← Chapters

အခန်း ၄၁၈

Vol. 42 Ch. 418

အခန်း ၄၁၈

Vol. 42 Ch. 418

အခန်း (၄၁၈) ဧကရာဇ်စိမ်း... ရာထူးတိုးခြင်း

နန်းတော်... ဧကရာဇ်မင်း၏ စာကြည့်ဆောင်...

ရင်ထဲတွင် တထိတ်ထိတ်နှင့် စိုးရိမ်ပူပန်နေသော်ငြား အပြင်ပန်းတွင်တော့ အေးစက်ပြီး မောက်မာသည့်ဟန်ကို ဆက်လက်ထိန်းသိမ်းထားသော မိဖုရားကြီး ရွှယ်ပိုင်ကျိန်း သည် နောက်ဆုံးတွင်တော့ ဧကရာဇ်မင်း၏ စာကြည့်ဆောင်သို့ ရောက်ရှိလာခဲ့လေပြီ။

သူမ၏ ရင်ထဲတွင် အလွန်အမင်း ကြောက်ရွံ့နေသော်လည်း မလာလျှင် ပို၍ ပြဿနာတက်မည်ဖြစ်ကြောင်း ကောင်းစွာ သိရှိထားပေသည်။

ယခုအခါ ဧကရာဇ်မင်း၏ သဘောထားကို ရေရေရာရာ မသိရသေးရာ သူမ၏ ကိစ္စများ ပေါက်ကြားသွားနိုင်ခြေ အလွန်နည်းပါးမည်ဟု ရွှယ်ပိုင်ကျိန်း ခန့်မှန်းမိလေသည်။ သို့သော် အကယ်၍ ဖုံးကွယ် ဖုံးကွယ်ဖြင့် ပြုမူနေမည်ဆိုပါက ဧကရာဇ်မင်း၏ သံသယကို ပို၍ပင် ဆွဲဆောင်မိသွားနိုင်လေသည်။

ထိုသို့ဆိုပါက ရကျိုးထက် နစ်နာမှုက ပိုများသွားလိမ့်မည်။

"ကျွန်တော်မျိုးမ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်..."

စာကြည့်ဆောင် အတွင်းတွင် ရွှယ်ပိုင်ကျိန်း က ခါးညွှတ်ကာ အရိုအသေ ပေးလိုက်လေသည်။

ယွမ်ခန်းဧကရာဇ် ကျီဝမ်ဟောက် ကတော့ စာကြည့်စားပွဲ၏ အနောက်ဘက်တွင် ထိုင်နေပြီး အခန်းအတွင်း၌ ခပ်ဖျော့ဖျော့ နံ့သာပေါင်းရနံ့များ ပျံ့လွင့်နေကာ လေထုမှာ အနည်းငယ် ဖိနှိပ်ချုပ်ချယ်ထားသည့် အလားပင်ဖြစ်သည်။

"ထိုင်ပါ..."

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး..."

ရွှယ်ပိုင်ကျိန်း က နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး အမူအရာမပျက်ဘဲ အမိန့်အတိုင်း ဝင်ထိုင်လိုက်လေသည်။

"ဒီနေ့ကိစ္စကို ဘယ်လိုများ ဖြေရှင်းလိုက်တာလဲ..."

ကျီဝမ်ဟောက် က စကားကို ဝေ့လည်ကြောင်ပတ် မလုပ်တော့ဘဲ တိုက်ရိုက်ပင် ပွင့်ပွင့်လင်းလင်း မေးလိုက်လေသည်။

ရွှယ်ပိုင်ကျိန်း ၏ ရင်ထဲတွင် အတွေးများ လည်ပတ်သွားပြီး ဧကရာဇ်မင်း အနေဖြင့် ပြဿနာကို အမှန်တကယ် မရိပ်မိသေးကြောင်း အလျင်အမြန် သတိပြုမိသွားကာ ရင်ထဲမှ အလုံးကြီး ကျသွားရလေသည်။ ထို့နောက် အစောပိုင်းကတည်းက ကြိုတင် ပြင်ဆင်ထားသော ဇာတ်လမ်းအတိုင်း ရှင်းပြလိုက်တော့သည်။

"ဒီနေ့ ကျွန်တော်မျိုးမ ရှန်းအာရဲ့ အိမ်တော်မှာ ရှိနေတုန်း..."

အစအဆုံး အကြောင်းစုံကို နားထောင်ပြီးနောက် ကျီဝမ်ဟောက် သည် ရွှယ်ပိုင်ကျိန်း ၏ ရှင်းပြချက်ကို သဘာဝကျကျပင် အပြည့်အဝ မယုံကြည်ပေ။ ထိုအထဲမှ လျှို့ဝှက်ချက်များကို သူ ကိုယ်တိုင် ခန့်မှန်းမိလိုက်ပြီဟုသာ ထင်မှတ်နေခဲ့သည်။ ကျန်းချဲ့ သည် ကျီချန်ရှန်း၏ အားနည်းချက် တစ်ခုခုကို သေချာပေါက် ဆုပ်ကိုင်ထားနိုင်ခဲ့ခြင်း ပင်ဖြစ်သည်။

သို့သော် နောက်ဆုံးတွင်တော့ ဖျောင်းဖျ သိမ်းသွင်းခြင်းကို ခံလိုက်ရလေသည်။ ထို့ကြောင့်သာ နောက်ဆုံးတွင် အရာအားလုံး အေးချမ်းစွာ ပြီးဆုံးသွားခဲ့ခြင်း ပင်ဖြစ်သည်။ ကျီဝမ်ဟောက် သည် သူ၏ ရည်မှန်းချက် မအောင်မြင်သဖြင့် ရင်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်နေသော်ငြား အခြေအနေက ဤသို့ ဖြစ်သွားပြီ ဆိုမှတော့ သူကိုယ်တိုင် ပြဿနာကို ကြီးထွားအောင် ဆက်လုပ်နေပါက ပို၍ အရုပ်ဆိုး အကျည်းတန် သွားနိုင်ကြောင်း ကောင်းစွာ နားလည်ထားလေသည်။

ထို့ကြောင့် တည်ကြည်လေးနက်သော အမူအရာဖြင့် သတိပေး စကားဆိုလိုက်လေသည်။

"ရှန်းအာ က ဒီနှစ်တွေထဲမှာ နည်းနည်းလောက် သောင်းကျန်းလွန်းနေတယ် သေသေချာချာ ဆုံးမထားဖို့ လိုမယ် နောက်ပိုင်း ပြဿနာတွေ ထပ်မတက်လာစေနဲ့..."

"အမိန့်တော်အတိုင်းပါ ကျွန်တော်မျိုးမ မှတ်သားထားပါ့မယ်..."

"ဒါနဲ့ ဒီနေ့ ကျန်းချဲ့က မင်းကို စော်ကားလွန်ကျူးတာတွေများ မရှိဘူး မဟုတ်လား ငါကိုယ်တော် ကြားထားတာတော့ ဒီကောင်လေးက နည်းနည်း မောက်မာပြီး ဘယ်သူ့ရဲ့ အုပ်ချုပ်မှုကိုမှ မခံချင်တဲ့သူလို့ ဆိုတယ်လေ..."

