အခန်း ၃၇၇
Vol. 38 Ch. 377
အခန်း (၃၇၇) - လေပြည်ညင်းသားသတ်သမား
အသက် ၁၄ နှစ်အရွယ်တွင် ဖခင်ဖြစ်သူကွယ်လွန်သွားပြီးနောက် ပိုင်ကျိုးသည် သားသတ်သမားတစ်ဦးအဖြစ် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့သည်။
သူ့တွင် ညီငယ်၊ ညီမငယ်နှစ်ဦးရှိပြီး ဒေသတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သော များပြားလှသည့် သားရဲလှိုင်းလုံးများအနက် လှိုင်းလုံးတစ်ခုအတွင်း ဒဏ်ရာရရှိထားသော နာမကျန်းနေသည့် မိခင်တစ်ဦးလည်းရှိလေသည်။
ထိုမျှငယ်ရွယ်သော အသက်အရွယ်၌ပင် ဝိညာဉ်သားရဲများ၏ ခန္ဓာကိုယ်များအား ခုတ်ထစ်ရာတွင် အလွန်သေချာစေ့စပ်လှသောကြောင့် သူ၏နာမည်မှာ လျင်မြန်စွာ ကျော်ကြားလာခဲ့၏။
ထိုမျှမက ကျင့်ကြံခြင်းတွင်လည်း ပါရမီရှင်အဆင့်နီးပါး စွမ်းရည်ကို ပြသနိုင်ခဲ့ပေသည်။
အသက် ၁၆ နှစ်အရွယ်တွင် သူသည် အခြေတည်အဆင့်သို့ ချိုးဖောက်ရောက်ရှိနေပြီဖြစ်ကာ အပြာရောင်အဆင့်တိုင်လုံးများကိုပါ ပိုင်ဆိုင်ထားလေသည်။
တော်ဝင်မိသားစုသည် သူတို့ပိုင်ဆိုင်သည့် နည်းပါးလှသော အရင်းအမြစ်များကို အသုံးပြုကာ ပိုင်ကျိုးအား ပြုစုပျိုးထောင်ပေးရန် အလျင်အမြန် ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် သူနှင့် သူ၏မိသားစုကို မြို့တော်သို့ ပြောင်းရွှေ့ပေးရန်နှင့် သားသတ်သမားရာထူးကို ပြောင်းလဲပေးရန်ပင် ကမ်းလှမ်းခဲ့ကြ၏။
ပိုင်ကျိုးမှာ မိသားစုပြောင်းရွှေ့ခြင်းကို သဘောတူခဲ့သော်လည်း သားသတ်သမားအဖြစ်သာ ဆက်လက်နေထိုင်လိုခဲ့သည်။ ထိုကာလအတွင်း၌ပင် ဟင်းချက်ခြင်းကို စတင်ခဲ့ခြင်းဖြစ်ပေသည်။
သူသည် ပျက်စီးနေသော အသေကောင်များနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို သန့်စင်ကာ ၎င်းတို့မှ အသားဟင်းလျာအနည်းငယ်ကို ချက်ပြုတ်လေ့ရှိခဲ့သည်။
တော်ဝင်မိသားစုက မလိုလားသော်လည်း ခွင့်ပြုပေးခဲ့ရ၏။
ထိုသို့ဖြင့် ပိုင်ကျိုးလေး၏ နာမည်ဂုဏ်သတင်းမှာ လက်တစ်ဖက်ဖြင့် ဝိညာဉ်သားရဲများကို ခုတ်ထစ်ကာ အခြားလက်တစ်ဖက်ဖြင့် ချက်ပြုတ်တတ်သော စစ်မြေပြင်သားသတ်သမားတစ်ဦးအဖြစ် တဖြည်းဖြည်း ကျော်ကြားလာခဲ့လေသည်။
သူ၏ပါရမီများ ထွက်ပေါ်လာမှုနှင့်အတူ လူသားများနှင့် ဉာဏ်ရည်တူပြီး ရှည်လျားသောသက်တမ်းကြောင့် လူသားများထက်ပင် ပို၍ပါးနပ်လှသည့် အမြုတေဖွဲ့စည်းခြင်းအဆင့်ဝိညာဉ်သားရဲများသည် သူ့ကို ပစ်မှတ်ထားလာကြတော့သည်။
