← Chapters

အခန်း ၃၇၈

Vol. 38 Ch. 378

အခန်း ၃၇၈

Vol. 38 Ch. 378

အခန်း (၃၇၈) - ကြီးကြပ်ရေးမှူးများထံမှ အတွေ့အကြုံ

လီရှုတစ်ယောက် သူမကိုယ်သူမ ထက်ပိုင်းခြမ်းခံရတော့မည်ဟု ခံစားလိုက်ရချိန်တွင်ပင် ညင်သာသော လေပြည်လေးတစ်ခုက သူမပေါ်သို့ လွှမ်းခြုံသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးအား တည်ငြိမ်မှုနှင့် လန်းဆန်းမှုများကို ယူဆောင်လာပေးလေသည်။

တစ်ခဏအတွင်း နှေးကွေးလေးလံသွားသကဲ့သို့ ခံစားလိုက်ရပြီး နောက်တစ်ခဏတွင် ကစဉ့်ကလျားဖြစ်သွားသော ချီစွမ်းအင်များပင်လျှင် ထိုလေပြည်လေး၏ လွှမ်းမိုးမှုကို ခံလိုက်ရပုံရကာ ပြန်လည်သက်ဝင်လှုပ်ရှားလာပေသည်။

သူမ အလျင်စလို မော့ကြည့်လိုက်ရာ ယန်ချင်းက သူမအား ညင်သာစွာ ပြုံးပြနေသည်ကို မြင်တွေ့လိုက်ရသည်။

"အသက်ရှူပါဦး ဆိုင်ရှင်ပိုင်ကျိုး”

ပိုင်ကျိုးသည်လည်း အေးမြညင်သာသော လေပြည်လေး၏ လွှမ်းခြုံမှုကို ခံလိုက်ရသောကြောင့် ဒေါသများ ငြိမ်သက်သွားသည်ကို ခံစားလိုက်ရသည်။

သူသည် ဒေါသကြောင့် မိမိကိုယ်ကို ထိန်းချုပ်မှုမလွတ်သွားသော်ငြား သတ်ဖြတ်ခြင်းချီ သို့မဟုတ် သတ်ဖြတ်ခြင်းဆန္ဒကို လေ့ကျင့်ပျိုးထောင်ထားသူများသည် ၎င်းတို့၏ ရည်ရွယ်ချက် သို့မဟုတ် ချီသဘာဝကြောင့် ဖျက်ဆီးနိုင်စွမ်းနှင့် ပတ်သက်လာလျှင် အခြားသူများထက် အသာစီးရတတ်သော်လည်း ထိုသဘာဝကပင် သူတို့အား စိတ်ခံစားချက်အတက်အကျကို အလွယ်တကူ ဖြစ်စေတတ်လေသည်။

သတ်ဖြတ်ခြင်းချီ သို့မဟုတ် သတ်ဖြတ်ခြင်းဆန္ဒ၏ ရက်စက်ကြမ်းကြုတ်သော သဘာဝက သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများအပေါ် ဖိအားပေးလေ့ရှိပြီး စိတ်ခံစားချက် အလွယ်တကူပြောင်းလဲစေခြင်း သို့မဟုတ် ရူးသွပ်ကြမ်းတမ်းသွားစေခြင်းတို့ကို ဖြစ်စေတတ်ပေသည်။

ထို့ကြောင့် မိစ္ဆာမျိုးနွယ်မှမဟုတ်သော သတ်ဖြတ်ခြင်းချီအသုံးပြုသူအများစုသည် သူတို့၏ ဝိညာဉ်နှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေများကို ကြံ့ခိုင်စေသော သိုင်းပညာရပ်များဖြင့် ကျင့်ကြံခြင်းကို ဖြည့်စွက်လေ့ရှိကြ၏။

ထိုသို့ဖြည့်စွက်ခြင်းကို ကျင့်စဉ်ပညာရပ်တစ်ခုမှတစ်ဆင့် သို့မဟုတ် နယ်ပယ်အဆင့်ရှိသူများအပေါ် သက်ရောက်မှုရှိပြီး တည်ငြိမ်စေသည့် ဂုဏ်သတ္တိများရှိသည်ဟု လူသိများသော အဝါရောင်ဂျင်ဆင်းလက်ဖက်ခြောက်များကဲ့သို့ စိတ်ဝိညာဉ်ကို တည်ငြိမ်စေသည့် သဘာဝရတနာ သို့မဟုတ် ပစ္စည်းတစ်ခုခုဖြင့် ပြုလုပ်နိုင်ပေသည်။

