← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

အခန်း (၇၉) တခြားသူတွေလုပ်တိုင်း မှန်နေလို့လား

လျူအာကျူးသည် သူ၏ဆရာအိမ်မှ ပျော်ရွှင်စွာ ပြန်လာခဲ့ပြီး သူ၏စိတ်ထဲတွင် ယနေ့ည မှောင်ခိုဈေးကွက်သို့ သွားကာ ကျည်ဆန်အချို့ ဝယ်သင့်မဝယ်သင့်ကို တွေးတောနေလေသည်။

သူ၏လက်ထဲတွင် ပစ္စတိုကျည်ဆန် လေးတောင့်သာ ကျန်တော့ရာ တကယ့်ကို မလုံလောက်တော့ပေ။

အိမ်ရှေ့တံခါးဝသို့ ပြန်ရောက်ပြီးနောက် လျူအာကျူးသည် စိတ်အာရုံနေရာလွတ်ထဲမှ ဝါဂွမ်းများကို ထုတ်ယူလိုက်သည်။

ဝါဂွမ်း အကျင်းငါးဆယ်ဖြင့် ပါးလွှာသော ဝါဂွမ်းအင်္ကျီများ၊ ဘောင်းဘီများနှင့် ဖိနပ်များ ချုပ်မည်ဆိုလျှင် အစုံတစ်ဆယ့်နှစ်စုံခန့် ရနိုင်လေသည်။

သို့သော် ပါးလွှာသော အဝတ်အထည်များကို ဆောင်းဦးပေါက်တွင်သာ ဝတ်ဆင်၍ရနိုင်၏။ ဤကာလ၌ ကမ္ဘာကြီးပူနွေးလာမှုဟူသော အရာမျိုး မရှိသေးသဖြင့် ဆောင်းရာသီသည် လူတစ်ယောက်ကို အအေးဒဏ်ဖြင့် သေဆုံးစေနိုင်လောက်လေသည်။

အကယ်၍ သူသာ အထူချုပ်မည်ဆိုပါက ရှစ်စုံသာ ရနိုင်မည်ဖြစ်သည်။

လျူအာကျူး၏ မိသားစုမှာပင် လူခုနစ်ယောက်ရှိနေပြီဖြစ်ရာ မလောက်မငသာ ဖြစ်နိုင်လေသည်။

သူ၏ဆရာနှင့် ဆရာကတော်တို့ကိုလည်း အေးခဲနေအောင် ပစ်ထား၍ မဖြစ်နိုင်ပေ။

ထို့ပြင် မိသားစုတွင် အထူစောင်များလည်း မရှိသေးချေ။ ကန်းပေါ်တွင် ဖာထေးထားသော စောင်အပါးတစ်ထည်သာ ခင်းထားရာ အဖုအထစ်များဖြင့် အိပ်ရအဆင်မပြေလှပေ။ ဆောင်းရာသီရောက်တိုင်း ကန်းကို မီးအပူပေးလိုက်သည့်အခါ အလွန်ပူပြင်းလွန်းသဖြင့် လူများမှာ ငြိမ်ငြိမ်သက်သက်ပင် မအိပ်နိုင်ကြပေ။

အထည်အလိပ်စက်ရုံမှ ဝါဂွမ်းများ ထပ်ရနိုင်မလားဆိုသည်ကို နောက်မှသွားကြည့်ရမည်ဟု သူတွေးလိုက်သည်။

လျူအာကျူးသည် စဉ်းစားခန်းဖွင့်နေရင်း သူ၏နေရာလွတ်ထဲမှ ကျန်ရှိနေသေးသော အပြစ်အနာအဆာပါသည့် အဝတ်စများအားလုံးကို ထုတ်ယူကာ အိမ်ထဲသို့ သယ်သွားလေသည်။

နျူဟုန်ဟွာသည် ခြေထောက်ဆေးနေရင်း ဝါဂွမ်းအမြောက်အမြားကို ရုတ်တရက် မြင်လိုက်ရသဖြင့် အံ့ဩသွားလေသည်။

"ဒါတွေ ဘယ်ကနေ ရလာတာလဲ..."

"အထည်အလိပ်စက်ရုံမှာ တောယုန်နှစ်ကောင်နဲ့ သွားလဲလာတာ..."

