← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း (၇၅) ချွန်းအာ၏ သံယောဇဉ်

နျူဟုန်ဟွာသည် ငွေနှင့် ခွဲတမ်းလက်မှတ်များကို သိမ်းဆည်းရန် အထဲသို့ ယူဆောင်သွားပြီးနောက်တွင် ချွန်းအာသည် ဂျုံမှုန့်များကို စတင်နယ်နေပြီ ဖြစ်သည်။

ဤအကြိမ်တွင် လျူအာကျူးသည် ဖက်ထုပ်လုပ်ရန်သာမက ပေါက်စီအချို့ကိုပါ ပေါင်းရန် ကြံရွယ်ထားခြင်းဖြစ်၏။ နေ့စဉ်ရက်ဆက် ပြောင်းဖူးမုန့်များကိုသာ စားနေရသည်မှာ မခံမရပ်နိုင်စရာ ကောင်းလှပေသည်။ ဖက်ထုပ်မှာမူ ကိစ္စမရှိပေ။ တဆေးမပါသော မုန့်သားဖြင့် လုပ်ဆောင်နိုင်လေသည်။ သို့သော် ပေါက်စီပေါင်းရန်အတွက်မူ တဆေးဖြင့် ဖောက်ထားသော မုန့်သား လိုအပ်လှ၏။

ထိုခေတ်ကာလက တစ်နိုင်ငံလုံးတွင် ရှန်ဟိုင်း၌သာ တစ်ခုတည်းသော တဆေးမှုန့်စက်ရုံရှိပြီး ဤဒေသသို့မူ မကြာမီအချိန်အတွင်း ရောက်ရှိလာနိုင်ဦးမည် မဟုတ်ပေ။ သာမန်လူများသည် မုန့်သားဖောက်ရန်အတွက် မုန့်ညက်အဟောင်းကိုသာ အသုံးပြုလေ့ရှိကြသော်လည်း ထိုအရာမှာ အိမ်တိုင်းတွင် ရှိနိုင်သောအရာ မဟုတ်သကဲ့သို့ ကျေးလက်ဒေသများတွင် ပို၍ပင် ရှာဖွေရခက်ခဲလှပေသည်။ ကံကောင်းထောက်မစွာဖြင့် လျူအာကျူးမှာမူ သူ၏ယခင်ဘဝက အသက်ခြောက်ဆယ်ကျော် အဘိုးကြီးတစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် သူ၏အတွေ့အကြုံများမှာ အလွန်ပင် ကြွယ်ဝလှပေသည်။

သူသည် အစ်ကိုကြီးကို အိုးထဲတွင် ရေနွေးတည်ခိုင်းလိုက်ပြီးနောက် သူ၏အိတ်ထဲမှ ဆန်များကို ထုတ်ယူကာ ဆန်ပြုတ်တစ်အိုး ချက်လိုက်လေသည်။ နျူဟုန်ဟွာသည် လျူအာကျူး ဆန်ပြုတ်ချက်နေသည်ကို မြင်သောအခါ အနည်းငယ် ဝေခွဲမရဖြစ်သွားပြီး မေးလိုက်၏။

"ကျူးဇီ... နင်က ဖက်ထုပ်စားမယ်လို့ ပြောတာ မဟုတ်ဘူးလား... ဘာဖြစ်လို့ ဆန်ပြုတ်ချက်နေရတာလဲ..."

"ဆန်ပြုတ်သောက်ရတာလည်း တော်တော်ကောင်းတာပဲ... ငါလည်း မသောက်ရတာ ကြာပြီ... အနံ့က တော်တော်မွှေးတာပဲ..."

လီဆွေ့ဆွေ့သည် လျူအာကျူးက ဂျုံမှုန့်များစွာ အသုံးပြုရမည်ကို နှမြော၍ စကားပြင်ပြောသည်ဟု ထင်မှတ်ကာ လမ်းကြောင်းလွှဲပေးလိုက်ရင်း ပြောလေသည်။

"အနံ့က တကယ့်ကို မွှေးတာပဲ..."

