အခန်း ၁၆၀၅
Vol. 114 Ch. 1605
အခန်း ( ၁၆၀၅ ) ဖုတ်ကောင်နတ်ဆိုးဒီရေလှိုင်း။
ပိုင်ရွယ်ဝေသည် ဟင်းလင်းပြင်အတွင်း မတ်တပ်ရပ်နေချိန်တွင် ရေခဲဖြင့် ထုဆစ်ထားသည့် ကျောက်စိမ်းနတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေသည်။
သူမ၏ အပြာရောင်ဆံနွယ်များမှာ လေထဲတွင် လွင့်ပျံနေကြ၏။
သူမ၏ မျက်ဝန်းအိမ်များမှာလည်း ရတနာကျောက်မျက်များကဲ့သို့ ကြည်လင်သော ရေခဲပြာရောင် ဖြစ်ပေသည်။
သူမ၏ အသားအရေမှာမူ ချောမွေ့ကာ နုနယ်လှသဖြင့် အားနည်းသူဟုပင် ထင်ရသည်။
သူက တတကယ်ကိ ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်၏ ဆက်ခံသူတစ်ဦး ဖြစ်ထိုက်ပေသည်။
သူမက ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမတစ်ပါးနှင့် အမှန်တကယ်ပင် ဆင်တူလှသည်။
"မိန်းကလေး ပိုင်ရွယ်ဝေ ဖြစ်နေတာကိုး။ ဒါပေမဲ့ ခင်ဗျားက အဲဒီဧကရာဇ်ငယ်လေးရဲ့ ဇနီးလောင်း မဟုတ်တော့ဘူးလေ၊ အဲဒါကြောင့် ခင်ဗျားအနေနဲ့ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်ကို ကာကွယ်ပေးဖို့ မလိုတော့ပါဘူး"
ပိုင်ရွယ်ဝေ ဝင်ရောက်စွက်ဖက်လာသည်ကို တွေ့မြင်ရသောအခါ၊ ယွမ်ကျူးနတ်ဘုရားမင်းဆက်မှ မင်းသားများနှင့် မင်းသမီးများက အနည်းငယ်ပို၍ ထိန်းထိန်းသိမ်းသိမ်း ရှိသွားခဲ့ကြသည်။
နောက်ဆုံးတွင်၊ ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်သည်လည်း တောင်ပိုင်းကြယ်စင်စုလောက အတွင်းရှိ အစစ်အမှန် အင်မော်တယ်အင်အားစု တစ်ခု မဟုတ်ပါလား။
ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်အနေဖြင့် တောင်ပိုင်းကြယ်စင်စုလောက၏ အုပ်ချုပ်သူအင်အားစုများအကြား အာဏာလုပွဲအတွင်း ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိခဲ့လျှင်ပင်...
ဤကဲ့သို့ အင်အားစုကြီးတစ်ခုအား မိမိတို့ဘက်သို့ ဆွဲဆောင်စည်းရုံးထားနိုင်ခြင်းမှာ ကောင်းမွန်သည်။
ယခင်က၊ ပိုင်ရွယ်ဝေသည် ထိုဧကရာဇ်ငယ် ယွင်ရှောင် နှင့် စေ့စပ်ကြောင်းလမ်းထားခဲ့စဉ်က ရွှမ်ထျန်းနတ်ဘုရားမင်းဆက်နှင့် ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်တို့အကြား ဆက်ဆံရေးမှာ အကောင်းဆုံးသော အခြေအနေသို့ ရောက်ရှိခဲ့သည်။
သို့သော်လည်း၊ ဧကရာဇ်ငယ်လေးက စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းလိုက်ပြီး ပိုင်ရွယ်ဝေကလည်း စေ့စပ်ကြောင်းလမ်းမှု ပယ်ဖျက်ခြင်းကို သဘောတူညီခဲ့ပြီးနောက်တွင်မူ...