ဤတစ်ကြိမ်တွင် လျူအာကျူးက အမှန်အတိုင်း ပြောလိုက်လေသည်။

"ဒါ ဝါဂွမ်းတွေမလား... တော်တော်သန့်တာပဲ... တောယုန်နှစ်ကောင်က ထိုလောက်တောင် တန်လို့လား... သူတို့က အဝတ်စတွေပါ ဒီလောက်အများကြီး ပေးလိုက်တာလား..."

အမှန်တရားကို ကြားလိုက်ရသော်လည်း နျူဟုန်ဟွာမှာ ယုံကြည်ရန် အနည်းငယ် ခက်ခဲနေလေသည်။

ထိုအဝတ်စများကို အမှန်တကယ် မှောင်ခိုဈေးကွက်မှ ဝယ်လာခြင်းဖြစ်ကြောင်း လျူအာကျူးက သတိရသွားပြီး ချက်ချင်းပင် ရှင်းပြလိုက်သည်။

"ဒါတွေက အပြစ်အနာအဆာပါတဲ့ အဝတ်စတွေမလို့ သိပ်မတန်ပါဘူး... အမေ အရင်ဆုံး ဝါဂွမ်းတွေကိုသုံးပြီး အိပ်ရာခင်း အထူအချို့ကို ချုပ်လိုက်ပါ... ကျွန်တော်တို့ မိသားစုရယ် အစ်ကိုကြီးတို့ မိသားစုရယ် ပြီးတော့ ဆရာတို့ မိသားစုရယ် အကုန်လုံး ခွဲသုံးကြတာပေါ့..."

"နောက်မှ ကျွန်တော် အထည်အလိပ်စက်ရုံကို ပြန်သွားပြီး ဆောင်းတွင်းအတွက် ဝါဂွမ်းအင်္ကျီတွေချုပ်ဖို့ ဝါဂွမ်းနဲ့ အဝတ်စတွေ ထပ်ယူလာခဲ့ဦးမယ်..."

နျူဟုန်ဟွာမှာ အနည်းငယ် တုံ့ဆိုင်းသွားလေသည်။

"တကယ် ထပ်လဲလို့ ရဦးမှာလား... ဒီဝါဂွမ်းနဲ့ အဝတ်စတွေကို သားမင်္ဂလာဆောင်ဖို့အတွက် ချန်ထားလိုက်ရင် မကောင်းဘူးလား..."

လျူအာကျူးက လက်ကာပြလိုက်သည်။

"ချန်ထားစရာ မလိုပါဘူး... ကန်းပေါ်မှာ အိပ်ရတာ အဆင်မပြေဘူး... ကျွန်တော် ကောင်းကောင်းအိပ်လို့ရအောင် အိပ်ရာခင်းလေး ချုပ်ပေးတာက ပိုကောင်းပါတယ်..."

"ကောင်းပါပြီလေ..."

နျူဟုန်ဟွာသည် သူမ၏ အငယ်ဆုံးသားလေး ဒုက္ခရောက်မည်ကို မကြည့်ရက်နိုင်သဖြင့် မလိုလားသော်လည်း သဘောတူလိုက်ရသည်။

သို့ရာတွင် လျူဖူရှန့်မှာ မကျေမနပ်ဖြစ်သွားပြီး ဆဲဆိုလေတော့သည်။

"မင်းက ဘာဖြစ်လို့ ပြဿနာများရတာလဲ... တခြားသူတွေ အားလုံးလည်း ဒီကန်းပေါ်မှာ အိပ်နေကြတာပဲကို မင်းတစ်ယောက်တည်းက ညည်းတွားနေတာပဲ..."

လျူအာကျူးက ပြန်ပြောလိုက်သည်။

"တခြားသူတွေလုပ်တိုင်း မှန်နေလို့လား... ကိုယ့်ကိုယ်ကိုယ် နည်းနည်း ပိုသက်သောင့်သက်သာဖြစ်အောင် နေတာက ပိုမကောင်းဘူးလား..."

သူ့ကို ပြန်လည်ချေပနေသော လျူအာကျူးအားကြည့်ရင်း လျူဖူရှန့်မှာ ခေတ္တမျှ ကြက်သေသေသွားပြီးနောက် ကန်းပေါ်တွင် လှဲချလိုက်ကာ သူ့ဘာသာ ရေရွတ်နေလေသည်။

"မသာလေး... အကောင်စုတ်လေးက သူ့အဘိုးနဲ့ ဘယ်လိုလုပ် အဲဒီလောက်တောင် တူနေရတာလဲ..."