လျူအာကျူးကမူ ရှင်းပြမနေတော့ပေ။ ထို့ပြင် ဆန်ပြုတ်မှာ တော်တော်လေး ပျစ်ခဲလာပြီးနောက် သူသည် အချို့ကို ခပ်ထုတ်ကာ ဂျုံမှုန့်ကို ထပ်မံ၍ နယ်လိုက်ပြန်သည်။ လျူအာကျူး ဂျုံမှုန့်များကို ထပ်မံနယ်နေသည်ကို မြင်ရသောအခါ နျူဟုန်ဟွာမှာ နှမြောတသလွန်းသဖြင့် မတ်တတ်ပင် မရပ်နိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

"နင် ဘာတွေလုပ်နေတာလဲ... ဒီလောက်ဖြုန်းတီးလှချည်လား... ဂျုံမှုန့်တွေ အများကြီးကို... ငါတို့မိသားစုက လူအများကြီးကို ဘယ်လိုကျွေးနိုင်မှာလဲ..."

"ဒီဂျုံမှုန့်အိုးက ပေါက်စီပေါင်းဖို့အတွက်ပါ... ကျွန်တော် မုန့်သားကို ဖောက်နေတာ..."

လျူအာကျူးသည် ဂျုံမှုန့်များကို အစအဆုံး ကိုင်တွယ်ပြီးမှသာ ရှင်းပြလေသည်။

အကယ်၍ သူသာ စောစောစီးစီး ပြောပြခဲ့လျှင် သူ၏မိခင်ဖြစ်သူက ဧကန်မုချ သဘောတူမည် မဟုတ်ပေ။ နျူဟုန်ဟွာကို ထားလိုက်ပါဦး၊ အနီးတွင် မတ်တတ်ရပ်နေသော လီဆွေ့ဆွေ့ပင်လျှင် ဤစကားကို ကြားသောအခါ လက်သီးကို တင်းတင်းဆုပ်ထားမိတော့သည်။ ဆန်ပြုတ်ကို အသုံးပြု၍ မုန့်သားဖောက်သည်တဲ့။ သူသည် ချမ်းသာသော မြေရှင်ကြီးမိသားစုမှ ပေါက်ဖွားလာသည့် ကလေးတစ်ဦးဖြစ်ကြောင်း တကယ့်ကို ပြသနေခြင်းပင်ဖြစ်၏။ လျူအာကျူးတစ်ယောက်သာ ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်ဆောင်နိုင်ပေလိမ့်မည်။

အကယ်၍ ဤသည်မှာ အတိတ်ကာလကသာဆိုလျှင် သူမသည် သူ့ကို ချက်ချင်းပင် ဆူပူကြိမ်းမောင်းမိမှာ သေချာလှပေသည်။ မရီးကြီးဖြစ်ရခြင်းမှာ မိခင်ကဲ့သို့ပင် ဖြစ်သည်ဟူသော စကားမှာ နောက်ပြောင်နေခြင်း မဟုတ်ပေ။ ထို့ပြင် အကယ်၍ လီဆွေ့ဆွေ့သာ လျူအာကျူးကို ဤကဲ့သို့ ပစ္စည်းများ ဖြုန်းတီးမှုအတွက် ဆုံးမပဲ့ပြင်ခဲ့လျှင်လည်း မည်သူကမျှ သူမကို အပြစ်တင်ကြမည် မဟုတ်ပေ။

သို့သော် ယခုအခါတွင်မူ လီဆွေ့ဆွေ့သည် မည်မျှပင် နှမြောတသဖြစ်နေပါစေ လျူအာကျူး၏ လက်ချောင်းတစ်ချောင်းကိုမျှ ထိရဲခြင်း မရှိတော့ပေ။ သူမသည် လှည့်ထွက်၍သာ ပြေးနိုင်တော့ပြီး ပြောလိုက်၏။

"အမေ... သမီး ရှောင်ဟုကို သွားကြည့်လိုက်ဦးမယ်..."

သူမ ခြေလှမ်းအနည်းငယ် လှောက်ရုံရှိသေးစဉ် နျူဟုန်ဟွာက ပြောလေသည်။

"ဆွေ့ဆွေ့... နင် ဒီနေရာမှာပဲ နေပြီး ကူညီလိုက်... ရှောင်ဟုကို ငါပဲ သွားကြည့်လိုက်မယ်..."

