အခန်း ၁၆၀၉
Vol. 114 Ch. 1609
အခန်း ( ၁၆၀၉ ) အဆုံးစွန်အထိ အကာအကွယ်ပေးခြင်း။
ကြယ်တာရာနယ်ပယ်တစ်ခုလုံးမှာ တိတ်ဆိတ်နေခဲ့သည်။
ဟင်းလင်းပြင်အက်ကွဲကြောင်း ပျောက်ကွယ်သွားခဲ့သော်လည်း မည်သူမျှ ထွက်ခွာမသွားကြချေ။
လူတိုင်း၏ အကြည့်များမှာ ကျွင်းရှောင်ယောက် ထံသို့သာ ကျရောက်နေခဲ့သည်။
ဤလူငယ်ကား မွေးဖွားလာခဲ့သည့် အခိုက်အတန့်မှစ၍ တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သူပင်။
"ဒါက မြင့်မြတ်ခန္ဓာ တာအိုသန္ဓေရဲ့ ထူးခြားလှတဲ့ ပါရမီလား။ အသက်တစ်ဆယ့်ငါးနှစ်အရွယ် အဓိပဓိတဲ့"
"မဟုတ်ဘူး၊ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ ရှိတဲ့သူတစ်ယောက်တောင်မှ ဒီလောက်အထိတော့ နတ်ဆိုးဆန်မနေသင့်ဘူးလေ။ ဒါက ပုံမှန်မဟုတ်ဘူး..."
"ပြီးတော့ မမေ့နဲ့ဦး၊ သူက ဓားချက်တစ်ချက်တည်းနဲ့ ကောင်းကင်အဓိပဓိငယ်တစ်ယောက်ကိုလည်း သတ်ပစ်လိုက်သေးတယ်။ ဒါက ကိုယ့်ထက် ပိုမြင့်တဲ့အဆင့်ကို ကျော်ပြီး သတ်ဖြတ်လိုက်တာ... အဲဒါက တားမြစ်ချက်ကို ချိုးဖျက်နိုင်တဲ့အဆင့် ရှိတဲ့သူပဲ"
ကန့်သတ်ချက်များကို ချိုးဖျက်ပြီး မိမိထက် မြင့်မားတဲ့အဆင့်ကို ကျော်လွန်တိုက်ခိုက်နိုင်ခြင်းအား တားမြစ်ချက်ကိုချိုးဖျက်ခြင်းဟု ခေါ်ဆိုကြသည်။
နယ်နိမိတ်ပင်လယ်တစ်ခုလုံးကို ခြုံငုံ၍ ကြည့်လျှင်ပင်၊ တားမြစ်ချက်ချိုးဖျက်နိုင်သည့် အဆင့်ရှိသော ပါရမီရှင်များမှာ အလွန်တရာ ရှားပါးပေသည်။
သူတို့အားလုံးမှာ အင်အားစုကြီးများ သို့မဟုတ် အုပ်ချုပ်သူ တော်ဝင်မျိုးနွယ်စုများမှ ဆင်းသက်လာခဲ့ကြသူများ ဖြစ်ကြသည်။
"ဒါက ဘယ်လိုမျိုး မကောင်းဆိုးရွားလဲ"
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရသည်။
သူတို့ ယခုအခါတွင် နားလည်သွားခဲ့ကြပြီ။
ဤရွှမ်ထျန်းဧကရာဇ်ငယ်သည် အဘယ်ကြောင့် တစ်ဆယ့်ငါးနှစ်တိုင်တိုင် ကျင့်ကြံခြင်းဖြင့် ငြိမ်သက်နေခဲ့ရသနည်း။
သူက ဘာကြောင့် ထွက်ပေါ်မလာခဲ့ပါသနည်း။
အကြောင်းမှာ၊ သူ၏ မျိုးဆက်ထဲတွင် သူ့အား ယှဉ်ပြိုင်နိုင်မည့်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့သောကြောင့် ဖြစ်သည်။
"အဲဒီ ဓားသန္ဓေကလည်း သူ့ရဲ့ ဥစ္စာပဲကိုး..."