ထိုအင်မော်တယ်အင်အားစုကြီး နှစ်ခုအကြား ဆက်ဆံရေးများမှာလည်း တဖြည်းဖြည်းချင်း အေးစက်သွားခဲ့ရပေသည်။
ထို့ပြင် ရွှမ်ထျန်းနတ်ဘုရားမင်းဆက်၏ ရန်သူဟောင်းကြီးအနေဖြင့် ယွမ်ကျူးနတ်ဘုရားမင်းဆက်သည် ဤမြင်ကွင်းကို တွေ့မြင်ချိန်တွင် သဘာဝအတိုင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရသည်။
သူတို့က ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်ကိုပင် သူတို့ဘက်သို့ ခေါ်ဆောင်လာချင်နေကြတော့သည်။
"ဒါက ရွယ်ဝေအနေနဲ့ ဧကရာဇ်ငယ်လေးရဲ့ ဇနီးလောင်း ဟုတ်မဟုတ်ဆိုတဲ့ အချက်နဲ့ ဘာမှမဆိုင်ပါဘူး။ လေ့ကျင့်မှု မစတင်ခင်မှာ ဒီလိုမျိုး ပဋိပက္ခ ဖြစ်ပွားဖို့ မလိုချင်ရုံပါပဲ"
ပိုင်ရွယ်ဝေ၏ မျက်နှာအမူအရာက အနည်းငယ်မျှသော ခံစားချက်အရိပ်အယောင်မျှပင်မရှိဘဲ ရေခဲရုပ်တုတစ်ခုကဲ့သို့ အေးစက်ငြိမ်သက်နေခဲ့သည်။
အတိတ်တုန်းက၊ သူမသည် ဧကရာဇ်ငယ်လေးနှင့် စေ့စပ်ကြောင်းလမ်းခြင်း ခံခဲ့ရသည်။
ထိုအခါ လူတိုင်းက သူမအနေဖြင့် မွေးရာပါ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ ကို ပိုင်ဆိုင်ထားသော ဧကရာဇ်ငယ်လေးထံတွင် မျက်နှာသာရရန် ကြိုးပမ်းနေခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ခဲ့ကြ၏။
ယခုအခါ၊ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းလိုက်ပြီးပြီ။
သူမသည်လည်း ဝီရိယရှိစွာ ကျင့်ကြံအားထုတ်ခဲ့ပြီး တောင်ပိုင်းကြယ်စင်စုလောက၏ မျိုးဆက်သစ်အတွင်း၌ နတ်ဘုရားမအဆင့်အတန်းရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
တစ်ဖက်တွင်မူ၊ ကရာဇ်ငယ်လေးက မည်သည့်အခါမျှ ပေါ်ထွက်လာခဲ့ခြင်း မရှိဘဲ အမျိုးမျိုးသော ကောလာဟလများနှင့် အတင်းအဖျင်း ပြောဆိုခြင်းများကိုသာ ခံခဲ့ရသည်။
ယခုအခါ လူတိုင်းက အတိတ်တုန်းက ပိုင်ရွယ်ဝေ အား နှောင့်နှေးကြန့်ကြာအောင် လုပ်ဆောင်ခဲ့သူမှာ ဧကရာဇ်ငယ်လေးဖြစ်သည်ဟုပင် ယုံကြည်လာကြတော့သည်။
လူတိုင်းက ပိုင်ရွယ်ဝေအတွက် စိတ်မကောင်း ဖြစ်ခဲ့ကြရသည်။
သို့သော်လည်း ပိုင်ရွယ်ဝေအနေဖြင့် ဧကရာဇ်ငယ်လေးအား အထင်သေးအမြင်သေးဖြစ်စေမည့် မည်သည့်စကားလုံးမျိုးကိုမျှ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ပါ။
သူမအတွက်မူ ဧကရာဇ်ငယ်လေးက ခဏတာမျှ ဖြစ်ပေါ်ခဲ့သော နားလည်မှုလွဲမှားခြင်းတစ်ခုထက် မပိုခဲ့ချေ။
သူတို့၏ ဘဝများမှာလည်း မျဉ်းပြိုင်နှစ်ကြောင်းကဲ့သို့ ဖြစ်ပြီး မည်သည့်အခါမျှ ထပ်တူကျဆုံစည်းတော့မည် မဟုတ်တော့ပါချေ။