လီဆွေ့ဆွေ့သည် သက်ပြင်းချကာ ရပ်လိုက်ပြီး နျူဟုန်ဟွာကို ကြည့်ကာ ပြောလိုက်၏။

"အမေ... အမေလည်း စိတ်မကောင်းဖြစ်နေတာ သမီးလည်း ကြည့်နေရင်းနဲ့ ရင်ထဲမှာ နာကျင်လှရပါတယ်... အမေသာ သမီးကို ထွက်သွားခွင့်မပြုရင် သမီး ယောက်မကိုကိုင်ပြီး လျန်ဇီကို ရိုက်မိတော့မှာ စိုးရတယ်..."

အနီးအနားတွင် လက်လှည့်ကားလေးကို တိတ်တဆိတ် လေ့လာနေသော လျူတာ့လျန်မှာမူ လုံးဝ ဝေခွဲမရဖြစ်သွားပြီး မေးလိုက်လေသည်။

"မင်းက ငါ့ကို ဘာလို့ ရိုက်ရမှာလဲ..."

လီဆွေ့ဆွေ့က ခါးကို ထောက်လိုက်ပြီး တရားသဖြင့် ပြောလိုက်၏။

"ကျူးဇီက ဒီလောက်အများကြီး ဖြုန်းတီးနေတာကို ကြည့်ရတာ ငါ့မှာ ရင်ကျိုးရလွန်းလို့ပါ..."

"ဒါဆိုရင်လည်း သူ့ကို သွားရိုက်လေ..."

လျူတာ့လျန်က မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ ငါက မရက်စက်နိုင်ဘူးလေ မဟုတ်ဘူးလား... ငါတို့ မောင်လေးက ဒီလောက်တော်တာကို... ငါက သူ့ကို ဘယ်လိုလုပ် ရိုက်ရက်မှာလဲ..."

"တော်က အရေထူပါတယ်... ကျုပ်ကို အချက်အနည်းငယ်လောက် အရိုက်ခံခွင့်ပေးရင် ဘာဖြစ်သွားမှာမို့လို့လဲ..."

လီဆွေ့ဆွေ့သည် ပြောပြောဆိုဆိုဖြင့် ယောက်မဖြင့် လျူတာ့လျန်၏ ကျောကို တကယ်ပင် လှမ်းရိုက်လိုက်လေသည်။

လျူတာ့လျန်သည် ဒေါသကို အောင့်အည်းထားရင်း လျူအာကျူးကို စိုက်ကြည့်ကာ ပြောလိုက်၏။

"ငါတို့ ငယ်ငယ်တုန်းကလည်း မင်းအတွက်နဲ့ ငါပဲ အမြဲတမ်း အရိုက်ခံခဲ့ရတာ... အခုကြီးလာတော့လည်း မင်းအတွက်နဲ့ ငါက ဘာလို့ အရိုက်ခံနေရပြန်တာလဲ..."

"ဖြစ်နိုင်တာကတော့ အစ်ကိုကြီးရဲ့ ရုပ်က တကယ်ကို အရိုက်ခံချင်စရာ ကောင်းနေလို့ ထင်တယ်..."

လျူအာကျူးသည် ပြုံး၍ ပြောလိုက်ပြီးနောက် ချက်ချင်းပင် ထွက်ပြေးသွားလေသည်။

"မင်းကိုတော့ ငါ တစ်နေ့နေ့ကျရင် ဧကန်မုချ အမိအရ ရိုက်ဦးမှာပဲ..."

လျူတာ့လျန်မှာ ဒေါသချောင်းချောင်းထွက်သွားတော့သည်။

ရုတ်တရက်ဆိုသလို 'ဖတ်' ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။ လက်ဖဝါးသေးသေးလေးတစ်ခုက သူ၏ကျောကို လှမ်း၍ ပုတ်လိုက်ခြင်း ဖြစ်၏။ လျူတာ့လျန် လှည့်ကြည့်လိုက်သောအခါ သူမ၏မိခင်ဖြစ်သူကို အတုယူကာ ခါးထောက်လျက် အော်ဟစ်နေသော နျီဇီကို မြင်လိုက်ရသည်။

"အဖေ... အဖေ ဦးလေးကို ရိုက်ခွင့်မရှိဘူးနော်၊ မဟုတ်ရင် သမီး အဖေနဲ့ မကစားတော့ဘူး... နောက်ပြီး သမီး အီးအီးပါရင်လည်း အဖေ့ကို ဖင်မဆေးခိုင်းတော့ဘူး..."