သို့သော်လည်း အများစုမှာ ကျင့်စဉ်ပညာရပ်တစ်ခုကို အသုံးပြုရန် သို့မဟုတ် ပန်းချီဆွဲခြင်း၊ တူရိယာတီးခတ်ခြင်း၊ ပင်လယ်နှင့်ကောင်းကင်ကို ငေးကြည့်ခြင်းစသည့် စိတ်ကို အသစ်ပြန်လည်လန်းဆန်းစေပြီး ကြံ့ခိုင်လာစေရန် ကူညီပေးသော ဒုတိယအလုပ်အကိုင်များအား လုပ်ကိုင်ရန် ရွေးချယ်လေ့ရှိကြသည်။

ပိုင်ကျိုး၏ အခြေအနေအရ ချက်ပြုတ်ခြင်းက သတ်ဖြတ်ခြင်းဆန္ဒ၏ ရက်စက်ကြမ်းကြုတ်သော သဘာဝကို ထိန်းချုပ်နိုင်ရန် ကူညီပေးသည့်အရာဖြစ်မည်ဟု ယန်ချင်း ယူဆလိုက်မိကာ ကံကြမ္မာ၏ လှောင်ပြောင်မှုတစ်ခုကဲ့သို့ပင် သူ၏ စားသောက်ဆိုင် ပစ်မှတ်ထားခံနေရသည်ဟု ခံစားလိုက်ရချိန်၌ သူက အနည်းငယ်ပြင်းထန်သော တုံ့ပြန်မှုမျိုး ပြသခဲ့ရခြင်းဖြစ်လေသည်။

"စိတ်မရှိပါနဲ့၊ ကျွန်တော် ခဏလောက် ကိုယ့်ကိုယ်ကိုထိန်းချုပ်မှုလွတ်သွားမိတယ်”

စက္ကန့်အနည်းငယ်ခန့်က ဖြူဖျော့နေခဲ့သော အသားအရည်မှ ပြန်လည်ကောင်းမွန်လာပုံရသည့် လီရှုနှင့် ယန်ချင်းတို့နှစ်ဦးလုံးကို ပိုင်ကျိုးက လက်ဆုပ်ကာ တောင်းပန်လိုက်၏။

'သူက တကယ်ပဲ နန်းတော်အဆင့်တစ် ကျွမ်းကျင်သူတစ်ယောက်လား’

ယန်ချင်း၏ချီက သူ့အပေါ် တည်ငြိမ်စေကာ သက်ရောက်မှုရှိသော်လည်း သူ အသိစိတ်ပြန်လည်လာသည့် အကြောင်းရင်းတစ်ခုမှာ သူ၏အခြေအနေက ယန်ချင်းအား အလွယ်တကူ မသက်ရောက်နိုင်သည့်အပေါ် အံ့သြတုန်လှုပ်သွားခြင်းကြောင့် ဖြစ်သည်။

ယန်ချင်းသည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်မထားခဲ့သောကြောင့် တရားခွင်အတွင်းသို့ ဝင်ရောက်လာချိန်တွင် နန်းတော်အဆင့်နှစ်၌ရှိနေသော ပိုင်ကျိုးအတွက် အာရုံခံမိရန် လွယ်ကူလှပေသည်။

ထို့ကြောင့် ယန်ချင်းသည် ပထမအဆင့်၏ အထွတ်အထိပ်နှင့် နီးကပ်နေပုံရကြောင်း သူ သိထားခဲ့၏။

ယန်ချင်းသည် သူ့ထက် အဆင့်ငယ်တစ်ခုစာ ပိုမိုအားနည်းနေသော်ငြား ပိုင်ကျိုး တုံ့ပြန်ရန် အခွင့်အရေးမရလိုက်ခင်မှာပင် အခြေအနေကို လွှမ်းမိုးနိုင်ခဲ့လေသည်။

ထိုအဖြစ်အပျက်သည် ဝိညာဉ်သားရဲများကို နှစ်ပေါင်းများစွာ သတိထားစောင့်ကြည့်ခဲ့ရခြင်းကြောင့် ဟင်္သာပြဒါးနိုင်ငံရှိ စားသောက်ဆိုင်၏ မီးဖိုချောင်တွင်ဖြစ်စေ၊ တရားရုံးတော်၏ တရားခွင်အတွင်း၌ဖြစ်စေ၊ မိမိပတ်ဝန်းကျင်အပေါ် အလွန်အမင်း အာရုံခံစားလွယ်သူအဖြစ် ကာလကြာရှည်စွာ ကြီးပြင်းလာခဲ့ပြီး မည်သည့်အခါမျှ သတိလက်လွတ်မနေတတ်သော ပိုင်ကျိုးအတွက် အလွန်အမင်း အံ့သြတုန်လှုပ်ဖွယ်ကောင်းလှပေသည်။