"ကောင်းပါပြီ... မိန်းကလေးရွယ်ဝေ မျက်နှာကြောင့် ကျုပ်တို့ ဒါကို လက်လွှတ်ပေးလိုက်မယ်"
"ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့၊ မင်းသမီး ယွင်ရှီ... ကျုပ်တို့ ဘယ်သူက ဖုတ်ကောင်နတ်ဆိုးတွေကို ပိုပြီး သတ်ဖြတ်နိုင်မလဲဆိုတာကို ပြိုင်ပွဲတစ်ခု လုပ်ကြရအောင်"
ယွမ်ကျူးနတ်ဘုရားမင်းဆက်မှ မင်းသားများနှင့် မင်းသမီးများက ပြုံးလိုက်ကြပြီးနောက် ထွက်ခွာသွားခဲ့ကြသည်။
"ဒီကောင်တွေက တကယ်ကို မောက်မာလွန်းတယ်"
သူမ၏ ဘေးတစ်ဖက်တွင်မူ၊ ရှန့်းလဲ့၏ မျက်နှာမှာလည်း အလွန်တရာ မှုန်ကုပ်နေခဲ့သည်။
သူ့အနေဖြင့် တံခါးပိတ်ကျင့်ကြံခြင်းအတွင်း၌သာ အမြဲတမ်း ရှိနေခဲ့သော ဧကရာဇ်ငယ် ယွင်ရှောင် အပေါ် အနည်းငယ် မကျေနပ်ပေ။
သို့သော်လည်း အဆုံးသတ်တွင်မူ သူက ရွှမ်ထျန်းနတ်ဘုရားမင်းဆက်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေဆဲပင် ဖြစ်သည်။
တစ်ဖက်မှာတော့ ယွင်ရှီ၏ အကြည့်များက ပိုင်ရွယ်ဝေ ထံတွင်သာ စူးစိုက်လျက် ရှိနေခဲ့ပေသည်။
မိန်းကလေးနှစ်ဦးစလုံးမှာ ထူးခြားပြောင်မြောက်စွာ လှပလွန်းကြသည်။
သို့သော်လည်း ဘာကြောင့်မှန်းမသိ...
သူမအနေဖြင့် ယောက်မ မတော်လိုက်ရသော ဤမိန်းကလေးနှင့် ရင်ဆိုင်လိုက်ရသည့် အခါတိုင်းတွင် အနည်းငယ် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။
သို့သော်လည်း၊ သူမအနေဖြင့် ပိုင်ရွယ်ဝေက စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခြင်းကို သဘောတူညီခဲ့ခြင်းအတွက် အလွန်တရာ ဝမ်းမြောက်မိပေသည်။
ပိုင်ရွယ်ဝေက ယွင်ရှီ အား လှမ်းကြည့်လိုက်ပြီး အနည်းငယ် ခေါင်းညိတ်ပြလိုက်ကာ ထွက်ခွာသွားရန် ပြင်လိုက်သည်။
ထိုအချိန်တွင်၊ အကြောင်းတစ်ခုခုကြောင့် ယွင်ရှီမှာ အလိုအလျောက် လှမ်းမေးလိုက်မိသည်။
"သူတော်စင်ငယ် ရွယ်ဝေ... ရှင့်အနေနဲ့ ဒီနှစ်တွေအတွင်းမှာ နောင်တရရိပ် နည်းနည်းလောက် ဖြစ်ပေါ်ခဲ့ဖူးလား"
ပိုင်ရွယ်ဝေက သူမ၏ ခြေလှမ်းများကို ရပ်တန့်လိုက်မိသည်။
သူမအနေဖြင့် ယွင်ရှီက မည်သည့်အရာကို မေးမြန်းနေခြင်းဖြစ်ကြောင်း သိရှိထား၏။
ထို့နောက်တွင်မူ၊ သူက တစ်ချက်မျှ ပြန်လှည့်မကြည့်ဘဲ တည်ငြိမ်လှသော လေသံဖြင့် ဆိုလိုက်သည်။
"ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး"
ထိုသို့ ပြောဆိုပြီးနောက်တွင် ပိုင်ရွယ်ဝေက တိုက်ရိုက်ထွက်ခွာသွားတော့သည်။
"တကယ်ပဲလား..."
