← Chapters

အခန်း ၃၇၁

Vol. 38 Ch. 371

အခန်း ၃၇၁

Vol. 38 Ch. 371

အခန်း (၃၇၁) - ရွှေဝါမြက်ခင်းပြင်ကောင်တီမှ သတင်းစကား

"ငွေဓားဂိုဏ်းကိစ္စကိုတော့ ငါ အထွက်မှာ ပြန်လည်သုံးသပ်ရေးကော်မတီနဲ့ ရှင်းပေးခဲ့ပါ့မယ်”

“ဪ၊ ပြီးတော့ ရွှေဝါမြက်ခင်းပြင်ကောင်တီရဲ့ ဌာနခွဲမှူးက မင်း သူ့ကို ပေးစရာရှိတာတွေ လာပေးဖို့ ပြောခိုင်းလိုက်သေးတယ်”

တရားရုံးတော်တွင် အစကောင်းလှသဖြင့် နေ့လယ်စာမစားမီ ယနေ့အတွက် အမှုကိစ္စအားလုံးကို အချိန်မီ အပြီးသတ်နိုင်တော့မည်ဖြစ်ရာ ယန်ချင်းမှာ စိတ်ထဲတွင် ပြုံးပျော်နေ၏။

သို့သော်လည်း ယွီကန်၏စကားကြောင့် သူ ရုတ်တရက် ဆတ်ခနဲ တုန်လှုပ်သွားလေသည်။

သူသည် စစ်ဆေးအကဲဖြတ်မှုများ ပြုလုပ်နေစဉ်အတွင်း ရွှေဝါးရုံစံအိမ်၏ သခင်လေးနှင့် ဖြစ်ပွားခဲ့သော ရှုပ်ထွေးလှသည့် ပြဿနာများအား သူမ၏ပခုံးပေါ်သို့ ပုံချခဲ့မိသည်ကို ပြန်လည်သတိရသွား၏။

သူမက ထိုပြဿနာကို ယာယီကူညီကိုင်တွယ်ပေးသည့်အတွက် အပြန်အလှန်အနေဖြင့် ရတနာအချို့ ပြန်လည်ပေးအပ်ရန် ကတိကဝတ်ပြုခဲ့ဖူးလေသည်။

သို့သော်လည်း စာမေးပွဲအချိန်ဇယားများနှင့် ထိုအလုပ်များ မည်မျှအထိ ကြာမြင့်သွားသည်ကို တွေးတောရင်း သူ ထိုကိစ္စကို လုံးဝမေ့လျော့သွားခဲ့၏။

"သူမက တခြားဘာများ ထပ်ပြောသေးလဲ”

ယန်ချင်းက စိုးရိမ်တကြီးဖြင့် အကဲခတ်လျက် မေးလိုက်၏။

'သူမလည်း ပြည်တွင်းထောက်ပံ့ပို့ဆောင်ရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးကျွင်းဖေးနဲ့ စရိုက်ချင်းမတူပါစေနဲ့’

ယန်ချင်းက စိတ်ထဲမှ ဆုတောင်းနေမိ၏။

ကျွင်းဖေးသည် မျက်နှာထက်တွင် ကြင်နာတတ်သော အပြုံးတစ်ခုကို ဆင်မြန်းထားလျက် စက္ကန့်ပိုင်းအလိုက် သွေးစုပ်မည့် ဒဏ်ငွေများကို တိုးမြှင့်ကောက်ခံတတ်သူ ဖြစ်ပေသည်။

ယွီကန်က ဆက်ပြောလိုက်၏။

"သူမက မင်းအတွက် သတင်းအချက်အလက်တချို့ကို ရှာဖွေပေးထားပြီးပြီမလို့ နောက်ကျရင် ပိုပြီးကျေးဇူးတင်ပြဖို့ မျှော်လင့်နေတယ်”