ရှည်လျားလှသောစစ်ပွဲနှစ်များအတွင်း ထိုဝိညာဉ်သားရဲများသည် ၎င်းတို့၏ ကောက်ကျစ်စဉ်းလဲမှုများနှင့်အတူ လူသားများနှင့်ဆင်တူသော ပူးပေါင်းဆောင်ရွက်မှုမျိုးအား အမြဲတစေ ပြသခဲ့ကြ၏။
ထိုနှစ်များတစ်လျှောက်တွင် သူတို့သည် စစ်မြေပြင်၌ ပေါ်ထွက်လာသော ထူးချွန်သည့် ပါရမီရှင်တိုင်းအား အထူးတလည် ပစ်မှတ်ထားလေ့ရှိကြောင်း လူသိများခဲ့သည်။
ပါရမီရှင်တစ်ဦးကို သတ်ဖြတ်နိုင်ရန်အတွက် ၎င်းတို့အထဲမှ အကောင်ရာနှင့်ချီကို စတေးရမည်ဆိုလျှင်ပင် ဝန်မလေးကြပေ။
ပိုမိုဆိုးရွားသော အခြေအနေများတွင်ဆိုလျှင် ၎င်းတို့ထဲမှအချို့သည် မျိုးနွယ်စုဆိုင်ရာ အနံ့အာရုံစွမ်းရည်များကို အသုံးပြု၍ ထိုပါရမီရှင်များကို မှတ်သားထားတတ်ကြပြီး သတိလက်လွတ်ဖြစ်နေချိန်တွင် ဝင်ရောက်တိုက်ခိုက်တတ်ကြလေသည်။
တစ်ခါက အသက် ၃၇ နှစ်ခန့်ရှိသော အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် လူငယ်စစ်သူကြီးတစ်ဦးရှိခဲ့ဖူးသည်။
သူသည် ထိုအသက်အရွယ်၌ပင် ဓားချီကို ဖော်ထုတ်နိုင်ခဲ့ပြီး နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်မည့် အလားအလာများကို ပြသနေခဲ့၏။
သူ၏ ထွန်းတောက်မှုမှာ လူတိုင်းအပေါ် လွှမ်းမိုးနိုင်ခဲ့သည်။
သို့သော် ဝိညာဉ်သားရဲများက သူ့ထံမှအန္တရာယ်ကို သတိပြုမိသွားသောအခါ တိုက်ပွဲတစ်ခုအတွင်း၌ သူ့အား မီးခိုးရောင်ပြာပိုးဖလံ၏ ဖုန်မှုန့်များဖြင့် မှတ်သားခဲ့ကြလေသည်။
ဝိညာဉ်သားရဲများသည် ထိုပြာအနံ့ကို အသုံးပြုကာ အခွင့်အရေးကို စောင့်ဆိုင်းရင်း သူ့နောက်သို့ အဆက်မပြတ် ခြေရာခံခဲ့ကြသည်။
အခွင့်ကောင်းရချိန်တွင်မူ ကိုယ်ပျောက်ခြင်းနှင့် အဆိပ်အတတ်တွင် ကျွမ်းကျင်သော အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ဝိညာဉ်သားရဲဒါဇင်ကျော်ခန့်သည် ၎င်းတို့၏ အသက်ကိုပင် ပဓာနမထားဘဲ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတော့သည်။
သူသည် ၎င်းတို့ထဲမှ ထက်ဝက်ခန့်ကို သတ်ဖြတ်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် အဆိပ်သင့်သွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သော နောက်ဆုံးဝိညာဉ်သားရဲနှစ်ကောင်၏ စားသောက်ခြင်းကို ခံလိုက်ရလေသည်။