ယွမ်ကျူးနတ်ဘုရားမင်းဆက်မှ မင်းသားများနှင့် မင်းသမီးများ၏ မျက်နှာများမှာ ဖြူလျော်နေခဲ့ကြသည်။
အစပိုင်းတွင်မူ၊ ဓားသန္ဓေမှာ ယွင်ရှီအား ရွှမ်းထျန်းဧကရီမှ ပေးအပ်ထားခဲ့သော ကာကွယ်ရေးပစ္စည်းတစ်ခု ဖြစ်လိမ့်မည်ဟု သူတို့က ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့်ပင်၊ သူမအနေဖြင့် မရိုးမသား ပြုလုပ်ခဲ့သည်ဟု သူတို့က ယုံကြည်ခဲ့ကြခြင်းပင်။
ယခုအခါတွင်မူ၊ ဤဓားသန္ဓေက ကျွင်းရှောင်ယောက်၏ ဥစ္စာ ဖြစ်နေခဲ့ချေပြီ။
မျိုးဆက်တူ လူများအနေဖြင့်၊ ၎င်းကို မရိုးမသား ပြုလုပ်ခြင်းဟု သဘာဝအတိုင်း သတ်မှတ်၍ မရနိုင်တော့ပါ။
ကျွင်းရှောင်ယောက် ကိုယ်တိုင် ရောက်ရှိလာရန်ပင် မလိုအပ်ဘဲ၊ သူ၏ ဓားသန္ဓေတစ်ခုတည်းဖြင့် ဤစမ်းသပ်မှုတွင် ပထမဆုကို ရရှိရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ၎င်းက အရေးမကြီးပေ။
ကျွင်းရှောင်ယောက်၏ အမြင်မှာ သူတို့နှင့် လုံးဝကို ကွဲပြားခြားနားလှသော ကမ္ဘာတစ်ခုမှ ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ အမြင်တွင်မူ၊ ဤကဲ့သို့သော အတွေ့အကြုံမျိုးမှာ ကလေးသူငယ်များ အိမ်တွင် ဆော့ကစားနေကြသကဲ့သို့ ရိုးရှင်းပေသည်။
အကယ်၍ လက်မှတ်ထိုးဝင်ခြင်းဆုလာဘ်သာ မရှိခဲ့ပါက၊ သူက လာရောက်ရန် မည်သည့်အခါမျှ စိတ်ကူးလိမ့်မည် မဟုတ်ပါချေ။
"ယွင်ရှီ၊ မင်း အဆင်ပြေရဲ့လား"
ကျွင်းရှောင်ယောက်က ယွင်ရှီအား လှမ်းကြည့်လိုက်သည်။
သူမက ပြန်လည်ဝင်စားခြင်းမှ ရရှိခဲ့သော အပိုဆု ညီမလေးတစ်ယောက်မျှသာ ဖြစ်လင့်ကစား...
သူ၏ ညီမလေး ဖြစ်နေသေးသည်။
"မ... မဖြစ်ဘူး... ဘာမှမဖြစ်ပါဘူး..."
ယွင်ရှီ၏ လှပလှသော မျက်နှာလေးမှာ နီမြန်းနေရသည်။
သူအနေဖြင့် နေ့ရောညပါ လွမ်းဆွတ်တမ်းတနေခဲ့ရသော အစ်ကိုဖြစ်သူကို နောက်ဆုံးတွင် တွေ့မြင်လိုက်ရပြီ ဖြစ်သော်လည်း...