“သူမ ရှာဖွေထားတဲ့ သတင်းအချက်အလက်အများစုက လင်းတုယိအကြောင်းနဲ့ မေပယ်နီအင်ပါယာအပြင် ရွှေဝါးရုံစံအိမ်နဲ့ ဆက်စပ်နေတဲ့ တခြားဒေသတွေမှာ သူ လုပ်ဆောင်ခဲ့တာတွေပဲ”

“သူမက အင်ပါယာဧကရာဇ်ဟောင်း ဒွန်းဟောက်ကိုတော့ ပြန်လွှတ်ပေးလိုက်ပြီ၊ ဘာလို့လဲဆိုတော့ သူက လင်းတုယိရဲ့ ကိစ္စတွေမှာ တိုက်ရိုက်ပါဝင်ပတ်သက်မှု မရှိဘူးလို့ ယူဆရလို့ပဲ”

“သူက မသိချင်ယောင်ဆောင်ပြီး လျစ်လျူရှုထားခဲ့တာမျိုး ဖြစ်နိုင်ပေမယ့် အဲဒါနဲ့ပဲ သူ့ကို ပြစ်ဒဏ်ချဖို့ မလုံလောက်ဘူးလေ”

“ဒါကြောင့်မလို့ သူ့ကို လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တာ၊ ဒါပေမယ့် မင်း သူတို့နဲ့အတူပို့လိုက်တဲ့ မေပယ်နီအင်ပါယာမှာ အခြေစိုက်တဲ့ ရွှေဝါးရုံစံအိမ်ရဲ့ ဌာနခွဲမှူးယောင်ထယ်ကတော့ အပြစ်ရှိကြောင်း တွေ့ရှိရပြီး မေပယ်နီအင်ပါယာအတွင်းက လျှို့ဝှက်အမှုအခင်းတွေအားလုံးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတာကို စုံစမ်းသိရှိခဲ့ရတယ်”

“သူမက စုံစမ်းစစ်ဆေးမှုရလဒ်တွေကို သူတို့နှစ်ယောက်လုံးနဲ့အတူ ပို့ပေးလိုက်တယ်၊ ငါ့ဆီမှာ အမှုတွဲဖိုင်တွေ ရှိနေပြီ၊ ဒီကိစ္စပြီးရင် ငါ အဲဒါတွေကို ဆက်လုပ်ချင်တယ်၊ နောက်တစ်ရက်လောက်ဆိုရင်တော့ သူတို့ကို တရားစွဲဆိုပြီး ရုံးတော်တင်ဖို့ လိုအပ်တဲ့ သက်သေအထောက်အထားအားလုံးကို ရနိုင်လိမ့်မယ်လို့ ထင်တာပဲ”

“ပြီးတော့ သူမက မေပယ်နီအင်ပါယာအတွင်းက တချို့မျိုးရိုးကြီးမိသားစုတွေအကြောင်းကိုလည်း စုံစမ်းစစ်ဆေးပေးထားသေးတယ်၊ အထူးသဖြင့် မော့မိသားစုပေါ့”

“သူတို့က 'အရိုးကောက်မိစ္ဆာအဖွဲ့' လို့ လူသိများတဲ့ သွေးမိစ္ဆာဂိုဏ်းနဲ့ လျှို့ဝှက်ပူးပေါင်းနေပုံရတယ်”

“အရိုးကောက်မိစ္ဆာအဖွဲ့က ဒီနယ်မြေထဲမှာ အထူးသဖြင့် မေပယ်နီအင်ပါယာနဲ့ ကလိုဗာငါးရွက်ဂိုဏ်းရဲ့ နယ်စပ်ကြားမှာ လှုပ်ရှားနေကြတာ”

“လောလောဆယ်မှာတော့ တော်ဝင်မိသားစုနဲ့ တခြားမိသားစုတွေပါ သူတို့နဲ့ ပတ်သက်နေသလားဆိုတာကို မသိရသေးဘူး”