ကျီဝမ်ဟောက် က ပေါ့ပေါ့ပါးပါး ရယ်မောကာ မေးလိုက်လေသည်။

ရွှယ်ပိုင်ကျိန်း ၏ ရင်ထဲတွင် ရုတ်တရက် တင်းကျပ်သွားပြီး ခြေထောက်နှစ်ချောင်းကို အလိုအလျောက် ပူးကပ်ထားလိုက်မိကာ စိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်သွားရလေသည်။

'ကျန်းချဲ့က ငါ့ကို စော်ကားလွန်ကျူး ခဲ့သလား... သေချာပေါက် စော်ကားခဲ့တာပေါ့... စော်ကားခဲ့ရုံတင်မကဘူး သားရေပွတ်တံနဲ့ပါ အပြင်းအထန် ရိုက်နှက် ဆုံးမခဲ့သေးတယ်လေ...'

သို့သော် ဤစကားများကို သဘာဝကျကျပင် နှုတ်မှ ထုတ်ပြော၍ မရနိုင်ချေ။ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားပြီး အလွန်အမင်း နစ်နာစော်ကားခံထားရသည့် မျက်နှာငယ်လေးကို ဖန်တီးလိုက်လေသည်။

"ကွမ်ကျွင်းနယ်စား က တကယ်ပဲ နည်းနည်း မောက်မာလွန်းတယ် အစပိုင်းက ကျွန်တော်မျိုးမကို စကားနဲ့ အကြီးအကျယ် စော်ကားခဲ့တာ အရှင်မင်းကြီး အနေနဲ့ သူ့ကို ဆုံးမဖို့ အမိန့်တော် တစ်ခုလောက်များ ချပေးလို့ ရမလား ကျွန်တော်မျိုးမ ရဲ့ ဒေါသတွေကို ဖြေဖျောက်ပေးတဲ့ အနေနဲ့လေ..."

"ဟားဟားဟား..."

ကျီဝမ်ဟောက် ၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လွင်လာပြီး သူ ခန့်မှန်းထားသည့် အတိုင်းပင် ဖြစ်လေသည်။ နှမြောစရာ ကောင်းသည်မှာ ကျန်းချဲ့၏ စော်ကားလွန်ကျူးမှုက အားမရလောက်အောင် ဖြစ်နေပြီး ပြဿနာကို ကြီးထွားအောင် မလုပ်နိုင်ခဲ့ခြင်း ပင်ဖြစ်သည်။ အကယ်၍ ထိုသို့သာ မဟုတ်ခဲ့ပါက...

"ချစ်လှစွာသော မိဖုရား ဒီနေ့ ကိစ္စက ရှန်းအာ လုပ်ခဲ့တဲ့ ပြဿနာတွေလေ မင်းလည်း နည်းနည်းလောက် သည်းခံ ခွင့်လွှတ်ပေးလိုက်ပါ ကွမ်ကျွင်းနယ်စား က လူငယ်ဆိုတော့ သွေးဆူလွယ်ပြီး ဘယ်သူ့ရဲ့ ဖိနှိပ်မှုကိုမှ ခံနိုင်မှာ မဟုတ်ဘူး ပြီးတော့ သူ့ရဲ့ နောက်ကွယ်မှာလည်း ဦးရီးတော် ရှိနေသေးတယ်လေ ငါကိုယ်တော် ကလည်း အကြောင်းပြချက် မရှိဘဲ သူ့ကို သွားပြီး ဆုံးမလို့ မကောင်းပါဘူးကွာ..."

ရွှယ်ပိုင်ကျိန်း က သက်ပြင်း တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး အားအင် ကင်းမဲ့စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

"ကျွန်တော်မျိုးမ နားလည်ပါပြီ နောက်ပိုင်းများ ကျန်းချဲ့က ကျွန်တော်မျိုးမကို ထပ်ပြီး စော်ကားလာခဲ့ရင်လည်း ကျွန်တော်မျိုးမ ဘက်ကနေပဲ များများ သည်းခံပေးလိုက်ပါ့မယ်လေ..."

"အဲ့ဒီလောက် အထိတော့လည်း မလိုအပ်ပါဘူး ကွမ်ကျွင်းနယ်စား က လက်အောက်ငယ်သား တစ်ယောက် သက်သက်ပါပဲ တကယ်လို့ သူက ကိုယ့်နေရာ ကိုယ်မသိဘူး ဆိုရင်တော့ ဧကရာဇ်မင်း ရဲ့ ဩဇာအာဏာ ဆိုတာ ဘာလဲဆိုတာကို သူ သိအောင် ငါကိုယ်တော် သေချာပေါက် သင်ပေးရမှာပေါ့..."

ကျန်းချဲ့ အပေါ်တွင် ကျီဝမ်ဟောက် သည် အမှန်တကယ်ပင် အတော်လေး အထင်ကြီး လေးစားမှု ရှိသော်ငြား ထိုအရာက အထင်ကြီးမှု သက်သက်သာ ဖြစ်လေသည်။ သူ့ကို ဧကရာဇ် ဩဇာအာဏာကို လျစ်လျူရှုခွင့် အမှန်တကယ် ပေးထားမည်တော့ မဟုတ်ချေ။ သူ ပေးမှသာ ကျန်းချဲ့ ရမည် ဖြစ်ပြီး သူ မပေးလျှင် ကျန်းချဲ့ သည် ဘာမှ မဟုတ်သည့် ကောင်သာ ဖြစ်လေသည်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး..."

ရွှယ်ပိုင်ကျိန်း ၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်ထွက်လာလေသည်။ ဧကရာဇ်မင်း က သူမ၏ နောက်ကွယ်မှ အားပေး ထောက်ခံ နေသည့် အလား ပင်ဖြစ်သည်။

"ကောင်းပါပြီ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ထားလိုက်ကြတာပေါ့ ငါကိုယ်တော် လည်း စစ်တုရင် ပွဲနည်းနည်း ကစားထားလို့ စိတ်စွမ်းအင်တွေ နည်းနည်း ကုန်ခမ်းနေပြီ အနားယူဖို့ လိုအပ်နေတယ်..."

ကျီဝမ်ဟောက် က လက်ကာပြကာ ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။

"ဒါဆို အရှင်မင်းကြီး ဒီည ဖုန်းဟယ်နန်းဆောင် မှာ အိပ်ရာဝင်မှာလား..."

ရွှယ်ပိုင်ကျိန်း က ဟန်ဆောင်ကာ ဂရုစိုက်သည့် လေသံဖြင့် မေးလိုက်လေသည်။

"မလာတော့ဘူး ငါကိုယ်တော် တရားကျင့်ကြံ လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ သာမန် လူတွေရဲ့ လောကီဆန္ဒတွေ လုံးဝ မရှိတော့ပါဘူးကွာ..."