လျူတာ့လျန်သည် လျူအာကျူးကို ပို၍ပင် ဆုံးမချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာမိတော့သည်။

တစ်မိသားစုလုံးသည် ဝက်သားနှင့် ကြက်သွန်မြိတ် ဖက်ထုပ်များကို ပျော်ပျော်ရွှင်ရွှင်ဖြင့် လိပ်ပြီးသွားချိန်တွင် ပေါက်စီအိုးကြီးမှာလည်း အငွေ့တထောင်းထောင်းဖြင့် ကျက်သွားလေပြီ။

လျူအာကျူးသည် မုန့်နယ်သည့် ဇလုံကြီးကို အသုံးပြု၍ ဖက်ထုပ်များကို အပြည့် ထည့်လိုက်သည်။ ချွန်းအာသည် ဖက်ထုပ်လိပ်ခြင်းကို အဆုံးသတ်ကာ ထွက်ခွာတော့မည်ကို မြင်သောအခါ သူက ချက်ချင်းပင် ပြောလိုက်၏။

"ချွန်းအာ... နေပြီး ဖက်ထုပ်စားသွားပါဦး..."

"မလိုပါဘူး..."

ချွန်းအာသည် လျူအာကျူးက သူမကို တားဆီးမည်ကို စိုးရိမ်သဖြင့် အပြင်သို့ အလျင်အမြန်ပင် ပြေးထွက်သွားလေသည်။

လျူအာကျူးသည် ချွန်းအာ ဤနေရာတွင် နေရသည်မှာ အားနာနေကြောင်းသိသဖြင့် ချက်ချင်းပင် ရှေ့သို့ တက်ကာ သူမကို တားဆီးလိုက်ပြီးနောက် ဖြူဖွေးသော ပေါက်စီကြီး သုံးလုံးကို သူမ၏ ရင်ခွင်ထဲသို့ ထိုးထည့်ပေးလိုက်လေသည်။

"ဒါတွေကို ယူသွားပါ... အိမ်ပြန်ပြီး စားလိုက်နော်..."

ချွန်းအာသည် ပေါက်စီများကို ပွေ့ပိုက်ထားရင်း အနည်းငယ် ကြောက်လန့်တကြားဖြင့် ကြည့်ကာ ပြောလေသည်။

"အစ်ကိုကျူးဇီ... ညီမ အစ်ကို့ဆီက ပစ္စည်းတွေ ထပ်ပြီး မယူရဲတော့ပါဘူး... ညီမ အစ်ကို့အပေါ်မှာ အကြွေးတွေ တင်လွန်းနေပါပြီ..."

"မင်းက ငါ့အပေါ်မှာ အကြွေးတင်နေပြီပဲဥစ္စာ၊ နည်းနည်း ပိုတင်တာနဲ့ လျော့တင်တာက ဘာကွာလို့လဲ..."

လျူအာကျူးက ပြန်လည်ခြေပလိုက်၏။

ချွန်းအာက ဘာမှပြန်မပြောတော့ပေ။ ရုတ်တရက် သူမသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ခေါင်းကို ငုံ့ထားကာ သူမ၏ ဆံပင်များက သိမ်ငယ်စိတ်များဖြင့် ပြည့်နှက်နေသော မျက်နှာကို ဖုံးအုပ်ထားလျက် ရှိသည်။

"ညီမ တောင်းပန်ပါတယ် အစ်ကိုကျူးဇီ...ညီမ အစ်ကို့ဆီက ပစ္စည်းတွေကို တကယ်ပဲ ထပ်ပြီး လက်မခံနိုင်တော့လို့ပါ..."

ချွန်းအာ၏ ဤကဲ့သို့သော အခြေအနေကို မြင်ရသောအခါ လျူအာကျူးသည်လည်း မည်သို့လုပ်ဆောင်ရမည်ကို တကယ်ပင် မသိတော့ပေ။ သူသည် ဤဂျုံမှုန့်ပေါက်စီအနည်းငယ်မှာ သူ့အတွက် ဘာမှမဟုတ်ကြောင်း တကယ်ပင် ပြောပြချင်သော်လည်း ဤသို့ပြောလိုက်ခြင်းက အလွန်ပင် မာနကြီးရာကျသွားမည်ဖြစ်ပြီး ချွန်းအာကလည်း ယုံကြည်မည် မဟုတ်ပေ။

သို့သော် လျူအာကျူး မသိသည်မှာ ချွန်းအာသည် လက်ရှိတွင် သူ့အပေါ်၌ အကြွင်းမဲ့ ကိုးကွယ်ယုံကြည်စိတ်ရှိနေသဖြင့် သူ မည်သည့်အရာကိုမဆို ပြောပါစေ သူမက ယုံကြည်နေမည် ဖြစ်ကြောင်းပင်။

"အစ်ကိုကျူးဇီ..."

