အခန်း ၃၇၆
Vol. 38 Ch. 376
အခန်း (၃၇၆) - ပိုင်ကျိုး
"ဒါကြောင့်မလို့ ကျွန်မ ဒီမှာရှိနေရတာပါ”
“ကျွန်မမှာရှိတဲ့အင်အားနဲ့ဆိုရင် မြစ်ပြာရောင်ဆေးအိုးနန်းတော်က ကမ်းလှမ်းလာတဲ့ ရွေးချယ်စရာသုံးခုထဲက ဘယ်တစ်ခုကိုမှ မတတ်နိုင်ပါဘူး”
“ရွှေဘဲဟင်းလျာစားသောက်ဆိုင်ကနေ ကျွန်မ ဆေးလုံးအဆိပ်သင့်ခဲ့တာ သေချာပါတယ်၊ လျော်ကြေးတို့ဘာတို့လည်း မလိုချင်ပါဘူး”
“တခြားရွေးချယ်စရာတွေသာရှိရင် ဒီကိစ္စကို အခုလိုအခြေအနေထိ ကြီးထွားလာစေမယ့်အစား အဲဒါတွေကိုပဲ ရွေးချယ်မှာပါ၊ ဒါပေမဲ့ ဘာမှရွေးစရာမရှိတော့လို့ပါ”
သူမ၏ အသံထဲတွင် မျှော်လင့်ချက်မဲ့မှုနှင့် စိတ်ရှုပ်ထွေးမှုများ ပါဝင်နေကာ ထိုဖြစ်ရပ်တစ်ခုလုံးက သူမအား မည်မျှဒုက္ခပေးခဲ့ကြောင်း ကြားရရုံဖြင့် သိနိုင်ပေ၏။
"ကျွန်မ ဆေးလုံးအဆိပ်သင့်တာကို ကုသနိုင်ဖို့ တရားရုံးတော်က တရားမျှတတဲ့ စီရင်ချက်ချပေးဖို့ တောင်းဆိုချင်ပါတယ်၊ ဒါပါပဲ။ အခုလိုအခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
လီရှုက လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေးလိုက်ပြီး နောက်သို့ ဆုတ်သွားလေ၏။
"သေချာရှင်းပြပေးတဲ့ မိန်းကလေးလီရှူကို ကျေးဇူးတင်ပါတယ်။ ဆိုင်ရှင်ပိုင်ကျိုး၊ ခင်ဗျားအလှည့် ရောက်ပါပြီ”
ယန်ချင်းက ရွှေရောင်ဘဲတံဆိပ်ပါဝတ်ရုံဖြူကို ဝတ်ဆင်ထားသည့် ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအရွယ်အမျိုးသားကို လက်ဟန်ပြ၍ ပြောလိုက်သည်။
"အခုလိုအခွင့်အရေးပေးတဲ့ တရားသူကြီးယန်ချင်းကို ကျေးဇူးတင်ပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အပြစ်ကင်းစင်ကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြချင်ပါတယ်”
“မိန်းကလေးလီရှု အခုလိုဒုက္ခရောက်နေရတာက ကျွန်တော်တို့စားသောက်ဆိုင်နဲ့ ပတ်သက်နေတယ်ဆိုတာကို ယုံဖို့ခက်နေပါတယ်”
“ကျွန်တော်တို့စားသောက်ဆိုင်က မကြီးပါဘူး၊ တိုက်ကြီးတစ်ဝိုက်မှာ ဆိုင်ခွဲသုံးခုပဲ ရှိတာပါ”
“ကျွန်တော် အများဆုံးတာဝန်ယူရတဲ့ ပင်မဆိုင်ကတော့ ကျွန်တော့်ရဲ့မွေးရပ်မြေဖြစ်တဲ့ ဟင်္သာပြဒါးနိုင်ငံတော်မှာရှိပြီး တခြားနှစ်ခုကတော့ ငြိမ်သက်မိုးမခခရိုင်နဲ့ ရွှေစာကလေးအင်ပါယာရဲ့ တံတားစိမ်းပြည်နယ်မှာ ရှိပါတယ်”
“အဲဒီဆိုင်ခွဲနှစ်ခုလုံးကို ကျွန်တော်နဲ့ နှစ်ထောင်ပေါင်းများစွာအတူရှိခဲ့တဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်တပည့်တွေက ဦးစီးထားတာပါ”
“သူတို့က ဟင်းချက်တာနဲ့ ရွှေဘဲဟင်းလျာစားသောက်ဆိုင်ရဲ့ ဂုဏ်သတင်းက ကျွန်တော့်အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ကောင်းကောင်းသိကြပါတယ်”