ရွှယ်ပိုင်ကျိန်း က နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်လေသည်။

အကယ်၍ ယခင်ကသာ ဤကဲ့သို့သော အဖြေမျိုးကို ရရှိခဲ့မည် ဆိုပါက သူမ၏ ရင်ထဲတွင် အလွန်အမင်း မကျေမနပ် ဖြစ်ပြီး ဒေါသထွက်နေမည်မှာ သေချာလှပေသည်။ သို့သော် ယခုအခါတွင်တော့ ထိုသို့ မဟုတ်တော့ချေ။

ကျန်းချဲ့ က သူမကို ရေကုန်ရေခမ်း မျိုချခံရသည်အထိ ပြုစုယုယခဲ့သည် မဟုတ်ပါလော။

ဧကရာဇ်မင်း ၏ ထိုစွမ်းဆောင်ရည်လေးက သွေးဆူလွယ်ပြီး အင်အား အပြည့်အဝ ရှိနေသော လူငယ်လေး ကျန်းချဲ့ နှင့် ယှဉ်လိုက်ပါက လုံးဝ မယှဉ်သာအောင် ပင်ဖြစ်သည်။

သို့သော် သူမ သည် အမြဲတမ်း ပြသနေကျ အတိုင်း အလွန် ဝမ်းနည်း နာကြည်းနေသည့် မျက်နှာထား မျိုးကို ဖန်တီးလိုက်ပြီး ခပ်ဟဟ နှာမှုတ် ကာ ဧကရာဇ်မင်း ၏ စာကြည့်ဆောင် မှ နောက်သို့ လှည့်ထွက်သွားလေတော့သည်။

စာကြည့်ဆောင် အတွင်းတွင် ကျီဝမ်ဟောက် တစ်ယောက်တည်းသာ ကျန်ရစ် ခဲ့လေတော့သည်။

မိဖုရားကြီး က ယခင်က အတိုင်းသာ ဖြစ်နေဆဲကို ကြည့်ရင်း ကျီဝမ်ဟောက် ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လွင်လာလေသည်။ မိန်းမနှင့် ယောက်ျား တို့၏ လောကီဆန္ဒ များကို သူ ယခုအခါ အမှန်တကယ်ပင် စိတ်ဝင်စားမှု မရှိတော့ချေ။ သူ၏ အစစ်အမှန် ဆန္ဒမှာ ထာဝရ အသက်ရှင်ခြင်း သာ ဖြစ်လေသည်။

"အင်း တဖြည်းဖြည်းနဲ့ ပိုပိုပြီး ရှင်သန် ကြီးထွားလာပါလား..."

ကျီဝမ်ဟောက် သည် စာကြည့်စားပွဲ ဘေးရှိ အစိမ်းရောင် အပင် ပိုင်းလေး တစ်ခုကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပြီး အလွန်အမင်း ကျေနပ် အားရနေလေသည်။ ခပ်ဖွဖွ ရှူရှိုက် လိုက်ရာ ကြည်လင် အေးမြသော လေပြေလေး တစ်ခုက ရင်ထဲသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရပြီး ထို ဝိညာဉ် ဆေးပင်လေး မှ ထွက်ပေါ်လာသော အစိမ်းရောင် အလင်းတန်းများ ကလည်း သူ၏ စိတ်နှလုံး ကို အများကြီး သက်သာရာ ရသွားစေလေသည်။ ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ပြီး စိတ်နှလုံးကို ငြိမ်းချမ်းအောင် ထားရှိခြင်း ပင်ဖြစ်သည်။

အခြား တစ်ဖက်တွင်တော့...

ယခု အခိုက်အတန့် ၌ မြို့တော် အတွင်းတွင် အတော်လေး ဆူညံ ပွက်လောရိုက် နေခဲ့လေပြီ။

အကြောင်းမူကား ကျန်းချဲ့ က တတိယမင်းသား ၏ အိမ်တော် အတွင်းသို့ အတင်းအဓမ္မ ဝင်ရောက် သွားခြင်း က လူအများအပြား ၏ အာရုံစိုက် မှုကို အကြီးအကျယ် ဆွဲဆောင် သွားခဲ့သောကြောင့် ပင်ဖြစ်သည်။ လူအများအပြား မှာ ဇာတ်လမ်းကောင်း ကို ကြည့်ရှု ရန် စောင့်ဆိုင်း နေခဲ့ကြလေသည်။

ရလဒ် အနေဖြင့် သူတို့က သစ်သီးဝလံ များပင် ပြင်ဆင်ပြီး စောင့်ကြည့် နေကြသော်ငြား နောက်ဆုံးတွင်တော့ ဇာတ်လမ်း က စတင်ချိန် တွင်သာ ကြီးကျယ် ခမ်းနားပြီး နောက်ဆုံး တွင် အသံတိတ် ပျောက်ကွယ် သွားခဲ့လေသည်။

ဤသည်က မင်းသား အချို့ကို အလွန်အမင်း စိတ်ပျက် အားအင် ကင်းမဲ့ သွားစေခဲ့လေသည်။

'ကွမ်ကျွင်းနယ်စား က ဘာဖြစ်လို့များ အလွယ်တကူ အလျှော့ပေး လိုက်ရတာလဲ... မင်းက နောက်ကွယ်မှာ အားကိုးရတဲ့ နတ်မင်းကြီး ရှိနေတဲ့ သူတစ်ယောက်လေ... ကျီချန်ရှန်း လို ကောင်မျိုး အရှေ့မှာ အလျှော့ပေး ဖို့ ဘာများ လိုအပ်လို့လဲ...'

လူအများစု ၏ မျက်လုံးထဲတွင် အမှန်တရား ကို ခန့်မှန်း မိနေကြပြီး ကျီချန်ရှန်း ဘက်မှ တန်ဖိုး တစ်ခုခု ပေးဆပ် လိုက်ရသဖြင့် ကျန်းချဲ့ က သက်ညှာ ပေးလိုက်ခြင်း ဖြစ်မည်ဟု တွေးတော နေကြလေသည်။ သို့သော် တိတိကျကျ မည်သည့် တန်ဖိုး မျိုးကို ပေးဆပ် လိုက်ရသနည်း ဆိုသည်ကိုတော့ လက်ရှိ အချိန်အထိ မည်သူကမျှ မခန့်မှန်း နိုင်ကြသေးချေ။

မင်းသားကတော် ရွှီချိုးယွဲ့ ၏ ကိစ္စ နှင့် ပတ်သက်၍ လည်း အစကနေ အဆုံးအထိ သတင်း နည်းနည်းလေးမျှ ပေါက်ကြား ခဲ့ခြင်း မရှိချေ။

ကျန်းချဲ့ အနက်ရောင်ရုံးတော် သို့ ပြန်လည် ရောက်ရှိလာပြီးနောက် ချန်ချင်းဖန် ကလည်း ကျန်းချဲ့ ထံသို့ ရောက်ရှိလာပြီး တကယ်တမ်း ဘာတွေ ဖြစ်ပျက် ခဲ့သနည်း ဆိုသည်ကို လာရောက် မေးမြန်း ခဲ့လေသည်။ အရင်က ယုံကြည်ချက် အပြည့် ရှိနေခဲ့ပြီး နောက်ပိုင်းမှာ ဘာဖြစ်လို့ လှုပ်ရှားမှု တွေ ပျောက်ကွယ် သွားရတာလဲ ဆိုသည်ကို သိချင်နေလေသည်။