ချွန်းအာသည် ရုတ်တရက် မျက်လုံးများ နီမြန်းလျက် မော့ကြည့်လာပြီး လေးလေးနက်နက် ပြောလိုက်၏။

“ညီမ အစ်ကိုတို့အိမ်မှာ နေနေတာက ညီမမိဘတွေ ခိုင်းလို့လည်း မဟုတ်ပါဘူး၊ အစ်ကိုတို့အိမ်က အစားအစာကောင်းတွေကို မက်မောလို့လည်း မဟုတ်ပါဘူး... အစ်ကိုက ညီမအဖေရဲ့ အသက်ကို ကယ်တင်ပေးခဲ့လို့ပါ၊ ပြီးတော့ အစ်ကိုက တကယ်ကို လူကောင်းတစ်ယောက် ဖြစ်လို့ပါ... ညီမ... ညီမ အစ်ကို့အနားမှာနေပြီး လုပ်ကျွေးပြုစုချင်လို့ပါ..."

"ဒါပေမဲ့ မင်းက ဝအောင်စားမှ ငါ့ကို လုပ်ကျွေးဖို့ ခွန်အားရှိမှာပေါ့..."

လျူအာကျူးက သက်ပြင်းချရင်း ပြောလိုက်သည်။

ချွန်းအာသည် ခေါင်းကို ထပ်မံငုံ့လိုက်ပြန်၏။

"ညီမ ဝဝလင်လင် စားပြီးပါပြီ..."

လျူအာကျူးသည် သူမကို ကြည့်ရင်း အခက်တွေ့နေကာ မည်သို့ ဆက်လက်လုပ်ဆောင်ရမည်ကို မသိဖြစ်နေတော့သည်။ ထိုစဉ် နျူဟုန်ဟွာသည် လျှောက်လာပြီး လျူအာကျူးကို မကျေမနပ်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

"အခန်းထဲကို ဝင်သွားစမ်း..."

"ဟုတ်ကဲ့... ဟုတ်ကဲ့..."

လျူအာကျူးသည် အကြောင်းရင်းမရှိဘဲ အဘယ်ကြောင့် အဆူခံရသည်ကို မသိသဖြင့် ခေါင်းကိုသာ ကုတ်ရင်း ထွက်သွားလေသည်။

သူ အထဲသို့ ဝင်သွားပြီးနောက် နျူဟုန်ဟွာသည် ချွန်းအာ၏အနီးသို့ တိုးကပ်သွားကာ တိုးတိုးလေး မေးလိုက်၏။

"နင် နင့်အစ်ကိုကျူးဇီကို သဘောကျနေတာ မဟုတ်လား..."

ချွန်းအာ၏ မျက်နှာလေးမှာ ချက်ချင်းပင် ရဲခနဲ ဖြစ်သွားပြီး ခေါင်းကို မော့မလာဝံ့တော့ဘဲ မိမိ၏ ရင်ခွင်ထဲသို့သာ တိုးဝင်မတတ် ငုံ့ထားမိတော့သည်။ နျူဟုန်ဟွာသည်လည်း အမျိုးသမီးတစ်ဦးဖြစ်သဖြင့် ချွန်းအာ၏ ခံစားချက်ကို သဘာဝကျကျပင် နားလည်လှပေသည်။

အမှန်စင်စစ် သူမကိုယ်တိုင်လည်း ချွန်းအာကို အလွန်ပင် သဘောကျမိပေသည်။ သူမသည် ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းလှပပြီး ရွာထဲတွင် အလှပဆုံး မိန်းကလေးများထဲမှ တစ်ဦးဟု သတ်မှတ်နိုင်ကာ အိမ်မှုကိစ္စတွင်သာမက လယ်ယာလုပ်ငန်းတွင်လည်း ကျွမ်းကျင်လှသဖြင့် ရွာထဲမှ လူအများအပြားက သူမကို လက်ထပ်ချင်နေကြခြင်းဖြစ်၏။

