အခန်း ၃၇၉
Vol. 38 Ch. 379
အခန်း (၃၇၉) - နောက်ဆုံးအချိန်များမှရရှိသော သင်ခန်းစာ
"ဇာတ်လမ်းတွေထဲမှာ အမှန်တရားနေပေမယ့် တချို့အရာတွေကို ပီပီပြင်ပြင်ဖော်ပြဖို့အတွက်တော့ စကားလုံး လုံးလုံလောက်လောက်မရှိဘူး”
“အဲဒီတုန်းက တကယ့်ငရဲပဲ။ ဘယ်အချိန်မှာ ကိုယ်သေမလဲ၊ ကိုယ့်မိန်းမသေမလဲ၊ ကိုယ့်ကလေးသေမလဲ၊ ကိုယ့်မိဘသေမလဲ၊ ကိုယ့်အစ်ကို၊ ညီမ၊ ဒါမှမဟုတ် ကိုယ်လက်ထပ်ချင်တဲ့မိန်းကလေး သေမလဲဆိုတဲ့ အမြဲတမ်း ခြောက်လှန့်နေတဲ့ အကြောက်တရားတွေပဲရှိခဲ့တာ”
“လူသားတွေရနိုင်တဲ့ ဇိမ်ကျကျနေထိုင်ခွင့်မျိုး ကျွန်တော်တို့မှာ မရှိခဲ့ဘူး”
"အကြောက်တရားက ကျွန်တော်တို့ရဲ့ ထာ၀ရအဖော်အဖြစ် ရှိနေခဲ့ပြီးတော့ နေထွက်ကနေ နေဝင်၊ နေဝင်ကနေ နေထွက်တဲ့အထိ အကြောက်တရားကပဲ ကျွန်တော်တို့ရဲ့ ဘဝနေထိုင်မှုပုံစံဖြစ်ခဲ့တာ”
“ရေစပ်နားက ပုရစ်အော်သံတွေ၊ နွေရာသီကိုကြေညာတဲ့ ပုစဉ်းရင်ကွဲအော်သံတွေ၊ နွေဦးကိုကြိုဆိုတဲ့ ငှက်ကလေးတွေရဲ့ တေးဆိုသံတွေကို နှစ်သက်တဲ့သူတွေ ရှိကြမှာပါ”
"ဒီအသံတွေက အသက်ရှင်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနဲ့ ပျော်ရွှင်ခြင်းကို ကိုယ်စားပြုပေမယ့် ကျွန်တော်တို့အတွက်တော့..."
ပိုင်ကျိုးက သနားစရာကောင်းသော အပြုံးတစ်ခုပြုံးလိုက်ရာ သူ၏ခန္ဓာကိုယ်သည်လည်း ပို၍ပိန်ချုံးသွားသကဲ့သို့ ထင်ရလေသည်။
သူက တုန်ယင်နေသော လက်များကို စိုက်ကြည့်ကာ တိတ်တဆိတ် ရယ်မောလိုက်၏။
"နန်းတော်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာတောင်မှ ကျွန်တော် ဒီအရာကနေ မလွတ်မြောက်နိုင်သေးဘူး ထင်ပါရဲ့”
သူက တစ်ကိုယ်တည်း တိုးတိုးလေးရေရွတ်လိုက်သည်။
"ကျွန်တော်တို့ ပုရစ်အော်သံတွေကို ကြားရတဲ့အချိန်မှာ အဲဒါတွေက အဆိုးရွားဆုံး အိပ်မက်ဆိုးတွေကို တူးဆွပေးမယ့် ပုံရိပ်ယောင်တွေနဲ့ ကယောင်ကတမ်းဖြစ်စေတဲ့ အသံတွေ ဖန်တီးနိုင်တဲ့ တွန့်လိမ်တေးဆိုပုရစ်တွေဆိုတာ သိလိုက်ရတယ်”
“ပုစဉ်းရင်ကွဲအော်သံတွေကတော့ ကျွန်တော်တို့ကို
အရှင်လတ်လတ်ပြုတ်မယ့် နေရောင်ခြည်လောင်ကျွမ်းစေတဲ့ မြူခိုးတွေရဲ့ ရှေ့ပြေးနိမိတ်ပဲ”
