← Chapters

အခန်း (၂၇၃၁-၂၇၃၂)

Vol. 274 Ch. 2731-2732

အခန်း (၂၇၃၁-၂၇၃၂)

Vol. 274 Ch. 2731-2732

အခန်း (၂၇၃၁) - ချုပ်နှောင်ခြင်း နည်းလမ်းကိုးခုကျင့်စဉ်၊ တကယ်ပင် ရှိနေသည်

​“ဒီမဟာကောင်းကင်အရှင်တွေက ယင်လောကကြီးငါးခုထဲက ထိပ်တန်းပုဂ္ဂိုလ်တွေ ဖြစ်ကြမှာပဲ။”

​“ရှေးဟောင်းတားမြစ်နယ်မြေရဲ့ ချိတ်ပိတ်မှုကို မဖြေရှင်းပေးရရင် ဒီနေ့ ဒီလူကြီးတွေကို ငါတို့ မြင်တွေ့နိုင်မှာ မဟုတ်ဘူး။”

​ဆွေ့ဟွမ်ရွှီက အနည်းငယ် အံ့ဩတကြီးဖြင့် ဆိုသည်။

​ဖန့်ချန်က စူးစမ်းလိုစိတ်ဖြင့် -

“အကြီးအကဲတို့ ငါးဦးစလုံးက ဒီလောက်ကြာအောင် အသက်ရှင်လာတာ၊ ဒီယင်လောက မဟာကောင်းကင်အရှင်တွေနဲ့ မကြာခဏ တွေ့ဆုံလေ့ မရှိဘူးလား။”

​“ဖန့်သူတော်စင်ဘိုးဘေး၊ ယင်လောကက မဟာကောင်းကင်အရှင်တွေက လူသားလောကမှာ အမြဲတမ်း နေထိုင်လေ့ မရှိဘူး။ အဲဒီလို နေထိုင်တာက သူတို့ရဲ့ ကျင့်စဉ်အဆင့်အတွက် ထိခိုက်မှု ဖြစ်စေတယ်လေ။”

​ဆွေ့ဟွမ်ရွှီက ဆက်ပြောသည်

“ကောင်းကင်ငါးပါး မဟာမိတ်အဖွဲ့မှာလည်း အရေးကြီးတဲ့ ရာထူးတချို့မှာပဲ ယင်လောကက မဟာကောင်းကင်အရှင်တွေကို ထားရှိတာ။ အများစုကတော့ ယင်လောကရဲ့ နေရာအသီးသီးမှာ တိတ်တဆိတ် ကျင့်ကြံနေကြတာပါ။ ငါတို့ နောင်အခါ မဟာကောင်းကင်အရှင် ဖြစ်လာရင်တောင် သူတို့နဲ့ ဆက်ဆံရေး ရှိလာမယ်လို့ မသေချာဘူး။”

​ဖန့်ချန်က နားလည်သလို ခေါင်းညိတ်လိုက်သည်။

​ထိုအချိန်တွင် ဘက်အသီးသီးမှ သူတော်စင်များက စူးစမ်းလိုစိတ်အပြည့်ဖြင့် အပြင်ဘက်ကို ငေးကြည့်နေကြသည်။

​ရှူလုံ မဟာကောင်းကင်အရှင်တို့၏ ဦးဆောင်မှုအောက်တွင် အားကောင်းလှသော ပုဂ္ဂိုလ်ပေါင်းများစွာက စွမ်းအားများ ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဆန်းနယဲ့ စွမ်းအားရေစီးကြောင်းကြီးသည် ရွှေရောင်အလင်းတန်းအဖြစ် ပေါင်းစပ်သွားပြီး ရှဲ့ကျစ်ရုံးတော် ပေါ်သို့ ကျရောက်သွားသည်။

​ရွှေရောင်အလင်းတန်း ရောက်ရှိသွားသည်နှင့် လှိုင်းထန်သွားသကဲ့သို့ ဖြစ်ပေါ်လာပြီး ရှဲ့ကျစ်ရုံးတော်၏ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။

​ခဏအကြာတွင် ရှဲ့ကျစ်ရုံးတော်တစ်ခုလုံးကို ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းသွားသည်။

​နှစ်ဘက်စလုံး၏ အငွေ့အသက်များမှာ အပြင်းအထန် တိုက်ခိုက်နေကြသကဲ့သို့ ဖြစ်သည်။

​ရွှေရောင်အလင်းတန်းက ရှဲ့ကျစ်ရုံးတော်ပေါ်ရှိ မမြင်နိုင်သော တံဆိပ်အလွှာများကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်သည်။

​ထိုဖြစ်စဉ်တစ်ခုလုံးသည် တစ်လနီးပါးခန့် ကြာမြင့်ပြီးမှ ပြီးဆုံးသွားသည်။

​ထိုအခါ ရှဲ့ကျစ်ရုံးတော်မှာ ပုံစံပြောင်းသွားခဲ့သည်။ အစက အနည်းငယ် ငြိမ်သက်၍ ဝါးတားတား ဖြစ်နေသော်လည်း ယခုမူ လူတိုင်း၏ မျက်လုံးထဲတွင် အလွန်ရှင်းလင်းစွာ မြင်နေရပြီး ထူးဆန်းသော အငွေ့အသက်တစ်ခုက ရှဲ့ကျစ်ရုံးတော်ထဲမှ ထွက်ပေါ်လာနေသည်။

​“အဲဒါ… နဂါးတံခါး တစ်ခုလား။”

​သူတော်စင်တစ်ဦးက အံ့အားသင့်စွာ အော်ပြောလိုက်သည်။

​ဝေးလံလှသော ရှဲ့ကျစ်ရုံးတော်ထဲတွင် ရွှေရောင်နဂါးကြီးနှစ်ကောင် ရေကူးသွားလာနေပြီး ကြီးမားသော တံခါးကြီးတစ်ခုကို ဖန်တီးလိုက်သည်ကို မြင်လိုက်ရသည်။