“ဒါပေမယ့် တော်ဝင်မိသားစုအနေနဲ့ကတော့ အဲဒီလိုစွန့်စားလိမ့်မယ်လို့ သူမ မထင်ဘူးတဲ့”

“မော့မိသားစုအကြောင်းပြောရရင်တော့ သူမက သူတို့ရဲ့ မိသားစုခေါင်းဆောင်နဲ့ အကြိမ်အနည်းငယ် တွေ့ဆုံဖူးတယ်၊ သူက ရည်မှန်းချက်ကြီးတဲ့သူဖြစ်ပေမယ့် သွေးမိစ္ဆာကျင့်ကြံသူတွေနဲ့ ပူးပေါင်းလောက်အောင်အထိတော့ ရူးသွပ်မယ့်သူ မဟုတ်ဘူး”

“သူ့မိသားစုဝင်တချို့က ကြမ်းကြုတ်သောအရိုးကောက်အဖွဲ့နဲ့ ပတ်သက်နေတာကို သိပုံမရဘူး”

“သူမက အရိုးကောက်မိစ္ဆာအဖွဲ့ရဲ့ လက်တံတွေက မေပယ်နီအင်ပါယာအတွင်းမှာ ဘယ်လောက်အထိ ပျံ့နှံ့နေသလဲဆိုတာနဲ့ ဘယ်သူတွေ ပါဝင်ပတ်သက်နေလဲဆိုတာကို စုံစမ်းစစ်ဆေးနေတယ်”

“ကိုယ်ရေးကိုယ်တာအကြောင်းပြချက်ကြောင့် သူမက အရိုးကောက်မိစ္ဆာအဖွဲ့ကို ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းမှာဖြစ်ပြီးတော့ သူတို့နဲ့ လျှို့ဝှက်ပူးပေါင်းနေတဲ့ မိသားစုတွေကိုတော့ မင်းကိုပဲ လွှဲပေးခဲ့လိမ့်မယ်”

"ကိုယ်ရေးကိုယ်တာအကြောင်းပြချက် ဟုတ်လား”

ယန်ချင်းက အံ့အားသင့်စွာဖြင့် တီးတိုးရေရွတ်လိုက်၏။

ထို့နောက် သူက ဆက်မေးလိုက်၏။

"စီနီယာယွီကန်၊ မင်း အရိုးကောက်မိစ္ဆာအဖွဲ့အကြောင်း သိလား”

တောင်ပိုင်းတိုက်ကြီးတွင် ယန်ချင်း လိုက်လံမှတ်သားထားနိုင်သည်ထက် ပိုမိုများပြားလှသော မိစ္ဆာအဖွဲ့အစည်းများ ရှိနေပေသည်။

သူ သိရှိထားသော အဖွဲ့အစည်းများမှာ တိုက်ကြီးတစ်ခုလုံးတွင် နာမည်ကျော်ကြားပြီး နာမည်ဆိုးဖြင့်ကျော်ကြားသော အဖွဲ့များ၊ သို့မဟုတ် တရားရုံးတော်နှင့် တိုက်ရိုက်ထိပ်တိုက်တွေ့ဖူးသော 'အမှောင်ပိုးကောင်တစ္ဆေဂိုဏ်း' ကဲ့သို့သော အဖွဲ့အစည်းများသာဖြစ်၏။

သူသည် အထူးသဖြင့် ထောက်လှမ်းရေးအဆက်အသွယ်တစ်ခုကို တာဝန်ယူရတော့မည်ဖြစ်သောကြောင့် အခြားသော မိစ္ဆာအဖွဲ့အစည်းများအကြောင်းကို ပိုမိုလေ့လာမှတ်သားရန် စီစဉ်ထားခဲ့သည်။