"ဒီနေ့အထိ အဲဒီမြူခိုးတွေက ပုစဉ်းရင်ကွဲတွေဆီကနေ လာတာလား၊ ဒါမှမဟုတ် တခြားဘယ်ကနေ လာတာလဲဆိုတာကို ကျွန်တော် မသိပေမယ့် အဲဒါကပေးတဲ့ ပျက်စီးဆုံးရှုံးမှုကတော့ တွေးကြည့်လို့တောင် မရနိုင်ဘူး”
ပိုင်ကျိုး၏အသံထဲတွင် တုန်ယင်မှုအနည်းငယ် ပါဝင်နေရင်း ပြောလိုက်သည်။
"ငှက်တွေနဲ့ပတ်သက်ပြီး ပြောရရင်တော့ သူတို့အုပ်စုနဲ့ တွေ့ရချိန်မှာ ဟင်္သာပြဒါးပြည်သူတွေ မျှော်လင့်နိုင်တာက နာကျင်မှုမရှိတဲ့ မြန်မြန်ဆန်ဆန်သေဆုံးခြင်းမျိုးပဲ”
“ဒါပေမယ့် ကံအရမ်းဆိုးနေမယ်ဆိုရင်တော့ အသက်ရှင်နေတုန်းမှာပဲ ကျွန်တော်တို့ကလီစာတွေက သူတို့ရဲ့ဥတွေဖောက်ဖို့ သားဖောက်ခန်းအဖြစ် အသုံးပြုခံရနိုင်တယ်”
"ဟင်္သာပြဒါးနိုင်ငံမှာ ဆယ်နှစ်နေနေ၊ အနှစ်တစ်ရာနေနေ၊ အနှစ်တစ်ထောင်နေနေ၊ ကံကောင်းတဲ့အခါမှာပဲဖြစ်ဖြစ်၊ ကံဆိုးတဲ့အခါမှာပဲဖြစ်ဖြစ်၊ အကြောက်တရားဆိုတာ အမြဲတမ်းရှိနေတဲ့ အရာတစ်ခုပဲ”
“အဲဒီနေရာနဲ့ ဘယ်တော့မှ အသားကျမှာ မဟုတ်ဘူး၊ တစ်ခုတည်းသော သက်သာရာရမှုက သေဆုံးခြင်းပဲ”
"ကျွန်တော့်အကြောင်းပျံ့နှံ့နေတဲ့ ဇာတ်လမ်းတွေထဲမှာ ကျွန်တော့်အဖေက ကျွန်တော့်ကို အသားခုတ်ထစ်တဲ့ ကျွမ်းကျင်မှုတွေ ဘယ်လိုသင်ပေးခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး ပိုပြောကြတယ်”
“ဒါပေမယ့် သူတို့မပြောခဲ့ကြတာက သူသေဆုံးတဲ့နေ့က ကျွန်တော် အဲဒီမှာ ရှိနေခဲ့တယ်ဆိုတာပဲ”
“အဖေက ပုံမှန်အတိုင်း အသေကောင်တွေကို ခုတ်ထစ်နေခဲ့တယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ သူသွားခဲ့ဖူးတဲ့ တခြားအမဲလိုက်ခရီးစဉ်တွေနဲ့ မတူဘူး”
"အဲဒီအသေကောင်တွေထဲမှာ သေချာမသေသေးတဲ့ အဝါရောင်ဂေါ်မုတ်မြေခွေးတစ်ကောင် ရှိနေခဲ့တယ်”
“အဖေက အဲဒါကို သွားခုတ်ထစ်တဲ့အချိန်မှာ အဲဒီအကောင်က မသေခင်မှာ နောက်ဆုံးကျန်နေသေးတဲ့ အသက်နဲ့ ခွန်အားမှန်သမျှကိုသုံးပြီး အဖေ့ကို အကြမ်းတမ်းဆုံးနည်းလမ်းနဲ့ ဆွဲဖြဲပစ်ခဲ့တယ်”
"တခြားသားသတ်သမားတွေ တုံ့ပြန်ဖို့ အချိန်မရခင်မှာပဲ အဖေ့ရဲ့ လက်တစ်ဖက်ဆွဲဖြဲခံလိုက်ရပြီး သူ့ရဲ့ကိုယ်လုံးလည်း ဝါးမျိုခံခဲ့ရတယ်”
