အခန်း ၁၆၀၁
Vol. 114 Ch. 1601
အခန်း ( ၁၆၀၁ ) ဆန်းကြယ်ပြီး ကြောက်စရာကောင်းသော နိုမန်မရဏမြေ။
ရွှမ်ထျန်းဧကရီ၏ သမီးတော် ယွင်ရှီမှာ မွေးရာပါ မြင့်မြတ်ခန္ဓာတာအိုသန္ဓေနှင့် အမြွှာဖြစ်သော ညီမငယ်လေး ဖြစ်သည်။
ပုံမှန်အားဖြင့်၊ ဤကဲ့သို့ ပြိုင်ဘက်ကင်းလှသော ပါရမီစွမ်းရည်ကို ပိုင်ဆိုင်ထားသည့် ပါရမီရှင်အစ်ကိုတစ်ယောက် ရှိနေချိန်တွင်...
ညီမငယ်ဖြစ်သူအနေဖြင့် ယွင်ရှီက အလွန်တရာ ကြီးမားလှသော ဖိအားများကို ခံစားနေရမည်မှာ အသေအချာပင် ဖြစ်သည်။
တကယ်လည်း ထိုကဲ့သို့ ဖြစ်နေခဲ့၏။
သူမ၏ ငယ်စဉ်ကလေးဘဝကတည်းက ယွင်ရှီနှင့် တွေ့ဆုံခဲ့ကြရသော လူတိုင်းနီးပါးမှာ သူမအပေါ် ရိုသေလေးစားမှုနှင့် အားကျနှစ်သက်မှု အပြည့်ဖြင့် ဆက်ဆံခဲ့ကြသည်။
သို့ရာတွင်၊ ရိုသေလေးစားရခြင်း၏ အကြောင်းရင်းမှာမူ သူမကြောင့် မဟုတ်ခဲ့ချေ။
၎င်းက သူမ၏ မကောင်းဆိုးရွားဆန်လွန်းသူ အစ်ကိုကြီးကြောင့် ဖြစ်သည်။
ရွှမ်းချာခန္ဓာသည်လည်း အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းသော ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုး ဖြစ်သည်။
နောက်ဆုံးတွင်၊ ရွှမ်ထျန်းဧကရီသည်လည်း ဤခန္ဓာကိုယ်ဖွဲ့စည်းပုံပိုင်ရှင်ဖြစ်ပြီး ယခုအခါ တောင်ပိုင်းကြယ်စင်စုလောက၏ အငယ်ဆုံးသော ကပ်ဘေးကိုးပါး ဧကရာဇ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်ကြီး ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။
သို့သော်လည်း မွေးရာပါ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ၏ အရှိန်အဝါက အလွန်တရာ လင်းလက်တောက်ပလွန်းလှသည်။
၎င်းက အဝေးတစ်နေရာမှပင် ယွင်ရှီ၏ ရွှမ်းချာခန္ဓာ တောက်ပမှုများကို ဖုံးလွှမ်းခဲ့ပေသည်။
နောက်ပိုင်းတွင်၊ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေအပေါ် အများပြည်သူ၏ အာရုံစိုက်မှုများ လျော့နည်းသွားခဲ့သည့် အချိန်မှသာ ယွင်ရှီ၏ ဖိအားများ အနည်းငယ် လျော့ပါးသက်သာသွားခဲ့ရသည်။
ထို့ပြင် သူ၏ ကိုယ်ပိုင်တောက်ပမှုများကလည်း လင်းလက်ထွက်ပေါ်လာခဲ့ပေသည်။
ယခုဆိုလျှင်၊ သူက ကျင့်ကြံမှုအဆင့်တစ်ခုသို့ ရောက်ရှိလာပြီး မျိုးဆက်သစ် ပါရမီရှင်များထဲတွင် ထူးချွန်သူများထဲမှ တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ထို့ပြင် သူမ၏ မြင်သူတိုင်း ငေးမောစေနိုင်သော အလှအပက အချို့နေရာများတွင် ပိုင်ရွှယ်ဝေကိုပင် ကျော်လွန်နေခဲ့သဖြင့် လူတိုင်း နှစ်သက်ကြရသော နံပါတ်တစ် နတ်ဘုရားမလေး ဖြစ်လာခဲ့သည်။