သို့သော် သူ တုံ့ပြန်နိုင်ခြင်းမရှိခင်မှာပင် ယန်ချင်းက သူ၏ ကာကွယ်မှုအားလုံးကို ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့သည်။

အခြားတစ်ဖက်တွင်မူ ယန်ချင်းသည် ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်အတွေးမျှ မရှိပေ။

ပိုင်ကျိုး၏ ကာကွယ်မှုကို ဖောက်ထွင်းဝင်ရောက်ခြင်းမှာ သူ့အတွက် ခက်ခဲသော ကိစ္စတစ်ခုမဟုတ်ချေ။

ပိုင်ကျိုးသည် သူ့ထက် အဆင့်ငယ်တစ်ခုစာမျှသာ ပိုမြင့်ပြီး တာအိုအခြေခံအုတ်မြစ်များ၊ အမြုတေအမျိုးအစားနှင့် သူ၏ ပြိုင်ဘက်ကင်း ကျောက်စိမ်းခန္ဓာအပါအဝင် အခြားသောအချက်များနှင့် ပတ်သက်လာပါက သူသည် ပိုင်ကျိုးထက် အဆပေါင်းများစွာ သာလွန်နေခဲ့သည်။

ထို့အပြင် အကယ်ဒမီမှ ကြီးကြပ်ရေးမှူးများဟူသော အခြားအချက်တစ်ချက်လည်း ရှိနေသေးသည်။

သူသည် သေးသိမ်လှသော ချီသန့်စင်ခြင်းကျင့်ကြံသူလေးအဖြစ်သာ ရှိနေသေးချိန်က ထိုကြီးကြပ်ရေးမှူးများ၏ ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်မှုကို လေးနှစ်တိုင်တိုင်ခံခဲ့ရဖူးသည်။

သူတို့သည် ပိုင်ကျိုးထက် အဆင့်ပေါင်းများစွာပိုမြင့်မားကြကာ ထိုအထဲတွင် ပိုင်ကျိုးထက် အဆပေါင်းများစွာ ပိုမိုသိပ်သည်းပြီး ပိုမိုသန့်စင်သည့် သတ်ဖြတ်ခြင်းဆန္ဒကို ပိုင်ဆိုင်ထားသူအနည်းငယ်လည်း ပါဝင်လေသည်။

သူတို့သည် ကျောင်းသားငယ်များ၏ စိတ်နှလုံးကို လေ့ကျင့်ပေးရန်နှင့် 'ကြိုတင်ပြင်ဆင်' ပေးရန်အတွက် ထိုသတ်ဖြတ်ခြင်းဆန္ဒဖြင့် ကျောင်းသားငယ်များကို ရံဖန်ရံခါ ဆေးကြောပေးလေ့ရှိကြ၏။

ထိုကြီးကြပ်ရေးမှူးများ၏ သတ်ဖြတ်ခြင်းဆန္ဒနှင့် နှိုင်းယှဉ်လိုက်ပါက ပိုင်ကျိုး၏ သတ်ဖြတ်ခြင်းဆန္ဒသည် ယန်ချင်းအတွက် နွေဦးရာသီမှ ငြိမ်းချမ်းသော မြက်ခင်းပြင်တစ်ခုနှင့်သာ တူနေပြီး နှစ်ပေါင်းများစွာတိုင် စုပ်ယူခံစားခဲ့ဖူးလေသည်။

အကယ်၍ သူတို့နှစ်ဦးလုံးမှာ အဆင့်တူလုနီးပါးဖြစ်နေပြီး ပိုင်ကျိုးကဲ့သို့ တစ်စုံတစ်ယောက်ကိုပင် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိပါက သူ၏ တစ်နှစ်စာလစာငွေများအားလုံးကို ထိုကြီးကြပ်ရေးမှူးများထံ သူ့အား ကောင်းမွန်စွာ စောင့်ရှောက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်စကားအဖြစ် ပေးအပ်လိုက်သင့်ပေသည်။

"တရားသူကြီးယန်ချင်း၊ တာအိုရောင်းရင်းလီရှု ခံစားခဲ့ရတဲ့အရာတွေကို ကျွန်တော် ကိုယ်ချင်းစာပေမယ့် ဒီကိစ္စက ကျွန်တော်တို့စားသောက်ဆိုင်နဲ့ ဘာမှမသက်ဆိုင်ဘူးလို့ ရဲရဲကြီးပြောရဲပါတယ်”