ယွင်ရှီက ခပ်တိုးတိုးလေး ရေရွတ်လိုက်မိသည်။
............
ခဏတာမျှ အနားယူကာ ပြန်လည်သက်သာလာခဲ့ပြီးနောက်တွင်...
ရှင်းယွမ်မြို့ အတွင်းရှိ အမျိုးမျိုးသော အင်အားစုများမှ ပါရမီရှင်များက ကျယ်ပြောလှသော ကြယ်ကောင်းကင်ယံဆီသို့ ခရီးစတင်ခဲ့ကြသည်။
ကျယ်ပြောလှသော ကြယ်တာရာနယ်ပယ်အတွင်းရှိ နေရာတိုင်းတွင် အပျက်အယွင်းများ ရှိနေခဲ့၏။
ပျက်စီးနေသော နန်းတော်ဟောင်းကြီးများ၊ မှေးမှိန်နေသော ကြယ်တာရာများနှင့် ဖြူဖျော့လှသော အရိုးစုများ စသည်ဖြင့် အမျိုးမျိုး ရှိကြသည်။
အမျိုးမျိုးသော အင်အားစုများမှ ပါရမီရှင်များသည်လည်း ပိုမို နက်ရှိုင်းသော နေရာများဆီသို့ စတင်ဝင်ရောက်ခဲ့ကြပေသည်။
ဓမ္မကာကွယ်သူများကမူ၊ ဟင်းလင်းပြင်အတွင်း၌ မတ်တပ်ရပ်နေခဲ့ကြပြီး မိမိတို့ ပါရမီရှင်များ၏ လှုပ်ရှားမှုများကို အစဉ်မပြတ် စောင့်ကြည့်နေခဲ့ကြသည်။
ဤဟင်းလင်းပြင်အက်ကွဲကြောင်းမှာ အလွန်တရာ အန္တရာယ်ကြီးမားခြင်းမျိုး မရှိသလို ထွက်ပေါ်လာခဲ့သော ဖုတ်ကောင်နတ်ဆိုးများ၏ အဆင့်အတန်းမှာလည်း အလွန်တရာ မြင့်မားခြင်းမျိုး မရှိချေ။
သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ၊ ဟင်းလင်းပြင်အက်ကွဲကြောင်း၏ အခြားတစ်ဖက်က နိုမန်မရဏနယ်မြေ ဖြစ်သည်။
နိုမန်မရဏနယ်မြေ၏ အပြင်ဘက်ဆုံး အလွှာမှာပင် သာမန်ကျင့်ကြံသူများ စိတ်အလိုရှိတိုင်း ဝင်ရောက်နိုင်သော နေရာမျိုး မဟုတ်ပါချေ။
ထို့ပြင် ဤကဲ့သို့သော လေးလံထိုင်းမှိုင်းသော လေထုအတွင်း၌...
ရုတ်တရက်ဆိုသလိုပင် ဧရာမလင်းယုန်ကြီးတစ်ကောင်နှင့် ဆင်တူသော သားရဲကြီးတစ်ကောင်က ပျံသန်းထွက်ပေါ်လာသည်။
ထိုဧရာမလင်းယုန်ကြီးက သာမန်သားရဲကြီးများနှင့် မတူပေ။
၎င်း၏ တစ်ကိုယ်လုံးတွင် ဆိုးရွားသော အနံ့အသက်များ ထွက်ပေါ်နေခဲ့သည်။
၎င်းက တစ်စုံတစ်ရာသော ဆန်းကြယ်သည့် စွမ်းအားများကြောင့် ပုံပျက်ပန်းပျက်ဖြစ်ကာ ညစ်ညမ်းခြင်း ခံထားရသကဲ့သို့ ဖြစ်၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင်မူ ပြည်တစိုစို အနာများဖြင့် ဖုံးလွှမ်းနေပြီး ကိုယ်တစ်ဝက်ခန့် ပုပ်ပွနေသော သတ္တဝါတစ်ကောင်ကဲ့သို့ ထင်ရစေသည်။
"ဒါက ဖုတ်ကောင်နတ်ဆိုးလား..."