သို့သော်၊ ဤကဲ့သို့ လူအများက သဘောကျနှစ်သက်ခြင်းခံရသော နတ်ဘုရားမလေးမှာလည်း ကိုယ်ပိုင် စိတ်မချမ်းမြေ့စရာများ ရှိခဲ့သည်။
အကြောင်းမှာ၊ သူ့အနေဖြင့် သူမ၏ အစ်ကိုဖြစ်သူနှင့် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံခဲ့ဖူးခြင်း မရှိခြင်းကြောင့်ပင်။
မှန်သည်၊၊
ဤတစ်ဆယ့်ငါးနှစ်တာ ကာလအတွင်းမှာပင် ဧကရာဇ်ငယ်၏ အမိန့်မရှိဘဲ မည်သူမျှ ရွှမ်ထျန်းနန်းတော်အတွင်းသို့ ဝင်ရောက်ခြင်း မပြုခဲ့ရချေ။
သူ၏ ညီမအရင်းအတွက်ပင် ဤအချက်က မပြောင်းလဲခဲ့ပါ။
ဧကရာဇ်ငယ်က သူ့ထံ၌ ဤညီမငယ်လေး လုံးဝမရှိသကဲ့သို့ပင် နေထိုင်ခဲ့သည်။
သူ့အနေဖြင့် ညီမဖြစ်သူအား တွေ့ဆုံရန်အတွက် တစ်ကြိမ်တစ်ခါမျှ ရှာဖွေခဲ့ခြင်း မရှိခဲ့ပါချေ။
ဤအရာက ယွင်ရှီအား အနည်းငယ် စိတ်မကောင်းဖြစ်စေခဲ့သည်။
ကျိုးကြောင်းဆီလျော်စွာ ပြောရမည်ဆိုပါက၊ ရွှမ်ထျန်းဧကရီ၏ မျက်နှာသာပေးမှုကို ရရှိထားပြီး အလိုလိုက်ခြင်းကိုပင် ခံထားရသည့် ဤမျှလင်းလက်တောက်ပသော အစ်ကိုကြီးတစ်ယောက် ရှိနေခြင်းမှာ အလွန်တရာ ကြီးမားသော ဂုဏ်သရေတစ်ခု ဖြစ်ပေသည်။
ယွင်ရှီအနေဖြင့် မနာလိုမှုပင် ဖြစ်နေသင့်ပေသည်။
သို့သော်၊ သူက မဟုတ်ခဲ့ချေ။
ယွင်ရှီက သူမ၏ အစ်ကိုဖြစ်သူအပေါ် မည်သည့် မနာလိုမှု ခံစားချက်မျှ ရှိမနေခဲ့ပါ။
သူမ၏ အစ်ကိုဖြစ်သူက သူ့အား တစ်ကြိမ်တစ်ခါမျှ မတွေ့ဆုံခဲ့ဖူးသည့်တိုင်အောင်...
သူက သူ၏ အစ်ကိုဖြစ်သူအပေါ် လေးစားမြတ်နိုးနေဆဲ ဖြစ်သည်။
သူမ၏ အစ်ကိုဖြစ်သူ ပါရမီမြင့်မားသလောက် အနည်းငယ် တာဝန်မဲ့ပြီး တိတ်ဆိတ်စွာ နေတတ်သူဖြစ်ကြောင်း ကောလာဟလများ ပျံ့နှံ့နေခဲ့သော်လည်း၊ ယွင်ရှီကမူ ဘယ်သောအခါမျှ ဤကဲ့သို့ မတွေးတောခဲ့ပါချေ။
သူသည် သူမ၏ အစ်ကိုက တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့်သာ တစ်ဆယ့်ငါးနှစ်တိုင်တိုင် တစ်ကိုယ်တည်းသီးသန့်ကျင့်ကြံခြင်း ပြုလုပ်နေရခြင်း ဖြစ်ရမည်ဟု ယုံကြည်ထားခဲ့သည်။
ထို့ပြင်၊ သူမ၏ အစ်ကိုဖြစ်သူထံ၌ လောကကြီးကို မှောက်လှန်ပစ်နိုင်စွမ်းရှိသော စိတ်ဆန္ဒတို့ သေချာပေါက် ပိုင်ဆိုင်ထားလိမ့်မည်ဟု ယုံကြည်ထားခဲ့ပေသည်။
တစ်ခုတည်းသော စိတ်မကောင်းဖြစ်ရခြင်းမှာ...