တိုက်ကြီးတစ်ခွင်ရှိ အမှောင်အဖွဲ့အစည်းများအကြောင်းကို သိရှိနားလည်ထားခြင်းက သူ၏ ထောက်လှမ်းရေးအဆက်အသွယ်ဝင်များ၏ အသက်ရှင်သန်နိုင်စွမ်းကို သေချာစေရန် ကူညီပေးနိုင်လိမ့်မည်ဖြစ်၏။

ယွီကန်က ခေါင်းညိတ်ရင်း ရှင်းပြလိုက်၏။

"ငါ သိတာဆိုလို့ နည်းနည်းပဲရှိတယ်၊ သူတို့က အသစ်ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပြီးတော့ အရမ်းကို ရည်မှန်းချက်ကြီးကြတယ်”

“သူတို့နောက်ကွယ်မှာ ပံ့ပိုးပေးနေတဲ့ နယ်ပယ်အဆင့်ကျွမ်းကျင်သူတစ်ယောက် ရှိနေပြီးတော့ 'သွေးနီဒီရေဂိုဏ်း' ရဲ့ အဖွဲ့၀င်ဟောင်းတစ်ယောက်ဖြစ်တယ်လို့ ကောလာဟလတွေ ထွက်နေတယ်”

“အဲဒါ တကယ်ပဲလား၊ ဒါမှမဟုတ် အဖွဲ့ဝင်အသစ်တွေ ပိုရဖို့အတွက် ဝါဒဖြန့်ထားတာလားဆိုတာတော့ ငါ မသိဘူး”

“ဒါပေမယ့် ငါ အတည်ပြုနိုင်တာ တစ်ခုကတော့ သူတို့တွေက မေပယ်နီအင်ပါယာနဲ့ ကလိုဗာငါးရွက်နိုင်ငံတော်နှစ်ခုလုံးမှာ မတည်မငြိမ်ဖြစ်အောင် လှုပ်ရှားရင်းနဲ့ စီနီယာကျိန်းနျူရဲ့ ထောင်ချောက်တွေကနေ လွတ်မြောက်နိုင်ခဲ့ကြတာကိုကြည့်ရင် သူတို့မှာ တကယ့်စွမ်းရည်တချို့ ရှိနေကြတာပဲ”

“ဒါကြောင့် မင်းလည်း သတိထားပြီး လေ့လာကြည့်သင့်တယ်လို့ ထင်တယ်”

“သူတို့ကြောင့်မလို့ပဲ စီနီယာကျိန်းနျူကို အဲဒီနေရာကို စေလွှတ်ခဲ့ရတာ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လုံးလုံး သူမက သူတို့ကို အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးစားနေခဲ့တာ”

“ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က သူမရဲ့ လက်အောက်ခံ စုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်က သူတို့ဆင်ထားတဲ့ ထောင်ချောက်ထဲ ကျရောက်သွားခဲ့ပြီး အရိုးကောက်မိစ္ဆာအဖွဲ့ရဲ့ အဆင့်မြင့်အဖွဲ့ဝင်တစ်ယောက် သုံးစွဲခဲ့တဲ့ တစ္ဆေသချိုင်းသွေးအဆိပ်ကြောင့် ခန္ဓာကိုယ်နဲ့ ချီစွမ်းအင်တွေ ပျက်စီးသွားခဲ့ရတယ်”

“အဲဒီစုံစမ်းစစ်ဆေးရေးမှူးကတော့ အသက်ရှင်နေပါသေးတယ်၊ ဒါပေမယ့် အကောင်းပကတိ ပြန်သက်သာလာဖို့အတွက် သူ့ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ခဲ့ရပြီး ကျင့်ကြံခြင်းအဆင့်တွေကိုလည်း လျှော့ချပစ်ခဲ့ရတယ်”

ယွီကန်နှင့် ယန်ချင်းတို့ တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်ကြလေသည်။

ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ရန်မှာ လွယ်ကူသော်လည်း အသစ်ပြန်လည်တည်ဆောက်ရန်မှာမူ အလွန်တရာ ရှုပ်ထွေးလှသော လုပ်ငန်းစဉ်ဖြစ်ပြီး ကောင်းကင်ဘုံအဆင့်အရင်းအမြစ်များစွာ လိုအပ်ပေသည်။