လျူအာကျူးသည် ဓာတ်ဘူးကိုယူကာ ရေငှဲ့ရန် ပြင်လိုက်သော်လည်း အထဲတွင် ရေမရှိတော့သည်ကို တွေ့လိုက်ရ၏။

နျူဟုန်ဟွာက ကမန်းကတန်း ပြောလေသည်။

"သားအဖေနဲ့ အမေ ခုလေးတင် ရေတွေအကုန်သုံးလိုက်လို့... အမေ သွားပြီး ရေတစ်အိုး သွားကျိုပေးမယ်နော်..."

လျူအာကျူးက ငြင်းဆန်ရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ ချွန်းအာ၏ အသံထွက်ပေါ်လာလေသည်။

"အဒေါ်... သမီး ကျိုပေးပါ့မယ်..."

"ချွန်းအာလား... ဘာလို့ ပြန်လာတာလဲ..."

လျူအာကျူးက ထူးဆန်းသော မျက်နှာထားဖြင့် အခန်းထဲမှ ထွက်လာခဲ့လေသည်။

ချွန်းအာသည် ရေကျိုရန် မီးကို သွက်လက်စွာ မွှေးရင်း ပြောလေသည်။

"အဖေက မိုးခုမှ ချုပ်တာမို့လို့ သိပ်မပျင်းဘဲ အလုပ်တွေ ပိုလုပ်ဖို့ ပြန်သွားခိုင်းလို့ပါ..."

လျူအာကျူးမှာ ဘာလုပ်ရမှန်း မသိဖြစ်သွားသည်။

"ဒီနေရာမှာ မင်းလုပ်စရာ အလုပ်မှ မရှိတော့တာ..."

ချွန်းအာသည် စကားမပြောဘဲ ခေါင်းငုံ့ကာ အလုပ်ကိုသာ ဆက်လုပ်နေလေသည်။

သူမ၏ ဇွဲကောင်းမှုကို မြင်သောအခါ လျူအာကျူးသည် ယုန်ဖြူနို့သကြားလုံးတစ်လုံးကို အခွံခွာ၍ လျှောက်သွားလိုက်သည်။

"ချွန်းအာ... ပါးစပ်ဟလိုက်ဦး..."

"ဟင်..."

ချွန်းအာသည် မသိစိတ်ဖြင့် မော့ကြည့်ကာ ပါးစပ်ကို ဟလိုက်ရာ သူမ၏ ပါးစပ်တစ်ခုလုံး အချိုရည်များ ပြည့်နှက်သွားတော့သည်။

လျူအာကျူးက သူမကို ဘာကျွေးလိုက်သည်ကို ရုတ်တရက် သဘောပေါက်သွားပြီးနောက် သူမ၏ လက်ဖဝါးထဲသို့ ကမန်းကတန်း ထွေးထုတ်ရန် ကြိုးစားလေသည်။

လျူအာကျူးက စူးရဲစွာ ကြည့်လိုက်သည်။

"ထွေးထုတ်ရဲ ထွေးထုတ်ကြည့်... အိမ်ပြန်တော့..."

ချွန်းအာမှာ လန့်သွားပြီး ဆက်မထွေးထုတ်ရဲတော့ဘဲ အရိုက်ခံထားရသည့် ဇနီးငယ်လေးတစ်ယောက်လို ဝမ်းနည်းနေပုံရလေသည်။

သို့သော် လျူအာကျူးသည် သူမကို လျစ်လျူရှုထားကာ ခြံဝင်းပတ်လည်ရှိ သစ်သားခြံစည်းရိုးကိုကြည့်ရင်း သင့်တော်သော ခြံစည်းရိုးအုတ်ရိုးအဖြစ် ပြောင်းလဲနိုင်မလားဟု တွေးတောနေလေသည်။ လူကောင်းများကိုသာ တားဆီးနိုင်ပြီး လူဆိုးများကို မတားဆီးနိုင်သော ဤအရာမှာ သူ့ကို လုံခြုံမှုမပေးနိုင်သလို ခံစားရစေသည်။