ဤအဖြစ်အပျက်အပြီး၌ တော်ဝင်မိသားစုနှင့် အခြားသောအင်အားစုများသည် ပို၍ပင်သတိထားလာခဲ့ကြသည်။
သူတို့အနေဖြင့် ပါရမီရှင်များ ပစ်မှတ်ထားခံရနိုင်သည်ကို သိနေသော်ငြား ဖုံးကွယ်မထားနိုင်ခဲ့ကြပေ။
အထူးသဖြင့် သားရဲလှိုင်းလုံးများဝင်ရောက်လာချိန်တွင် ဝိညာဉ်သားရဲများ၏ ရက်စက်ကြမ်းကြုတ်သော အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် အသက်ရှူပေါက်ပင် မရခဲ့ကြချေ။
သူတို့ထိန်းချုပ်ထားနိုင်သော နယ်မြေအနည်းငယ်ကို ကာကွယ်ရန်အတွက် ယောက်ျား၊ မိန်းမ၊ ကလေးမရွေး လူအားလုံးကို အသုံးပြုရမည်ဖြစ်ရာ ပါရမီရှင်များကို ဖုံးကွယ်ထားပြီး အဖြစ်သည်းနေ၍မရနိုင်ပေ။
သူတို့လုပ်ဆောင်နိုင်ခဲ့သည့် အကောင်းဆုံးအရာမှာ ထိုပါရမီရှင်များကို အကောင်းဆုံး လေ့ကျင့်ပေးရန်နှင့် အစောင့်အရှောက်များ ခန့်အပ်ပေးခြင်းဖြင့် တတ်နိုင်သမျှ ကာကွယ်မှုပေးရန်သာဖြစ်သည်။
အဆိုပါအစောင့်အရှောက်များမှာ များသောအားဖြင့် သင်္ချိုင်းထဲသို့ ခြေတစ်ဖက်လှမ်းနေပြီဖြစ်သော အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်မှ အသက်အရွယ်ကြီးရင့်နေသည့် စစ်မှုထမ်းဟောင်းများဖြစ်ကြ၏။
သူတို့တွင် တာဝန်တစ်ရပ်သာ ရှိသည်။ ထိုတာဝန်မှာ အသက်ကို စတေးရမည်ဆိုလျှင်ပင် ပါရမီရှင်များကို ကာကွယ်ပေးရန်ဖြစ်သည်။
ထို့ကြောင့်ပင် အစောင့်အရှောက်တိုင်းအား အသက်ကို စတေး၍ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်မည့် တားမြစ်ဖျက်ဆီးရေးပညာရပ်တစ်ခုကို သင်ကြားပေးထားခြင်းဖြစ်ပေသည်။
ထိုတားမြစ်ပညာရပ်မှာ တော်ဝင်မိသားစုက နှစ်ထောင်ပေါင်းများစွာတိုင် ကြိုးပမ်းဖန်တီးထားခဲ့ရသော ပညာရပ်ဖြစ်ပြီး အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးက ဖော်ထုတ်လိုက်ချိန်၌ သူ၏စွမ်းအားမှာ နန်းတော်အဆင့်တစ်ပိုင်းကျင့်ကြံသူတစ်ဦးကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်စွမ်းရှိလေသည်။
ထိုသို့သောစွမ်းအားကို လက်ဝယ်ပိုင်ဆိုင်ထားခြင်းကြောင့် အဆိုပါစစ်မှုထမ်းဟောင်းကြီးများသည် ရုတ်တရက်ပေါ်လာသော သားရဲလှိုင်းလုံး သို့မဟုတ် လူငယ်စစ်သူကြီးကြုံတွေ့ခဲ့ရသည့် ချုံခိုတိုက်ခိုက်မှုမျိုးကို ရင်ဆိုင်ရလျှင်ပင် သူတို့ကာကွယ်ပေးရမည့်သူများ၏ လုံခြုံရေးကို အာမခံနိုင်ခဲ့ကြသည်။