“အဲဒီမြေခွေးက မကောင်းဆိုးဝါးဆန်ဆန်ပြုံးရင်း အဖေ့ရဲ့အရိုးတွေကို ကြိတ်ဝါးနေတဲ့ အသံကို ကြားနေရတဲ့ သွေးထွက်သံယိုအဖြစ်အပျက်ကြီးထဲမှာတောင် အဖေက နာကျင်လို့ တစ်ခွန်းမှ မအော်ခဲ့ဘူး”
"အဲဒီအချိန်က အဖေ့ရဲ့မျက်နှာအမူအရာကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်သလို ဒီနေ့အချိန်အထိလည်း ဘယ်တုန်းကမှ မမေ့ခဲ့ဘူး”
“အဲဒီမြေခွေးက သူ့ကို ဆွဲဖြဲနေတဲ့အချိန် သူ့မျက်နှာပေါ်မှာ အေးချမ်းတဲ့ အပြုံးတစ်ခုရှိနေခဲ့တယ်၊ စစ်မှန်တဲ့ သက်သာရာရမှုမျိုးပေါ့”
"အဲဒီအချိန်တုန်းက သူ အဲဒီလို ရက်ရက်စက်စက် ဆွဲဖြဲခံရတာတောင် ဘာလို့ ဒီလောက်တောင် သက်သာရာရနေတဲ့ပုံပေါက်နေလဲ ဆိုတာကို ကျွန်တော် နားလည်နိုင်ခဲ့တယ်”
“ဒါပေမယ့် ကျွန်တော် ပိုကြာကြာအသက်ရှင်လာလေလေ၊ အဲဒါကို ပိုပြီးသဘောပေါက်လာလေလေပဲ”
“ဒါကြောင့်လည်း တော်ဝင်မိသားစုက ကျွန်တော့်ကို အန္တရာယ်သိပ်မရှိတဲ့ တခြားရာထူးတစ်ခုပြောင်းယူဖို့ ပြောခဲ့တုန်းက ကျွန်တော် ငြင်းဆန်ခဲ့တာပါ”
"ကျွန်တော်က သားသတ်သမားတစ်ယောက်ပဲ ဖြစ်ချင်ခဲ့တယ်။ တခြားသူတွေကို ကာကွယ်ဖို့ ဒါမှမဟုတ် တိုင်းပြည်ကိုကာကွယ်ဖို့ဆိုတဲ့ ကိုယ်ကျိုးစွန့်တဲ့ တာဝန်သိစိတ်မျိုးတွေကြောင့် မဟုတ်ဘူး”
“အဲဒီနေ့က အဖေ့မျက်နှာပေါ်မှာတွေ့ခဲ့ရတဲ့ လွတ်မြောက်မှု၊ အဲဒီလွတ်မြောက်မှုကို ကျွန်တော် လိုချင်ခဲ့လို့ပါ”
"အဲဒီနောက်ဆုံးအချိန်လေးက ကျွန်တော့်အတွက်တော့ သူပေးခဲ့တဲ့ နောက်ဆုံးသင်ခန်းစာတစ်ခုလို့ သတ်မှတ်ထားတယ်”
"ကျွန်တော် ဒါတွေကို ထပ်သည်းခံစရာမလိုတော့ဘူး၊ အခုတော့ ထာဝရ အိပ်စက်လို့ရပြီဆိုတာကို သိလိုက်ရလို့ရလာတဲ့ ငြိမ်းချမ်းမှုနဲ့ နှစ်သိမ့်မှုမျိုးလေ”
"အမြဲတမ်းကြောက်လန့်နေရတဲ့ အကြောက်တရားက လူတစ်ယောက်ကို သေခြင်းတရားက ရက်စက်ပေမယ့်လည်း ကိုယ်ရနိုင်သမျှထဲမှာ အကောင်းဆုံးလက်ဆောင်တစ်ခုလို့ ခံစားရတဲ့အထိ ဖြစ်စေတယ်”
ပိုင်ကျိုးက လေးနက်သောလေသံဖြင့် ပြောလိုက်လေသည်။
