဲ့ခြင်း မရှိခဲ့ချေ။
ရွှမ်ထျန်းနန်းတော်သည် မူလက ရွှမ်ထျန်းဧကရီ၏ စံအိမ်တော်ဖြစ်သော်လည်း၊ ယခုအခါတွင်မူ ၎င်းကို ရွှမ်ထျန်းဧကရာဇ်ငယ်ထံသို့ ပေးအပ်ထားခဲ့ခြင်း ဖြစ်သည်။
ဤအရာက ဧကရီအနေဖြင့် သူမ၏ ရင်သွေးငယ်အပေါ် မည်မျှအထိ အလိုလိုက်ချစ်ခင်ကြောင်း သက်သေပြနေခဲ့ပေသည်။
သို့သော်လည်း ဆယ်နှစ်တိုင်တိုင် ပြည့်မြောက်သွားခဲ့သည့်တိုင်အောင်၊ ထိုရွှမ်ထျန်းဧကရာဇ်ငယ်လေးက ရွှမ်ထျန်းနန်းတော်အပြင်ဘက်သို့ ခြေတစ်လှမ်းမျှ မလှမ်းခဲ့ပါချေ။
ထို့ကြောင့် သူ ဘာတွေလုပ်နေမှန်း မည်သူမျှ သိရှိထားခြင်း မရှိကြပါ။
ကျိုးကြောင်းဆီလျော်စွာ ပြောရမည်ဆိုလျှင်၊ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ၏ အရည်အချင်းများအရ...
သူ့အနေဖြင့် အသက်ဆယ်နှစ်သာ ရှိသေးလျှင်ပင် အနည်းဆုံးတော့ အရပ်မျက်နှာအနှံ့ ဂုဏ်သတင်းကျော်ကြားနေသင့်ပြီ ဖြစ်သည်။
သို့သော်လည်း ဧကရာဇ်ငယ်လေးမှာမူ လူမသိသူမသိ ရှိနေခဲ့ပြီး မည်သည့်တည်ရှိမှုအရှိန်အဝါမျှ မရှိသကဲ့သို့ ဖြစ်နေခဲ့ပေသည်။
သူ၏ အသက်ဆယ်နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားအတွက်ပင်လျှင်၊ ဧကရာဇ်ငယ်လေးက ပွဲကျင်းပရန် ပျင်းရိနေခဲ့သဖြင့် မလိုအပ်ကြောင်း ရိုးရှင်းစွာ ပြောဆိုခဲ့သည်။
သူ၏ တစ်ခုတည်းသော တောင်းဆိုချက်မှာ...
သူတို့သည် သွေးများကို ဆေးအဖြစ် ရောနှောဖျော်စပ်ထားသော ပုံစံတစ်ခုကို ထုတ်လုပ်ခဲ့ပြီး ၎င်းကို ရွှမ်ထျန်းနတ်ဘုရားမင်းဆက်၏ စစ်သည်အချို့ထံတွင် အသုံးပြုရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
၎င်းကို စမ်းသပ်မှုတစ်ခုဟု ပြောဆိုခဲ့၏။
ဤသတင်း ထွက်ပေါ်လာပြီးသည့်နောက် ကြီးမားသော လှုပ်ခတ်မှုများ ဖြစ်ပေါ်စေခဲ့ပေသည်။
လူများစွာက ဤဧကရာဇ်ငယ်မှာ မည်သည့်အရာကိုမျှ လုပ်ဆောင်နေခြင်း မရှိဟု ခံစားလိုက်ရသည်။
ကျင့်ကြံခြင်းလမ်းစဉ်အပေါ် အာရုံစိုက်ခြင်း ရှိ၊မရှိကို မတိုထားဘိ...
သူက တစ်နေ့လုံး မည်သည့်အရာကို လုပ်ဆောင်နေမှန်းကိုပင် မသိရှိကြပါချေ။
လူများစွာသည်လည်း မွေးရာပါ ပါရမီမှာ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေကဲ့သို့ အလွန်တရာ သန်မာလှစေဦးတော့...