​“သွားကြတော့။ ရှဲ့ကျစ်ရုံးတော် တားမြစ်နယ်မြေထဲက အသေးစိတ်အချက်အလက်တွေကို ငါတို့လည်း သိပ်မသိဘူး။ ဒီတစ်ခေါက်တော့ မင်းတို့ပဲ အရင်သွားရောက် စူးစမ်းကြပါ။”

​ယင်ချဲ့ မဟာကောင်းကင်အရှင်၏ အသံ ထွက်ပေါ်လာသည်။

​ထို့နောက် သူမ၏ တံခါးပေါက်လည်း ဖြည်းဖြည်းချင်း ပွင့်သွားပြီး သူတော်စင်များ ထွက်ခွာသွားနိုင်ပြီဖြစ်သည်။

​“အထဲရောက်ရင် တစ်ဆင့်ချင်းစီ သွားကြမယ်။ အခြေအနေကို အရင်ရှင်းအောင် လုပ်ကြရအောင်။”

​ဖန့်ချန်၏ အသံက ဝမ်ချုံစန်းတို့၏ နားထဲသို့ ရောက်ရှိလာသည်။

​ထိုစဉ် အကြီးအကဲငါးပါးက ကျန်းထန်းဝမ် ခန်းမ အဖွဲ့ဝင်များကို ခေါ်ဆောင်ကာ ထွက်ခွာသွားကြပြီဖြစ်သည်။

​ဖန့်ချန်လည်း မှာကြားစရာရှိသည်များကို ပြောပြီးနောက် သူတို့နောက်မှ လိုက်ပါသွားသည်။

​မကြာမီ လူအုပ်စုသည် ရှဲ့ကျစ်ရုံးတော်သို့ ရောက်ရှိလာပြီး ကောင်းကင်ထိမြင့်မားသော နဂါးတံခါးကြီး ရှေ့တွင် ရပ်တန့်လိုက်သည်။

​ရှူလုံ မဟာကောင်းကင်အရှင်တို့ကမူ အလွန်ဝေးလံသော နေရာတွင်သာ ရပ်နေကြပြီး အလွယ်တကူ နီးကပ်စွာ မလာကြပေ။

​“ဒီလူငယ်တွေက ရှဲ့ကျစ်ရုံးတော်ထဲမှာ ငါတို့ လိုချင်တဲ့ အဖြေကို ရှာတွေ့နိုင်မယ်လို့ မင်း ထင်လား။”

​ယင်ချဲ့ မဟာကောင်းကင်အရှင်က တိုးတိုးလေး ပြောသည်။

​အနီးအနားမှ ယင်လောက မဟာကောင်းကင်အရှင်များလည်း စုဝေးလာကြပြီး ထိုစကားကို ကြားသောအခါ အမူအရာများ လေးနက်သွားသည်။

​“ပြောဖို့ ခက်တယ်။ ဒါပေမဲ့ ဒီခြေလှမ်းကို လှမ်းနိုင်တာကပဲ ကောင်းပါတယ်။”

​ရှူလုံ မဟာကောင်းကင်အရှင်က တည်ငြိမ်စွာဖြင့် -

​“ဒီရှေးဟောင်း တားမြစ်နယ်မြေတွေက ချိတ်ပိတ်ခံထားရတာ ကြာလှပြီ။ ငါတို့ရဲ့ အရင်မျိုးဆက်၊ အရင်က မျိုးဆက်တွေကတည်းက ရှိနေခဲ့တာ။ အခုမှပဲ ငါတို့မျိုးဆက်က အထဲကို မနည်း ဝင်နိုင်တော့တယ်။ အထဲမှာ ဘာတွေရှိလဲ ဆိုတာတော့ တကယ်ပြောဖို့ ခက်တယ်။”

​“မဟာကောင်းကင်အရှင်တွေ အန္တရာယ်ကြုံရတဲ့ လျှို့ဝှက်ချက်တွေကို ဖြေရှင်းနိုင်ပါစေလို့ပဲ ဆုတောင်းရမှာပေါ့။”

​ယင်ချဲ့ မဟာကောင်းကင်အရှင်က ရှုပ်ထွေးသော အမူအရာဖြင့် ဆိုသည်။

​အနီးအနားမှ ယင်လောက မဟာကောင်းကင်အရှင်များ အချင်းချင်း ကြည့်လိုက်ကြပြီး အမူအရာများမှာ လေးနက်နေကြသည်။ သူတို့ထဲမှ အများစုမှာ ရှူလုံ မဟာကောင်းကင်အရှင်ကို ခိုးကြည့်နေကြသည်။

​……

​……

​“ဒီနဂါးတံခါးက ရှဲ့ကျစ်ရုံးတော်ရဲ့ ဝင်ပေါက်ပဲ။”

​အကြီးအကဲငါးပါးထဲမှ ရှန်တူရှင်းက လေးနက်စွာဖြင့် -

​“အရင်တုန်းက ဒီနေရာကို တွေ့ခဲ့တဲ့ မဟာကောင်းကင်အရှင်က ဒီနဂါးတံခါးထဲကို ဝင်သွားပြီးတဲ့နောက် အငွေ့အသက်တွေ အကုန်ပျောက်သွားပြီး ဝိညာဉ်ပါမကျန် လုံးဝကို ပျောက်ချင်းမလှ ပျောက်သွားတာ။”

​“အကြီးအကဲတို့၊ ဒါဆိုရင် ဒီနဂါးတံခါးက ဆန်းနယဲ့အဆင့် ဘွဲ့တံဆိပ် ရထားတဲ့ သူတော်စင်တွေပဲ ဝင်လို့ရတာပေါ့။ အရင်က မဟာကောင်းကင်အရှင်တွေလိုမျိုး ဖြစ်မသွားဘူးလား။”