မွေးဖွားလာကတည်းက သူမနှင့် အနီးစပ်ဆုံးသူ ဖြစ်နေခဲ့သည့်တိုင်အောင်၊ သူက သူမ၏ အစ်ကိုဖြစ်သူနှင့် တစ်ကြိမ်တစ်ခါမျှ မတွေ့ဆုံခဲ့ဖူးခြင်း ဖြစ်သည်။
သို့သော်လည်း ဤအရာက သူမ၏ အစ်ကိုဖြစ်သူအပေါ် လေးစားမြတ်နိုးမှုကို ပြောင်းလဲသွားစေခဲ့ခြင်း မရှိပါချေ။
အချိန်ကာလများ ကုန်လွန်သွားခဲ့သည်။
ယွင်ရှီက သူ့ဘဝတစ်လျှောက်လုံးတွင် သူမ၏အစ်ကိုဖြစ်သူကို ဘယ်သောအခါမျှ တွေ့မြင်ရတော့မည် မဟုတ်ဟုပင် တွေးတောလာခဲ့မိသည်။
သို့သော်၊ ဒါက နေ့ရက်တစ်ခုမတိုင်မီအထိသာ...
သတင်းစကားတစ်ခု ရောက်ရှိလာခဲ့သည်။
အရှေ့တုန်ရွှမ်းနယ်မြေ၏ မြောက်ဘက်ပိုင်းရှိ ကျယ်ပြောလှသော ကြယ်ဒေသတစ်ခုအတွင်း၌ ရှားပါးသော ဖရိုဖရဲ ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအက်ကွဲကြောင်းကြီးက ဆန်းကြယ်ပြီး ထိတ်လန့်ဖွယ်ကောင်းသော နေရာတစ်ခုဆီသို့ ဦးတည်နေပုံရ၏။
နောက်ပိုင်းတွင်မူ၊ တစ်စုံတစ်ဦးက အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုဟင်းလင်းပြင်အက်ကွဲကြောင်းမှာ နိုမန်မရဏနယ်မြေနှင့် ဆက်နွှယ်နေပုံရ၏။
ဤအရာက အရပ်မျက်နှာအနှံ့တွင် ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့ကာ တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံး တုန်လှုပ်သွားခဲ့ရတော့သည်။
နယ်နိမိတ်ပင်လယ်အတွင်း၌ နိုမန်မရဏနယ်မြေဟူသော အမည်မှာ ကြောက်ရွံ့ထိတ်လန့်မှုများကို ဖြစ်ပေါ်စေနိုင်သည်။
၎င်းက အလွန်တရာ ကျယ်ပြောပြီး ကြောက်မက်ဖွယ်ကောင်းသော တားမြစ်နယ်မြေတစ်ခုဖြစ်ပြီး နယ်နိမိတ်ပင်လယ်၏ အနည်းဆုံး ရာခိုင်နှုန်း ခုနစ်ဆယ်ခန့်ကို သိမ်းပိုက်ထားခြင်း ဖြစ်၏။
နယ်နိမိတ်ပင်လယ်တစ်ခုလုံး၏ ဧရိယာ ရာခိုင်နှုန်း သုံးဆယ်ခန့်သာလျှင် အမျိုးမျိုးသော အခြားလောကများနှင့် သက်ဆိုင်နေခြင်း ဖြစ်သည်။
ကျန်ရှိနေသော ရာခိုင်နှုန်း ခုနစ်ဆယ် ဧရိယာမှာမူ အလွန်တရာ ကျယ်ပြောပြီး ဆန်းကြယ်လှကာ အန္တရာယ်ပြည့်နှက်နေသော မရဏနယ်မြေများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။
ဒဏ္ဍာရီများအရ နိုမန်မရဏနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင် လောကကြီးထဲ၌ အကြောက်မက်ဖွယ်ကောင်းဆုံးသော အန္တရာယ်များ တည်ရှိနေသည်ဟု ဆိုကြသည်။
အချိန်ကာလ ကုန်လွန်လာသည်နှင့်အမျှ၊ နိုမန်မရဏနယ်မြေသည် နယ်နိမိတ်ပင်လယ်အတွင်းရှိ လူတို့ ကြောက်ရွံ့ရသော နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။
ဤဟင်းလင်းပြင်အက်ကွဲကြောင်းများသည်လည်း အချို့သော လောကများအတွင်း၌ ရံဖန်ရံခါ ပေါ်ထွက်လာတတ်ပေသည်။
ထို့ပြင်၊ ကောလာဟလများအရ ဤကဲ့သို့သော ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာတိုင်း...