ပုပ်ပွနေသော ဧရာမလင်းယုန်ကြီးကို တွေ့မြင်လိုက်ရသောအခါ၊ တောင်ပိုင်းကြယ်စင်စုလောကမှ အချို့သော ပါရမီရှင်များက သူတို့၏ ကျောရိုးများထဲအထိ အေးစိမ့်သွားခဲ့ရသည်။
၎င်းက နိုမန်မရဏနယ်မြေမှ သတ္တဝါများ ဖြစ်ကြ၏။
၎င်းမှာ အပြင်ဘက်ဆုံး အလွှာက သတ္တဝါများသာ ဖြစ်သေးသော်လည်း ခြောက်ခြားဖွယ် ကောင်းနေပြီ ဖြစ်သည်။
နိုမန်မရဏနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင် မည်ကဲ့သို့သော သတ္တဝါများ ပုန်းအောင်းနေကြမလဲဆိုတာက စိတ်ကူးပုံဖော်ရန်ပင် ခက်ခဲပေသည်။
"သတ်"
ကံကောင်းထောက်မစွာဖြင့်၊ အမျိုးမျိုးသော အင်မော်တယ်အင်အားစုများမှ ပါရမီရှင်များက အနှစ်သာရမရှိဘဲ အပေါ်ယံသက်သက် ဟန်လုပ်ပြနေကြခြင်းမျိုး မဟုတ်ပါ။
အကယ်၍ စွမ်းရည်နှင့် အရည်အချင်းများ ရှိမနေခဲ့ပါက မည်သူက အတွေ့အကြုံများ ရရှိရန်အတွက် ဤနေရာသို့ လာရောက်ဝံ့ပါမည်နည်း။
မျက်စိတစ်မှိတ်အတွင်းမှာတင်၊ အမျိုးမျိုးသော အင်အားစုများမှ ပါရမီရှင်များက သူတို့၏ ကိုယ်ပိုင်စွမ်းရည်များကို ထုတ်ဖော်ပြလိုက်ကြသည်။
ယွမ်ကျူးနတ်ဘုရားမင်းဆက်မှ မင်းသားများနှင့် မင်းသမီးများစွာတို့သည်လည်း ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ တန်ခိုးစွမ်းရည်များကို ထုတ်ဖော်ပြသလိုက်ကြ၏။
၎င်းတို့က လူအများ၏ အာရုံစိုက်မှုများကို ဆွဲဆောင်နိုင်ခဲ့ပေသည်။
ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်မှ ပိုင်ရွယ်ဝေက သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ၊ ဆီးနှင်းမြူများမှာ ကောင်းကင်ယံတစ်ခုလုံးတွင် ပြည့်နှက်သွားခဲ့သည်။
ရေခဲဆူးချွန်များက မရေမတွက်နိုင်သော မြှားများကဲ့သို့ ပစ်လွှတ်လိုက်၏။
"ရေခဲဝိညာဉ်မြင့်မြတ်ခန္ဓာက မျှော်လင့်ထားခဲ့တဲ့အတိုင်းပါပဲ..."