ဤ ကိစ္စ နှင့် ပတ်သက်၍ ကျန်းချဲ့ အနေဖြင့် သဘာဝကျကျ ပင် ဖုံးကွယ် ထားရုံသာ တတ်နိုင်လေသည်။

မိဖုရားကြီး ကို စော်ကား လွန်ကျူး ခဲ့သည် ဆိုသော ကိစ္စ မှာ တားမြစ်ထားသော ကိစ္စကြီး တစ်ခု ပင်ဖြစ်သည်။ ဤ ကိစ္စကို သိရှိ ထားပြီးသော ချီရွှယ်မိစ္ဆာသခင် မှလွဲ၍ အခြား မည်သူ တစ်ဦးတစ်ယောက် ကိုမျှ သူ ပြောပြရန် ရည်ရွယ် မထားချေ။ အကယ်၍ တစ်နေ့နေ့ တစ်ချိန်ချိန် တွင် တော်ဝင် နန်းတော် ၌ ဆက်လက် နေထိုင်ရန် ရည်ရွယ်ချက် မရှိတော့သည့် အချိန် မျိုးမှသာ ရည်ရွယ်ချက် ရှိရှိ ဖုံးကွယ် ထားမည် မဟုတ်တော့ချေ။

ဤ အဖြေ ကို ချန်ချင်းဖန် အနေဖြင့် သဘာဝကျကျ ပင် သိပ်ပြီး ကျေနပ် အားရမှု မရှိသော်ငြား သူလည်း ဘာမှ မတတ်နိုင်ချေ။ ဆက်လက် မေးမြန်း နေရန် လည်း နည်းလမ်း မရှိတော့ပေ။

သို့သော် လုကျဲ့ယွင် ကတော့ ဤ သတင်းကို ကြားသိ လိုက်ရချိန်တွင် အနည်းငယ် သံသယ ဝင်သွား ခဲ့လေသည်။

ကျန်းချဲ့ က ကျီချန်ရှန်း သားအမိ ၏ အားနည်းချက် ကို ဖမ်းဆုပ် ထားနိုင်သည်မှာ သူ ပေးလိုက်သော သတင်း အချက်အလက် များကြောင့် ဖြစ်ပြီး ဤ အရှုပ်တော်ပုံ ကြီး က ကျီချန်ရှန်း အပေါ် မည်မျှလောက် ကြီးမားသော ရိုက်ခတ်မှု များ ရှိလာမည် ကိုလည်း သူ ကောင်းစွာ သိရှိ ထားလေသည်။ မူလ က ကျန်းချဲ့ အိမ်ပေါ် အထိ တက်ပြီး ပြဿနာ ရှာသည်မှာ မျက်နှာချင်း ဆိုင် အပြတ်အသတ် ရန်ဖြစ်ရန် ပြင်ဆင် လိုက်ပြီဟု သူ ထင်မှတ် ထားခဲ့လေသည်။

သို့သော် ယခု အခါတွင်တော့ ကိစ္စ က အနည်းငယ် စိတ်ဝင်စား စရာ ကောင်းလာခဲ့လေပြီ။

ရွှီချိုးယွဲ့ ၏ ကိစ္စ သတင်း ပေါက်ကြား ခြင်း လုံးဝ မရှိရုံ သာမက ကျန်းချဲ့ က ကျီချန်ရှန်း နှင့် သဘောတူညီမှု တစ်ခုခု ကို ရယူ နိုင်ခဲ့လေသည်။ ဤ အရာက ကျီချန်ရှန်း တကယ်တမ်း မည်ကဲ့သို့သော တန်ဖိုး ကို ပေးဆပ် လိုက်ရသနည်း ဟူသည်ကို သူ့ကို နက်နက်ရှိုင်းရှိုင်း တွေးတော မိသွားစေလေသည်။ သာမန် ကမ်းလှမ်းချက် မျိုးက ကျန်းချဲ့ ၏ လောဘ ကို အပြည့်အဝ ဖြည့်ဆည်း ပေးနိုင်မည် မဟုတ်ချေ။

သို့သော် သူ မည်သို့ပင် တွေးတော စဉ်းစား ပါစေ ကျန်းချဲ့ က မိဖုရားကြီး ကို စော်ကား လွန်ကျူး ခဲ့သည် ဆိုသော ဘက်သို့တော့ လုံးဝ တွေးတော ရဲမည် မဟုတ်ချေ။ ဤ အချိန် အတောအတွင်း တွင် သူ၏ စိတ်အခြေအနေ မှာ အမှန်တကယ် ပင် အနည်းငယ် ဂနာမငြိမ် ဖြစ်နေခဲ့ရလေသည်။ ဤသည်မှာ သူ လွန်လွန်ကဲကဲ သိချင်နေ၍ မဟုတ်ဘဲ အနာဂတ် က ထပ်မံ ပြောင်းလဲ သွားပြန်ပြီဟု ခံစား နေရသောကြောင့် ပင်ဖြစ်သည်။

သူ၏ မူလ မှတ်ဉာဏ် များ အတွင်းတွင် ရွှီချိုးယွဲ့ သည် ကျီချန်ရှန်း ကို အပြတ်အသတ် ဖြိုချ နိုင်မည့် ပြစ်မှု သက်သေ တစ်ခု ဖြစ်လေသည်။ သို့သော် ယခု အခါတွင်တော့ ရွှီချိုးယွဲ့ ၏ ကိစ္စ ဖြစ်ပေါ် လာခဲ့သော်ငြား ကျီချန်ရှန်း အပေါ် သက်ရောက်မှု မရှိခဲ့ချေ။ ဤသည်က လူကို နက်နက်ရှိုင်းရှိုင်း တွေးတော စရာများ ဖြစ်ပေါ် လာစေလေသည်။ နောက်ဆက်တွဲ သက်ရောက်မှု များ ကလည်း တဖြည်းဖြည်း ပိုမို ကြီးမား လာမည် ဖြစ်လေသည်။

သေချာသည် ကတော့ ဤ ကိစ္စ နှင့် ပတ်သက်၍ သူ လုံးဝ နောင်တရ နေခြင်း မရှိချေ။

အမှန်တကယ် ပြောရမည် ဆိုလျှင် သူ က အခြား သူများ၏ ကံကြမ္မာ အခွင့်အရေး များကို အဆက်မပြတ် လုယူ နေသည် နှင့် အမျှ သိုင်းလောက တစ်ခုလုံး ရှိ အရာအားလုံး မှာလည်း တဖြည်းဖြည်း ပြောင်းလဲ လာနေခဲ့ပြီး သူ၏ ထိန်းချုပ် မှု အောက်မှ လွတ်ကင်း သွားသည့် အဆင့် သို့ပင် ရောက်ရှိ နေခဲ့လေပြီ။