ပိုင်ကျိုးသည်လည်း ပြသခဲ့သော ပါရမီများကြောင့် အစောင့်အရှောက်တစ်ဦး ခန့်အပ်ခံခဲ့ရသည်။
နောက်ဆုံးတွင် သူနှင့် ထိုစစ်မှုထမ်းဟောင်းကြီးတို့သည် ဟင်းချက်ခြင်းအပေါ် အခြေခံ၍ တည်ဆောက်ထားသော ခိုင်မာသည့် မိတ်ဆွေသံယောဇဉ်တစ်ခုကို ရရှိခဲ့ကြ၏။
ထိုစစ်မှုထမ်းဟောင်းကြီးမှာ ကျွမ်းကျင်သော စားဖိုမှူးတစ်ဦး မဟုတ်ပေ။ သို့သော် သူသည် ဘဲသားဟင်းလျာများအပေါ်တွင် အလွန်ရူးသွပ်သူတစ်ဦးဖြစ်ကာ ပိုင်ကျိုးကိုလည်း ဘဲသားချက်ပြုတ်နည်းများကို သင်ကြားပေးခဲ့သည်။
သူ၏စားသောက်ဆိုင်မှ အဓိကဟင်းလျာဖြစ်သော ရွှေရောင်မီးတောက်ဘဲကင်နှင့် ရွှေဘဲဟင်းလျာစားသောက်ဆိုင်၏ မီနူးစာရင်းထဲမှ အခြားသော ဘဲသားဟင်းလျာ အချို့သည် အဆိုပါ စစ်မှုထမ်းဟောင်းကြီးထံမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း ကောလာဟလများပင် ထွက်ပေါ်ခဲ့ဖူးလေသည်။
ထိုစကားများ မှန်ပါသည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သေချာသည်မှာ ထိုစစ်မှုထမ်းဟောင်းကြီးနှင့် သူ့အကြားက နက်ရှိုင်းသော မိတ်ဆွေသံယောဇဉ်ပင်ဖြစ်သည်။
ထို့ကြောင့်ပင် သူ အမြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေချိန်၌ ပိုင်ကျိုးအား ကယ်တင်ရန်အတွက် ထိုစစ်မှုထမ်းဟောင်းကြီး အသက်စတေးလိုက်ရသောအခါ ပိုင်ကျိုးမှာ အပြင်းအထန်တုန်လှုပ်ကာ စိတ်ထိခိုက်သွားခဲ့ရခြင်းဖြစ်ပေသည်။
ထိုအချိန်က ဟင်္သာပြဒါးနိုင်ငံတော်မှ ပြည်သူများနှင့် ဝိညာဉ်သားရဲများအကြား သူ၏ဂုဏ်သတင်းမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့သည်။
အထူးသဖြင့် လွန်ခဲ့သောနှစ်များအတွင်း နိုင်ငံတော်၏ ထိပ်သီးပုဂ္ဂိုလ်အချို့ကို သတ်ဖြတ်ခဲ့ဖူးသည့် ဝိညာဉ်သားရဲများကြားတွင် ပို၍ပင် ကျော်ကြားနေခဲ့၏။
ထို့ကြောင့်ပင် သူတို့က ပိုင်ကျိုးနောက်သို့ အကောင် ၃၀၀ ခန့်ပါဝင်သော သားရဲလှိုင်းလုံးငယ်တစ်ခုကို စေလွှတ်ခဲ့ခြင်းဖြစ်လေ၏။
ထိုအကောင်များအားလုံးမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် ရှိကြပြီး ၎င်းတို့အထဲတွင် အမြုတေဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသည့် အကောင် ၄ ကောင်ခန့်လည်း ပါဝင်လေသည်။
ထိုအချိန်က ပိုင်ကျိုး တာဝန်ကျနေသော နေရာဒေသသည် ထိုတိုက်ခိုက်မှုကြီး၏ ပြင်းထန်မှုကြောင့် သွေးချောင်းစီးသွားခဲ့ရကာ ကျင့်ကြံသူငါးသိန်းကျော်ခန့် သေဆုံးခဲ့ရသည်။