​သူတော်စင်တစ်ဦးက မေးလိုက်သည်။

​ဆွေ့ဟွမ်ရွှီက တည်ငြိမ်စွာ -

“ငါတို့ အခုသိထားတဲ့ အချက်အလက်အားလုံးက ပုံဖော်တွက်ချက်မှုအပေါ် အခြေခံထားတာပဲ။ အထဲမှာ တကယ်ပဲ အန္တရာယ်ရှိမရှိ ဆိုတာကတော့ ငါတို့ ဝင်ကြည့်မှပဲ သိရမှာ။”

​ပြောပြီးသည်နှင့် သူသည် တွန့်ဆုတ်နေခြင်းမရှိဘဲ နဂါးတံခါးဆီသို့ တန်းမတ်စွာ လျှောက်သွားတော့သည်။

​သူတော်စင်များ အချင်းချင်း ကြည့်လိုက်ကြသည်။ အကုန်လုံးက ပုံဖော်တွက်ချက်မှုအပေါ် အခြေခံထားတာလား။

​ဒီနဂါးတံခါးက ဆန်းနယဲ့အဆင့် သူတော်စင်တွေအတွက် သတ်မှတ်ထားတာလို့ ရာနှုန်းပြည့် သက်သေပြလို့ မရသေးဘူးလား။

​“ဒီမှာ အမှားတစ်ခုခုဖြစ်ရင် ဒီနေ့တော့ ဒီမှာပဲ အသက်ပေးလိုက်ရတော့မှာပေါ့။”

​“ဒါပေမဲ့ ပုံဖော်တွက်ချက်မှုဆိုတာက ကောင်းကင်ငါးပါးက မဟာကောင်းကင်အရှင်တွေ ပူးပေါင်းပြီး ရလာတဲ့ ရလဒ်ဆိုတော့ ယုံကြည်ရတာ များပါတယ်။”

​“ဟုတ်တာပေါ့၊ ပုံဖော်တွက်ချက်တဲ့ နည်းလမ်းအချို့က အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်။ အနာဂတ်ကိုတောင် ကြိုတင်မြင်နိုင်တာပဲလေ။”

​ထိုသို့ တွေးတောမိလိုက်သောအခါ သူတော်စင်များသည် ရှေ့ကနေ လျှောက်သွားနေသည့် အကြီးအကဲငါးပါးကို ကြည့်ပြီး စိတ်အေးသွားကြသည်။

​အကြီးအကဲငါးပါး ကိုယ်တိုင် သွားရောက်နေပြီဆိုမှတော့ အန္တရာယ်က သူတို့ ခံနိုင်ရည်ရှိတဲ့ အတိုင်းအတာထဲမှာပဲ ရှိမှာပါ။

​“သွားကြစို့။”

​ဖန့်ချန်လည်း ဝမ်ချုံစန်းတို့ကို နှုတ်ဆက်ပြီး နဂါးတံခါးဆီသို့ လျှောက်သွားလိုက်သည်။

​ဆွေ့ဟွမ်ရွှီက နဂါးတံခါးကို ပထမဆုံး ရောက်ရှိသူ ဖြစ်ပြီး သူ၏ ပုံရိပ်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် မီးခိုးငွေ့သကဲ့သို့ ပျောက်ကွယ်သွားသည်။

​ကျန်သည့် အကြီးအကဲလေးပါးလည်း စိတ်တင်းထားပြီး သွားနောက်မှ လိုက်သွားကြသည်။

​ဒီမြင်ကွင်းကြောင့် သူတော်စင်တော်တော်များများက ရှေ့ဆက်မတိုးရဲဘဲ တွန့်ဆုတ်နေကြသည်။

​“ငါတို့ ပိုသတိထားသင့်သေးလား။”

​ဝမ်ချုံစန်းက စကားသံလွှင့်ကာ မေးသည်။

​“မဟာကောင်းကင်အရှင်တွေတောင် ဒီအကြောင်းကို မသိနိုင်ဘူးဆိုတော့ ငါတို့ သတိထားလည်း အပြင်မှာပဲ မျက်လုံးပြူးပြီး ကြည့်နေရမှာပဲ။”

​ဖန့်ချန်က စကားသံလွှင့်ကာ ပြန်ပြောလိုက်သည်။

​ခဏနားပြီးနောက် -

“မှန်လေး မလာခင်က ပြောတဲ့ စကားက အမှန်ပဲမလား။ အထဲမှာ အန္တရာယ် မကြီးဘူးဆိုတာ။”

​“တကယ် မကြီးပါဘူး။ မင်းတို့ဆီမှာ ဆန်းနယဲ့အဆင့် ဘွဲ့တံဆိပ် ရှိနေတော့ တကယ့် အန္တရာယ်အကြီးကြီးတွေကို ရှောင်လွှဲနိုင်ပါတယ်။”

​“ဒါဆိုရင် အဆင်ပြေပြီ။”

​ဖန့်ချန် စိတ်အေးသွားသည်။ ဆန်းနယဲ့အဆင့် ဘွဲ့တံဆိပ်က အန္တရာယ်အများစုကို ရှောင်လွှဲနိုင်တယ်ဆိုမှတော့ ကျန်တာကို သူ မဖြေရှင်းနိုင်ရင် ဒီသူတော်စင်လမ်းကို မလျှောက်တာပဲ ကောင်းသည်။

​ဖန့်ချန် နဂါးတံခါးထဲ ဝင်သွားသည်ကို မြင်သောအခါ ဝမ်ချုံစန်းလည်း စိတ်တင်းကာ လိုက်သွားလိုက်သည်။