အနာဂတ် ၏ မျှော်လင့်ချက် များကို အဓိက အချိတ်အဆက် နေရာ အနည်းငယ် အပေါ်တွင်သာ ပုံအပ် ထားနိုင်တော့လေသည်။ လောက ကြီး၏ အပြောင်းအလဲ များ က အလွန် ကျယ်ပြန့် ကြီးမား လွန်းလှရာ သူ အနေဖြင့် အပြည့်အဝ ဆုပ်ကိုင် ထားနိုင်စွမ်း မရှိတော့ဘဲ ဖြစ်နိုင် သမျှ အခြေအနေ အတိုင်းသာ လိုက်ပါ စီးမျော ရန်သာ တတ်နိုင်တော့လေသည်။

နောက်ထပ် နှစ်ရက် အကြာတွင်။

မြို့တော် တစ်ခုလုံး သည် ပုံမှန် အတိုင်းသာ ရှိနေလေသည်။

ကျန်းချဲ့ ကတော့ နတ်မင်းကြီး ကျီချန်တောက် ကို သွားရောက် တွေ့ဆုံ ရန် ပြင်ဆင် နေလေပြီ။

ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်း နှင့် ပတ်သက်၍ ယခင်က သူ မိဖုရားကြီး ရွှယ်ပိုင်ကျိန်း နှင့် ဆွေးနွေး တိုင်ပင် ထားပြီး ဖြစ်လေသည်။ ဤ ပစ္စည်း က ရွှယ်မိသားစု တွင် ရှိသော်ငြား သယ်ယူ ရန် အတွက် ရက်အနည်းငယ် အချိန်ယူ ရမည် ဖြစ်သဖြင့် သူ့ကို အချိန် အနည်းငယ် စောင့်ဆိုင်း ပေးရန် တောင်းဆို ထားလေသည်။

ကိုးရောင်ခြယ် နတ်ဘုရားနှင်းရည် လည်း လက်ထဲသို့ ရောက်ရှိ နေပြီ ဖြစ်ပြီး ကိုးကွေ့ အနက်ရောင်ဂျင်ဆင်း နှင့် အတူ ကောင်းကင် ယဇ်ပလ္လင် ကျောက်တိုင် အတွင်းသို့ ထည့်သွင်း ထားပြီး ဖြစ်လေသည်။ ယခုအခါ သူ သည် ယင်ယန် ရတနာပုတီးစေ့ နှင့် ပုံရိပ်ယောင် ယွမ်ယင်းသစ်သီး တို့ နှစ်ခုတည်းသာ လိုအပ်တော့လေသည်။

ထို အထဲမှ ပုံရိပ်ယောင် ယွမ်ယင်းသစ်သီး ကိုတော့ သူ က ကျောက်ရှန်းကျစ် ကို အသင့် ပြင်ဆင် ထားရန် တာဝန် ပေးအပ် ထားခဲ့လေသည်။ ချီတောင်တန်း လမ်းဝ တိုက်ပွဲ ပြီးကတည်းက ကျောက်ရှန်းကျစ် သည် လမ်းကြောင်း ကို တိုက်ရိုက် ပြောင်းလဲ ကာ ယွင်ပြည်နယ် ရှိ ဂိုဏ်းသို့ ပြန်သွားခဲ့လေသည်။

ဤ ကိစ္စ နှင့် ပတ်သက်၍ ကျန်းချဲ့ က အလွန်အမင်း စိတ်ချ ယုံကြည် လေသည်။ ကျောက်ရှန်းကျစ် နှင့် ရွှယ်ပိုင်ကျိန်း တို့ က တူညီမှု မရှိချေ။ နောက်လူ က ခြိမ်းခြောက် မှုများ ကြောင့် အလျှော့ပေး ခဲ့ရခြင်း ဖြစ်သော်ငြား အရှေ့လူ ကိုတော့ ကျန်းချဲ့ က အမှန်တကယ် ပင် ချီမိသားစု မှ ညီအစ်မ နှစ်ယောက် နှင့် တူညီသော အဆင့်အတန်း တစ်ခု တွင် ထားရှိထားခြင်း ပင်ဖြစ်သည်။ သူမ သည် သူ အပြည့်အဝ ယုံကြည် စိတ်ချ ရသော အမျိုးသမီး တစ်ယောက် ဖြစ်လေသည်။ နောင်တစ်ချိန် တွင် လည်း သူ၏ အကူအညီ တစ်ရပ် ဖြစ်လာမည် ဖြစ်လေသည်။

ထို့ကြောင့် ယခုအခါ ကျန်းချဲ့ သည် ယင်ယန် ရတနာပုတီးစေ့ တစ်ခုတည်း သာ လိုအပ်တော့ပြီး သူ၏ ကျင့်ကြံမှု စွမ်းအား ကို ဓမ္မရုပ်တု အထွတ်အထိပ် အဆင့် သို့ အရှိန်အဟုန် ဖြင့် တိုးတက် သွားစေနိုင်မည် ဖြစ်လေသည်။

သို့သော် အဓိက အချက်မှာ သူ သည် ထျန်းလုံ ဘုန်းကြီးကျောင်း ကို အပြတ်အသတ် ရှင်းလင်း သုတ်သင် ရမည် ဖြစ်လေသည်။

ထျန်းလုံ ဘုန်းကြီးကျောင်း ကို ရှင်းလင်း သုတ်သင် ရန် အတွက် သူ သည် ယွဲ့ပြည်နယ် သို့ အရင်ဆုံး ပြန်သွား ရမည် ဖြစ်လေသည်။ ထို့ကြောင့် ကျန်းချဲ့ ဤတစ်ကြိမ် ကျီချန်တောက် ထံသို့ လာရောက် ရခြင်း ၏ ရည်ရွယ်ချက် မှာ သူ့ကို ယွဲ့ပြည်နယ် သို့ ပြန်လည် ပြောင်းရွှေ့ ပေးရန် တောင်းဆို လိုခြင်း ပင်ဖြစ်သည်။

မြို့တော် အတွင်းတွင် ကျီချန်တောက် က နောက်ခံ အင်အား တစ်ခု အဖြစ် ရှိနေသော်ငြား ဤ နောက်ခံ အင်အား မှာ သိပ်ပြီး ခိုင်မာ တောင့်တင်း မှု မရှိဘဲ အမြစ် မပါသော ဒိုက်ပင် တစ်ပင် အလား ပင်ဖြစ်သည်။ တောင်ပိုင်း ယွဲ့ပြည်နယ် သာလျှင် သူ၏ အဓိက နယ်မြေ ဖြစ်လေသည်။

ယဇ်ပူဇော် ရန် ပစ္စည်းများ ၏ ကန့်သတ်ချက် သာ မရှိပါက သူ အမှန်တကယ်တော့ မြောက်ပိုင်း သို့ သွားရောက် ကာ မြောက်ပိုင်း လူရိုင်း များကို ခုခံ ကာကွယ် ရန် လည်း စိတ်မဝင်စား သလို နိုင်ငံရပ်ခြား ကောင်းကင် ချောက်ကမ်းပါး ရှိ မိစ္ဆာ မျိုးနွယ်များ နှင့် သွားရောက် သတ်ဖြတ် ရန်လည်း ဆန္ဒ မရှိချေ။ မကြာမီ ရောက်ရှိ လာတော့မည့် ဖရိုဖရဲ ခေတ်ကြီး အတွင်းတွင် မိမိ၏ ကိုယ်ပိုင် နယ်မြေ ကို အပြတ်အသတ် ဖွံ့ဖြိုး တိုးတက် အောင် တည်ဆောက် လိုခြင်း သာ ဖြစ်လေသည်။