"အကောင်းဆုံးအရသာတွေကို ဖော်ထုတ်ပြသဖို့နဲ့ အရည်အသွေးကောင်းတာ သေချာစေဖို့အတွက် ကျွန်တော်တို့အသုံးပြုတဲ့ ပါဝင်ပစ္စည်းတိုင်းကို သေချာ ဂရုတစိုက်ပြင်ဆင်ပြီး ရှာဖွေထားတာပါ”

“ဒီအကြောင်းရင်းကြောင့်ပဲ စားသောက်ဆိုင်က နှစ်တွေကြာလာတာနဲ့အမျှ နာမည်ကြီးလာခဲ့တာပါ”

"ရွှေရောင်ဘဲကင်လိုမျိုး ကျွန်တော်တို့တည်ခင်းတဲ့ အသားဟင်းလျာတွေမှာသုံးတဲ့ ဘဲတွေဆိုရင်လည်း ကျွန်တော်တို့ကိုယ်တိုင် မွေးမြူထားတာတွေဖြစ်ပြီး တခြားဆိုင်တွေလိုမျိုး အချိန်တိုအတွင်း ဝဖြိုးလာစေဖို့နဲ့ ကြီးထွားမှုမြန်ဆန်စေဖို့အတွက်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဖောက်သည်တွေကို ဝိညာဉ်စွမ်းအင်ပိုပါဝင်တယ်လို့ လှည့်စားဖို့အတွက်ပဲဖြစ်ဖြစ် ဆေးလုံးတွေမသုံးပါဘူး”

"ကျွန်တော်တို့က သဘာဝအတိုင်းထွက်ရှိတဲ့ ဝိညာဉ်ဆေးပင်တွေကိုသုံးပြီး သူတို့ကို မွေးမြူထားတာဖြစ်သလို သူတို့ရဲ့ကြီးထွားမှုနဲ့ အသားအရည်အသွေးကိုလည်း စောင့်ကြည့်စစ်ဆေးပါတယ်”

“တကယ်လို့ ချို့ယွင်းချက်တစ်ခုခုတွေ့ခဲ့ရင် အဲဒီအကောင်ကို ကျွန်တော်တို့ မရောင်းပါဘူး”

“ကျွန်တော်က အချက်အပြုတ်ကို လေးစားတဲ့အတွက် ဆေးလုံးတိုက်တာမျိုးလို မဖွယ်မရာအပြုအမူတွေလုပ်ပြီး ယုတ်ညံ့အောင်မလုပ်ပါဘူး”

"စားသောက်ဆိုင်ဆိုရင်တောင် ကျွန်တော်က ပိုက်ဆံရဖို့အတွက်လုပ်နေတာ မဟုတ်ပါဘူး”

“သတ်မှတ်ထားတဲ့ စျေးနှုန်းတွေနဲ့ ကျွန်တော်အသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေရဲ့ အရည်အသွေးကိုကြည့်ရင် သိနိုင်ပါတယ်”

“ကျွန်တော်လုပ်နေတာက အရင်းကျေရုံထက် နည်းနည်းလေးပဲပိုတာပါ”

"ကျွန်တော် အရမ်းလေးစားရတဲ့ အဘိုးအိုတစ်ယောက်နဲ့အတူ မျှဝေခံစားခဲ့ရတဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့အတွက် ဒီစားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့တာပါ”

“အဲဒီအိပ်မက်ကတော့ အလွှာပေါင်းစုံကလူတွေ သုံးဆောင်နိုင်မယ့် တိုက်ကြီးပေါ်က အကောင်းဆုံးအသားဟင်းလျာတွေကို တည်ခင်းတဲ့ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ပါပဲ”

"ဒီအသားဟင်းလျာတွေက သူတို့အတွက် သက်သာရာရစေမယ့် အရာတစ်ခုဖြစ်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပါ”

ထိုအကြောင်းကိုပြောနေချိန်တွင် ပိုင်ကျိုး၏ မျက်နှာထက်၌ လွမ်းဆွေးမှုများ ဖုံးလွှမ်းသွားလေသည်။

"တရားသူကြီး၊ ဟင်္သာပြဒါးနိုင်ငံအကြောင်း နည်းနည်းပါးပါးတော့ကြားဖူးမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

ပိုင်ကျိုးက မေးလိုက်၏။

ထိုအခါ ယန်ချင်းက ခေါင်းညိတ်ပြလိုက်လေသည်။

All Chapters