၎င်းက ကမ္ဘာလောက တစ်ခုလုံးအတွက် မကောင်းသော နိမိတ်လက္ခဏာတစ်ခု ဖြစ်ပေါ်လာတော့မည်ဟူသောအချက်ကို ဆိုလိုနေခြင်း ဖြစ်သည်ဟု ဆိုကြသည်။
ကြီးမားသော အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပေါ်လာတော့မည်။
၎င်းက ကောလာဟလတစ်ခုမျှသာ ဖြစ်လင့်ကစား၊ လူများကို ထိတ်လန့်တုန်လှုပ်စေရန် လုံလောက်သည်။
တောင်ပိုင်းကြယ်စင်စုလောကအတွင်းရှိ အဓိက အင်မော်တယ်အင်အားစုကြီးများသည်လည်း စတင်၍ အာရုံစိုက်လာခဲ့ကြပြီး လှုပ်ရှားမှုများ ပြုလုပ်လာခဲ့ကြသည်။
ထိုဟင်းလင်းပြင် အက်ကွဲကြောင်းမှာ အလွန်တရာ ကြီးမားခြင်းတော့ မရှိချေ။
၎င်းတို့အထဲမှ ဖုတ်ကောင်နတ်ဆိုးတချို့သာ ထွက်ပေါ်လာလိမ့်မည် ဖြစ်သည်။
"နတ်ဆိုး"ဟူသော ဝေါဟာရမှာမူ နိုမန်မရဏနယ်မြေ၏ ဆန်းကြယ်သော အငွေ့အသက်များ ကူးစက်ညစ်ညမ်းစေခြင်းကို ခံလိုက်ရပြီးနောက် ပြောင်းလဲသွားခဲ့ရသော သတ္တဝါကြီးများကို ရည်ညွှန်းခြင်း ဖြစ်သည်။
ဤဖုတ်ကောင်နတ်ဆိုးများက ကြောက်မက်ဖွယ်ကောင်းသော ဖုတ်ကောင်နတ်ဆိုးလှိုင်းလုံးကြီးများကို ဦးတည်သွားစေနိုင်ပေသည်။
ထို့ကြောင့် အဓိက အင်မော်တယ်အင်အားစုကြီးများမှာ စတင်၍ လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း၊ ဤဟင်းလင်းပြင်အက်ကွဲကြောင်းမှာ သေးငယ်လွန်းပြီး မည်သည့် ထူးခြားသော အန္တရာယ်ရှိန်အဝါမျှ ရှိမနေခဲ့ချေ။
ထို့ကြောင့် ၎င်းက လူငယ်လေးများ လေ့ကျင့်မှုပြုလုပ်ရန်အတွက် အလွန်တရာ ကောင်းမွန်လှသော နေရာတစ်ခု ဖြစ်လာခဲ့သည်။
ဤအရာက တောင်ပိုင်းကြယ်စင်စုလောက၏ ပါရမီရှင်လူငယ်များအတွက် လေ့ကျင့်မှုကာလတစ်ခုကို ဖြတ်သန်းရန် အကောင်းဆုံးသော အခွင့်အရေးကြီး ဖြစ်ခဲ့ပေသည်။
တစ်ဖက်တွင်၊ ၎င်းက ဖုတ်ကောင်နတ်ဆိုးများကို သတ်ဖြတ်ရန်အတွက် ကူညီပေးနိုင်မည် ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ၊ ၎င်းက ဤမျိုးဆက်သစ်လူငယ်များအား အတွေ့အကြုံများ ရရှိစေရန်နှင့် သူတို့၏ စွမ်းရည်များကို သွေးရန်အတွက် ခွင့်ပြုပေးနိုင်လိမ့်မည်။
တောင်ပိုင်းကြယ်စင်စုလောကအတွင်းရှိ အဓိက အင်မော်တယ်အင်အားစုကြီးများ အားလုံးက သူတို့၏ အထူးချွန်ဆုံးသော လူငယ်ပါရမီရှင်များကို စေလွှတ်ခဲ့ကြသည်။
