အခန်း ၃၇၄
Vol. 38 Ch. 374
အခန်း (၃၇၄) - ရွေးချယ်စရာသုံးခု
"ဒါဆို ရှောက်မိသားစုဆီက ရခဲ့တာမဟုတ်ဘူးဆိုရင် ကျွန်မ ကိုယ့်အိမ်ကိုယ့်ရာလိုမျိုး အမြဲတမ်းလိုလိုသွားလေ့ရှိတဲ့ တခြားတစ်နေရာပဲ ကျန်တော့တယ်”
“အဲဒါက ရွှေဘဲဟင်းလျာစားသောက်ဆိုင်ပဲ”
"ကျွန်မရဲ့ ခန္ဓာကိုယ်ထဲကို ဆေးလုံးအဆိပ်သင့်စေနိုင်တဲ့ တစ်ခုတည်းသောဖြစ်နိုင်ခြေရှိတဲ့ နေရာက အဲဒီနေရာပဲရှိတော့တယ်”
“အစကတော့ ကျွန်မလည်း မယုံချင်ခဲ့ဘူး၊ ဒါပေမဲ့ စဉ်းစားကြည့်လေလေ အဲဒီနေရာက သံသယအရှိဆုံး နေရာဖြစ်နေလေလေပဲ”
"အစတုန်းက ရောဂါရှာဖွေပြီးခါစမှာ ကျွန်မခန္ဓာကိုယ်ထဲက ဆေးလုံးအဆိပ်တွေအတွက် သူတို့မှာ တာဝန်ရှိနိုင်တယ်လို့ တွေးမိတဲ့အခါ ဒေါသနဲ့ မကျေနပ်မှုတချို့ရှိခဲ့တာ အမှန်ပဲ”
“ဒါပေမဲ့ ကျွန်မ ဒီကိစ္စကို ထပ်ပြီးစုံစမ်းဖို့ စိတ်ကူးမရှိခဲ့ဘူး”
"စီနီယာဖန်ရှင်းက ဆေးလုံးအဆိပ်သင့်နေတာ သေချာတယ်လို့ ပြောပြီးတဲ့နောက်မှာ ကျွန်မလည်း ကုသမှုခံယူပြီးရင် တခြားတစ်နေရာမှာ ပြောင်းစားမယ်၊ ဒါမှမဟုတ် ရွှေဘဲငန်းဟင်းလျာစားသောက်ဆိုင်မှာပဲ ဆက်စားချင်သေးတယ်ဆိုရင်တောင် ဟင်းပွဲတွေမှာတဲ့အခါ ပိုပြီးသတိထားမယ်လို့ပဲ တွေးထားခဲ့တာ”
"အဲဒီမှာ လုံးဝမစားရတော့ဘူးဆိုရင် အရမ်းနှမြောဖို့ကောင်းလိမ့်မယ်လို့ ကျွန်မ ခံစားခဲ့ရတယ်”
ရွှေဘဲဟင်းလျာစားသောက်ဆိုင်တွင် မစားသောက်ရတော့မည့်အကြောင်း ပြောစဉ်က လီရှုပြသခဲ့သော နှမြောတသမှုမှာ ရှောက်မိသားစု၏ စွန့်ပစ်ခြင်းကို ခံလိုက်ရကြောင်း ပြောစဉ်ကထက် များစွာပိုဆိုးနေသည်ကို မြင်လိုက်ရသဖြင့် ယန်ချင်း အံ့အားသင့်သွားမိလေ၏။
'သူမမှာ သွားစရာနေရာမရှိဘူးဆိုရင် အဖြူရောင်ဘိုးဘတ်နိုင်ငံတော်နဲ့ အရမ်းကိုက်ညီလိမ့်မယ်လို့ ထင်တယ်'
ယန်ချင်း စိတ်ထဲမှ ရေရွတ်လိုက်၏။
"ဒါပေမဲ့ ကုသမှုခံယူနေတုန်း အခက်အခဲတွေရှိလာတဲ့အခါ ကျွန်မရဲ့ရည်ရွယ်ချက်တွေအားလုံး ရပ်တန့်သွားခဲ့ရတယ်”
"စီနီယာဖန်ရှင်းက ထိပ်တန်းလိမ္မော်ရောင်အဆင့် ဆေးဖော်စပ်သူတစ်ယောက်ဖြစ်ပြီး အမြုတေဖွဲ့စည်းခြင်းအဆင့်ငါး ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားမျိုးရှိနေပေမဲ့လည်း ကျွန်မခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ ဆေးလုံးအဆိပ်တွေကို ဖယ်ရှားဖို့ တော်တော်လေးရုန်းကန်ခဲ့ရတယ်”