​“ဒီကာလအတွင်း အရိုးပုံစံကိုယ်ပွားတွေကို ပြန်ကျင့်ထားတာက အလကား မဖြစ်ဘူး။”

​သူ စိတ်ထဲမှ တိုးတိုးလေး တွေးလိုက်သည်။

​……

​……

​ဖန့်ချန်သည် မျက်စိတစ်ချက် ပိတ်လိုက်ဖွင့်လိုက်အတွင်းမှာပင် အရှေ့တွင် ဝမ်ချုံစန်းတို့ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။

​သို့သော် အရင်ရောက်နှင့်နေသော ဆွေ့ဟွမ်ရွှီတို့မှာမူ ကျောက်တိုင်ကြီးတစ်ခုကို ကြည့်ကာ တိတ်ဆိတ်စွာ ရှိနေကြသည်။

​ဖန့်ချန်တို့၏ အရှေ့တွင် မိုင်ပေါင်းများစွာ ကျယ်ပြောသော အဆောက်အအုံစုကြီး ရှိနေသည်။

​အလွန်ပင် ကြီးကျယ်ခမ်းနား၍ တည်ငြိမ်လေးနက်သော ခံစားချက်ကို ရရှိစေသည်။

​‌ဆွေ့ဟွမ်ရွှီတို့သည် ဖန့်ချန်၏ ခြေသံကို ကြားလိုက်ရပြီး တစ်ချက်မျှ လှည့်ကြည့်ကာ ကျောက်တိုင်ပေါ်ရှိ စာသားများကိုသာ ဆက်လက် အာရုံစိုက်နေကြသည်။

​“ဖန့်သူတော်စင်ဘိုးဘေး၊ ဒီရှဲ့ကျစ်ရုံးတော်ကို ငါတို့ လာမိတာ မှန်သွားပြီထင်တယ်။”

​“အပေါ်က မဟာကောင်းကင်အရှင်တွေက ဒီရှေးဟောင်း အတွင်းကမ္ဘာ တားမြစ်နယ်မြေကို ရွေးချယ်လိုက်တာက ငါတို့ ရထားတဲ့ သဲလွန်စတွေနဲ့ ကိုက်ညီနေလို့ပဲ ဖြစ်ရမယ်။”

​ဆွေ့ဟွမ်ရွှီက ကျောက်တိုင်ကို ကြည့်ရင်း ပြောသည်။

​“ဘာတွေရေးထားလဲ ကြည့်ရအောင်။”

​ဖန့်ချန်လည်း ကျောက်တိုင်အနားသို့ သွားပြီး အသေးစိတ် ကြည့်ရှုလိုက်သည်။

​ထိုစာသားကို ဖတ်လိုက်ရသောအခါ သူ အလွန်ပင် အံ့အားသင့်သွားသည်။

​ရှဲ့ကျစ်၏ ပညတ်တော်သုံးရပ်- ငါ၏ ရှဲ့ကျစ်ရုံးတော်သို့ ဝင်ရောက်လာသူများ၊ အချင်းချင်း သတ်ဖြတ်ခြင်း မပြုရ။ ထိုပညတ်ကို ချိုးဖောက်ပါက ချုပ်နှောင်ခြင်း ခံရမည်။

​ငါ၏ ရှဲ့ကျစ်ရုံးတော်သို့ ဝင်ရောက်လာသူများ၊ တရားမျှတရမည်၊ အာဏာကို အလွဲသုံးစား မပြုရ။ ဤပညတ်ကို ချိုးဖောက်ပါက အသက်ကို ချုပ်နှောင်ခြင်း ခံရမည်။

​ငါ၏ ရှဲ့ကျစ်ရုံးတော်သို့ ဝင်ရောက်လာသူများ၊ အချိန်တိုင်း မိမိကိုယ်ကို ဆင်ခြင်ရမည်။ ကိုယ်ကျင့်တရား ပျက်ပြားပါက နက်နဲသော အစွမ်းကို ချုပ်နှောင်ခြင်း ခံရမည်။

​“ချုပ်နှောင်ခြင်း နည်းလမ်းကိုးခုကျင့်စဉ်၊ တကယ်ကို ရှိနေတာပဲ… အနည်းဆုံးတော့ ချုပ်နှောင်ခြင်း၊ အသက်ချုပ်နှောင်ခြင်းနဲ့ နက်နဲချုပ်နှောင်ခြင်း ကျင့်စဉ်တွေ လောကမှာ ရှိနေတာကို သက်သေပြနိုင်ပြီ။”

​ယင်ရှန့်ရူက တိုးတိုးလေး ရေရွတ်လိုက်သည်။

​ကျန်သည့် အကြီးအကဲလေးပါးလည်း အံ့ဩတကြီး ဖြစ်နေကြသည်။

​စီီကုကျိက -

“ဒီတစ်ခေါက် ငါ နိုးလာတော့ ကောလာဟလလေးတွေ ကြားမိတယ်။ ချုပ်နှောင်ခြင်း ကျင့်စဉ်က ပေါ်လာပြီတဲ့။ အရင်တုန်းက လင်ယောင်ဘက်မှာ တပည့်တစ်ယောက် ဒီကျင့်စဉ်ကို အသုံးခံလိုက်ရတယ်လို့ ကြားပေမဲ့ ချုပ်နှောင်ခြင်း ကျင့်စဉ် ဟုတ်မဟုတ် မသေချာဘူး။”

​“ဖန့်သူတော်စင်ဘိုးဘေး၊ မင်းက ဗဟုသုတ ကြွယ်ဝသူပဲ။ ချုပ်နှောင်ခြင်း ကျင့်စဉ်၊ အသက်ချုပ်နှောင်ခြင်း ကျင့်စဉ်၊ နက်နဲချုပ်နှောင်ခြင်း ကျင့်စဉ်တွေအကြောင်း ကြားဖူးလား။”