ယခုအခါတွင် မည်သို့ စကားပြောဆိုရမည်မှန်း မသိရှိတော့ဘဲ၊ သူမ၏ အသံမှာလည်း တုန်ယင်နေခဲ့ရသည်။
"အာ... ဒီလောက် သတိထားနေဖို့ မလိုပါဘူး။ မင်းရဲ့အစ်ကိုနဲ့ စကားပြောရတာကို ဘာဖြ်လို့ ဒီလောက်တောင် စိမ်းနေရတာလဲ"
ကျွင်းရှောင်ယောက် ညင်သာစွာ ပြောလိုက်သည်။
သို့သော်လည်း၊ သူ့အနေဖြင့် မွေးဖွားလာခဲ့သည့် အချိန်မှစ၍ ဤမွေးစားညီမလေးအပေါ် မည်သည့်အခါမျှ ဂရုမစိုက်ပေးခဲ့ဖူးကြောင်း ပြန်လည်တွေးတောလိုက်မိသည်။
ထိုအခါ အနည်းငယ် စိမ်းသက်သော ခံစားချက်မျိုး ရှိနေခဲ့ခြင်းက သာမန်ပင်။
"ညီမလေးက အစ်ကိုကြီးကို ဒီလောက်အထိ အံ့ဩဖို့ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့မိလို့ပါ"
ယွင်ရှီက စိတ်ကိုထိန်းရင်း ပြောလိုက်သည်။
ဤအခိုက်အတန့်တွင်၊ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်မှ အဓိပဓိတစ်ပိုင်း ကျွမ်းကျင်သူ အချို့လည်း ရောက်ရှိလာခဲ့ကြပေသည်။
" ဧကရာဇ်ငယ်ကို နှုတ်ခွန်းဆက်ပါတယ်"
သူတို့အားလုံးမှာ အလွန်တရာ ရိုသေနေခဲ့ကြသည်။
သူတို့၏ မျက်နှာများပေါ်တွင် ယခင်က မရှိဖူးခဲ့သော ကြည်ညိုလေးစားမှု အရိပ်အယောင်များလည်း ထွက်ပေါ်လာခဲ့ကြ၏။
ဒါက သူတို့ ရွှမ်းထျန်းနတ်ဘုရားမင်းဆက်၏ ဧကရာဇ်ငယ်... အနှိုင်းမဲ့ ပါရမီရှင်တစ်ဦးပင်။
"ယွင်ရှီကို ဂရုစိုက်ပေးခဲ့ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"
ကျွင်းရှောင်ယောက်က လေထဲသို့ တောက်ထုတ်လိုက်ရာ၊ ရှားပါးသော သူတော်စင်ဆေးလုံးအချို့က သူတို့၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။
"ကျေးဇူးတင်လှပါတယ် ဧကရာဇ်ငယ်...၊ ဒါထက် မင်းသမီး အန္တရာယ်နဲ့ ရင်ဆိုင်နေရလို့ ကျွန်တော်တို့ ဝင်ရောက်စွက်ဖက်တော့မဲ့ အချိန်မှာပဲ ယွမ်ကျူးနတ်ဘုရားမင်းဆက်က လူတွေက..."
ရွှမ်ထျန်းနတ်ဘုရားမင်းဆက်၏ ဓမ္မကာကွယ်သူက အေးစက်သော အကြည့်များဖြင့် ယွမ်ကျူးနတ်ဘုရားမင်းဆက်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ယခင်က၊ ယွင်ရှီသည် သူတော်စင်သခင် နယ်ပယ်ရှိ နတ်ဆိုးတစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရသည်။
သူတို့အနေဖြင့် ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ ကာကွယ်စောင့်ရှောက်သူများ၏ ပိတ်ဆို့တားဆီးခြင်းကို ခံခဲ့ကြရပေသည်။
အကယ်၍ ကျွင်းရှောင်ယောက် ပေးထားခဲ့သော တာ့လော့ဓားသန္ဓေသာ မရှိခဲ့ပါက...
ယွင်ရှီ၏အခြေအနေကို မတွေးဝံ့ပေ။
ယွမ်ကျူးနတ်ဘုရားမင်းဆက်မှ လူများလည်း ထိုတိုင်တန်းချက်ကို ကြားလိုက်ရသောအခါတွင် သူတို့၏ နှလုံးသားများ လေးလံသွားကြသည်။
သူတို့တွင် မကောင်းသော ခံစားချက်တစ်ခု ရှိနေခဲ့ကြပြီ။
"သွားကြစို့"
သူတို့ အလျင်စလို ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
"ခဏနေဦး"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်၏။
"မင်း... မင်း ဘာလုပ်ချင်လို့လဲ"
ကျွင်းရှောင်ယောက်၏ ယခင်က စွမ်းဆောင်ရည်များမှာ သူတို့ကို လုံးဝ တုန်လှုပ်ခြောက်ခြားစေခဲ့သည်။
ယခုအခါတွင်မူ သူတို့အားလုံးမှာ ကြောက်ရွံ့မှုများဖြင့် တုန်လှုပ်နေကြတော့သည်။
ရှင်းယွမ်မြို့ တွင် ကျွင်းရှောင်ယောက်အား ယခင်က လှောင်ပြောင် သရော်ခဲ့ကြဖူးသော မင်းသားများနှင့် မင်းသမီးများလည်း ထို့အတူပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင်၊ သူတို့၏ ခြေထောက်များမှာ တုန်ရင်နေခဲ့ကြရပြီး မေးရိုးများမှာလည်း တဆတ်ဆတ် ခါနေခဲ့ရသည်။
သို့သော်လည်း၊ ကျွင်းရှောင်ယောက်အနေဖြင့် တစ်ခုခု ပြုလုပ်လိမ့်မည်ဟုတော့ သူတို့က မယုံကြည်ကြချေ။
အဆုံးတွင်၊ နတ်ဘုရားမင်းဆက်ကြီး နှစ်ခုအကြားတွင် ပွတ်တိုက်မှုများနှင့် ပဋိပက္ခများ ရှိနေစေသော်လည်း...