ထို့နောက်တွင်လည်း ထိုခန္ဓာကိုယ်အသစ်နှင့် ရင်းနှီးကျွမ်းဝင်စေရန် ပြုလုပ်ရမည့် ကာလတစ်ခုရှိနေပြီး အစမှပြန်၍ လေ့ကျင့်ရမည်ဖြစ်၏။

မိမိ၏ ကျင့်ကြံခြင်းတွင် ရရှိထားသော တိုးတက်မှုအားလုံးသည် ထိုကဲ့သို့ပင် ပျောက်ကွယ်သွားရမည်ဖြစ်ပြီး အစမှ ပြန်လည်စတင်ရပေလိမ့်မည်။

ခန္ဓာကိုယ်တစ်ခုကို အသစ်ပြန်လည်တည်ဆောက်ရန် အနည်းဆုံး ဆယ်စုနှစ်တစ်ခုခန့်ကြာမြင့်မည်ဖြစ်ပြီး ထိုခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်သည်အထိ လေ့ကျင့်ရန်မှာ နောက်ထပ်ငါးနှစ်ခန့် ထပ်မံအချိန်ယူရမည် ဖြစ်သောကြောင့် ကျင့်ကြံခြင်းကို ပြန်လည်မစတင်နိုင်မီပင် အချိန်များစွာ ကုန်ဆုံးသွားရမည်ဖြစ်၏။

"သူက ဘယ်အဆင့်အထိ ရောက်နေခဲ့တာလဲဗျ”

ယန်ချင်းက စိတ်ဝင်တစားမေးလိုက်၏။

ယွီကန်က စိတ်မကောင်းစွာဖြင့် ပြန်ပြောလိုက်၏။

"အမြုတေဖွဲ့စည်းခြင်းအဆင့်ကိုးအထိ ရောက်နေခဲ့တာ၊ ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ ထူးခြားတဲ့ပါရမီကို ဆုံးရှုံးလိုက်ရတာက တကယ်နှမြောစရာပဲ”

“သူက 'နွေဦးဆည်းဆာခန္ဓာကိုယ်' ကို ပိုင်ဆိုင်ထားတာမလို့ သန့်စင်စွမ်းအားနဲ့ ပြန်လည်နုပျိုစေတဲ့ စွမ်းရည်တွေကြောင့် ဆေးဖက်ဝင်တောင်ကြားက သူ့ကို အရမ်းလိုချင်နေခဲ့ကြတာ”

“သူ့ကို ရွှေဝါမြက်ခင်းပြင်ကောင်တီရဲ့ ဌာနခွဲဆီ စေလွှတ်ခဲ့တာက အလောင်းအဆိပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အဆိပ်ငွေ့တွေကို သန့်စင်ပေးတဲ့နေရာမှာ ကူညီပေးဖို့ပဲ၊ အဲဒါက သူ ဆေးဖက်ဝင်တောင်ကြားမှာ အခြေမချခင် တိုက်ပွဲဝင်လေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ခဲ့တယ်”

“နှမြောစရာကောင်းတာက သူပြန်လာဖို့ နှစ်နှစ်ပဲလိုတော့တဲ့အချိန်မှာ အဲဒီလိုမျိုး ဖြစ်သွားခဲ့တာပဲ”

ပတ်၀န်းကျင်တွင် ခဏတာမျှ တိတ်ဆိတ်ငြိမ်သက်ခြင်း လွှမ်းမိုးသွားလေသည်။

ခန္ဓာကိုယ်တစ်ခုကို ပြန်လည်ပြုပြင်တည်ဆောက်နိုင်သော်လည်း သဘာဝက ပေးအပ်ထားသော အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံများကိုမူ ပြန်လည်မရရှိနိုင်တော့ပေ။