ထို့ပြင် သူသည် အခန်းတစ်ခန်း သို့မဟုတ် နှစ်ခန်းခန့် ထပ်မံဆောက်လုပ်ရန် လိုအပ်နေသေးသည်။ သို့မဟုတ်ပါက မိဘများနှင့်အတူ အခန်းတစ်ခန်းတည်းတွင် အမြဲတမ်း ပြွတ်သိပ်နေရခြင်းမှာ အတော်လေး အဆင်မပြေလှပေ။

သို့ရာတွင် သူသည် ခိုင်လုံသော အကြောင်းပြချက်တစ်ခုကို တွေးထားရမည်ဖြစ်သည်။ အကြောင်းပြချက်မရှိဘဲ အိမ်ဆောက်ခြင်းနှင့် ခြံစည်းရိုးခတ်ခြင်းတို့သည် အပြင်လူများထံမှ ပြဿနာများကို အလွယ်တကူ ဖိတ်ခေါ်နိုင်လေသည်။

ဤကာလသည် ဂျပန်များ ကျူးကျော်သည့် အချိန်ကာလ မဟုတ်တော့ချေ။ ထိုမျှမြင့်မားသော ခြံစည်းရိုးကို အဘယ်ကြောင့် တည်ဆောက်ရမည်ဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်လာမည်ဖြစ်သည်။

အများပိုင်အဖွဲ့အစည်းမှ ခွဲထွက်ကာ ကိုယ်ပိုင်အရင်းရှင်ဘဝဖြင့် နေထိုင်ရန်လားဟု စွပ်စွဲခံရနိုင်လေသည်။

လျူအာကျူးသည် သူ၏အိမ်ကို မွမ်းမံပြင်ဆင်ရန် တွေးတောနေမိသည်။

တစ်ဖက်တွင်မူ ချွန်းအာသည် သူ၏ကျောပြင်ကို တိတ်တဆိတ် ကြည့်နေပြီး သူမ၏ မျက်လုံးများတွင် လေးစားမှုများ ပြည့်နှက်နေကာ ပါးစပ်ထဲရှိ သကြားလုံးလေးမှာ သူမ၏ နှလုံးသားကိုပါ ချိုမြိန်သွားစေသကဲ့သို့ ရှိသည်။

မကြာမီတွင် ရေဆူလာသည်။

ချွန်းအာသည် ဓာတ်ဘူးထဲသို့ ရေအရင်ဖြည့်လိုက်ပြီးနောက် ဇလုံတစ်လုံးယူလာကာ ရေပြင်ပေးရင်း တိုးညှင်းစွာ ပြောလေသည်။

"အစ်ကိုကျူးဇီ... ရေထည့်ပြီးပြီ... ထိုင်ပြီး ခြေထောက်ဆေးလိုက်ပါလား..."

"အိုး... ကောင်းပြီလေ..."

လျူအာကျူးက လျှောက်သွားလိုက်သည်။

ဤလွတ်မြောက်ရေးဖိနပ်များသည် ကောက်ရိုးဖိနပ်များထက် ပို၍ သက်သောင့်သက်သာရှိသော်လည်း နောင်လာနောက်သားများ၏ ဖိနပ်များနှင့် ယှဉ်လျှင်မူ များစွာ ဆိုးရွားနေဆဲဖြစ်လေသည်။

အဓိကအားဖြင့် ၎င်းတို့သည် လေဝင်လေထွက် မကောင်းသောကြောင့်ဖြစ်၏။ သူ၏ ခြေထောက်များသည် တစ်နေကုန် အထဲတွင် အိုက်စပ်နေပြီး သူသည် ခရီးဝေးကြီးကို လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းများ ပြုလုပ်ခဲ့ရသည်။ အကယ်၍ ခြေထောက်ကိုသာ မဆေးပါက ထိုအနံ့အသက်မှာ တကယ့်ကို လူသေစေနိုင်လောက်ပေသည်။

လျူအာကျူး ဖိနပ်ချွတ်လိုက်သည်နှင့် သူ၏အရှေ့တွင် ဆောင့်ကြောင့်ထိုင်နေသော ချွန်းအာကို မြင်လိုက်ရသည်။ သူမသည် သူ၏ ခြေနံ့နံခြင်းကို လုံးဝ ဂရုမစိုက်ဘဲ ခြေထောက်တစ်ဖက်ကို ကိုင်ကာ ကူဆေးပေးလေသည်။

"နေပါစေ... နေပါစေ..."