ယွဲ့ပြည်နယ် နှင့် တောင်ပိုင်း ဒေသ ကသာ သူ၏ ပစ်မှတ် ပင်ဖြစ်သည်။ ဤမျှလောက် ကြီးမားသော ပြောင်းရွှေ့ မှု မျိုးကို သူ ကိုယ်တိုင် အနေဖြင့် လုံးဝ လုပ်ဆောင် နိုင်မည် မဟုတ်ဘဲ ကျီချန်တောက် တစ်ယောက်တည်း သာလျှင် ဤ စွမ်းရည် မျိုး ရှိလေသည်။

အကြောင်းမူကား သူ လိုချင် သည်မှာ လက်ထောက် ရာထူး မျိုး မဟုတ်ဘဲ အစစ်အမှန် အာဏာ ရှိသော ရာထူး နေရာ မျိုး ဖြစ်သောကြောင့် ပင်ဖြစ်သည်။ အဆင့်သုံး အောက် မှနေ၍ အဆင့်သုံး အထက် အထိ တိုးမြှင့် လိုခြင်း ပင်ဖြစ်သည်။ ဤသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စ မျိုးတော့ မဟုတ်ချေ။

ချင်းထျန်းမိစ္ဆာဂိုဏ်း ၏ ဓမ္မမင်းကြီး နှင့် သူတော်စင် တို့ကို သတ်ဖြတ် ခဲ့သော စစ်ရေး အောင်မြင်မှု များ ရှိနေသဖြင့် တော်ဝင် နန်းတော် အတွက်တော့ အထူးသဖြင့် ဤကဲ့သို့သော အချိန်မျိုး တွင် သေချာပေါက် အလွန် အရေးကြီးသော ဂုဏ်ပြု ဆုလာဘ် ကြီး တစ်ခု ပင်ဖြစ်သည်။ ဘာဖြစ်လို့ ဒီလို ပြောရသလဲ။ အကြောင်းရင်း ကတော့ သဘာဝကျကျ ပင် မြောက်ပိုင်း လူရိုင်း သံတမန် များ အသတ်ခံရသည့် အမှု ကြောင့် ပင်ဖြစ်သည်။

ယခု လက်ရှိ လောက တစ်ခွင်လုံး... ယခု လက်ရှိ တော်ဝင် နန်းတော် တစ်ခုလုံး လူတိုင်းက ချင်းထျန်းမိစ္ဆာဂိုဏ်း ၏ လက်ချက် လို့သာ ထင်မှတ် နေကြရာ ဤ အရာက ခိုင်လုံသော သက်သေ အထောက်အထား ပင်ဖြစ်သည်။ လုံးဝ ငြင်းဆို၍ မရနိုင်သော ခိုင်လုံသည့် သက်သေ ပင်ဖြစ်သည်။

တော်ဝင် နန်းတော် အနေဖြင့် လည်း ဤမျှလောက် အရှက်ကွဲ ခံထား ရသဖြင့် ဒေါသများ ကို ပေါက်ကွဲ ဖို့ လိုအပ် နေသည့် အချိန် ပင်ဖြစ်သည်။ အကယ်၍ ကျန်းချဲ့ သာ ချင်းထျန်းမိစ္ဆာဂိုဏ်း ၏ ဓမ္မမင်းကြီး ကျဆုံး သွားသည့် ပုံရိပ်ယောင် မှတ်တမ်း ကို ယူဆောင် လာနိုင်မည် ဆိုပါက ဤသည်မှာ မည်မျှလောက် ကြီးမားသော ဂုဏ်ပြု ဆုလာဘ် ကြီး တစ်ခု ဖြစ်မည်နည်း။

လုပ်သက် နုနယ် နေခြင်းက ဘာများ အရေးပါ လို့လဲ။ စစ်ရေး အောင်မြင်မှု တွေ ကြီးမား နေရင် လုံလောက် နေပါပြီ။ ကျန်းချဲ့ အရှေ့ အနောက် တွက်ချက် ကြည့်လိုက်ရာ ဤ တစ်ကြိမ် တွင် သူ အပြတ်အသတ် အမြတ် ထွက်သွား ခဲ့ပြီ ဖြစ်လေသည်။ ဘယ်လိုပဲ တွက်တွက် သူ ကသာ အမြတ် ထွက်နေခြင်း ပင်ဖြစ်သည်။

ဤ တစ်ကြိမ် တွေ့ဆုံ မှု မှာ ကောင်းကင် ကြည့်ရှုခြင်း အဆောက်အအုံ တွင် မဟုတ်တော့ဘဲ အနက်ရောင်ရုံးတော် ၏ အတွင်းဘက် ရှိ ပန်းခြံ တစ်ခု အတွင်းတွင် ဖြစ်လေသည်။ ရိုးရှင်းသော ဝတ်ရုံ ကို ဆင်မြန်း ထားသည့် ကျီချန်တောက် သည် ကောင်းကင် နှင့် မြေကြီး ကို နားလည် သဘောပေါက် အောင် ကြိုးပမ်း နေသည့် အလား ပင်ဖြစ်သည်။ ကိုယ်ပေါ်ရှိ အရှိန်အဝါ များ က နောက်တစ်ကြိမ် လုံးဝ ပျောက်ကွယ် သွားခဲ့ပြန်လေသည်။

"လက်အောက်ငယ်သား ကျန်းချဲ့ နတ်မင်းကြီးကို ဂါရဝပြုပါတယ်..."

ကျန်းချဲ့ သည် နည်းနည်းလေးမျှ ပေါ့ပေါ့ဆဆ မလုပ်ရဲဘဲ အလွန် တည်ကြည် လေးနက်သော အမူအရာ ဖြင့် ခါးညွှတ် အရိုအသေ ပေးလိုက်လေသည်။

"ထိုင်ပါ..."

ကျီချန်တောက် က လက်ကို အောက်သို့ ဖိချကာ အချက်ပြ လိုက်လေသည်။

"ကျေးဇူးတင်ပါတယ် နတ်မင်းကြီး..."

"ပြောစမ်းပါဦး ငါကိုယ်တော့် ဆီကို လာတာ ဘာကိစ္စ ရှိလို့လဲ..."

ကျီချန်တောက် က ကျန်းချဲ့ အကြောင်းကို အတော်လေး နားလည် ထားပြီး ကိစ္စ မရှိဘဲ ဘယ်တော့မှ လာရောက် လိမ့်မည် မဟုတ်ကြောင်း ကိုလည်း သိရှိ ထားလေသည်။ ဤ တစ်ကြိမ် လာရောက် ခြင်းမှာ သေချာပေါက် တောင်းဆို စရာ တစ်ခုခု ရှိနေ၍ သာ ဖြစ်မည်ဟု ခန့်မှန်း မိလေသည်။

"နတ်မင်းကြီးကို သံတော်ဦးတင်ပါတယ် ကျွန်တော်မျိုး က မြို့တော် ကနေ ပြောင်းရွှေ့ သွားချင်လို့ပါ..."