“ဒါကြောင့် အဲဒီအရာတွေကို ထိခိုက်စေမယ့် ဘယ်လိုကိစ္စမျိုးကိုမှ လုပ်မှာမဟုတ်ပါဘူး၊ ပြီးတော့ ငြိမ်သက်မိုးမခခရိုင်က ဆိုင်ခွဲဆိုရင် ဖွင့်လာတာ နှစ်ပေါင်းငါးရာနီးပါးရှိနေပြီမလို့ အဲဒီအချိန်အတွင်းမှာ ဆေးအဆိပ်သင့်တဲ့ ဖြစ်ရပ်မျိုး တစ်ကြိမ်လေးတောင် မရှိခဲ့ဖူးပါဘူး”
သူ၏လေသံက သိမ်မွေ့ကာ ညင်သာသော်လည်း ထိုလေသံအတွင်းမှ ခိုင်မာပြတ်သားမှုနှင့် တုန်လှုပ်ချောက်ချားခြင်းမရှိသော စိတ်သဘောထားကို သိသာထင်ရှားစွာ ခံစားသိရှိနိုင်လေသည်။
လီရှူမှာ ပိုင်ကျိုး၏ အပြုအမူနှင့်အတူပါလာသော အသက်ရှူရခက်စေသည့် ဖိအားများကြောင့် အနည်းငယ် လန့်ဖျပ်သွားခဲ့၏။
သူ၏ ပြင်ပအသွင်အပြင်က တည်ငြိမ်အေးဆေးနေသော်လည်း အတွင်းစိတ်ထဲတွင်မူ အလွန်တရာ စိတ်အားထက်သန်နေကာ ယင်းကပင် ဒုတိယအဆင့် နန်းတော်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ဖိအားအနည်းငယ်ကို မရည်ရွယ်ဘဲ ယိုစိမ့်ထွက်လာစေရန် တွန်းအားပေးလိုက်ခြင်းဖြစ်ပေသည်။
ယိုစိမ့်ထွက်လာသော ဝိညာဉ်ဖိအားကြောင့် လီရှူမှာ ခန္ဓာကိုယ်ပေါ်သို့ တောင်တစ်လုံးပိကျလာပြီး လေထုများ ပါးလွှာသွားသကဲ့သို့ ခံစားလိုက်ရသည်။
ပိုင်ကျိုးက သူမကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖိအားပေးရန် ပစ်မှတ်မထားဘဲ သူမထံသို့ရောက်ရှိလာသည့် အရာအားလုံးမှာ အသေးအဖွဲလေးများဖြစ်နေလျှင်ပင် ဆေးအဆိပ်သင့်နေသော ဆဋ္ဌမအဆင့် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ဦး ခံနိုင်ရည်ရှိသည့် ပမာဏထက် များပြားနေဆဲဖြစ်လေ၏။
ကျန်းမာသန်စွမ်းသော နှောင်းပိုင်းအဆင့်အမြုတေဖွဲ့စည်းခြင်း ကျွမ်းကျင်သူတစ်ဦးပင်လျှင် အလားတူ ရုန်းကန်ရမည်ဖြစ်ရာ နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦးအား အမှုဖွင့်ရန်အတွက် စိတ်လှုပ်ရှားနေပြီး ဆေးလုံးအဆိပ်ကြောင့် အားနည်းနေသော သူမအတွက်မူ ဆိုဖွယ်ရာပင်မရှိတော့ချေ။
ပိုင်ကျိုးမှာ နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်နေသည့်အပြင် ငြိမ်သက်မိုးမခခရိုင်ရှိ ဒေသခံအများစုကြားဖူးထားကြသော သူ့အကြောင်းနှင့် ပတ်သက်သည့် ကောလာဟလများ ရှိနေသောကြောင့် သူမ၏ စိတ်လှုပ်ရှားမှုကို နားလည်ပေးနိုင်ပေသည်။
ထိုကောလာဟလများထဲမှတစ်ခုမှာ ဟင်္သာပြဒါးနိုင်ငံတော်တွင် အကောင်ရေငါးထောင်ခန့်ရှိသော သားရဲဒီရေလှိုင်းတစ်ခုကို သူတစ်ယောက်တည်းဖြင့် မည်သို့မည်ပုံ အပြတ်ရှင်းလင်းခဲ့ကြောင်းပင်ဖြစ်၏။
ထိုနိုင်ငံတော်မှာ သစ်တောများ၊ မြစ်များနှင့် ရေကန်များစွာဖြင့် ပြည့်နှက်နေသည့် အဆင့် (၄) နိုင်ငံတော်တစ်ခုဖြစ်ပြီး သယံဇာတအရင်းအမြစ်များအရ အလွန်ပေါကြွယ်ဝလေသည်။