ဒဒါကိုမြင်တော အင်မော်တယ်အင်အားစုများ၏ မျိုးဆက်ဟောင်း အကြီးအကဲတချို့က အံ့ဩချီးကျူးမှုများ ပြည့်နှက်သွားခဲ့ရသည်။
ပိုင်ရွယ်ဝေက သူမ၏ ကျော်ကြားမှုနှင့် အမှန်တကယ် ထိုက်တန်ပေသည်။
အခြားတစ်ဖက်တွင်မူ၊ မီးလျှံများက ကောင်းကင်ယံတစ်ခုလုံးတွင် ပြည့်နှက်နေခဲ့သည်။ ပုံရိပ်အချို့က အလွန်တရာ လွယ်ကူချောမွေ့စွာဖြင့် လှုပ်ရှားနေခဲ့ကြသဖြင့် ထိုမီးလျှံများက တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့ရ၏။
"အလို... အဲဒါက လီဟော်နတ်ဂိုဏ်းက ပါရမီရှင်ပဲ။ ဒါပေမဲ့ ထိုက်ယန်နတ်ဘုရားသွေးကြောကို ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်ကတော့ ရောက်မလာခဲ့ဘူးနဲ့ တူတယ်" တစ်စုံတစ်ဦးက ဆိုလိုက်သည်။
"ဒါက ပုံမှန်ပါပဲ။ ဒီလိုအဆင့်ရှိတဲ့ လေ့ကျင့်မှုမျိုးက ထိပ်တန်းပါရမီရှင်တွေကို ဆွဲဆောင်နိုင်ခြင်း မရှိဘူးလေ"
လူတိုင်းက ဤအကြောင်းများကို ဆွေးနွေးငြင်းခုံနေကြသည့် အချိန်မှာပင်...
ရုတ်တရက်ဆိုသလို၊ ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခုက ကြယ်တာရာနယ်ပယ်၏ အနက်ရှိုင်းဆုံးနေရာဆီမှ ထွက်ပေါ်လာခဲ့သည်။
"ဘာဖြစ်တာလဲ"
အင်မော်တယ်အင်အားစုများမှ ဓမ္မကာကွယ်သူများလည်း သတိပြုမိသွားကြ၏။
"အဲဒါက... ဖုတ်ကောင်နတ်ဆိုးဒီရေလှိုင်းပဲ"
တစ်စုံတစ်ဦးက အော်ဟစ်လိုက်မိသည်။
ဝေးကွာလှသော နေရာတွင် မှောင်မိုက်သော ကြယ်တာရာထုကြီးက လွှမ်းခြုံလာခဲ့သည်။
ထိုအရာများအားလုံးမှာ ဖုတ်ကောင်နတ်ဆိုးများ ဖြစ်ကြ၏။
၎င်းတို့က ရက်စက်ကြမ်းကြုတ်ပြီး သူတို့၏ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဆွဲဖြဲဖျက်ဆီးပစ်လာကြတော့သည်။
"ဘယ်လောက်တောင် သန်မာတဲ့ ဖုတ်ကောင်နတ်ဆိုးဒီရေလှိုင်းကြီးလဲ။ သူတို့ထဲမှာ မဟာသူတော်စင်အဆင့်ရှိတဲ့ ဖုတ်ကောင်နတ်ဆိုးတွေတောင် ပါဝင်နေသေးတယ်"
"ဒီစမ်းသပ်မှုရဲ့ အခက်အခဲအဆင့်က ဆယ်ဆထက်မက တိုးမြင့်သွားခဲ့ပြီ"
လူအများက ပြောဆိုလိုက်ကြသည်။
သဘာဝအတိုင်း၊ ဤအရာက စမ်းသပ်မှုတစ်ခုသာ ဖြစ်ပြီး အသေအလဲ တိုက်ပွဲဝင်ရခြင်းမျိုး မဟုတ်ပါချေ။
ဖုတ်ကောင်နတ်ဆိုးဒီရေလှိုင်းအတွင်းရှိ အနည်းငယ် ပိုမိုသန်မာသော ဖုတ်ကောင်နတ်ဆိုးများမှာ ဓမ္မကာကွယ်သူများ၏ သတ်ဖြတ်ခြင်းကို သဘာဝကျအတိုင်း ခံကြရမည် ဖြစ်သည်။
ကျန်ရှိနေခဲ့သော နတ်ဆိုးဒီရေလှိုင်းများကိုမူ အမျိုးမျိုးသော ပါရမီရှင်များက ကိုင်တွယ်ဖြေရှင်းကြရလိမ့်မည်။
ယွင်ရှီသည်လည်း သူတို့ထဲတွင် ပါဝင်နေခဲ့ပြီး အံကိုတင်းတင်းကြိတ်လျက် စမ်းသပ်မှုကို ခံယူနေခဲ့သည်။