​ဖူချန်းချူးက မေးသည်။

​ဖန့်ချန် ခေါင်းခါလိုက်သည်။

“တစ်ခါမှ မကြားဖူးဘူး။”

​ခဏနားပြီးနောက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

​“ဒါပေမဲ့ ဟေးအရှင်ဆီကနေ ရှေးဟောင်း တားမြစ်နယ်မြေထဲမှာ ချုပ်နှောင်ခြင်းနည်းလမ်းကိုးခုကျင့်စဉ်နဲ့ မျက်လုံးကိုးပါးကျင့်စဉ်တွေ ရှိနိုင်တယ်လို့ သိထားရတယ်။”

​“ဟုတ်သားပဲ၊ ကျန်တဲ့ ချုပ်နှောင်ခြင်းကျင့်စဉ် ခြောက်မျိုးက ဘာတွေလဲ။”

​သူ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

​အခန်း (၂၇၃၂) - ရှဲ့ကျစ်ရုံးတော်၏ ရာဇဝတ်ရေးရာ အကြီးအကဲ

​“မသိဘူး။”

​အကြီးအကဲငါးပါး အချင်းချင်း ကြည့်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်း ခေါင်းခါလိုက်ကြသည်။

​ဖန့်ချန်၏ စိတ်ထဲတွင် စိတ်ပျက်မိသွားပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

​“အကြီးအကဲတို့ တကယ်မသိတာလား၊ ဒါမှမဟုတ် ကျွန်တော့်ကို ပြောပြဖို့ ဝန်လေးနေတာလား။”

​စီီကုကျိက မျက်မှောင်ကြုတ်ကာ -

​“အရင်တုန်းက ဆိုရင်တော့ သေချာပေါက် ပြောပြမှာ မဟုတ်ဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခါ မင်းရဲ့ ကျေးဇူးကို ခံထားရတဲ့အတွက် ဒီလိုမျိုး ထိခိုက်မှုမရှိတဲ့ ကိစ္စတွေကို ငါတို့က ဘာလို့ ဖုံးကွယ်ထားရမှာလဲ။”

​“ချုပ်နှောင်ခြင်းနည်းလမ်းကိုးခုကျင့်စဉ် ထဲက အသက်ချုပ်နှောင်ခြင်း၊ နက်နဲချုပ်နှောင်ခြင်း ကျင့်စဉ်တွေ ဆိုတာ ဒီနေ့ ကျောက်တိုင်ပေါ်မှာ ရေးထားတာကို ဖတ်မှပဲ ဒီကျင့်တွေရဲ့ နာမည်ကိုသိရတာ။ အဲဒါတောင် မှန်ကန်မယ်လို့ မသေချာဘူး။”

​“ဒီမတိုင်ခင်ကလည်း မဟာစွမ်းအားတွေအကြောင်း ရေးသားထားတဲ့ မှတ်တမ်းအချို့ကို ဖတ်ဖူးခဲ့ပေမဲ့ အရင်ခေတ်က မဟာကောင်းကင်အရှင်တွေရဲ့ မှတ်စုတွေအရပဲ ကိုးခုချုပ်ကျင့်စဉ် ရှိမယ်လို့ ခန့်မှန်းခဲ့ကြတာပါ။”

​“ဒါပေမဲ့ နှစ်ပေါင်းများစွာအတွင်းမှာတော့ ‘ချုပ်နှောင်ခြင်းနည်းလမ်း’ ဆိုတဲ့ စွမ်းအားတစ်ခုပဲ တကယ်ရှိကြောင်း သက်သေပြနိုင်ခဲ့တယ်။”

​ယင်ရှန့်ရူက ခေါင်းညိတ်သည်။

“ဟုတ်တယ်။ အဲဒီအချိန်က ဒီစွမ်းအား တကယ်ရှိကြောင်း သက်သေပြနိုင်ခဲ့တာကလည်း မတော်တဆ အကြောင်းတိုက်ဆိုင်မှုတစ်ခုကြောင့်ပါ။ အဲဒီတုန်းက ငါတို့ ကောင်းကင်ငါးပါးက သူတော်စင်တွေ ပုရွက်ဆိတ်အသိုက်နယ်မြေကို စစ်ချီရင်းနဲ့ မတော်တဆ နေရာတစ်ခုကို ရောက်သွားခဲ့တယ်။”

​“အဲဒီနေရာက ယင်လောကမှာ ပိုင်ရှင်ရှိနေပြီးသားဖြစ်ပြီး စွမ်းအားသိပ်မကြီးတဲ့ ငရဲမင်းတစ်ပါး ပေါ်လာတယ်။ သူက ငရဲမင်းအမိန့်တော်ကို ကိုင်ထားပြီး ငါတို့ ကောင်းကင်ငါးပါးက သူတော်စင်တွေကို ချုပ်နှောင်ခြင်းနည်းလမ်းနဲ့ တိုက်ခိုက်လာတာ၊ တော်တော်လေး အစွမ်းထက်တယ်။”

​“အဲဒီတုန်းက သွားတဲ့ သူတော်စင်အဖွဲ့ဆိုတာ သွေးပျက်မတတ် ကြောက်သွားကြရတာ။ နောက်ပိုင်းကျမှ အထက်လူကြီးတချို့ ဝင်ရောက်ဖြေရှင်းပေးမှပဲ အဲဒီပုန်ကန်မှုကို ငြိမ်သွားအောင် လုပ်နိုင်ခဲ့ပြီး အဲဒီယင်လောကကိုပါ ဖောက်ခွဲလိုက်နိုင်ခဲ့တာ၊ ဟဲဟဲ။”

​ဖန့်ချန် အံ့ဩသွားသည်။ အဲဒီလိုဆိုရင် တရားစီရင်ရေးဌာန တားမြစ်နယ်မြေက အဲဒီယင်လောက ငရဲမင်းရဲ့ နယ်မြေများ ဖြစ်နေမလား။