ထို့ကြောင့် ချွန်းအာ၏ ခံစားချက်ကို အတည်ပြုပြီးနောက် သူမက ဆက်ပြောလေသည်။

"အချို့သော ကိစ္စတွေကိုတော့ တိုက်ရိုက်ပြောပြဖို့ လိုတယ်အေ၊ ယောက်ျားတွေက အဲ့လိုပြောမှပဲ နားလည်ကြတာ... နင်က ဒီအတိုင်းပဲ ပင်ပန်းခံပြီး လုပ်ပေးနေရင် သူတို့က နင်ပဲ လိုလိုလားလား လုပ်ပေးနေတယ်လို့ ထင်နေလိမ့်မယ်... နင် အရင်ဆုံး အိမ်ပြန်နှင့်ဦး... ငါ ဒီည ကျူးဇီကို နင့်အပေါ် ဘယ်လိုသဘောထားလဲဆိုတာ မေးကြည့်ပေးမယ် ဟုတ်ပြီလား..."

ချွန်းအာမှာမူ ပို၍ပင် ကြောက်လန့်သွားပြီး နျူဟုန်ဟွာ၏ လက်ကို လှမ်းဆွဲကာ တောင်းပန်တိုးလျှိုးလေသည်။

"အဒေါ်... မမေးပါနဲ့ဦးနော်... အစ်ကိုကျူးဇီက အရမ်းတော်တဲ့လူ သမီးကို ဧကန်မုချ မျက်စိထဲ ထည့်မှာ မဟုတ်ပါဘူး... အကယ်၍ အဒေါ်က တကယ် သွားမေးရင် အစ်ကိုကျူးဇီက သမီးကို ဂုဏ်မတန်ဘဲ လှမ်းဖက်ချင်နေတယ်လို့ ထင်ပြီး နောက်ခါ လာခွင့်မပြုတော့မှာကို သမီး အလွန်ကြောက်မိပါတယ်..."

"သူလား ပြောရဲမှာ..."

နျူဟုန်ဟွာက သူမဘက်မှ မတ်တတ်ရပ်ပေးမည့် ပုံစံဖြင့် ပြောလိုက်၏။

ချွန်းအာကမူ ခေါင်းကို တတွင်တွင် ရမ်းခါနေဆဲ ဖြစ်လေသည်။

"သမီး အဒေါ်ကို တောင်းပန်ပါတယ်... သမီးက အစ်ကိုကျူးဇီကို လုပ်ကျွေးချင်ရုံ သက်သက်ပါ၊ အခြားဘာကိုမျှ မမျှော်လင့်ပါဘူး... ဒါ့အပြင် အစ်ကိုကျူးဇီက မြို့မှာ ကျောင်းသွားတက်ခဲ့တာ ဒီလောက်အထိ ကြာပြီပဲ သူ သဘောကျတဲ့သူ ရှိနေလောက်ပါပြီ... သမီးက သူ့ကို လက်ထပ်ဖို့ မမျှော်လင့်ပါဘူး အစ်ကိုကျူးဇီက သမီးကို မောင်းမထုတ်ရင်ပဲ တော်ပါပြီ... နောက်ပိုင်း သူ ကလေးတွေ ရလာရင်လည်း သမီး ကူပြီး ပြုစုစောင့်ရှောက်ပေးနိုင်ပါတယ်..."

ချွန်းအာ၏ စကားများကြောင့် နျူဟုန်ဟွာသည်လည်း ဤကိစ္စကို ဆက်လက်၍ တွန်းအားပေးရန် တုံ့ဆိုင်းသွားမိတော့သည်။ သူမလည်း စတင်၍ တွေးတောနေမိလေသည်။ အမှန်စင်စစ် လျူအာကျူးသည် ခရိုင်မြို့တွင် နှစ်အတော်ကြာ ပညာသင်ကြားခဲ့ဖူးသဖြင့် ချစ်သူတစ်ဦးဦး ရှိနေနိုင်ပေသည်။ မည်သည့် ဆုံးဖြတ်ချက်ကိုမဆို မချမှတ်မီ ဤညတွင် သူ့ကို အရင်ဆုံး မေးမြန်းကြည့်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

All Chapters