အကယ်၍ သူတို့အနေဖြင့် အစကတည်းက ကျင့်ကြံခြင်းလမ်းစဉ်ကို လျစ်လျူရှုထားခဲ့ပြီး ဆက်လက်၍ တာဝန်မဲ့နေခဲ့မည်ဆိုပါက ကျရှုံးသွားနိုင်သည်ဟု ယုံကြည်လာကြတော့သည်။
အထူးကဲဆုံးသော ပါရမီရှင်ပင် ဖြစ်လင့်ကစား၊ မှေးမှိန်သွားရပေလိမ့်မည်။
သို့သော်လည်း ရွှမ်ထျန်းဧကရီကမူ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ချေ။
ဆန့်ကျင်ဘက်အနေဖြင့်၊ ဧကရာဇ်ငယ်လေး၏ ခွင့်ပြုချက်မရှိဘဲ မည်သူမျှ ရွှမ်ထျန်းနန်းတော်အတွင်းသို့ ဝင်ရောက်၍ သူ့အား နှောင့်ယှက်ခြင်း မပြုရဟု အမိန့်ထုတ်ခဲ့သည်။
သူ၏ အသက်ဆယ်နှစ် အရွယ်တွင်။
တာဝန်မဲ့လွန်းသူဟု ကောလာဟလ ထွက်ပေါ်နေသော ဧကရာဇ်ငယ်က ဒုတိယမြောက် အမိန့်တော်တစ်ခုကို ထုတ်ပြန်ခဲ့ပြန်သည်။
၎င်းက စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းရန် ဖြစ်ပေတော့သည်။
ဤဧကရာဇ်ငယ်က ရေခဲနှင့်ဆီးနှင်းနတ်ဘုရားမနန်းတော်၏ ရေခဲဝိညာဉ်မြင့်မြတ်ခန္ဓာ ပိုင်ဆိုင်ထားသူနှင့် သူ၏ လက်ထပ်ထိမ်းမြားမှုကို ဖျက်သိမ်းလိုနေခြင်း ဖြစ်သည်။
ဤအရာက ပိုမို ပြင်းထန်လှသော လှိုင်းဂယက်ကို ဖြစ်ပေါ်စေခဲ့ပေသည်။
ရေခဲနှင့်ဆီးနှင်းနတ်ဘုရားမနန်းတော်၏ ရေခဲဝိညာဉ်မြင့်မြတ်ခန္ဓာ ပိုင်ဆိုင်ထားသော မိန်းကလေးမှာ သာမန်မဟုတ်ကြောင်း သိထားကြရမည် ဖြစ်သည်။
သူမ မွေးဖွားလာပြီးနောက်တွင် သူ၏ အသက်သုံးနှစ်အရွယ်၌ တာအိုကို သိမြင်ခဲ့သည်။
အသက်ငါးနှစ်အရွယ်တွင် ဆန်းကြယ်သော နတ်ဘုရားစွမ်းရည် မြောက်မြားစွာကို ကျင့်ကြံနိုင်ခဲ့၏။
အမျိုးမျိုးသော ကျင့်ကြံခြင်းအဆင့်များကိုလည်း တစ်ခုပြီးတစ်ခု ကျော်ဖြတ်နိုင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပေသည်။
ကောလာဟလများအရ၊ ဤရေခဲဝိညာဉ်မြင့်မြတ်ခန္ဓာသည် တစ်နေ့သောအခါတွင် နယ်နိမိတ်ပင်လယ်တစ်ခုလုံးရှိ မျိုးဆက်သစ်လူငယ်များအနက် သြဇာအရှိဆုံးသော ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်လာမည် ဖြစ်သည်။
ဧကရာဇ်ငယ်လေးမှာမူ၊ သူ၏ မွေးဖွားခြင်းက တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး သမိုင်းတစ်လျှောက်တွင် အသန်မာဆုံးသော ခန္ဓာကိုယ်ဖွဲ့စည်းပုံများထဲမှ တစ်ခုကို ပိုင်ဆိုင်ခဲ့သော်လည်း...