၎င်းတို့က အမြဲတစေ အတိုင်းအတာတစ်ခုအတွင်း၌သာ ထိန်းသိမ်းထားခဲ့ကြခြင်း ဖြစ်သည်။
မည်သူမျှ အခြားတစ်ဖက်နှင့် အသေအလဲ တိုက်ခိုက်လိုခြင်းမျိုး မရှိကြပါချေ။
သို့သော်၊ ကံမကောင်းချင်တော့ ကျွင်းရှောင်ယောက်က ကြောက်ရွံ့တတ်ကာ တွန့်ဆုတ်နေတတ်သော လူစားမျိုး မဟုတ်ချေ။
ယွင်ရှီမှာ သူ့အတွက် အပိုဆုညီမလေးတစ်ယောက်မျှသာ ဖြစ်လင့်ကစား...
သူ၏ ညီမလေးကို မည်သူမျှ အနိုင်ကျင့်ပိုင်ခွင့် မပြုနိုင်ပါ။
မိမိ၏လူများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ပတ်သက်လာလျှင်၊ ကျွင်းရှောင်ယောက်က အစွန်ဆုံးအထိ လုပ်ဆောင်တတ်သူ ဖြစ်သည်။
"ငါ့ရဲ့ ညီမလေး အခု အဆင်ပြေနေတယ်ဆိုပေမဲ့... မင်းတို့တွေကတော့ ပေးဆပ်ရဦးမှာပဲ"
ကျွင်းရှောင်ယောက်က သူ့ဓားကို ကိုင်ဆောင်လျက် လေထဲမှ လျှောက်သွားသည်။
"ယွင်ရှောင်၊ မင်း လုပ်ရဲလား"
ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ အဓိပဓိတစ်ပိုင်းများမှာ ဒေါသ ထွက်သွားခဲ့ကြသည်။
သူတို့အနေဖြင့် တစ်ဖက်လူကို အနည်းငယ်မျှသာ ပိတ်ဆို့တားဆီးခဲ့ခြင်း ဖြစ်၍ ကြီးမားသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။
သို့သော်...
"ရွှပ်"
ဓားချက်တစ်ချက်တည်းဖြင့် အဓိပဓိတစ်ပိုင်း ကျွမ်းကျင်သူ အချို့မှာ အသက်ပျောက်သွားခဲ့ကြရသည်။
မင်းသားများနှင့် မင်းသမီးများ၏ ကိုယ်ပေါ်သို့ သွေးများ စင်ဟပ်သွားခဲ့၏။
သူတို့၏ မျက်နှာများက သွေးဆုတ်ဖြူရော်ကာ ဒူးထောက်ကျကုန်တော့သည်။
မင်းသမီးတစ်ပါးမှာမူ အလွန်တရာ ထိတ်လန့်သွားခဲ့ရသည့်အတွက် ဆီးပင်ထွက်ကျသွားခဲ့ရသည်။
“ယွင်… ယွင်ရှောင်၊ ငါတို့က ဧကရာဇ်ယွမ်ရဲ့ သားသမီးတွေနော်။ ဒီတစ်ခေါက်တော့ ငါတို့ မှားသွားခဲ့ပါတယ်”
မင်းသားတစ်ပါးက ကတုန်ကယင်ဖြင့် ပြောလိုက်သည်။
ကျွင်းရှောင်ယောက်နှင့် သူတို့မှာ လုံးဝကို ကွဲပြားခြားနားလှသော ကမ္ဘာများမှ ဖြစ်ကြသည်။
သူတို့အနေဖြင့် ခုခံလိုသောအတွေး စိုးစဉ်းမျှပင် မွေးဖွားနိုင်ခြင်း မရှိကြပါချေ။
သို့သော်လည်း သူတို့က မည်သို့ပင်ဖြစ်စေ ဧကရာဇ်ယွမ်၏ သားသမီးများ ဖြစ်ကြသည်။
ရွှမ်ထျန်းနတ်ဘုရားမင်းဆက် အနေဖြင့် ရူးရူးမိုက်မိုက် မပြုလုပ်သင့်ချေ။
သို့သော်...