ဤအခြေအနေများကြောင့် နိုင်ငံတော်သည် အင်အားကြီးမားလိမ့်မည်ဟု မျှော်လင့်ရပေမည်။
သို့ရာတွင် ပိုင်ကျိုး နာမည်မကြီးလာမီအချိန်က ထိုနိုင်ငံတော်ကို အခြားသော အဆင့် (၄) နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် နှိုင်းယှဉ်ပါက အတောက်ပဆုံးအချိန်တွင်ပင် ပျမ်းမျှအဆင့်၌သာ ရှိသည်ဟု ယူဆနိုင်ပေသည်။
ထိုသို့ဖြစ်ရသည့် အကြောင်းရင်းမှာ ထိုနိုင်ငံတော်သည် သယံဇာတများဖြင့် ပြည့်စုံနေသော်လည်း ပိုင်နက်နယ်မြေ၏ သုံးပုံတစ်ပုံခန့်မှာ တော်ဝင်မိသားစုနှင့် အခြားသောနိုင်ငံသူနိုင်ငံသားများ ကိုင်တွယ်ဖြေရှင်း၍မရနိုင်သော အလွန်ရက်စက်ကြမ်းကြုတ်သည့် ဝိညာဉ်သားရဲများ၏ နယ်မြေဖြစ်နေသောကြောင့်ပင်။
သူတို့၏ နယ်မြေများမှာ ဟိုတစ်ကွက်၊ ဒီတစ်ကွက် ပြန့်ကျဲနေပြီး နိုင်ငံတော်၏ နေရာဒေသအသီးသီးသည် ထိုဝိညာဉ်သားရဲများ၏ အဆက်မပြတ် တိုက်ခိုက်ခြင်းကို ခံနေရသဖြင့် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းနည်းပါးလှလေသည်။
အဆက်မပြတ်တိုက်ခိုက်မှုများက တိုက်ခိုက်ရေးစွမ်းရည်ကို တိုးတက်စေရန် ကူညီပေးခဲ့သော်လည်း သွားလာခွင့်ရှိသော နယ်မြေများကို ကန့်သတ်ခံခဲ့ရသည့်အပြင် ဝိညာဉ်သားရဲများမှာလည်း တိုက်ခိုက်ရေးတွင် တွက်ချက်နိုင်ပြီး ဉာဏရည်ထက်မြက်ကြပေသည်။
၎င်းတို့သည် နယ်မြေအသီးသီးကို ရံဖန်ရံခါ တိုက်ခိုက်ခြင်းဖြင့် နိုင်ငံတော်မှ ပြန်လည်တိုက်ခိုက်ရန် လှုပ်ရှားလာခြင်းကို တားဆီးထားခဲ့ရာ ထိုနယ်မြေများရှိ မတူညီသော အင်အားစုများမှာ အမြဲတစေ သတိထားနေခဲ့ရ၏။
သာမန်ပြည်သူများ၏ သေဆုံးမှုနှုန်းမှာလည်း မြင့်မားနေသဖြင့် လူဦးရေမှာ ဆက်တိုက်ကျဆင်းလာခဲ့ပေသည်။
ပိုင်ကျိုးသာ ပေါ်မလာခဲ့ပါက ဟင်္သာပြဒါးနိုင်ငံတော်သည် အချိန်ကြာလာသည်နှင့်အမျှ ဝိညာဉ်သားရဲများ၏ လုံးဝလွှမ်းမိုးခြင်းကို ခံရဖွယ်ရှိလေသည်။
ပတ်ဝန်းကျင်မှကြားရသော ကောလာဟလများအရ ပိုင်ကျိုး၏ဖခင်မှာ နိုင်ငံတော်စစ်တပ်အတွက် သားသတ်သမားတစ်ဦးဖြစ်ခဲ့ပြီး နိုင်ငံတော်၏ နယ်စပ်များတွင် တာဝန်ကျခဲ့သည်ဟုဆို၏။
သူ၏အလုပ်မှာ တိုက်ပွဲတွင်ကျဆုံးသွားသော ဝိညာဉ်သားရဲများ၏ အလောင်းကောင်များကို ရှင်းလင်းဖျက်ဆီးရခြင်းဖြစ်သည်။
နိုင်ငံတော်မှာ ဝိညာဉ်သားရဲများနှင့် အဆက်မပြတ် တိုက်ခိုက်နေရသဖြင့် အခြားမည်သည့်အရာအတွက်မျှ အချိန်မရှိသောကြောင့် သူတို့၏အင်အားကို ကြီးထွားလာစေရန်အတွက် ထိုဝိညာဉ်သားရဲများကိုသာ အသုံးပြုခဲ့ရပေသည်။