လူများစွာ၏ အမြင်တွင် ကိုယ်တိုင်ကြိုးစားအားထုတ်၍ ကျင့်ကြံခြင်း မပြုခဲ့ပါချေက၊ အနာဂတ်တွင် မည်သို့ဖြစ်လာမည်လဲဟူသောအချက်ကို မည်သူမျှ အသေအချာ ပြောဆိုနိုင်ခြင်း မရှိပါချေ။
ထို့ကြောင့် သူတို့အနေဖြင့် ဧကရာဇ်ငယ်က စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းလိုကြောင်း ကြားသိလိုက်ရသည့် အချိန်တွင်...
လူတိုင်း၏ ပထမဆုံးသော တုံ့ပြန်မှုမှာ ရေခဲဝိညာဉ်မြင့်မြတ်ခန္ဓာပိုင်ရှင် မိန်းကလေးအပေါ် အနည်းငယ် မတရားသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။
သို့သော်လည်း လူတိုင်း သိရှိထားကြသည့်အတိုင်း...
ရွှမ်ထျန်းဧကရီက သူမ၏ သားတော်ကို အလိုလိုက်ပြီး အလွန်လည်းချစ်သည်။
ထို့ကြောင့် သူ့ဆန္ဒကို လုံးဝ ငြင်းပယ်လိမ့်မည် မဟုတ်ချေ။
မကြာမီပင်၊ ရွှမ်းထျန်းနတ်ဘုရားမင်းဆက်မှ အထူးသံတမန်တစ်ဦးက မြောက်ဘက် ပေမင်နယ်မြေရှိ ရေခဲနှင့်ဆီးနှင်းနတ်ဘုရားမနန်းတော်ထံသို့ သွားရောက်ခဲ့သည်။
ကျိုးကြောင်းဆီလျော်စွာ ပြောရမည်ဆိုပါက၊ သဘောတူညီထားပြီးသား လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ခြင်းမှာ တစ်ဖက်လူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း ဖြစ်သည်။
၎င်းက မည်သည့် အင်အားစုကြီးအတွက်မဆို စော်ကားမှုတစ်ခု ဖြစ်၏။
သို့သော်လည်း ရေခဲနှင့်ဆီးနှင့် နတ်ဘုရားမနန်းတော်မှာမူ အလွန်တရာ စိတ်ပျက်ခြင်း သို့မဟုတ် ဒေါသထွက်ခြင်းမျိုး ရှိမနေခဲ့သကဲ့သို့ပင်။
မည်သို့ပင်ဆိုစေ၊ လွန်ခဲ့သော ဆယ်နှစ်တာကာလအတွင်းမှာပင် အမျိုးမျိုးသော ကောလာဟလများနှင့် အတင်းအဖျင်းစကားများစွာ ပျံ့နှံ့နေခဲ့ပြီးသား ဖြစ်သည်။
ရွှမ်းထျန်းနတ်ဘုရားမင်းဆက်နှင့် ရန်ဘက်ဖြစ်သော ယွမ်ကျူးနတ်ဘုရားမင်းဆက်ပင်လျှင် ထိုမြင့်မြတ်ခန္ဓာ တာအိုသန္ဓေက ၎င်း၏ ကျင့်ကြံခြင်းလမ်းစဉ်တွင် တစ်စုံတစ်ရာသော ပြဿနာများနှင့် ကြုံတွေ့နေရခြင်း ဖြစ်နိုင်သည်ဟု ပြောဆိုခဲ့ကြသည်။
သန်မာသော ခန္ဓာကိုယ်ဖွဲ့စည်းပုံက အနာဂတ်၏ အောင်မြင်မှုများနှင့် နက်ရှိုင်းစွာ ဆက်နွယ်နေလျှင်ပင်...