"ရွှပ်..."
ဓားအလင်းတန်းတစ်ခု ထပ်မံ ဖြတ်သန်းသွားခဲ့သည်။
ဤမင်းသားများနှင့် မင်းသမီးများမှာ ချက်ချင်းပင် ခေါင်းဖြတ်ခြင်း ခံလိုက်ကြရ၏။ း
သူတို့၏ ဝိညာဉ်များမှာလည်း ထိုအခိုက်အတန့်မှာတင် ဖျက်ဆီးခြင်း ခံလိုက်ကြရတော့သည်။
သုသာန်မြေကဲ့သို့ တိတ်ဆိတ်ခြင်း...
လူတိုင်းက မျက်လုံးအစုံ ပြူးကျယ်လျက် စိုက်ကြည့်နေခဲ့ကြသည်။
ကျွင်းရှောင်ယောက်က ဧကရာဇ်ယွမ်၏ သားသမီးအချို့ကို နှစ်ခါပြန်မတွေးဘဲ သတ်ဖြတ်ပစ်လိုက်လိမ့်မည်ဟု မထင်ထားခဲ့ကြချေ။
ဤသတ္တိနှင့် ရဲရင့်မှုက အရိုးရှင်းဆုံး ပြောရလျှင် ကြီးမားလွန်းသည်။
"အစ်ကို၊ ဒါက..."
ယွင်ရှီပင်လျှင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ဧကရာဇ်ယွမ်၏ သားသမီးများကို သတ်ဖြတ်ခြင်းက သေးငယ်သော ကိစ္စရပ်တစ်ခု မဟုတ်ချေ။
“သူတို့က မင်းကို အန္တရာယ်ထဲ ရောက်အောင် လုပ်ခဲ့ကြတာ၊ ဒါကြောင့် သူတို့ သေရမယ်”
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
၎င်းက ပုရွက်ဆိတ်အချို့ကို နင်းခြေလိုက်သကဲ့သို့ပင် ဖြစ်ရာ၊ မည်သို့မျှ ခံစားမနေပါချေ။
"အစ်ကို..."
ကျွင်းရှောင်ယောက်က သူ့အပေါ် မည်မျှဂရုစိုက်ပေးကြောင်း တွေ့မြင်လိုက်ရသောအခါ၊ ယွင်ရှီက စိတ်လှုပ်ရှားစွာဖြင့် မျက်ရည်ဝိုင်းသွားခဲ့ရသည်။
အတိတ်ကာလမှ အထီးကျန်မှုများ၊ နာကျည်းမှုများနှင့် အခြားသော စိတ်ခံစားချက်အားလုံးမှာလည်း ဤအခိုက်အတန့်တွင် နေရောင်ခသော နှင်းစက်ပမာ ပျောက်ကွယ်သွားခဲ့ကြပြီ။
"ဒီငယ်သားက ဧကရာဇ်ငယ်ကို နှုတ်ခွန်းဆက်ပါတယ်"
ရှန်းလဲ့ပင်လျှင် ရှေ့သို့ လှမ်းလာခဲ့ပြီး ဦးညွှတ်လိုက်သည်။
ယခင်က၊ သူသည်လည်း အသက်တစ်ဆယ့်ငါးနှစ်တိုင်တိုင် ကျင့်ကြံခြင်းတွင် နစ်မြုပ်နေခဲ့သော ဧကရာဇ်ငယ်အပေါ် မကျေမနပ်ဖြစ်မှုတချို့ ရှိခဲ့ပေသည်။
သို့သော်လည်း ယခုအခါတွင်မူ၊ ကြောက်ရွံ့ရိုသေမှုမှတစ်ပါး အခြားသော စိတ်ခံစားချက်မျိုး မရှိတော့ချေ။
"အင်း"
ကျွင်းရှောင်ယောက် အသာအယာ ခေါင်းညိတ်လိုက်သည်။
"ဧကရာဇ်ငယ်... ဒီငယ်သားက ဧကရာဇ်ငယ်ရဲ့ နောက်လိုက် ဖြစ်လာဖို့ ဆန္ဒရှိပါတယ်"