ကျန်းချဲ့ လည်း ဝေ့လည်ကြောင်ပတ် မလုပ်တော့ဘဲ တိုက်ရိုက်ပင် ပွင့်ပွင့်လင်းလင်း လျှောက်တင် လိုက်လေသည်။

"ဘယ်ကို သွားချင်လို့လဲ..."

ကျီချန်တောက် က တစ်စုံတစ်ရာ ကို တွေးတော နေသည့် အလား ကျန်းချဲ့ ကို ကြည့်ကာ မေးလိုက်လေသည်။

"ယွဲ့ပြည်နယ် ကိုပါ..."

"ယွဲ့ပြည်နယ်... မင်း ပြန်သွားချင်တာလား..."

"နတ်မင်းကြီး အမြင်ကျယ်လှပါတယ် ကျွန်တော်မျိုး မြို့တော်ထဲမှာ တကယ်ကို ဘာမှ အလုပ်မရှိသလို ဖြစ်နေလို့ပါ နေ့တိုင်း အမှုလေးတွေ စုံစမ်းရုံ သက်သက်ဆိုတော့ တော်ဝင် နန်းတော် အတွက် အားဖြည့် မပေးနိုင်သလို ဖြစ်နေတယ် ပြီးတော့ ယွဲ့ပြည်နယ် ဘက်မှာလည်း အခုတလော ပိုပိုပြီး မငြိမ်မသက် ဖြစ်လာတယ်လေ ကျွန်တော်မျိုး ကိုယ်တိုင်ရဲ့ အရည်အချင်းကလည်း မဆိုးဘူးလို့ ထင်မိတယ် ပထမ အချက်က တိုင်းပြည် အတွက် အကျိုးပြုပြီး နာမည်ကောင်း ချန်ခဲ့ချင်တယ် ဒုတိယ အချက်ကတော့ ယွဲ့ပြည်နယ် က ပြည်သူတွေကို အေးချမ်းစွာ နေထိုင်ခွင့် ပေးချင်လို့ပါ..."

"အရင်တစ်ခေါက် တွေ့တုန်းက မင်းအတွက် နေရာတစ်ခု စီစဉ်ပေးမယ်လို့ ငါကိုယ်တော် ပြောခဲ့ဖူးတယ် ထင်တယ်... ဘာလဲ... ဒီလောက်တောင် မစောင့်နိုင်တော့ဘူးလား..."

ကျီချန်တောက် က ဝိညာဉ် လက်ဖက်ရည် ခွက်ကို ကောက်ကိုင် ကာ တစ်ငုံ သောက်လိုက်လေသည်။ ကျန်းချဲ့ ရာထူး လာတောင်းသည့် ကိစ္စ နှင့် ပတ်သက်၍ သူ၏ သဘောထား ကို လုံးဝ ခန့်မှန်း ၍ မရနိုင်ချေ။

"နတ်မင်းကြီး မိန့်ဆိုတာ မှန်ပါတယ် ကျွန်တော်မျိုး က အရမ်းကို တိုးတက် ချင်နေတော့ နည်းနည်းလေး လောသွားမိပါတယ်..."

ကျန်းချဲ့ က အကြည့်ကို အောက်သို့ ချကာ တိုးတိုးလေး ပြန်လည် လျှောက်တင် လိုက်လေသည်။

"အရမ်းကို တိုးတက် ချင်နေတာလား... ဟဲဟဲဟဲ..."

ကျီချန်တောက် က ကျန်းချဲ့ ကို အကဲခတ် လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လွင် လာလေသည်။

"မင်းရဲ့ အသက်အရွယ် နဲ့ အခုလို ရာထူးမျိုး ရလာတာက နောက်လူ မရှိနိုင်ဘူးလို့ မဆိုလိုပေမဲ့ အရင်ကတော့ သေချာပေါက် မရှိခဲ့ဖူးဘူး... လူငယ် ဆိုတာ ခြေလှမ်း မှန်မှန် နဲ့ သွားရမယ် အရမ်း လောဘ မကြီးသင့်ဘူး... ယွဲ့ပြည်နယ် ကို ပြောင်းပေးဖို့ က လွယ်ပါတယ် ဒါပေမဲ့ မင်းနဲ့ သင့်တော်တဲ့ ရာထူး နေရာ တစ်ခု စီစဉ် ပေးဖို့ က အရမ်း ခက်ခဲလိမ့်မယ်... သာမန် ရာထူး တွေကိုတော့ မင်း အထင်ကြီးမှာ မဟုတ်ဘူး မင်း မျက်စိကျနေတဲ့ နေရာတွေ ကျတော့လည်း မင်း လုပ်နိုင်မှာ မဟုတ်ဘူး... ပထမ အချက်က မင်းရဲ့ အသက်အရွယ် ဒုတိယ အချက်က လုပ်သက် တတိယ အချက်က စစ်ရေး အောင်မြင်မှု တွေ စတုတ္ထ အချက်ကတော့ မင်းရဲ့ စွမ်းအားပဲ... မင်းရဲ့ လက်ရှိ စွမ်းအားက လုံလောက်ပြီလို့ မင်း ထင်နေတာလား..."

ကျီချန်တောက် က နက်နဲသော အကြည့်များဖြင့် ကျန်းချဲ့ ကို ကြည့်ကာ ပြောလိုက်လေသည်။

သို့သော် အမှန်တကယ်တော့ ကျန်းချဲ့ ၏ စွမ်းအား ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ ခဲ့ဖူးသူ တစ်ယောက် အနေဖြင့် ကျန်းချဲ့ ၏ အနက်အရှိုင်း ကို ကျီချန်တောက် မသိဘဲ နေမည်လား။ ဤကဲ့သို့ မေးလိုက်ရခြင်း မှာ ကျန်းချဲ့ ၏ သဘောထား ကို သိမြင် လို၍ သက်သက် သာ ဖြစ်လေသည်။

"ကျွန်တော်မျိုး ရဲ့ စွမ်းအား က အတော်လေး လုံလောက်နေပြီလို့ ထင်ပါတယ် သိုင်းသူတော်စင် အောက်က မဟာသိုင်းသခင် တွေ ဆိုရင်တော့ ကျွန်တော်မျိုး က ဘယ်သူ့ထက်မှ နိမ့်ကျမှာ မဟုတ်ဘူးလို့ ယုံကြည်ချက် ရှိပါတယ် ပြီးတော့ အသက်အရွယ် နဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင်လည်း ရည်မှန်းချက် ကြီးမားဖို့ အတွက် အသက်ငယ်တာ ကိစ္စ မရှိပါဘူး တကယ်လို့ အသက်အရွယ် နဲ့ပဲ ဆုံးဖြတ်မယ် ဆိုရင် သက်ကြီးရွယ်အို အုပ်စုကြီး ကို နယ်စပ် လွှတ်ပြီး မြောက်ပိုင်း လူရိုင်း တွေကို သွားခုခံ ခိုင်းလိုက်တာက ပိုမကောင်းဘူးလား ပြီးတော့ လုပ်သက်... အဲ့ဒါကတော့ တကယ်ပဲ ကျွန်တော်မျိုး ရဲ့ အားနည်းချက် တစ်ခုပါ ဒါပေမဲ့ ကျွန်တော်မျိုး အဲ့ဒါကို ဖြည့်ဆည်း နိုင်ပါတယ်..."