​“အဲဒီဖြစ်ရပ်ကြောင့်ပဲ ကောင်းကင်ငါးပါးမှာ ချုပ်နှောင်ခြင်းနည်းလမ်း ဆိုတာ တကယ်ရှိကြောင်း အတည်ပြုနိုင်ခဲ့တာပါ။”

​စီီကုကျိက ဆိုသည်။

​“ဒါဆိုရင် ကောင်းကင်ငါးပါးမှာ ဘာလို့ အဲဒီချုပ်နှောင်ခြင်းနည်းလမ်း အမွေအနှစ် မရှိတာလဲ။”

​“ပုရွက်ဆိတ်အသိုက်နယ်မြေက ယင်လောက ငရဲမင်းကို ကောင်းကင်ငါးပါးက အနိုင်ယူလိုက်ပြီးပြီဆိုရင် အဲဒီအမွေအနှစ်က ကောင်းကင်ငါးပါး လက်ထဲ ရောက်လာသင့်တာ မဟုတ်ဘူးလား။”

​ဖန့်ချန်က မေးသည်။

​“အနိုင်ယူတာက အနိုင်ယူတာပါပဲ။ ဒါပေမဲ့ အဲဒီတုန်းက အခြေအနေက ထူးခြားပြီး ပြိုင်ဘက်က ထွက်ပြေးလွတ်မြောက်သွားတာမို့ ချန်မထားခဲ့နိုင်လိုက်ဘူး။”

​ယင်ရှန့်ရူက ဆိုသည်

​“ငါမှတ်မိသလောက်ဆိုရင် မှတ်တမ်းထဲမှာ အဲဒီယင်လောကနေရာကို ‘နယ်မြေကိုးခု ယင်လောက’ လို့ ခေါ်ကြတယ်။”

​“…”

​ဖန့်ချန်က ဘာမျှမဖြစ်သကဲ့သို့ တည်ငြိမ်စွာပင် -

​“အဲဒီတုန်းက အသေးစိတ်အခြေအနေက ဘယ်လိုလဲ။ ကျွန်တော့်ကို ပြောပြပါဦး၊ တော်တော်လေး စိတ်ဝင်စားမိလို့။ ဒီအကြောင်းအရာတွေက လက်ရှိ ရှဲ့ကျစ်ရုံးတော်နဲ့ ဆက်စပ်နေမလားပဲ။”

​“အသေးစိတ် အခြေအနေကတော့…”

​အကြီးအကဲငါးပါးက စကားစတင်ပြောမည့်ဆဲဆဲမှာပင် သူတို့၏ နောက်ကွယ်မှ သူတော်စင်များ ဆက်တိုက် ရောက်ရှိလာကြသည်။

​စီီကုကျိက -

“ဒီကိစ္စတွေကို ပြန်ရောက်မှပဲ ပြောကြတာပေါ့၊ အခုလောလောဆယ်တော့ ဒီ ရှဲ့ကျစ်ရုံးတော် ကိစ္စကပဲ အရေးကြီးတယ်။”

​“ဟုတ်ပါပြီ၊ ဒါဆို ပြန်ရောက်မှပဲ ပြောကြတာပေါ့။”

​ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်လိုက်ရာ လုံးဝ ဂရုမစိုက်သည့်ပုံစံ ဖြစ်နေသည်။

​နောက်ထပ် သူတော်စင်များလည်း နဂါးတံခါးကို ဖြတ်ကျော်ပြီး ဒီနေရာသို့ ရောက်ရှိလာကြပြီး ကျောက်တိုင်ပေါ်ရှိ စာသားများကို အလားတူပင် မြင်တွေ့လိုက်ကြသည်။

​“အခု ငါတို့ ခန့်မှန်းချက်အရ ဒီ ရှဲ့ကျစ်ရုံးတော်ထဲမှာ စွမ်းအားသုံးမျိုး ရှိနိုင်တယ်။”

​“တစ်ခုက ချုပ်နှောင်ခြင်းနည်းလမ်း၊ တစ်ခုက အသက်ချုပ်နှောင်ခြင်းနည်းလမ်း၊ နောက်တစ်ခုက နက်နဲချုပ်နှောင်ခြင်းနည်းလမ်းပဲ။”

​ရှန်တူရှင်းက ကျယ်လောင်စွာဖြင့် -

“အခုကတော့ ဒီစွမ်းအားသုံးမျိုးရဲ့ အနှစ်သာရကို ရှာဖွေပြီး နားလည်အောင် ကျင့်ကြံဖို့ပဲ။ ဒီကာလအတွင်းမှာ သတိထားပြီး ပြုမူပါ။ ဒီနေရာရဲ့ အန္တရာယ်ကို သွားပြီး မဆွမိစေနဲ့။ သူတော်စင်တို့လည်း အတွင်းကမ္ဘာ တားမြစ်နယ်မြေတွေကို ရောက်ဖူးကြမှာမို့ အန္တရာယ်ဆိုတာ မဆွရင် ဘယ်တော့မှ ပေါ်မလာဘူးဆိုတာ သိကြမှာပါ။ ဘာပဲဖြစ်ဖြစ် ရှောင်ကျဉ်ရမယ့်အရာတွေကို မလုပ်မိစေနဲ့။”

​“အဲဒါ… ဒီစွမ်းအားသုံးမျိုးအကြောင်း အသေးစိတ် ပြောပြပေးလို့ ရမလား။”