လျူအာကျူးက ကမန်းကတန်း ငြင်းဆန်လိုက်သည်။

"ငါက တခြားသူတွေကို ခြေထောက်ဆေးခိုင်းလေ့ မရှိလို့ပါ..."

သူ၏ ယခင်ဘဝက လုပ်ဖော်ကိုင်ဖက်တစ်ဦးမှ သူ့ကို ခြေထောက်နှိပ်နယ်ပေးသော ဆိုင်သို့ တစ်ခါ ခေါ်သွားဖူးလေသည်။ ထိုဆိုင်မှ မိန်းကလေးမှာ လှပပြီး အနှိပ်ပညာလည်း ကျွမ်းကျင်ကာ စကားပြောချိုသာပြီး ဖြားယောင်းတတ်သည်။

လျူအာကျူးသည် ထိုမိန်းကလေး၏ နေမကောင်းသော မိခင်နှင့် လောင်းကစားလုပ်သော ဖခင်အကြောင်းကို စကားစမြည်ပြောနေစဉ် သူ၏ ဇနီးသည်မှာ ရုတ်တရက် ဝင်လာကာ လူပုံအလယ်တွင် သူ့အား မျက်နှာပြောင်တိုက်သည်ဟု အကျယ်ကြီး ဆဲဆိုခဲ့လေသည်။

နောက်ပိုင်းတွင် လျူအာကျူး၌ စိတ်ဒဏ်ရာရသွားပြီး ခြေထောက်ဆေးတိုင်း ထိုအတိတ်က အဖြစ်အပျက်ကို ပြန်လည်အမှတ်ရနေတော့သည်။

ယခု ချွန်းအာက သူ၏ခြေထောက်ကို ဆေးပေးနေသည့်အတွက် သူ့ကို တစ်ဖန်ပြန်၍ စိတ်မသက်မသာ ဖြစ်စေလေသည်။

သို့ရာတွင် ချွန်းအာက မသိသဖြင့် လျူအာကျူးသည် သူမကို ရွံရှာနေသည်ဟု ထင်ကာ အနည်းငယ် စိုးရိမ်တကြီးဖြင့် လျူအာကျူးကို ကြည့်နေလေသည်။

"အများကြီး မတွေးပါနဲ့... မင်းလို မိန်းကလေးတစ်ယောက်ကို ခြေထောက်ဆေးခိုင်းတယ်လို့ သတင်းထွက်သွားရင် မင်းရဲ့ ဂုဏ်သိက္ခာကျမှာစိုးလို့ပါ..."

ချွန်းအာ၏ အနေခက်နေမှုကို မြင်သောအခါ လျူအာကျူးက ကမန်းကတန်း ရှင်းပြလိုက်သည်။

သို့သော်လည်း ချွန်းအာသည် လျူအာကျူး၏ ခြေထောက်ကို ထပ်မံဆွဲကိုင်လိုက်ပြီး ခေါင်းငုံ့ကာ ပြောလေသည်။

"ကျွန်မမှာ အစ်ကို့ကို ကျေးဇူးဆပ်စရာ တခြားနည်းလမ်း မရှိလို့ပါ... အလုပ်လေး နည်းနည်းလောက်တော့ လုပ်ခွင့်ပေးပါ..."

လျူအာကျူးမှာ ငြင်းမရတော့ပေ။ ကံကောင်းထောက်မစွာဖြင့် ချွန်းအာသည် တစ်နှစ်ပတ်လုံး ကာယလုပ်ငန်းများကို လုပ်ကိုင်ခဲ့ရသောကြောင့် သူမ၏ လက်များမှာ အမျိုးသားတစ်ဦးကဲ့သို့ အနည်းငယ် ကြမ်းတမ်းနေကာ သူမကို ခြေထောက်ဆေးခိုင်းခြင်းမှာ ခြေထောက်နှိပ်နယ်ပေးသည့် ဆိုင်သို့ရောက်နေသကဲ့သို့ မခံစားရပေ။

ခြေထောက်ဆေးပြီးသောအခါ ချွန်းအာသည် လျူအာကျူး၏ ခြေအိတ်များကိုပါ ဆေးကြောပေးကာ အခန်းထဲတွင် လှန်းပေးသည်။