တောင်ပိုင်းကြယ်စုကမ္ဘာတွင် အသန်မာဆုံးသော အင်မော်တယ် အင်အားစုကြီးများအနက် တစ်ခုဖြစ်သည်နှင့်အညီ၊ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်သည်လည်း သဘာဝအတိုင်း လူများကို စေလွှတ်ရလိမ့်မည်။
လူများစွာက မြင့်မြတ်ခန္ဓာ တာအိုသန္ဓေကို ပိုင်ဆိုင်ထားသော ရွှမ်ထျန်းဧကရာဇ်ငယ် လှုပ်ရှားမှု ပြုလုပ်မလားဟု သိရှိလိုနေကြသည်။
ကံမကောင်းစွာဖြင့်၊ ၎င်းက ပုံမှန်နေ့ရက်များကဲ့သို့ပင် ဖြစ်နေခဲ့ပေသည်။
ရွှမ်ထျန်းနန်းတော်က တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်သည်။
၎င်းက သူ့အနေဖြင့် ဟင်းလင်းပြင်အက်ကွဲကြောင်း တည်ရှိနေခြင်းကို လုံးဝ သိရှိထားခြင်း မရှိသကဲ့သို့ပင်။
သဘာအတိုင်း၊ ရွှမ်ထျန်းဧကရီကလည်း သူမ၏ သားဖြစ်သူအား လှုပ်ရှားရန်အတွက် အတင်းအကျပ် တိုက်တွန်းလိမ့်မည် မဟုတ်ပါ။
သို့သော်လည်း၊ တောင်ပိုင်းကြယ်စင်စုလောက၏ အဓိက အင်အားစုကြီးတစ်ခု အနေဖြင့် ရွှမ်ထျန်းနတ်ဘုရားမင်းဆက်က မည်သူ့ကိုမျှ စေလွှတ်ခြင်း မပြုဘဲ နေမည်ဆိုလျှင် ၎င်းက ကျိုးကြောင်းဆီလျော်မှု မရှိသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
ထို့ကြောင့်၊ ယွင်ရှီက လေ့ကျင့်မှုပြုလုပ်ရန်အတွက် ဟင်းလင်းပြင်အက်ကြောင်းဆီသို့ သွားရောက်ရန် အစပြု တောင်းဆိုခဲ့သည်။
ရွှမ်ထျန်းဧကရီကလည်း သဘောတူခဲ့ပေသည်။
ထို့နောက်၊ မထွက်ခွာမီ အချိန်မှာ ယွင်ရှီက ရွှမ်ထျန်းနန်းတော်သို့ တစ်ဦးတည်း ရောက်ရှိလာခဲ့သည်။
ရွှမ်ထျန်းနန်းတော်က တိမ်တိုက်များ၏ အထက်တွင် မျောလွင့်နေသည်။
၎င်းက ရွှေရောင် အမိုးအကာများဖြင့် အလွန်တရာ ခန့်ညားထည်ဝါပြီး နတ်ဘုရားတို့၏ နန်းတော်တစ်ခုကဲ့သို့ပင်။
မိုးနှင့်မြေ၏ အကန့်အသတ်မဲ့ ဝိညာဉ်စွမ်းအင်များမှာမူ ရေတံခွန်ကြီးတစ်ခုကဲ့သို့ အရည်အဖြစ် ပြောင်းလဲသွားပြီး အောက်သို့ စီးဆင်းဖြာကျနေခဲ့သည်။
ယခင်က ဤသည်မှာ ရွှမ်ထျန်းဧကရီ၏ နန်းတော်ဖြစ်သော်လည်း ယခုအခါတွင်မူ ဧကရာဇ်ငယ်၏ နန်းတော်အဖြစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်ပေသည်။
ဤအခိုက်တွင်၊ နန်းတော်ရှေ့သို့ အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးငယ်တစ်ဦး ရောက်ရှိလာခဲ့သည်။
သူက အသက်ဆယ်ငါးနှစ်သာ ရှိသေးသော်လည်း...
သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးက ပွင့်ဖူးကာစ ပန်းတစ်ပွင့်ကဲ့သို့ သွယ်လျလှပမှုရှိသည်။
သူမ၏ ပိတုံးရောင်ဆံနွယ်ရှည်ကို ရေတံခွန်ကဲ့သို့ ကျောဘက်ကို ဖြန့်ချထား၏။
ဘဲဥပုံ မျက်နှာလေးမှာလည်း ဆွဲဆောင်မှုရှိစွာ လှပလွန်း၍ ကွေးညွတ်နေသော မျက်ခုံးများ၊ ကြယ်တာရာကဲ့သို့သော မျက်ဝန်းများ၊ ဖြောင့်စင်းနေသော နှာတံလေးနှင့် ဖြူစင်သော သွားလေးများကို ပိုင်ဆိုင်ထားသည်။
သူမသည် မွေးရာပါ လှပလွန်းပြီး မည်သည့် ချို့ယွင်းချက်မျိုးကိုမျှ ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ချေ။
ဤမိန်းကလေးမှာ အခြားသူမဟုတ်ဘဲ ယွင်ရှီပင် ဖြစ်သည်။
ဤအခိုက်တွင်၊ သူက ရွှမ်ထျန်းနန်းတော်၏ တံခါးကြီးကို မှီလိုက်မိရင်း လူနှစ်ယောက် အပြန်အလှန် ပြောနေသကဲ့သို့ အလွန်တရာ သဘာဝကျစွာ စကားပြောဆိုလေသည်။
"အစ်ကို... ညီမလေး အခု ဟင်းလင်းပြင်အက်ကြောင်းဆီကို သွားတော့မယ်။ အဲဒါက အကန့်အသတ်မဲ့ နိုမန်မရဏနယ်မြေဆီကို ဦးတည်နေတယ်တဲ့"
"ဒါပေမဲ့ ညီမ အစွမ်းကုန် ကြိုးစားမှာပါ၊ ပြီးတော့ ကျွန်မတို့ မောင်နှမနှစ်ယောက်စလုံးက အလွယ်တကူ ထိပါးလို့ရတဲ့သူတွေ မဟုတ်ဘူးဆိုတာကို လူတွေကို သိအောင် လုပ်ပြမယ်"
"အစ်ကို... အစ်ကိုက ဘယ်တော့မှ တစ်ကိုယ်တည်းသီးသန့်ကျင့်ကြံခြင်းကနေ ထွက်လာမှာလဲဟင်။ ညီမလေးက အစ်ကို့ကို တွေ့ချင်လှပြီ..."