"သူက အဆိပ်တွေကိုဖယ်ရှားဖို့ တတ်နိုင်သမျှနည်းလမ်းအားလုံးကို အသုံးပြုခဲ့ပေမဲ့ ဘယ်လောက်ပဲကြိုးစားကြိုးစား၊ ဆေးလုံးအဆိပ်တွေက ကျွန်မခန္ဓာကိုယ်ထဲမှာ တင်းတင်းကြပ်ကြပ် ကပ်ငြိနေပုံပဲ”
"သူက သူ့ဝိညာဉ်အနှစ်သာရတွေကို အကုန်အကျခံပြီး တစ်လလုံးလုံး မနားမနေကြိုးစားပေးခဲ့ပေမဲ့ သုံးပုံတစ်ပုံလောက်ကိုပဲ ဖယ်ရှားပေးနိုင်ခဲ့တယ်”
"နောက်ဆုံးမှာ အပြာရောင်အဆင့် ဆေးဖော်စပ်သူတစ်ယောက်ဖြစ်လာဖို့ လက်တစ်ကမ်းအလိုပဲလိုတော့တဲ့ သူတို့ရဲ့ နန်းတော်သခင်မဆီအထိ သွားရောက်တိုင်ပင်ဆွေးနွေးခဲ့ရတယ်”
“ဒါပေမဲ့ သူမကိုယ်တိုင် ပါဝင်ကူညီပေးခဲ့တာတောင်မှ အဆိပ်ရဲ့ထက်ဝက်ခန့်ကိုပဲ ဖယ်ရှားနိုင်ခဲ့တယ်”
“အဲဒါကလည်း တော်တော်လေးအန္တရာယ်များခဲ့တယ်”
“ဘာလို့လဲဆိုတော့ ကုသမှုကာလအတွင်း ကျွန်မတို့ရဲ့ချီစွမ်းအင်တွေ အချိန်အကြာကြီး အပြန်အလှန်ဆက်သွယ်မိတဲ့အခါ ကျွန်မရဲ့ညစ်ညမ်းနေတဲ့ ချီစွမ်းအင်တွေကနေတစ်ဆင့် ဆေးလုံးအဆိပ်တွေက သူတို့ဆီကို ကူးစက်သွားနိုင်လို့ပဲ”
"အဆိပ်ကို လုံးဝဖယ်ရှားပစ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ထင်ရတဲ့အချိန်မှာ ကျွန်မလည်း သူတို့ရဲ့အသက်အန္တရာယ်ကို မစွန့်စားစေချင်တော့တာမို့လို့ တခြားနည်းလမ်းတစ်ခုကို ရှာဖွေတာက ပိုကောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်”
"မြစ်ပြာရောင်ဆေးအိုးနန်းတော်ရဲ့ နန်းတော်သခင်မက ကြင်နာတတ်သူမို့ ကျွန်မကို ရွေးချယ်စရာသုံးခု ပေးခဲ့တယ်၊ ရှင်လည်း တစ်ချက်လောက်နားထောင်ကြည့်ပါဦး”
"ပထမတစ်ခုကတော့ အပြာရောင်အဆင့်ဆေးဖော်စပ်သူတစ်ယောက်ကို ငှားရမ်းပြီး ကျွန်မအတွက် အဆိပ်တွေကို ဖယ်ရှားပေးဖို့ပဲ”
“အကယ်၍ အပြာရောင်အဆင့်ဆေးဖော်စပ်သူကို ရှာမတွေ့ဘူးဆိုရင် နန်းတော်အဆင့်ကျင့်ကြံသူတစ်ယောက်လည်း ရတယ်၊ အထူးသဖြင့် သစ်သား ဒါမှမဟုတ် ရေဒြပ်စင်ကျွမ်းကျင်တဲ့သူဆိုရင် ပိုကောင်းလိမ့်မယ်”
“ဘာလို့လဲဆိုတော့ သူတို့က နန်းတော်အဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ ချီစွမ်းအင်ကို အသုံးပြုပြီး အဆိပ်တွေကို လုံးဝဖယ်ရှားပေးနိုင်လို့ပဲ”
“ပြီးတော့ သူတို့ရဲ့ ပိုမိုမြင့်မားတဲ့ ဝိညာဉ်အာရုံခံစားမှုနဲ့ဆိုရင် အဆိပ်ကို အလွယ်တကူရှာဖွေနိုင်ပြီး ဆေးလုံးအဆိပ်တစ်စက်လေးတောင် ကျန်မနေအောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်”