သူမ၏ နောက်ကွယ်တွင်မူ၊ ဝေဝါးပြီး လှပသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။
ယင်းက သူမကို တိမ်လွှာကိုစီး၍ ထွက်ခွာတော့မည့် နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်စေသည်။
ယွင်ရှီက ရွှမ်းချာခန္ဓာကို ပိုင်ဆိုင်ထားသူဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်လှသော စွမ်းအားများကို ထုတ်ဖော်နိုင်စွမ်း ရှိပေသည်။
သူက မိုးပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်ပြီး သူ၏ ကျောက်စိမ်းကဲ့သို့ လက်ကလေးများ ဝှေ့ယမ်းလိုက်သည့် အခါတိုင်း ခုနစ်ရောင်ခြယ်အလင်းတန်းများမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့ရသည်။
သို့သော်လည်း ယခုအချိန်တွင်မူ၊ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးမှာ ဖုတ်ကောင်နတ်ဆိုးများဖြင့် ပြည့်နှက်နေခဲ့ပြီဖြစ်ပြီး အသက်ရှူရန်ပင် မဖြစ်နိုင်လောက်အောင် ဖြစ်နေခဲ့ရသည်။
ယွင်ရှီပင်လျှင် ဖိအားများကို စတင်ခံစားလာရတော့သည်။
"မင်းသမီး... စိတ်မပူပါနဲ့၊ ငယ်သားက ကူညီဖို့ ရောက်လာပါပြီ"
ဝေးကွာသော နေရာဆီမှ ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ရှန်းလဲ့က သူ၏ သွေးမျိုးဆက်ကို လှုံ့ဆော်လိုက်ရာ သူ့ခန္ဓာကိုယ်က ပိုမို ထွားကျိုင်းလာပြီး ဘီလူးငယ်တစ်ကောင်ကဲ့သို့ ဖြစ်လာခဲ့၏။
သူက ပတ်ဝန်းကျင်ရှိ နတ်ဆိုးများကို ထိုးဖောက်ဖြတ်သန်းလျက် ယွင်ရှီထံသို့ ကူညီရန်အတွက် ပြေးလာတော့သည်။
"ဟားဟားဟား... ကြည့်ရတာ မင်းသမီး ယွင်ရှီ ကတော့ ဆက်ပြီး တောင့်ခံထားနိုင်တော့မှာ မဟုတ်ဘူး ထင်တယ်"
"ဒီစမ်းသပ်မှုရဲ့ ထိပ်ဆုံးနေရာကတော့ ငါတို့ ယွမ်ကျူးနတ်ဘုရားမင်းဆက် ပိုင်ဆိုင်တာပဲ"
အခြားတစ်ဖက်တွင်မူ၊ ယွမ်ကျူးနတ်ဘုရားမင်းဆက်မှ မင်းသားများနှင့် မင်းသမီးများက ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသောအခါ မပြုံးဘဲ မနေနိုင်ကြတော့ချေ။
ယွင်ရှီက ထိုစကားကို ကြားလိုက်ရသော်လည်း အမူအရာ ပြောင်းလဲသွားခြင်းမျိုး မရှိခဲ့ပါ။
သို့သော်လည်း ထိုတောက်ပလှသော မျက်ဝန်းများထဲတွင်မူ ပြတ်သားသော ဆုံးဖြတ်ချက်များ ပေါ်လာခဲ့သည်။
'ငါ ဆက်ပြီး တောင့်ခံထားနိုင်ပါသေးတယ်။ ငါ ရွှမ်းထျန်းနတ်ဘုရားမင်းဆက်ကို သိက္ခာကျအောင် မလုပ်နိုင်ဘူး၊ ငါ့ရဲ့ အမေနဲ့ အစ်ကိုကြီးကိုလည်း သိက္ခာကျအောင် မလုပ်နိုင်ဘူး'
ယွင်ရှီက အံကိုတင်းတင်းကြိတ်ထားလျက် ဇွဲနပဲဖြင့် ကြိုးစားအားထုတ်နေခဲ့သည်။
ထို့အချိန်...