"ဘယ်လို ဖြည့်ဆည်းမှာလဲ..."

ကျီချန်တောက် က ဆက်လက် မေးမြန်း လိုက်လေသည်။ ကျန်းချဲ့ လည်း နည်းနည်းလေးမျှ တွန့်ဆုတ် နေခြင်း မရှိဘဲ ပုံရိပ်ယောင် မှတ်တမ်း ကျောက်တုံး တစ်တုံးကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်လေသည်။

"နတ်မင်းကြီး ကြည့်လိုက်ရင် သိသွားမှာပါ..."

ကျီချန်တောက် သည် လျှို့ဝှက်သယောင် ဟန်ဆောင် နေသော ကျန်းချဲ့ ကို ကြည့်ပြီး မျက်မှောင် အနည်းငယ် ကြုတ်သွား လေသည်။ သို့သော် ငြင်းဆန် ခြင်း မရှိဘဲ စိတ်အာရုံ တစ်ချက် လှုပ်ရှား လိုက်ရာ ပုံရိပ်ယောင် မှတ်တမ်း ကျောက်တုံး မှ အလင်းတန်း တစ်ခု ချက်ချင်း ထွက်ပေါ် လာပြီး ပုံရိပ် တစ်ခု ကို ထင်ဟပ် ပြသ လိုက်လေသည်။

ထို မြင်ကွင်း မှာ အရှေ့ပင်လယ် ထက်တွင် ချင်းထျန်းမိစ္ဆာဂိုဏ်း ၏ ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး နန်ကုန်းကျိ ကိုယ်တိုင် ပေါက်ကွဲ သေဆုံး ခဲ့သည့် မြင်ကွင်း ပင်ဖြစ်သည်။

အချိန် အကြာကြီး ကြိုတင် ပြင်ဆင် ထားခဲ့ရခြင်း မှာ ဤ အခိုက်အတန့် အတွက် သက်သက် သာ ဖြစ်လေသည်။ ရလဒ် မှာလည်း ကျန်းချဲ့ ခန့်မှန်း ထားသည့် အတိုင်းပင် ဖြစ်လေသည်။

အစပိုင်း က ကျီချန်တောက် သည် သိပ်ပြီး ဂရုစိုက်သည့် ဟန် မပေါ်သော်ငြား မြင်ကွင်း က တဖြည်းဖြည်း ပိုမို ရှင်းလင်း လာသည် နှင့် အမျှ ဘေးပတ်ဝန်းကျင် ရှိ လေထု က အနည်းငယ် ဖိနှိပ် ချုပ်ချယ် လာသည်ကို သူ သိသာ ထင်ရှားစွာ ခံစား လိုက်ရလေသည်။ ကျီချန်တောက် ကဲ့သို့သော နတ်မင်းကြီး ၏ စိတ်ခံစားချက် များ အနည်းငယ် လှုပ်ရှား သွားပြီးနောက် အရှိန်အဝါ ဖိအား အချို့ လွင့်စင် ထွက်ပေါ် လာခြင်း ဖြစ်ကြောင်း အလွန် သိသာ ထင်ရှား လှပေသည်။

"မင်း ဒါကို ဘယ်လို လုပ်လိုက်တာလဲ..."

ကျီချန်တောက် ခေတ္တမျှ တိတ်ဆိတ် သွားပြီးနောက် ရုတ်တရက် မေးလိုက်လေသည်။

အမှန်တကယ်တော့ နန်ကုန်းကျိ ကျဆုံး သွားသည့် သတင်း ကို သူ အစောကြီး ကတည်းက ရရှိ ထားခဲ့ပြီး ဖြစ်လေသည်။ ချင်းထျန်းမိစ္ဆာဂိုဏ်း ၏ အတွင်းပိုင်း မှတစ်ဆင့် ပြန်လည် ပေးပို့ လာသော သတင်း ဖြစ်လေသည်။ သို့သော် တကယ်တမ်း နောက်ကွယ် က လှုပ်ရှား ခဲ့သူ က ဘယ်သူ လဲ ဆိုတာကိုတော့ လက်ရှိ အချိန်အထိ စုံစမ်း ၍ မရသေးချေ။

ကျန်းချဲ့ ၏ လက်ချက် ဖြစ်လိမ့်မည် ဟု သူ တကယ်ကို ထင်မှတ် မထားခဲ့မိပေ။ ထို့အပြင် ယခင် တစ်ခေါက် တောင်ပိုင်း သို့ ပြန်သွားသည့် လမ်းခရီး တွင် ဖြစ်ခဲ့သည် မဟုတ်ပါလား။

ယခု ပြန်လည် စဉ်းစား ကြည့်သော အခါ အတော်လေး ကိုက်ညီ မှု ရှိနေသည်ဟု ထင်ရလေသည်။ ကျန်းချဲ့ သည် မြောက်ပိုင်း လူရိုင်း သံတမန် များကို ပင် အပြတ်အသတ် ရှင်းလင်း ခဲ့သူ ဖြစ်ရာ ချင်းထျန်းမိစ္ဆာဂိုဏ်း ၏ ဓမ္မမင်းကြီး တစ်ပါးကို သတ်ဖြတ် ရန်မှာလည်း သေချာပေါက် လုပ်နိုင်စွမ်း ရှိပေသည်။

ကျန်းချဲ့ သည် ကြိုတင် ဖန်တီး ထားသော ဆင်ခြေ ဖြင့် တစ်ကြိမ် ရှင်းပြ လိုက်လေသည်။ ကျီချန်တောက် ယုံကြည် သည် ဖြစ်စေ မယုံကြည် သည် ဖြစ်စေ ဂရုမစိုက်တော့ချေ။ မည်သို့ပင် ဆိုစေကာမူ သူ၏ စစ်ရေး အောင်မြင်မှု ဂုဏ်ပြု ဆုလာဘ် ကြီး ကတော့ ရရှိ နေပြီ ဖြစ်လေသည်။

"အမှန်တကယ်တော့ နန်ကုန်းကျိ အပြင် ချင်းထျန်းမိစ္ဆာဂိုဏ်း ရဲ့ သူတော်စင် ချူဟယ် လည်း ကျွန်တော်မျိုး ရဲ့ လက်ထဲမှာပဲ သေဆုံး သွားခဲ့ရတာပါ... ဒီ စစ်ရေး အောင်မြင်မှု တွေ အားလုံးကို ပေါင်းလိုက်ရင်ရော လုံလောက် ပြီလို့ နတ်မင်းကြီး ထင်ပါသလား…”

All Chapters