ရှန်းလဲ့ ခေတ္တမျှ တွန့်ဆုတ်နေခဲ့ပြီးနောက် သတ္တိမွေးလျက် ပြောလိုက်၏။
ယခုအခါတွင်မူ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေပိုင်ရှင် ကျွင်းရှောင်ယောက်၏နောက်သို့ လိုက်ပါခြင်းက တောက်ပသော အနာဂတ်ကို အာမခံချက် ပေးနိုင်ကြောင်း လူတိုင်း သိရှိသွားခဲ့ကြပြီ ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယေက်က တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ငါ့မှာ လောလောဆယ် အဲဒီလို အစီအစဉ်မျိုး မရှိသေးဘူး"
စင်စစ်တွင်၊ စစ်နတ်ဘုရားသွေးမှာ အတော်လေးကို ကောင်းမွန်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ စိတ်မဝင်စားသေးပေ။
သူ၏ ယခင်က နောက်လိုက်များအားလုံးမှာ အလွန်တရာ ထူးခြားသော ပါရမီရှင်များသာ ဖြစ်ကြပေသည်။
"ကျွန်တော်မျိုး ရိုင်းပျမိသွားခဲ့ပါတယ်"
ရှန်းလဲ့မှာ စိတ်ပျက်သွားခဲ့ရသည်။
သို့သော်၊ သူက ၎င်းကို ပုံမှန်ကိစ္စရပ်တစ်ခုဟုလည်း ခံစားလိုက်ရပေသည်။
အဆုံးသတ်တွင်မူ၊ ၎င်းက မြင့်မြတ်ခန္ဓာ တာအိုသန္ဓေပင်ဖြစ်ရာ သူ၏အမြင်က သဘာဝကျစွာပင် ထူးခြားလွန်းနိုင်သည်။
“ကဲ... ပြန်ဖို့ အချိန်တန်ပြီ။ ငါတို့တွေ အမေကိုလည်း ဒီအကြောင်း ပြောပြရဦးမယ်”
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ယွင်ရှီလည်းက သူမ၏ ခေါင်းလေးကို ဆတ်ဆတ်ညိတ်လိုက်လေသည်။
ဤအချိန်မှာပင်...
အနည်းငယ် စိုးရွံ့နေသော အသံတစ်ခုက နောက်ကွယ်မှ ထွက်ပေါ်လာခဲ့သည်။
"ဧကရာဇ်ငယ်ကို နှုတ်ခွန်းဆက်ပါတယ်"
ပိုင်ရွယ်ဝေက စိတ်ကိုထိန်း၍ ကျွင်းရှောင်ယောက် ထံသို့ ဦးညွှတ်လိုက်ခြင်းပင်။
ပုံမှန်အားဖြင့် တည်ငြိမ်ကာ အေးစက်သော ပိုင်ရွယ်ဝေက ယခုအခါတွင်မူ သာန်မိန်းကလေးငယ်တစ်ဦးကဲ့သို့ ပူပန်ကာ ကြောက်ရွံ့နေခဲ့ရခြင်းကို စိတ်ကူးယဉ်ရန် ခက်ခဲလှပေသည်။
သူမ၏ အရှိန်အဝါက မသိမသာ နိမ့်ကျသွားခဲ့ရသည်။
လူ့လောကသို့ ဆင်းသက်လာခဲ့သော အင်မော်တယ်တစ်ဦးကဲ့သို့ ရှိနေခဲ့သည့် ကျွင်းရှောင်ယောက်နှင့် ရင်ဆိုင်လိုက်ရသောအခါတွင်မူ...
သူမကိုယ်တိုင်သည်ပင် အလိုလို နိမ့်ကျသွားခဲ့သည်ဟု ခံစားလိုက်ရပေသည်။