ရုတ်တရက်ဆိုသလို၊ ခန္ဓာကိုယ်တစ်ခုလုံး ပုပ်ပွနေသော သွေးမြွေပါတစ်ကောင်က ထူထပ်သော နတ်ဆိုးအုပ်ကြီးအတွင်းမှတစ်ဆင့် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
၎င်းထံမှ အနှိုင်းမဲ့ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများကိုလည်း ထုတ်ဖော်နေခဲ့၏။
၎င်းက အမှန်တကယ်ပင် သူတော်စင်သခင်နယ်ပယ် အဆင့်ရှိသော ဖုတ်ကောင်နတ်ဆိုးတစ်ကောင် ဖြစ်တော့သည်။
"မကောင်းတော့ဘူး"
ဒါကို မြင်လိုက်ရတော့၊ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်က အဓိပတိတစ်ပိုင်းအဆင့် ဓမ္မကာကွယ်သူများမှာ သူတော်စင်သခင်နယ်ပယ် နတ်ဆိုးကို သတ်ဖြတ်ရန်အတွက် ရှေ့သို့ အပြေးအလွှား ရောက်ရှိလာခဲ့ကြသည်။
သို့သော်လည်း ပုံရိပ်အချို့က သူတို့၏လမ်းကြောင်းကို ချက်ချင်း ပိတ်ဆို့လိုက်ကြ၏။
သူတို့က အမှန်တကယ်ပင် ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ အဓိပတိတစ်ပိုင်းအဆင့် ဓမ္မကာကွယ်သူများ ဖြစ်နေကြတော့သည်။
"ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါဦး လူကြီးမင်းတို့... ငါ့မှာ မင်းတို့ကို ပြောစရာ စကားအချို့ ရှိလို့ပါ..."
"ငါ့ရှေ့က ဖယ်စမ်း"
ရွှမ်ထျန်းနတ်ဘုရားမင်းဆက်၏ အဓိပတိတစ်ပိုင်း ကာကွယ်သူက ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်ရင်း အော်ဟစ်လိုက်သည်။
သို့သော်၊ ဤခဏတာမျှ နှောင့်နှေးကြန့်ကြာသွားခဲ့ရချိန်မှာပင် သူတော်စင်သခင်နယ်ပယ် သွေးမြွေပါက ယွင်ရှီ ထံသို့ ရောက်ရှိသွားခဲ့ပြီ။
"မင်းသမီး..."
ရှန်းလဲ့က အမြန်ဆုံး သွားရောက်ကူညီရန် ကြိုးစားလိုက်သည်။
သို့သော်လည်း အနီးသို့ပင် မရောက်ရှိနိုင်ဘဲ သွေးမြွေပါ၏ အရှိန်အဝါများကြောင့် လွင့်စင်ထွက်သွားတော့သည်။
ရှန်းလဲ့နှင့် နှိုင်းယှဉ်လိုက်ပါက၊ ရွှမ်းချာခန္ဓာကို ပိုင်ဆိုင်ထားသော ယွင်ရှီက သွေးမြွေပါ၏ မျက်ဝန်းထဲတွင် အလွန်တရာ အရသာရှိသော အစားအစာတစ်ခုအဖြစ် သတ်မှတ်ခံထားရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ယွင်ရှီ၏ လှပသော မျက်နှာလေးမှာ ဖြူဖျော့မှု အရိပ်အယောင်အချို့ ထွက်ပေါ်လာခဲ့ရသည်။
ဤအခိုက်တွင်...
သူက သူမ၏ ရင်ဘတ်မှ ပြင်းထန်သော တုန်ခါမှုတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။
"ရွှ်ီး..."
ဓားအလင်းများက နေရာအနှံ့သို့ ဖြာထွက်သွား၏။
သောင်းနှင့်ချီသော ကြယ်များ ပျက်စီးသွားခဲ့ရသည်။
တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက်၊ ပေပေါင်းသောင်းနှင့်ချီ၍ ရှည်လျားသော ဓားစွမ်းအင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။
၎င်းက ကြယ်တာရာနယ်ပယ်တစ်ခုလုံးကိုပင် မျက်စိတစ်မှိတ်အတွင်း ထက်ခြမ်းခွဲချလိုက်သလို ဖြစ်သွားတော့သည်။