ခန္ဓာကိုယ်အသစ် ပြန်လည်တည်ဆောက်ရာတွင် အသုံးပြုခဲ့သော ပစ္စည်းများကြောင့် ပုံမှန်ထက် ပိုမိုသန်မာသော ခန္ဓာကိုယ်ကိုသာ ရရှိနိုင်တော့မည်ဖြစ်ပြီး 'နွေဦးဆည်းဆာခန္ဓာကိုယ်' မှာမူ ထာဝရ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

ရွှေဝါမြက်ခင်းပြင်ကောင်တီ၏ ဌာနခွဲမှူးသည် အဘယ်ကြောင့် ကြမ်းကြုတ်သောအရိုးကောက်အဖွဲ့၏ ကိစ္စကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းလိုသနည်းဟူသည်ကို ယန်ချင်း နားလည်သွားခဲ့ပြီပင်။

ဤကဲ့သို့သော ဆုံးရှုံးမှုကြီးတစ်ခုကြောင့် ထိုနေရာ၏ အကြီးအကဲတစ်ယောက်အနေဖြင့် တရားရုံးတော်၏ ဝန်ထမ်းအပေါ် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်အတွက် သူမတွင် တာဝန်ရှိသည်ဟူ၍ ခံစားခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။

ထိုကျင့်ကြံသူ၏ လမ်းခရီးသည်လည်း လုံးဝနီးပါး ရပ်တန့်သွားခဲ့ရပြီဖြစ်၏။

သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ကျင့်ကြံခြင်းအဆင့်များကို ပြန်လည်ရရှိနိုင်ခဲ့လျှင်ပင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ရှိနေပေလိမ့်မည်။

မိမိ၏ ပင်ကိုအနှစ်သာရဖြစ်သော သဘာဝအထူးခန္ဓာကိုယ်ကို ဆုံးရှုံးလိုက်ရခြင်းသည် ကြီးမားလှသော ပေးဆပ်မှုတစ်ခုဖြစ်ပေသည်။

သူသည်လည်း မိမိ၏ ပြိုင်ဘက်ကင်း ကျောက်စိမ်းခန္ဓာကိုယ်ဖွဲ့စည်းပုံအကြောင်းကို မတွေးဘဲမနေနိုင် ဖြစ်မိသွားသည်။

အကယ်၍ အခြေအနေတစ်ခုကြောင့် သူ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ဆုံးရှုံးရမည်ဆိုပါက သူသည် ကျင့်ကြံခြင်းကို အစမှ ပြန်လည်စတင်နိုင်ပြီး ပြိုင်ဘက်ကင်း ကျောက်စိမ်းခန္ဓာကိုယ်ဖွဲ့စည်းပုံကို နောက်တစ်ကြိမ် ထပ်မံရရှိနိုင်ပါဦးမည်လော၊ သို့မဟုတ် လူတစ်ယောက်တွင် ဤအခွင့်အရေးမျိုး တစ်ကြိမ်သာရှိသလော၊ အကယ်၍ ကံကောင်းထောက်မစွာဖြင့် အောင်မြင်ခဲ့လျှင်ပင် ယင်ယန်ကျောက်စိမ်းအရိုးခန္ဓာကိုယ်ကို ရရှိမည်လော၊ သို့မဟုတ် အခြားတစ်ခုခု ဖြစ်သွားမည်လော။

ယန်ချင်းသည် ထိုကဲ့သို့သော မကောင်းသော အတွေးဆိုးများကို ခေါင်းထဲမှ မောင်းထုတ်ပစ်လိုက်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိတော့သည်။

မကြာမီအချိန်အတွင်းမှာပင် ယွီကန် ထွက်ခွာသွားခဲ့ပြီးနောက် ရှာထင်သည် နောက်ထပ်အမှုကိစ္စတွင် ပါဝင်ပတ်သက်သူများနှင့်အတူ ဝင်ရောက်လာခဲ့၏။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ သပ်သပ်ရပ်ရပ်ဖြီးသင်ထားသော အနက်ရောင်ဆံပင်တို၊ ပယင်းရောင်မျက်လုံးများနှင့် နှုတ်ခမ်းမွေးစိမ်းစိမ်းလေးရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။