ယွင်ရှီက တစ်ယောက်တည်း ပြောဆိုနေခြင်းဖြစ်သော်လည်း အလွန်တရာ သဘာဝကျပုံရသည်။
နောက်ဆုံးမှာတော့ သူသည် လွန်ခဲ့သော နှစ်များတစ်လျှောက်လုံး ဤကဲ့သို့ စကားပြောဆိုနေခဲ့ခြင်း ဖြစ်ပြီး သူမ၏ အစ်ကိုဖြစ်သူက သူ့အား စကားလှမ်းပြောနေသကဲ့သို့ ဖြစ်ခဲ့ပေသည်။
ရွှမ်ထျန်းနန်းတော်ကြီးက ငြိမ်သက်တိတ်ဆိတ်နေဆဲဖြစ်သည်ကို တွေ့ရသောအခါ၊ ယွင်ရှီက အနည်းငယ် မျက်လွှာချသွားချသွားခဲ့သည်။
သို့သော်လည်း သူမအနေဖြင့် စိတ်ပျက်သွားခဲ့ခြင်း မရှိပါချေ။
စင်စစ်တွင်၊ သူက ဤအရာကို ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။
ဤဟင်းလင်းပြင်အက်ကွဲကြောင်းက စမ်းသပ်မှုတစ်ခုဖြစ်သလို ယွင်ရှီ၏ ပထမဆုံးသော လောက အတွေ့အကြုံလည်း ဖြစ်သည်။
သူက အလေးအနက်ထား၍ နှုတ်ဆက်စကား ဆိုလိုက်ပြီးနောက် ထွက်ခွာရန် ပြင်လိုက်လေသည်။
သို့သော်၊ ထိုအခိုက်တွင်...
တံခါးပွင့်ဟသံ ထွက်ပေါ်လာခဲ့သည်။
ရွှမ်ထျန်းနန်းတော်၏ တံခါးကြီးမှာ အမှန်တကယ်ပင် အနည်းငယ် ပွင့်ဟသွားခဲ့ခြင်း ဖြစ်၏။
ယွင်ရှီအနေဖြင့် မည်သည့် အံ့ဩမှုမျိုးကိုမျှ ပြသရန် အချိန်မရလိုက်မီမှာပင်...
လေတိုးသံနှင့်အတူ အလင်းတန်းတစ်ခုက ယွင်ရှီထံသို့ ရုတ်တရက် ထိုးဖောက်လာတော့သည်။
ယွင်ရှီ မရှောင်နိုင်တော့ချေ။
သို့ရာတွင်၊ သူက ရှောင်တိမ်းခြင်းလည်း မပြုခဲ့ပါ။
သူစ အစ်ကိုဖြစ်သူက သူ့အား နာကျင်အောင် ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း ယုံကြည်ထားခဲ့သည်။
မျှော်လင့်ထားခဲ့သည့်အတိုင်းပင်။
ထိုအလင်းတန်းမှာ ယွင်၏အရှေ့တွင် ရပ်တန့်သွားခဲ့သည်။
ယွင်ရှီက သေချာစွာ စူးစိုက်ကြည့်လိုက်၏။
၎င်းက လက်တစ်ဖဝါးခန့် အရွယ်အစားရှိသော ဓားငယ်တစ်ခု ဖြစ်သည်။
ဓားကလေးမှာ အလင်းရောင်များဖြင့် လင်းလက်နေသည်။
၎င်းပေါ်တွင် ဝေဝါးသော အင်မော်တယ် အမှတ်အသားများကိုလည်း ထုဆစ်ထားခဲ့သဖြင့် အလွန်တရာ ဆန်းကြယ်ပြီး ထူးခြားသလို ခံစားရပေသည်။
ယခုအချိန်တွင်၊ ၎င်း၏ အရှိန်အဝါမှာ ထိန်းချုပ်ထားခြင်း ခံထားရသဖြင့် မည်သည့် ထူးခြားသော အရှိန်အဝါမျိုးမျှ ထွက်ပေါ်နေခြင်း မရှိပါချေ။
သို့သော်လည်း ၎င်းက လူများကို အမြဲတမ်း ဝေဝါးသော အန္တရာယ်အငွေ့အသက်ကို ခံစားရစေဆဲ ဖြစ်သည်။