သူတို့၏ ခရီးလမ်းတစ်ဝက်မှာ ပျက်စီးသွားကြရသူများ၊ သို့မဟုတ် သူတို့၏ ကျင့်ကြံခြင်းလမ်းစဉ် သွေဖည်သွားခဲ့ရပြီး နောက်ဆုံးတွင် မှေးမှိန်ပျောက်ကွယ်သွားခဲ့ကြရသူများ ရှိခဲ့ကြဖူးသည်။
ထို့ကြောင့်၊ ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်က လူတို့ စိတ်ကူးယဉ်ထားခဲ့ကြသကဲ့သို့ စိတ်ပျက်ခြင်း၊ ဒေါသထွက်ခြင်း မရှိခဲ့ပါချေ။
ရွှမ်းထျန်းနတ်ဘုရားမင်းဆက်မှ လူများ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းရန် လာရောက်ခဲ့ကြသည့် အချိန်တွင်...
ရေခဲဝိညာဉ်မြင့်မြတ်ခန္ဓာ ပိုင်ဆိုင်ထားသူ မိန်းကလေးကိုယ်တိုင် ထွက်ပေါ်လာခဲ့သည်။
သူမ၏ နာမည်မှာ ပိုင်ရွှယ်ဝေ ဖြစ်ပေသည်။
သူက ရေပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။
သူမ၏ ဆံကေသာနှင့် မျက်ဝန်းများမှာလည်း ရေခဲပြာရောင် ဖြစ်နေခဲ့၏။
သူ၏ အသားအရေမှာလည်း ရေခဲနှင့် ဆီးနှင်းများကဲ့သို့ ဖြူစင်ဝင်းပနေခဲ့ပေသည်။
သူ့ကိုကြည့်ရသည်မှာ ရေခဲဖြင့် ထုဆစ်ပုံဖော်ထားသော ရုပ်တုတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
ဤမျှငယ်ရွယ်လှသော အသက်အရွယ်တွင်ပင်၊ သူက တိုင်းပြည်များကို မှောက်လှန်ပစ်နိုင်လောက်သည့် ပြိုင်ဘက်ကင်းသော အလှအပကို ပိုင်ဆိုင်ထားခဲ့ပြီ။
သူမ၏ စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခြင်း ခံလိုက်ရကြောင်း သိရှိသွားခဲ့ရသည့်တိုင်အောင်၊ ပိုင်ရွှယ်ဝေမှာလည်း မည်သည့် ခံစားချက်အရိပ်အယောင်မျှ ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။
မည်သည့် အရှက်ရမှု ခံစားချက် သို့မဟုတ် ဒေါသထွက်မှုမျိုးမျှ ရှိမနေခဲ့ပါ။
ဆန့်ကျင်ဘက်အနေဖြင့် သူက အလွန်တရာ တည်ငြိမ်နေခဲ့သည်။
ဤအရာက ရေခဲနှင့် နှင်းခဲများကဲ့သို့ အေးစက်ပြီး အထီးကျန်ဆန်သော သူမ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံ သဘာဝနှင့် အမှန်တကယ် ကိုက်ညီပေသည်။
"ဧကရာဇ်ငယ်လေးနဲ့ လက်ထပ်ထိမ်းမြားခွင့် မရရှိခဲ့တာက ရွှယ်ဝေရဲ့ နောင်တတစ်ခုပါပဲ"
ပိုင်ရွှယ်ဝေက တည်ငြိမ်စွာ ဆိုလိုက်သည်။
သူက စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခြင်းကို ရိုးရိုးလေး လက်ခံလိုက်၏။
သူက နောင်တရမိကြောင်း ပြောဆိုခဲ့သော်လည်း၊ သူမ၏ လေသံထဲတွင်မူ နောင်တရရိပ်များ ပါဝင်နေခြင်း အလျှင်းမရှိပေ။
"ကောင်းပါပြီ၊ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်၊ မိန်းကလေးရွှယ်ဝေ"
ရွှမ်းထျန်းနတ်ဘုရားမင်းဆက်မှ သံတမန်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။
ထို့နောက်တွင် အေးစက်ပြီး အထီးကျန်ဆန်လှသော အသွင်ပြင်မျိုးဖြင့် အမျိုးသမီးတစ်ဦး လျှောက်လှမ်းလာခဲ့သည်။