သူမသည် အပြင်တွင်ထားခဲ့ပါက အခိုးခံရမည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ ဤခေတ်ကာလတွင် အဝတ်စုတ်လေး တစ်စကပင် ကောင်းမွန်နေသေးလေသည်။ မည်မျှပင် အနံ့နံနေပါစေ အဝတ်အစားများတွင် ချုပ်တပ်လိုက်ပါက လေကို ကာကွယ်ပေးနိုင်သေးသည် မဟုတ်ပါလော။

ချွန်းအာသည် လျူအာကျူး ကန်းပေါ်သို့တက်ကာ အိပ်ရာဝင်သည်အထိ ပြုစုပေးပြီးနောက် လူတိုင်းအတွက် သေးပုံးများကို ယူလာပေးသည်။ ထို့နောက် ဓာတ်ဘူးထဲ ထည့်ရန် ရေတစ်အိုး ထပ်ကျိုကာ မနက်ဖြန် ဆန်ပြုတ်အတွက် ကျန်ရှိသော ရေများကို အိုးထဲတွင် ချန်ထားခဲ့ပြီးနောက်မှသာ သူမ၏ အိမ်သို့ ပြန်သွားလေတော့သည်။

နျူဟုန်ဟွာသည် ပြတင်းပေါက်မှနေ၍ တင်ပါးများ လှုပ်ခါကာ ထွက်သွားသော ချွန်းအာကိုကြည့်ရင်း ထိမိစွာ ပြောလိုက်လေသည်။

"တကယ့်ကို လိမ္မာတဲ့ မိန်းကလေးပဲ... သုံးနှစ်အတွင်း ကလေးနှစ်ယောက်မွေးဖို့ ဆိုတာကလည်း ပြဿနာ လုံးဝ

ရှိမှာမဟုတ်ဘူး..."

လျူအာကျူးသည် မကြားချင်ယောင်ဆောင်ကာ ကန်းပေါ်တွင် လှဲလျက် အိပ်ချင်ယောင်ဆောင်နေလေသည်။

သူက လျစ်လျူရှုထားသည်ကို မြင်သောအခါ နျူဟုန်ဟွာသည် လျူဖူရှန့်ကို ချက်ချင်း လက်ဖြင့်တို့လိုက်သည်။

"ရှင်ရော သဘောမတူဘူးလား..."

လျူဖူရှန့်မှာ အိပ်ပျော်လုနီးပါး ဖြစ်နေသော်လည်း ထိုသို့ အတို့ခံလိုက်ရသဖြင့် ပြန်နိုးလာလေသည်။ သူက မကျေမနပ်ဖြင့် ပြောလိုက်သည်။

"မင်းမှာ မြေးယောက်ျားလေးတွေ မြေးမိန်းကလေးတွေ ရှိနေပြီကို... ဘာဖြစ်လို့ ကျူးဇီ ကလေးယူဖို့ကိုပဲ အမြဲတမ်း စွဲလမ်းနေရတာလဲ... သူ ကစားချင်သေးရင်လည်း နှစ်နှစ်လောက် ကစားပါစေဦး..."

သူမ၏ ယောက်ျား အမှန်တကယ် ဒေါသထွက်လာသည်ကို မြင်သောအခါ နျူဟုန်ဟွာက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ငါ ပိုအိုလာတဲ့အခါ ကလေးတွေကို ကူမထိန်းပေးနိုင်တော့မှာ စိုးလို့ပါ..."

"အဲဒီလိုဆိုရင်လည်း မင်း ဆက်အသက်ရှင်နေလိုက်ပေါ့... လိပ်ဝိညာဥ်ကြီး ဖြစ်လာတဲ့အထိ အသက်ရှင်နေပြီးတော့ သူ့သားကို မင်းကျောပေါ်တင်ပြီး လိုက်ပို့ပေးလို့ရတာပဲ..."

လျူဖူရှန့်က ကျိန်ဆဲလေသည်။

"ဟဲ့... လူအိုကြီး... ကောင်းကောင်းမွန်မွန် စကားပြောနေတာကို ဘာဖြစ်လို့ လာကျိန်ဆဲနေရတာလဲ..."

နျူဟုန်ဟွာလည်း ဒေါသထွက်သွားသည်။

"ဒီနေ့ည ရှင့်အတွက် သေးပုံး ယူပေးခိုင်းဖို့ မစဉ်းစားနဲ့... ဆီးအိမ်ကွဲတဲ့အထိသာ အောင့်ထားလိုက်တော့ မြေးအိုကြီး..."

All Chapters