​သူတော်စင်တစ်ဦးက မေးသည်။

​“အသက်ချုပ်နှောင်ခြင်းနည်းလမ်းနဲ့ နက်နဲချုပ်နှောင်ခြင်းနည်းလမ်းကိုတော့ ငါတို့လည်း သေချာ မသိဘူး။ ချုပ်နှောင်ခြင်းနည်းလမ်းကိုတော့ နည်းနည်းပါးပါး သိထားပြီး အတော်လေး ထူးဆန်းတယ်။ ဒီစွမ်းအားကို နားလည်နိုင်ရင်ပဲ ငါတို့အတွက် တစ်သက်စာ အကျိုးရှိမှာ။ ဒီတစ်ခေါက် ရှဲ့ကျစ်ရုံးတော်ကို လာရတာပဲ တန်ပါပြီ။”

​ရှန်တူရှင်းက ဆိုသည်။

​ထို့နောက် သူက ချုပ်နှောင်ခြင်းနည်းလမ်းနှင့် ပတ်သက်သည့် အချက်အလက်အချို့ကို ဆက်လက် ပြောပြသည်။

​ဖူချန်းချူးက အံ့ဩတကြီး အသက်ရှူမှားသွားသည်။

​“ကျွန်တော် အရင်တုန်းက ကျောင်းတော်ထဲမှာ ချုပ်နှောင်ခြင်းနည်းလမ်းကို မြင်ဖူးသလိုပဲ…”

​“အဲဒီတုန်းက ကိစ္စကို ငါတို့ သိပါတယ်။ ကောင်းကင်ငါးပါးတစ်ခုလုံး ဆူညံသွားအောင် ဖြစ်ခဲ့တာလေ။ အဲဒီတုန်းက ချုပ်နှောင်ခြင်း ခံလိုက်ရတာက စီီကုကျိရဲ့ မျိုးဆက်တစ်ဦး မဟုတ်ဘူးလား။”

​ရှန်တူရှင်းက ပြုံးလျက် -

“ဒါပေမဲ့ မင်းတို့ မြင်ခဲ့တာက တကယ်ပဲ ချုပ်နှောင်ခြင်းနည်းလမ်း ဟုတ်ချင်မှ ဟုတ်မှာပါ။ တခြား ဆင်တူတဲ့ စွမ်းအားတစ်ခုလည်း ဖြစ်နိုင်တယ်။ မဟုတ်ရင် သူက စီီကုပေ့ကို ချုပ်နှောင်ပြီး ဘာလုပ်မလဲ။ အဆင့်နိမ့် စွမ်းအင်စုစည်းခြင်း သူတော်စင်လေးကို ဘယ်သူကများ အပြစ်ရှာမှာလဲ။”

​“…”

​သူတော်စင်အားလုံး၏ အကြည့်များမှာ ဖန့်ချန်ဆီသို့ တစ်ပြိုင်နက်တည်း ရောက်သွားသည်။

​ရှန်တူရှင်းလည်း တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် ပြုံးကာ -

​“မင်းတို့ ဖန့်သူတော်စင်ဘိုးဘေးကို သံသယဝင်နေမှန်း ငါသိပါတယ်။ ငါတို့လည်း သံသယဝင်ဖူးပါတယ်၊ နောက်ဆုံးနှစ်တွေမှာ သူ ချုပ်နှောင်ခြင်းနည်းလမ်းကို သုံးမှာစိုးလို့ စောင့်ကြည့်ခဲ့သေးတယ်။ ကံဆိုးတာက လက်ရှိ အခြေအနေအရဆိုရင် ချုပ်နှောင်ခြင်းနည်းလမ်းကို သုံးနေတာ သူမဟုတ်ဘူး။”

​“သာမန်လူသာဆိုရင် ငါတို့ အကြီးအကဲငါးပါးတောင် ချုပ်နှောင်ခြင်း ခံလိုက်ရမှာ။”

​စီီကုကျိက ခေါင်းခါလိုက်သည်။

​ဆွေ့ထျန်းဟွမ် ၏ အကြည့်များမှာလည်း မသိစိတ်အရ ဖန့်ချန်ဆီသို့ ရောက်သွားသည်။

​သူကတော့ အခြားသူများနှင့် မတူပါ။ စီီကုပေ့ ချုပ်နှောင်ခံရသည့်ကိစ္စကို သူတော်စင်အများစု သိကြသော်လည်း၊ သူကိုယ်တိုင် ချုပ်နှောင်ခံရစဉ်ကတော့ သူတော်စင် အနည်းငယ်သာ သိကြသည်။

​ရုတ်တရက် ဖန့်ချန်က ဆွေ့ထျန်းဟွမ် ကို ကြည့်ကာ ပြုံးပြလိုက်သည်။

​ဆွေ့ထျန်းဟွမ် က ချက်ချင်းပင် အကြည့်လွှဲလိုက်ပြီး ကျောက်တိုင်ကိုသာ စဉ်းစားဟန်ဖြင့် ကြည့်နေတော့သည်။

​“ဒီနေရာမှာ ဒီလို စွမ်းအားတွေ ရှိနေမှတော့ ငါတို့ အခုချက်ချင်း လူစုခွဲပြီး စွမ်းအားရဲ့ အနှစ်သာရကို ရှာဖွေကြတာ ပိုကောင်းမယ်လို့ ထင်တယ်။ အားလုံး ဘယ်လို သဘောရလဲ။”

​သူတော်စင်များ ခေါင်းညိတ်ကြပြီးနောက် ကျောက်တိုင်ကို ကျော်ဖြတ်ကာ ရှဲ့ကျစ်ရုံးတော်ထဲသို့ လျှောက်သွားကြသည်။

​“ဒီနေရာက ကျယ်တယ်။ ခွဲသွားကြတော့၊ ဒီမှာက ငါတို့ ကျင့်စဉ်အဆင့်ကို မဖိနှိပ်ထားပေမဲ့ အတွင်းကမ္ဘာစွမ်းအားကို လွယ်လွယ်နဲ့ မသုံးကြနဲ့၊ အန္တရာယ် မဖြစ်စေနဲ့။”