သူက အခြားမဟုတ်ပေ။
ယခင် ရွှမ်ထျန်းဧကရီထံသို့ လက်ထပ်ထိမ်းမြားမှု မဟာမိတ်ပြုလုပ်ရန် ကမ်းလှမ်းခဲ့ဖူးသော ရေခဲနှင့်ဆီးနှင်းနတ်ဘုရားမနန်းတော်၏ နန်းတော်အရှင်မပင် ဖြစ်သည်။
"ရွယ်ဝေ... မင်း စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းဖို့ ဒီအတိုင်းပဲ သဘောတူလိုက်တာလား"
နန်းတော်အရှင်မ မေးလိုက်သည်။
ယခုအချိန်အထိ၊ သူဟာ အနည်းငယ် နှမြောတသဖြစ်နေသေးသည်။
၎င်းက ရှေးဦးအချိန်ကာလကတည်းက ထွက်ပေါ်လာခဲသော မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ ဖြစ်သည်။
ရိုးရှင်းသော လက်ထပ်ထိမ်းမြားမှု မဟာမိတ်တစ်ခုကပင်လျှင် အတိုင်းအဆမရှိသော အကျိုးကျေးဇူးများစွာကို ဆောင်ယူပေးနိုင်မည်ဖြစ်ပြီး၊ ရင်သွေးငယ်များ၏ သွေးမျိုးဆက်နှင့် မွေးရာပါ ပါရမီစွမ်းရည်များမှာလည်း အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလိမ့်မည်။
ပိုင်ရွယ်ဝေက နူးညံ့စွာ ခေါင်းခါယမ်းလိုက်သည်။
"မွေးရာပါ ခန္ဓာကိုယ်ဖွဲ့စည်းပုံဆိုတာက လူတစ်ယောက်ကို သန်မာလာစေမဲ့ အချက်တွေထဲက တစ်ခုပဲ ရှိပါတယ်။ ဒါပေမဲ့ ပိုပြီးတော့ အရေးကြီးတဲ့ အချက်ကတော့ ကိုယ်တိုင် သန်မာတဲ့ စိတ်ဆန္ဒပဲ"
"ဧကရာဇ်ငယ်လေးရဲ့ ပါရမီစွမ်းရည်ကိုတော့ ဘယ်သူမှ ငြင်းပယ်နိုင်မှာ မဟုတ်ပါဘူး။ ဒါက သမိုင်းတစ်လျှောက်မှာ တကယ်ပဲ ပြိုင်ဘက်ကင်းတယ်၊ ဒါပေမဲ့..."
"ကျင့်ကြံခြင်းလမ်းစဉ်အပေါ်မှာ ဧကရာဇ်ငယ်လေးရဲ့ သန်မာတဲ့ စိတ်ဆန္ဒနဲ့ စိတ်အားထက်သန်မှုကို ကျွန်မ လုံးဝ မတွေ့မြင်ခဲ့ရဘူး"
"နောက်ပြီးတော့ ရွယ်ဝေအနေနဲ့ ဧကရာဇ်ငယ်လေးရဲ့ မျက်နှာသာပေးမှုကို ရရှိဖို့အတွက် ကြိုးပမ်းနေတဲ့သူတစ်ယောက်အဖြစ် အခြားသူတွေ မြင်တာကိုလည်း မလိုချင်ပါဘူး"
ပိုင်ရွယ်ဝေက ပြောလိုက်သည်။
"ကောင်းပြီလေ၊ ဒါဆိုရင်လည်း ဒီအတိုင်းပဲ ရှိပါစေတော့။ မင်း အနာဂတ်မှာ နောင်တမရရင် ပြီးတာပါပဲ" နန်းတော်အရှင်မက သက်ပြင်းချလိုက်လေသည်။
"တကယ်လို့ ဧကရာဇ်ငယ်လေးအနေနဲ့ အနာဂတ်မှာ ကျင့်ကြံခြင်းလမ်းစဉ်အပေါ် စိတ်ဓာတ်ပြင်းပြမှု နိုးထလာခဲ့မယ်ဆိုရင်တော့... ကျွန်မ သူ့ကို ဆုတောင်းပေးမှာပါ။ ဒါပေမဲ့ စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းဖို့ သဘောတူခဲ့တဲ့အပေါ်မှာတော့ ကျွန်မ လုံးဝ နောင်တရမှာ မဟုတ်ပါဘူး"
ပိုင်ရွယ်ဝေက ခိုင်မာပြတ်သားမှုအပြည့်ဖြင့် ဆိုလိုက်သည်။
သူမတွင် လျှောက်လှမ်းရမည့် ကိုယ်ပိုင်လမ်းစဉ် ရှိနေခဲ့ပြီးသား ဖြစ်သည်။
မည်သူတစ်ဦးတစ်ယောက်အပေါ်မှာမျှ မှီခိုသွားမည် မဟုတ်ချေ။
တစ်ဖက်လူက မွေးရာပါ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ ပိုင်ဆိုင်ထားသူ ဖြစ်လျှင်ပင်...