ထိုအချိန်တွင်၊ နန်းတော်၏ တံခါးကြီးမှာ ပြန်ပိတ်သွားခဲ့သည်။
သို့သော်၊ ယွင်ရှီကတော့ အနည်းငယ်မျှ စိတ်ပျက်သွားခဲ့ခြင်း မရှိပါချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ လှပသော မျက်နှာထက်တွင် ဘယ်တုန်းကမျှ မရှိဖူးသေးသော ပျော်ရွှင်မှု အရိပ်ယောင်များ ထွက်ပေါ်လာခဲ့သည်။
ဒါက သူ၏ အစ်ကိုမှာ သူမနှင့် ပထမဆုံးအကြိမ်အဖြစ် အပြန်အလှန် ဆက်သွယ်မှု ပြုလုပ်ခဲ့ခြင်းပင်။
ထို့ပြင် ယွင်ရှီသည် ဘိုးဘေးများထံမှ အကြောင်းရာအချို့ကို ကြားခဲ့ဖူးသည်။
သူမ၏ အစ်ကိုက မြင့်မြတ်လွန်းသော တည်ရှိတစ်ခု ဖြစ်ရုံသာမကဘဲ၊ မွေးရာပါ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေပိုင်ရှင် ဖြစ်သည်။
ထို့ပြင် သူက မွေးရာပါ ဧကရာဇ်လက်နက် သုံးခုကိုလည်း ပိုင်ဆိုင်ထားခဲ့သေးသည်။
၎င်းတို့မှာ ဓားတစ်လက်၊ ဒယ်စောက်အိုးတစ်လုံးနှင့် ရှေးဟောင်းတံဆိပ်တော်တစ်ခု ဖြစ်ကြသည်။
အကယ်၍ သူ အထင်မမှားပါက ဤဓားကလေးမှာ သူ့အစ်ကိုကြီးနှင့်အတူ မွေးဖွားလာခဲ့သော ဓား ဖြစ်ရမည်။
ယွင်ရှီမှာ အတိုင်းအဆမရှိ ပျော်ရွှင်သွားခဲ့ရသည်။
သူမ၏ ကြယ်တာရာကဲ့သို့သော မျက်ဝန်းလေးများမှာပင် ကျုံ့သွားသည်အထိ ပြုံးလိုက်မိ၏။
ဤအရာကား သူမ၏ အစ်ကိုဖြစ်သူ မွေးဖွားလာကတည်းက ပါလာခဲ့သော မွေးရာပါ ဧကရာဇ်လက်နက် ဖြစ်သော်လည်း သူမထံသို့ ပေးအပ်ခဲ့သေးသည်။
ဤအရာက မည်သည့်အရာကို ကိုယ်စားပြုနေသနည်း။
၎င်းက သူမအပေါ် အစ်ကိုဖြစ်သူ၏ ဂရုစိုက်မှုများကို ကိုယ်စားပြုသည်။
"ကျေးဇူးတင်ပါတယ် အစ်ကို၊ ရှီအာက သေချာပေါက် အစွမ်းကုန် ကြိုးစားမှာပါ"
ယွင်ရှီ၏ တစ်ကိုယ်လုံးမှာ အားအင်များ ပြည့်ဝသွားခဲ့ပုံရသည်။
သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးများမှာ အထက်သို့ ကွေးညွတ်သွားခဲ့ရပြီး ပျော်ရွှင်မှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ချေ။
ပျော်ရွှင်နေသော မိန်းမငယ်လေး၏ ပုံစံမှာ ကလေးငယ်တစ်ယောက်ကဲ့သို့ လွတ်လပ်၍ ချစ်စရာကောင်းလှသည်။
ထို့နောက် ယွင်ရှီသည် ပျော်ရွှင်မြူးသော မျက်နှာအမူအရာဖြင့် ထွက်ခွာသွား၏။
ရွှမ်ထျန်းနန်းတော်အတွင်း၌မူ၊ တိုးညှင်းသော သက်ပြင်းချသံတစ်ခု ပျံ့လွင့်ထွက်ပေါ်ကျန်ရစ်ခဲ့လေတော့သည်။