သူသည် ရွှေဘဲရုပ်ပုံပါသော ပန်းကန်ပြားအမှတ်တံဆိပ်ပါသည့် ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး နန်းတော်အဆင့် အဆင့်နှစ်ရှိသော ကျွမ်းကျင်သူတစ်ဦးဖြစ်ပေသည်။

သူမ၏ နောက်ကွယ်မှ ပါလာသူမှာ အသက်နှစ်ဆယ်နှောင်းပိုင်းအရွယ် အမျိုးသမီးငယ်တစ်ဦး ဖြစ်သည်။

သူမသည် လိပ်ပြာကလစ်များဖြင့် စုစည်းချည်နှောင်ထားသော ပန်းရောင်ချယ်ရီပွင့်အလား တွန့်လိပ်နေသော ဆံနွယ်များကို ပိုင်ဆိုင်ထား၏။

ဖောင်းအိနေသော ပါးပြင်လေးများသည် သူမအား ပိုမိုသွက်လက်တက်ကြွပြီး သက်ဝင်လှုပ်ရှားစေသည့် အလှကို ဆောင်စေ၏။

သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးများသည် ကြည်လင်တောက်ပနေပြီး အင်္ကျီလက်အနားသတ်များတွင် ပန်းပွင့်ဖြူလေးများထိုးထားသည့် ကောင်းကင်ပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။

သူမ၏ ဝတ်ရုံမှာ လှပသစ်လွင်နေသော်လည်း အရည်အသွေးပိုင်းအရမူ ယန်ချင်း၏ ခန့်မှန်းချက်အရ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတစ်ရာထက် ပို၍မတန်နိုင်ပေ။

ဝတ်ရုံတွင်အသုံးပြုထားသော ပစ္စည်းများနှင့် အစီအရင်များသည် အလွန်ဆုံးရှိလှ မြေကမ္ဘာအဆင့် အလတ်စားပစ္စည်းများသာဖြစ်၏။

ဝတ်ရုံပေါ်တွင် ထွင်းထုထားသော အစီအရင်များမှာလည်း အနိမ့်ဆုံးအဆင့်များသာ ဖြစ်သည်။

အကာအကွယ်အစီအရင်သည် အခြေတည်အဆင့် အလတ်စားကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်မျှသာ ခံနိုင်ရည်ရှိပြီးနောက် ပျက်စီးသွားပေလိမ့်မည်။

ပန်းရောင်ဆံပင်နှင့် အမျိုးသမီးသည် အမြုတေဖွဲ့စည်းခြင်းအဆင့်ခြောက်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ထိုအစီအရင်များ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူမအတွက် ကွာခြားမှုမရှိပေ။

ထိုအရာများမရှိလျှင်ပင် အေးအေးဆေးဆေး အိပ်ပျော်နိုင်ပြီး အခြေတည်အဆင့် အလတ်စားကျင့်ကြံသူတစ်ဦးက သူမအား လက်သီးဖြင့်ထိုးခြင်း၊ သို့မဟုတ် မြေကမ္ဘာအဆင့်ဓားဖြင့် ခုတ်ခြင်းများပြုလုပ်လျှင်ပင် မည်သည့်နာကျင်မှုကိုမျှ ခံစားရမည် မဟုတ်ပေ။

'သူမက အင်္ကျီအဆင်ကို သဘောကျလို့ ဝယ်လိုက်တာထင်ပါရဲ့’

ယန်ချင်းက စိတ်ထဲမှတွေးတောရင်း အမှုကိစ္စကိုစတင်ရန် ပြင်ဆင်လိုက်လေ၏။

All Chapters