ဆုံးဖြတ်ချက်တစ်ခု ပြုလုပ်ပြီးသည်နှင့် နောင်တရတော့မည် မဟုတ်ပါ။
စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းသည့် ကိစ္စရပ်မှာလည်း ဤကဲ့သို့ပင် ပြီးဆုံးသွားခဲ့သည်။
လူများစွာက စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခြင်း ဤမျှလောက် ချောမွေ့သွားရခြင်း၏ အကြောင်းရင်းမှာ...
ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်အနေဖြင့် အချို့သော ကောလာဟလများ၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရခြင်းကြောင့် ဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။
သို့သော်လည်း ကောလာဟလများက မည်မျှပင် ချဲ့ကားပြောဆိုနေကြစေကာမူ...
မြင့်မြတ်ခန္ဓာ တာအိုသန္ဓေက နောက်ဆုံးတွင်တော့ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ ဖြစ်နေဆဲပင်။
၎င်းက မည်မျှပင် ဆိုးရွားလှသည့် အခြေအနေမျိုး ဖြစ်စေဦးတော့ အလွန်အကျွံ ဆိုးရွားသွားလိမ့်မည် မဟုတ်ပါ။
၎င်းက ကမ္ဘာကြီး၏ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ဆဲ ဖြစ်ပေလိမ့်မည်။
စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပြီးသည့်နောက်...
နောက်ထပ် ငါးနှစ်တာကာလ ကုန်လွန်သွားခဲ့သည်။
ရွှမ်းထျန်းဧကရာဇ်ငယ်လေး မွေးဖွားလာခဲ့သည့် အချိန်မှစ၍ တိုင်းတာမည်ဆိုပါက တစ်ဆယ့်ငါးနှစ်တိုင်တိုင် ကုန်လွန်သွားခဲ့ပြီ။
သို့ရာတွင်၊ ထိုဧကရာဇ်ငယ်လေးသည်လည်း တစ်ဆယ့်ငါးနှစ်တိုင်တိုင် ပြည့်မြောက်သွားခဲ့သည့်တိုင်အောင် ရွှမ်ထျန်းနန်းတော်အပြင်ဘက်သို့ ခြေတစ်လှမ်းမျှ လှမ်းထွက်ခြင်း မရှိသေးပါချေ။
တစ်ဆယ့်ငါးနှစ်တိုင်တိုင်၊ သူက လောကကြီး၏ ရှေ့မှောက်တွင် ပေါ်ထွက်လာခြင်း မရှိခဲ့ပါ။
ထိုအခါ၊ မည်မျှပင် ပြိုင်ဘက်ကင်းသော မွေးရာပါ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ ဖြစ်စေဦးတော့ အချိန်ကာလ၏ တိုက်စားမှုဖြင့် မေ့လျော့ခြင်း ခံလိုက်ရတော့သည်။
ယခုအခါတွင်မူ၊ အချို့သော နာမည်အသစ်များကို အစားထိုး ပြောဆိုနေကြပြီ ဖြစ်သည်။
ဥပမာအားဖြင့် ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ ယွမ်ကျူးဧကရာဇ်ငယ်လေး...