ပိုင်ကျိုးကမူ တားမြစ်ပညာရပ်အား အသုံးပြု၍ သူ့အား ထွက်ပြေးရန် လမ်းကြောင်းတစ်ခုဖန်တီးပေးခဲ့သော စစ်မှုထမ်းဟောင်းကြီးကြောင့်သာ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့ခြင်းဖြစ်သည်။
နောက်ဆယ်စုနှစ်တစ်ခုအတွင်း၌ သူသည် သားရဲလှိုင်းလုံးများရှိသည်ဟု ကောလာဟလထွက်ပေါ်လာသော မည်သည့်ရှေ့တန်းစစ်မျက်နှာပြင်သို့မဆို ရူးသွပ်နေသည့်အလား တဟုန်ထိုးဝင်ရောက်သွားကာ သားရဲတန်းပတ်ပတ်လည်ကို သတ်ဖြတ်ပစ်ခဲ့လေသည်။
ထိုတိုတောင်းလှသော အချိန်ကာလအတွင်းတွင် သူသည် ကျင့်ကြံခြင်းအခြေခံကို အမြုတေဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်သို့ တိုးမြှင့်နိုင်ခဲ့ပြီး သတ်ဖြတ်ခြင်းချီကိုပါ ဖော်ထုတ်နိုင်ခဲ့သည်။
နောက်ပိုင်းတွင်မူ သတ်ဖြတ်ခြင်းဆန္ဒကိုပါ တတ်မြောက်သွားခဲ့ရာ ၎င်းက သူ၏ ကျင့်ကြံခြင်းအခြေခံကို နန်းတော်အဆင့်တစ်ပိုင်းကျင့်ကြံသူအဖြစ် ရောက်ရှိသွားစေရန် တွန်းပို့ပေးခဲ့ပြီး နိုင်ငံတော်၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်လာစေခဲ့၏။
နန်းတော်အဆင့်တစ်ပိုင်းကျင့်ကြံသူတစ်ဦး ဖြစ်လာသည်နှင့်အမျှ သူ၏နောက်တွင်ရှိသော ဟင်္သာပြဒါးနိုင်ငံတော်သည် တန်ပြန်တိုက်ခိုက်မှုများကို စတင်ခဲ့သည်။
နောက်ဆုံးတွင် ဝိညာဉ်သားရဲများ၏ နယ်မြေများကို ဝင်ရောက်စီးနင်းကာ တဖြည်းဖြည်းချင်း ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းနိုင်ခဲ့ကြ၏။
နှစ်သုံးဆယ်အတွင်းတွင် နယ်မြေစုစုပေါင်း၏ ထက်ဝက်ခန့်ကို သိမ်းပိုက်ကာ နိုင်ငံတော်၏ ကိုယ်ပိုင်နယ်မြေများအဖြစ် ဖန်တီးနိုင်ခဲ့ကြပေသည်။
ထိုနှစ်သုံးဆယ်အတွင်းတွင် ပိုင်ကျိုးသည် နန်းတော်အဆင့်သို့ အောင်မြင်စွာ ချိုးဖောက်နိုင်ခဲ့ပြီး ထိုခရီးလမ်းတစ်လျှောက်တွင် 'လေပြည်ညင်းသားသတ်သမား' ဟူသော အမည်ပြောင်ကို ရရှိခဲ့လေသည်။
ဝိညာဉ်သားရဲတစ်ကောင်သည် ကာကွယ်ရေးတွင် ကျွမ်းကျင်သည်ဖြစ်စေ၊ မကျွမ်းကျင်သည်ဖြစ်စေ သူ၏သားသတ်ဓားအောက်တွင်မူ အားလုံးတန်းတူပင်ဖြစ်သည်။
သူ ဓားဝှေ့ယမ်းလိုက်တိုင်း၊ ပတ်ဝန်းကျင်ကို ပျက်စီးစေသည့် သိုင်းကွက်အများစုတွင် ပါဝင်လေ့ရှိသော ဟန်ကြီးပန်ကြီးစွမ်းအားပြသမှုမျိုး မရှိခဲ့ပေ။