"နောက်ဆုံးရွေးချယ်စရာကတော့ မနက်ခင်းလီလီနှလုံးစေ့ကို စားသုံးဖို့ပဲ”
"ကျွန်မရဲ့ လက်ရှိအခြေအနေနဲ့ အဆင့်အတန်းအရဆိုရင် အဲဒီနည်းလမ်းတွေထဲက တစ်ခုကိုတောင် ဘယ်လိုလုပ်ပြီး တတ်နိုင်ပါ့မလဲ”
သူမက သနားစဖွယ်အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။
အပြာရောင်အဆင့်ဆေးဖော်စပ်သူများဆိုသည်မှာ အဘယ်သူများနည်း။
သူတို့သည် နန်းတော်အဆင့်ပညာရှင်များအသုံးပြုနိုင်သည့် ဆေးရည် သို့မဟုတ် ဆေးလုံးများကို ဖော်စပ်နိုင်သော ဆေးဖော်စပ်သူများ ဖြစ်ကြပေသည်။
ဆေးလုံးတစ်လုံးကို နန်းတော်အဆင့်ပညာရှင်တစ်ဦး အသုံးပြုနိုင်သည့်အဆင့်သို့ ရောက်ရှိစေရန်အတွက် ထိုဆေးလုံးဖော်စပ်မှု ပြီးမြောက်သည့်အခါ ကောင်းကင်ဘေးဒဏ်ကို ဆွဲဆောင်နိုင်ရမည်ဖြစ်ပြီး ထိုကောင်းကင်ဘေးဒဏ်ကိုလည်း ကြံ့ကြံ့ခံကျော်ဖြတ်နိုင်ရပေမည်။
ထိုကဲ့သို့သောဆေးလုံးတစ်လုံးသည် သဘာဝအလျောက် ဖြစ်တည်လာသည့် တာအိုရတနာတစ်ခုနှင့် မခြားနားပေ။
ထိုဆေးလုံးများကို သဘာဝတရား၏ ကံကြမ္မာကို ခိုးယူထားခြင်းအဖြစ် ယူဆနိုင်ပြီး အပြာရောင်အဆင့်ဆေးဖော်စပ်သူများသည် သဘာဝတရားထံမှ ထိုစွမ်းအားများကို ခိုးယူကာ သူတို့၏ဆေးလုံးများအတွင်းသို့ ထည့်သွင်းပေးနိုင်သူများ ဖြစ်ကြပေသည်။
ဤသည်မှာ လိမ္မော်ရောင်အဆင့်ဆေးဖော်စပ်သူတစ်သိန်းတွင် လေးဦးခန့်သာ အပြာရောင်အဆင့် ဆေးဖော်စပ်သူတစ်ဦးအဖြစ် အောင်မြင်စွာ ရောက်ရှိနိုင်ရခြင်း၏ အကြောင်းရင်းပင်ဖြစ်သည်။
အပြာရောင်အဆင့် ဆေးဖော်စပ်သူတို့၏ အရေအတွက်မှာ အမြဲလိုလို ရှားပါးပြီး လိုအပ်ချက်မှာလည်း အလွန်မြင့်မားလှပေသည်။
လီရှုသည် သူတို့၏ဝန်ဆောင်မှုအား ငှားရမ်းရန်အတွက် ရှောက်မျိုးနွယ်စု၏ ဧည့်သည်တော်အကြီးအကဲတစ်ဦးအဖြစ် ရရှိခဲ့သမျှ ပမာဏအားလုံးကို ဆယ်စုနှစ်တစ်ခုကြာ စုဆောင်းထားလျှင်ပင် လုံလောက်ရန် ခဲယဉ်းလှ၏။
ထို့ပြင် သူမ၏ဝေစုကို ဝိညာဉ်ကျောက်တုံးများဖြင့်သာ အများဆုံးရရှိခဲ့သောကြောင့် ပို၍ပင် ခက်ခဲလှပေသည်။
ဝိညာဉ်ကျောက်တုံးများရှိရုံမျှဖြင့် အပြာရောင်အဆင့်ဆေးဖော်စပ်သူတစ်ဦး၏ ဝန်ဆောင်မှုကို ရရှိနိုင်ကြောင်း အလိုအလျောက် သတ်မှတ်၍ မရနိုင်ပေ။
သူတို့၏ဝန်ဆောင်မှုမှာ အမြဲတစေ လိုအပ်ချက်မြင့်မားနေပြီး သူတို့၏အာရုံစိုက်မှုကို ရရှိရန်အတွက် ချမ်းသာကြွယ်ဝမှုမှာ အနိမ့်ဆုံးအချက်မျှသာ ဖြစ်ပေသည်။