သူသည် ယွမ်ကျူးဧကရာဇ်၏ တစ်ဆယ့်ရှစ်ယောက်မြောက် သားတော်ဖြစ်ပြီး အလွန်တရာ ပါရမီထူးချွန်သူ ဖြစ်သည်။
သူသည် ယွမ်ကျူးဧကရာဇ်၏ ဧကရာဇ်သွေးကို အမွေဆက်ခံနိုင်သဖြင့်၊ သူ၏ မွေးချင်းများအားလုံးထက် သိသိသာသာ ပို၍ သန်မာခဲ့ပေသည်။
အနောက်ဘက် ရှီးယိုနယ်မြေ၊ လီဟော်နတ်ဂိုဏ်း အတွင်း၌လည်း ထိုက်ယန်နတ်ဘုရားအရှိန်အဝါကို ပိုင်ဆိုင်ထားသော ပါရမီရှင်တစ်ဦး ရှိနေခဲ့သည်။
၎င်းက ပိုင်ရွယ်ဝေ၏ ရေခဲဝိညာဉ်မြင့်မြတ်ခန္ဓာထက် အားနည်းခြင်း အလျဉ်းမရှိသော ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခု ဖြစ်၏။
ပိုင်ရွယ်ဝေအကြောင်း ထပ်မံပြောရမည်ဆိုလျှင်...
သူက ရေခဲနှင့်ဆီးနှင်းနတ်ဘုရားမနန်းတော်၏ အသစ်ခန့်အပ်ခြင်း ခံလိုက်ရသော သူတော်စင်ငယ် ဖြစ်လာခဲ့သည်။
တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးရှိ မျိုးဆက်သစ်လူငယ်များထဲတွင် အဓိက အာရုံစိုက်ခြင်း ခံနေရသော နတ်ဘုရားမလေးတစ်ပါးလည်း ဖြစ်၏။
လူများစွာက ဤကဲ့သို့သော နတ်ဘုရားမလေးတစ်ဦးကို စွန့်ပစ်ခဲ့သည့်အတွက် ရွှမ်ထျန်းဧကရာဇ်ငယ်ကိုပင် မကျေမနပ် ဖြစ်နေခဲ့ကြသည်။
ဟုတ်သည်၊ စင်စစ်တွင် တောင်ပိုင်းကြယ်စင်စုလောက၏ မျိုးဆက်သစ်နတ်ဘုရားမလေးများအကြောင်းကို ပြောဆိုရမည်ဆိုလျှင်...
ပိုင်ရွယ်ဝေသည်ပင် ဒုတိယနေရာတွင်သာ ရပ်တည်နိုင်စွမ်း ရှိသည်။
ရွှမ်ထျန်းဧကရီက အမြွှာပူး ကလေးမွေးဖွားခဲ့ခြင်းဖြစ်ပြီး ယောက်ျားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း သိထားကြရမည်။
လွန်ခဲ့သော နှစ်များစွာအတွင်းတွင်၊ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေကို ပိုင်ဆိုင်ထားသော ရွှမ်းထျန်းဧကရာဇ်ငယ်လေးက လူတို့၏ အာရုံစိုက်မှုအားလုံးနီးပါးကို ဖမ်းစားထားခဲ့သည်။
သို့သော်... ထိုသမီးငယ်လေးမှာလည်း အလွန်တရာ ထူးခြားထင်ရှားလှပေသည်။
သူသည် သူမ၏မိခင်ဖြစ်သူ ရွှမ်းထျန်းဧကရီနှင့် တူညီသော တာအိုခန္ဓာကို ပိုင်ဆိုင်ထားခဲ့သူ ဖြစ်သည်။
ထိုသမီးငယ်လေးကိုမူ ရွှမ်ထျန်းဧကရီက ယွင်ရှီဟု နာမည်ပေးခဲ့ပေသည်။