ပိုင်ကျိုး သားသတ်ဓားကို ဝှေ့ယမ်းလိုက်တိုင်း တိုက်ခိုက်မှုမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်အခါမျှ ပစ်မှတ်ထက်ကျော်လွန်သွားခြင်း မရှိခဲ့ချေ။
ပစ်မှတ်ကိုယ်တိုင်ကပင် သူတို့ ခုတ်ပိုင်းခံလိုက်ရမှန်းကို အချိန်နှောင်းသွားသည်အထိ သတိမထားမိကြဘဲ ခန္ဓာကိုယ်များမှာ အလွန်ညင်သာစွာ နှစ်ခြမ်းကွဲသွားလေ့ရှိလေသည်။
သူသည် ခုတ်ပိုင်းခြင်းစွမ်းရည်များကို အမြင့်ဆုံးအဆင့်အထိ သွေးခဲ့သည်။
ဝိညာဉ်သားရဲကို ပြီးပြည့်စုံစွာ ခုတ်ပိုင်းရန်ဟူသော ရည်ရွယ်ချက်တစ်ခုတည်းဖြင့် သူ၏ ချီအင်အားနှင့် ဝိညာဉ်သားရဲ၏ အစိတ်အပိုင်းများ အလဟဿဖြစ်မှုကို အနည်းဆုံးဖြစ်စေရန်အတွက် ဓား၏ လှုပ်ရှားမှုတိုင်း၊ အသုံးပြုလိုက်သော စွမ်းအင်နှင့် ထိန်းချုပ်မှုတိုင်းကို အထူးတိကျစွာ လုပ်ဆောင်နိုင်ခဲ့ပေသည်။
မရေမတွက်နိုင်သော ဝိညာဉ်သားရဲများမှာ ထိုသားသတ်ဓားအောက်တွင် ကျဆုံးခဲ့ရပြီး ဖျက်ဆီးခြင်းခံခဲ့ကြရသည်။
နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်နေလင့်ကစား သူသည် မိမိ၏ဇာစ်မြစ်ကို မည်သည့်အခါမျှ မမေ့လျော့ခဲ့ပေ။
နောက်ဆုံးတွင် သူတို့သည် အစွမ်းအထက်ဆုံးနှင့် အကြမ်းတမ်းဆုံးသော ဝိညာဉ်သားရဲများခိုအောင်းရာ အဓိကနယ်မြေဖြစ်သည့် ဝင်ရိုးစွန်းအလင်းတောရိုင်းဆီသို့ ချီတက်ခဲ့ကြလေသည်။
ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံများ၊ ရက်စက်ကြမ်းကြုတ်စွာ အသတ်ခံရမည့် အန္တရာယ်နှင့် စားသောက်ခံရမည်ဟူသော ခြိမ်းခြောက်မှုများသာ မရှိခဲ့လျှင် ထိုနေရာသည် ညဘက်၌ ဝင်ရိုးစွန်းအလင်းတန်းများ လင်းလက်နေတတ်သည့် နိုင်ငံတော်တစ်ခုလုံး၏ အလှပဆုံးသော နေရာများထဲမှ တစ်ခုဖြစ်သည်။
ထို့ပြင် ထိုဒေသရှိ ဝိညာဉ်ချီမှာလည်း နိုင်ငံတော်တစ်ခုလုံးတွင် အသိပ်သည်းဆုံးဖြစ်လေသည်။
တော်ဝင်မိသားစုသည် ထိုနေရာကို တွေ့ရှိခဲ့ချိန်ကတည်းက သူတို့၏ ကိုယ်ပိုင်နယ်မြေအဖြစ်ဖန်တီးရန် အချိန်ကြာမြင့်စွာ စိတ်ကူးယဉ်ခဲ့ကြသော်လည်း မည်သည့်အခါမျှ ခြေချနိုင်ခဲ့ခြင်း မရှိပေ။
သို့သော် ဝိညာဉ်သားရဲများကို သတ်ဖြတ်ရာတွင် ကျွမ်းကျင်မှုကို အစွမ်းကုန်သွေးထားသည့် နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးနှင့်အတူဆိုလျှင်မူ နောက်ဆုံးတွင် စွမ်းဆောင်နိုင်လောက်မည်ဖြစ်ကာ နိုင်ငံတော်အတွင်းရှိ မြေလက်မတိုင်းအပေါ် အပြည့်အဝ ထိန်းချုပ်နိုင်တော့မည်ဟု မျှော်လင့်ခဲ့ကြသည်။