​ရှန်တူရှင်းက သတိပေးသည်။

​သူတော်စင်များလည်း အုပ်စုလိုက် ခွဲသွားကြပြီး ရှဲ့ကျစ်ရုံးတော်ကို အနှံ့ရှာဖွေရန် ပြင်ဆင်ကြသည်။

​“စွမ်းအားတွေက များလာတော့ ဖုံးကွယ်ထားလို့ မရတော့ဘူး။ ချုပ်နှောင်ခြင်းနည်းလမ်းကလည်း တစ်နေ့နေ့တော့ ပေါ်လာမှာပဲ။”

​“ဒါပေမဲ့ ကံကောင်းတာက ဒီ ရှဲ့ကျစ်ရုံးတော်မှာ ချုပ်နှောင်ခြင်းနည်းလမ်းရဲ့ အရိပ်အယောင် ရှိနေတော့ ဒီမှာ ကျင့်ကြံရင်း နားလည်သွားတယ်လို့ ပြောလိုက်ရုံပဲ။”

​ဖန့်ချန်က လျှောက်ရင်း တွေးနေသည်။

​“ဖန့်သူတော်စင်ဘိုးဘေး၊ အဲဒီတုန်းက ကျွန်တော့်ကို ချုပ်နှောင်ခဲ့တာ မင်းပဲမလား။”

​ဆွေ့ထျန်းဟွမ် က ရုတ်တရက် အနားသို့ ကပ်လာပြီး တိုးတိုးလေး မေးသည်။

​“မင်း ချုပ်နှောင်ခံလိုက်ရလို့လား။ စီီကုပေ့ မဟုတ်ဘူးလား။”

​ဖန့်ချန်က ဆွေ့ထျန်းဟွမ် ကို အနည်းငယ် သံသယဖြင့် ကြည့်လိုက်သည်။

​ဆွေ့ထျန်းဟွမ် အနည်းငယ် မှင်သက်သွားပြီး အမှန်တကယ် သူမဟုတ်ဘူးလားဟု တွေးလိုက်သည်။ ထို့နောက် အားနာစွာ ပြုံးပြပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

​နောက်ပိုင်းတွင် ဖန့်ချန်တို့အဖွဲ့သည် နေရာတစ်ခုစီတိုင်းတွင် ခွဲရှာကြပြီးနောက် စုစည်းကာ ရှဲ့ကျစ်ရုံးတော်၏ အတွင်းပိုင်းသို့ ဆက်လက်ဝင်ရောက်သွားသည်။

​သူ့နောက်တွင် လိုက်ပါလာသူ သူတော်စင်များ အတော်များသည်။ ကရုဏာတောင်တန်းမှ အဖွဲ့၊ ရှေးဟောင်း သူတော်စင်ဘိုးဘေး စီမံကိန်းမှ အသက်ရှင်ကျန်သူများ၊ ပြီးတော့ ရွှေဟွေးကျောင်းတော်မှ သူတော်စင်များကလည်း သူ့ဘက်တွင်သာ အများစု ရှိနေသည်။

​ရှာဖွေရင်း ရှာဖွေရင်းဖြင့် လူအုပ်စုသည် အခြားနေရာများနှင့် မတူညီသည့် နန်းဆောင်ကြီးတစ်ခုရှေ့သို့ ရောက်ရှိလာသည်။

​ဒီနန်းဆောင်က တခြားနေရာတွေထက် ပိုမိုတည်ငြိမ်လေးနက်နေသည်။

​တံခါးဝတွင် ကျောက်တိုင်တစ်ခု ရှိနေပြီး အပြင်ဘက်က ကျောက်တိုင်အတိုင်း စာသားများ ရေးထားသည်။

​ခြားနားချက်မှာ စာသားရေးထားပုံ မတူညီခြင်းနှင့် လက်မှတ်ပါရှိခြင်း ဖြစ်သည်။

​“ထူးဆန်းတယ်။ ဒီနာမည်က ရင်းနှီးနေသလိုပဲ၊ ဘယ်မှာမြင်ဖူးလဲ မသိဘူး။”

​ဆွေ့ဟွမ်ရွှီ အပါအဝင် အကြီးအကဲငါးပါး အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့က ဖန့်ချန်တို့ထက် ခြေတစ်လှမ်း ပိုမြန်သည်။

​ဖန့်ချန် အနားသို့ ကပ်သွားပြီး စာသားကို ဖတ်ကြည့်လိုက်ရာ လက်ရေးမှာ သိမ်မွေ့လှပပြီး အမျိုးသမီးတစ်ဦး လက်ရာဖြစ်နိုင်သည်။

​ထို့နောက် လက်မှတ်ကို ကြည့်လိုက်သည်။

​ရှဲ့ကျစ်ရုံးတော်၏ ရာဇဝတ်ရေးရာ အကြီးအကဲ၊ ချင်းဟယ် ရေးသားသည်။

​ဖန့်ချန် မှင်သက်သွားပြီးနောက် အမူအရာကို ပုံမှန်အတိုင်း ပြန်ပြင်လိုက်သည်။

​“မှန်ပြီ၊ အဲဒီတုန်းက နယ်မြေကိုးခု ယင်လောက ရဲ့ ငရဲမင်းနာမည်က ချင်းဟယ် ငရဲမင်းပဲ ”

​ယင်ရှန့်ရူ၏ အမူအရာ ပြောင်းလဲသွားသည်။

“ဒါက အကြောင်းတိုက်ဆိုင်မှုလား။”

​ဖန့်ကျစ်ရွှယ် က ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်။ သူမအစ်ကို၏ အမူအရာ ပြောင်းလဲမှုမရှိသည်ကို မြင်တော့ သူမလည်း စကားစမပြောဘဲ တိတ်ဆိတ်နေလိုက်သည်။

All Chapters