ထို့ကြောင့် သူတို့သည် သားရဲများ၏ အားနည်းချက်များကိုသာမက မိမိတို့ကိုယ်ကို သန်စွမ်းလာစေရန် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို မည်သို့အသုံးပြုရမည်ကိုပါ ရှာဖွေတွေ့ရှိရန် မျှော်လင့်ချက်ဖြင့် ထိုဝိညာဉ်သားရဲများကို ဖြည်းဖြည်းချင်း လေ့လာခဲ့ကြပြီး အထူးသဖြင့် အတွေ့ရများသော သားရဲများကို ပိုမိုလေ့လာခဲ့ကြ၏။
ထိုသို့ဖြင့် စစ်တပ်၏ သားသတ်သမားဟူသော အလုပ်အကိုင် ပေါ်ပေါက်လာခြင်းဖြစ်လေသည်။
ဤအလုပ်ကို တိုက်ခိုက်ရေးနှင့် ကျင့်ကြံရေးတွင် ပါရမီမပါသူများအား တာဝန်ပေးအပ်ခဲ့သည်။
တိုက်ခိုက်လာသည့် ဝိညာဉ်သားရဲအကောင်ရေနှင့် တိုက်ခိုက်မှုအကြိမ်ရေတို့အပေါ် မူတည်၍ နိုင်ငံတော်သည် နိုင်ငံသားများစွာကို သားသတ်သမားများဖြစ်လာစေရန် လေ့ကျင့်ပေးခဲ့သည်။
သူတို့၏အလုပ်မှာ အခြားဝိညာဉ်သားရဲများ မစားသောက်မီ သို့မဟုတ် အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်အတွင်းမှ အဖိုးတန်ပါဝင်ပစ္စည်းအချို့ ပျက်စီးမသွားမီ သေဆုံးသွားသော ဝိညာဉ်သားရဲများကို အမြန်ဆုံး ရှင်းလင်းခုတ်ထစ်ရန်ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့်မရှိသည့် အားအနည်းဆုံးသူများကို အန္တရာယ်အများဆုံးနေရာများသို့ စေလွှတ်ရခြင်းဖြစ်သောကြောင့် ဤအလုပ်မှာ အလွန်တရာ အန္တရာယ်များလှပေ၏။
သို့သော်လည်း တော်ဝင်မိသားစုထံမှ အကျိုးပြုရမှတ်များ ရရှိခြင်းကဲ့သို့သော အကျိုးကျေးဇူးများမရှိသည်တော့ မဟုတ်ပေ။
ထိုရမှတ်များဖြင့် တော်ဝင်ဘဏ္ဍာတိုက်မှ ရတနာများအား လဲလှယ်နိုင်သကဲ့သို့ အထက်တန်းလွှာဘွဲ့ထူးများကိုလည်း ရရှိနိုင်လေသည်။
ထို့အပြင် အချိန်အတော်ကြာအလုပ်လုပ်ခဲ့သော သားသတ်သမားများအတွက် မတော်တဆ ရရှိလာသော အကျိုးကျေးဇူးများလည်း ရှိနေသေး၏။
ဝိညာဉ်သားရဲများ၏ ခန္ဓာကိုယ်များကို အဆက်မပြတ် ထိတွေ့နေရသဖြင့် သူတို့၏ ခန္ဓာကိုယ်များမှာ သန်စွမ်းလာကြပြီး အချို့သောအခြေအနေများတွင် ၎င်းတို့ကို ခုတ်ထစ်ခွဲစိတ်စဉ်အတွင်း ထိုဝိညာဉ်သားရဲများ၏ သွေးများကို အဆက်မပြတ် စုပ်ယူမိခြင်းကြောင့် ခန္ဓာကိုယ်များပင် မျိုးဗီဇပြောင်းလဲသွားတတ်ပေသည်။
မျိုးဗီဇပြောင်းလဲခြင်းမှာ တစ်ခါတစ်ရံတွင် အကျိုးကျေးဇူးဖြစ်စေကာ ခွန်အားနှင့် သဘာဝပါရမီကို မြင့်တက်လာစေသော်လည်း အချို့သောအခြေအနေများတွင်မူ အဆိပ်နှင့်မခြားဘဲ အသားသတ်သမားများကို ကြောက်မက်ဖွယ် သေဆုံးသွားစေနိုင်လေသည်။
ပိုင်ကျိုး၏ဖခင်မှာ ထိုသားသတ်သမားများထဲမှ တစ်ဦးဖြစ်ခဲ့သည်။
သူ့အကြောင်းနှင့်ပတ်သက်၍ အထူးအလည် ပြောစရာမရှိသော်လည်း တစ်ခုတည်းသော အကြောင်းရင်းမှာ ကွယ်လွန်ချိန်တွင် သူ့ရာထူးအားဆက်ခံခဲ့သည့် သားဖြစ်သူထံသို့ သူ၏ကျွမ်းကျင်မှုများကို သင်ကြားပေးခဲ့ခြင်းကြောင့်ပင်ဖြစ်၏။