သို့သော် ဝမ်းနည်းဖွယ်ကောင်းစွာပင် အရာရာမှာ စီစဉ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။
သူတို့သည် တောအုပ်၏တစ်ဝက်ခန့်သို့သာ ရောက်ရှိနိုင်ခဲ့ပြီး ပြင်းထန်သော ဒဏ်ရာများနှင့်အတူ ပြန်လည်ဆုတ်ခွာခဲ့ရကာ ထိုအထဲတွင် ပိုင်ကျိုး၏ဒဏ်ရာများမှာ အပြင်းထန်ဆုံးပင်။
ထိုတောအုပ်ထဲတွင် ဆောင်းခိုနေသော နန်းတော်အဆင့် ဝိညာဉ်သားရဲတစ်ကောင်ရှိနေခဲ့ပြီး ဆူညံမှုကြောင့် နိုးထလာကာ တန်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
၎င်း၏ ကျင့်ကြံခြင်းအဆင့်ကို အတိအကျ မသိရသော်လည်း အိပ်တစ်ဝက်နိုးတစ်ဝက် အခြေအနေမျိုး၌ပင် ၎င်းသည် ပိုင်ကျိုးအား ဒဏ်ရာရစေနိုင်ခဲ့ပြီး ဝင်ရောက်လာသောအဖွဲ့ဝင်များ၏ သုံးပုံတစ်ပုံခန့်ကို သတ်ဖြတ်နိုင်ခဲ့ပေသည်။
နိုင်ငံတော်အတွင်း အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာခဲ့သည်။
ဝိညာဉ်သားရဲများသည် သူတို့၏ ကျန်ရှိနေသော နယ်မြေများအတွင်း၌သာ နေထိုင်ရင်း ကိုယ့်ကိုယ်ကိုထိန်းချုပ်ထားခဲ့ကြပြီး နိုင်ငံတော်ကလည်း ဝင်ရိုးစွန်းအလင်းတောရိုင်းအနီးသို့ ချဉ်းကပ်ရန်ဟူသော အတွေးများအားလုံးကို စွန့်လွှတ်လိုက်ကြတော့သည်။
ထိုတိုက်ပွဲအပြီးတွင်မှ ပိုင်ကျိုးသည် အခြေချနေထိုင်ခဲ့ပြီး ရွှေဘဲဟင်းလျာစားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်လေသည်။
လီရှုအတွက်မူ သူ၏ စားသောက်ဆိုင်မှ ဟင်းလျာများကို သဘောကျပြီး နတ်သုဒ္ဓါတမျှ ကောင်းမွန်သည်ဟု ထင်မြင်မိသော်ငြား ပိုင်ကျိုးအား တရားစွဲဆိုရန်ဟူသော အတွေးကို တွေးတောမိလိုက်ချိန်တွင်မူ ခံစားရသမျှအရာအားလုံးမှာ ထိတ်လန့်ကြောက်ရွံ့မှုသာဖြစ်ပေသည်။
သူမသည် ထောပတ်ကို ဓားဖြင့် လှီးဖြတ်သကဲ့သို့ အရေထူသော အမြုတေဖွဲ့စည်းခြင်းအဆင့် ဝိညာဉ်သားရဲများကို အလွယ်တကူ ခုတ်ပိုင်းနိုင်ပြီး ထိုအလုပ်တွင် အလွန်ကျွမ်းကျင်သည်ဟု နာမည်ကြီးနေသူတစ်ဦးကို တရားစွဲဆိုရန် တိုင်ကြားချက်တစ်ခု တင်သွင်းနေခြင်းဖြစ်သည်။
ရက်စက်ကြမ်းကြုတ်သောသတ်ဖြတ်ခြင်းများ ပါဝင်နေသည့် သူ၏ ဝိညာဉ်ဖိအားကို ခံစားလိုက်ရချိန်တွင်မူ ခြေထောက်များသာ ချက်ချင်းခွေယိုင်မသွားခဲ့ပါက ထွက်ပြေးမိမည်သာဖြစ်လေ၏။
တရားခွင်အတွင်း တဒင်္ဂမျှ တိတ်ဆိတ်သွားလေသည်။
"အဟမ်း”