သူတို့၏အကူအညီကို ရရှိရန်အတွက် လုံလောက်သော ကျော်ကြားမှု၊ အဆက်အသွယ် သို့မဟုတ် အာဏာတို့ ရှိရမည်ဖြစ်၏။
ဖန်းရှင်းသည် ရှောက်ချင်းနှင့်ရှိခဲ့သော ရင်းနှီးမှုကြောင့် သူမအား တွေ့ဆုံရန် သဘောတူခဲ့ခြင်းဖြစ်သော်လည်း သူမ၏ပါရမီနှင့် ထိုမျှအသက်ငယ်ငယ်ဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့်ခြောက်အထိ ရောက်ရှိနေသော ကျင့်ကြံခြင်းအဆင့်ကြောင့်သာ ကူညီပေးခဲ့ခြင်းဟု ဆိုရလျှင် ပိုမှန်ပေလိမ့်မည်။
ဆေးဖော်စပ်သူတစ်ယောက်အနေဖြင့် ဝါရင့်ကျွမ်းကျင်မှုနှင့်အတူ လီရှု၏ အသက်အရွယ်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက် အလွန်နုပျိုသေးကြောင်း ခန့်မှန်းရန် မခက်ခဲခဲ့ပေ။
ထို့ကြောင့် သူသည် မြစ်ပြာရောင်ဆေးအိုးနန်းတော်၏ နန်းတော်သခင်မကိုပင် ပါဝင်ပတ်သက်စေသည်အထိ စွမ်းဆောင်နိုင်သမျှ အရာအားလုံးကို ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။
ဤအရာအားလုံးမှာ တစ်နေ့တွင် နန်းတော်အဆင့်သို့ ရောက်ရှိရန် အလားအလာရှိသော လီရှုနှင့် ကောင်းမွန်သော ကံကြမ္မာနှောင်ကြိုးတည်ဆောက်ရန်အတွက်သာ ဖြစ်ပေ၏။
နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦး၏ ချစ်ကြည်ရင်းနှီးမှုကို ရရှိခြင်းသည် မိမိလက်ထဲတွင် ဧကရာဇ်အဆင့်ရတနာတစ်ခုကို ပိုင်ဆိုင်ထားရသကဲ့သို့ပင် ဖြစ်၏။
ဤသည်မှာ သူနှင့် နန်းတော်သခင်မနှစ်ဦးလုံးသည် သူတို့၏ချီစွမ်းအင်များ ကူးစက်ခံရမည့် အန္တရာယ်ရှိနေသော်လည်း သူမအား ကူညီရန် အစွမ်းကုန်ကြိုးစားခဲ့ကြရခြင်း၏ အကြောင်းရင်းပင်ဖြစ်သည်။
သို့သော်လည်း သူမ ရင်ဆိုင်နေရသော ရွေးချယ်စရာသုံးခုနှင့် ပတ်သက်လာလျှင်မူ သူမ၌ ထိုကဲ့သို့သော အဆင့်အတန်းမျိုးမရှိပေ။
အပြာရောင်အဆင့်ဆေးဖော်စပ်သူတစ်ဦးသည် သူမအား အလွယ်တကူဖြင့် အလေးထားလိမ့်မည် မဟုတ်ပေ။
သူမ၏ပါရမီသည်ပင် သူတို့အား လှုပ်ခတ်နိုင်ရန် လုံလောက်လိမ့်မည် မဟုတ်ချေ။
အကယ်၍ ထိုဆေးဖော်စပ်သူသည် သူမကဲ့သို့ အမြုတေဖွဲ့စည်းခြင်းအဆင့်တွင်သာ ရှိနေလျှင်ပင် သူမအား မည်သည့်ဂရုစိုက်မှုမျှ ပြသလိမ့်မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် အပြာရောင်အဆင့်ဆေးဖော်စပ်သူတိုင်းသည် နန်းတော်အဆင့်သို့ မရောက်ရှိသေးလျှင်ပင် ရောက်ရှိရန် သေချာပေါက် အာမခံချက်ရှိပြီးသားဖြစ်သောကြောင့် ဖြစ်လေသည်။