"ကျွန်တော့်ကို တာဝန်ပေးထားတဲ့ အစောင့်အရှောက်ဖြစ်တဲ့ ကျွန်တော့်ဆရာနဲ့သာ မတွေ့ခဲ့ဘူးဆိုရင် ကျွန်တော်လည်း သူ့လိုပဲ ဇာတ်သိမ်းသွားမှာပါ”
"သူက သေဆုံးခြင်းကို အဓိကမထားတဲ့ တခြားသက်သာရာရမှုပုံစံတစ်မျိုးကို ပြသပေးခဲ့တယ်၊ အဲဒါကတော့ ဟင်းချက်တာပဲ”
"ဟင်းချက်တာနဲ့ အစားအစာကောင်းတွေကို ခံစားစားသောက်တာက ကျွန်တော့်ကို အသက်ရှင်သန်ဖို့ ကူညီပေးခဲ့တယ်၊ အဲဒါကြောင့်ပဲ ကျွန်တော့်စားသောက်ဆိုင်ကို ထိခိုက်နစ်နာအောင် လုပ်မှာမဟုတ်ဘူး”
“ရွှေဘဲဟင်းလျာဆိုင်က တခြားသူတွေအတွက် စားသောက်ဆိုင်တစ်ဆိုင်ပဲဆိုပေမယ့် ကျွန်တော့်အတွက်တော့ အသက်ကယ်တင်ရှင်ဖြစ်ပြီး အသက်ရှင်နေသေးကြောင်း သက်သေတစ်ခုပဲ”
“အဲဒါကြောင့်ပဲ ကျွန်တော်က ဒီဆိုင်ကို ကျွန်တော့်အသက်နဲ့မခြား သဘောထားမှာပါ၊ ဘာလို့လဲဆိုတော့ တကယ်လည်းဟုတ်နေလို့ပဲ”
လီရှုကို ရင်ဆိုင်လိုက်ချိန်တွင် ပိုင်ကျိုး၏အကြည့်များက ခိုင်မာသွားလေ၏။
"တာအိုရောင်းရင်းလီရှု၊ ကျွန်တော် ခင်ဗျားကိုရော တရားရုံးတော်ကိုပါ အာမခံနိုင်ပါတယ်၊ ကျွန်တော်တို့စားသောက်ဆိုင်က ဒီကိစ္စနဲ့ ဘာမှမပတ်သက်ပါဘူး”
“ပြီးတော့ ခင်ဗျားရဲ့ ရောဂါဝေဒနာနဲ့ ပတ်သက်ပြီး ကျွန်တော်သာ ကူညီနိုင်မယ်ဆိုရင် ကူညီပေးမှာပါ”
“ဘာပဲဖြစ်ဖြစ် ခင်ဗျားက ကျွန်တော်တို့ရဲ့ ဖောက်သည်ပဲလေ၊ ဆိုင်ရှင်တစ်ယောက်အနေနဲ့ ကျွန်တော် ရည်ရွယ်ထားတာက သက်သာရာရမှုပေးစွမ်းနိုင်ဖို့ပါ”
“ဒါပေမယ့် ကျွန်တော့်ရဲ့ချီစွမ်းအင်က ကုသရေးအတွက် မသင့်တော်ဘူး”
“ပြီးတော့ ကျွန်တော်ကိုယ်တိုင်က နန်းတော်အဆင့်ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေပေမယ့် ကျွန်တော့်အချိန်အားလုံးကို ဟင်္သာပြဒါးနိုင်ငံမှာပဲ ကုန်ဆုံးခဲ့ရလို့ တခြားသူတွေကို သိပ်မသိဘူး”
“နောက်ပြီး ကျွန်တော့်ရဲ့ အရင်နောက်ခံသမိုင်းကြောင်းတွေကလည်း အဲဒီလိုလုပ်ဖို့အတွက် အခက်အခဲဖြစ်စေခဲ့တယ်”
"အဲဒီအတွက်တော့ တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့စားသောက်ဆိုင်က ခင်ဗျားရဲ့ ဆေးလုံးအဆိပ်သင့်မှုမှာ ဘာမှမပတ်သက်ပါဘူး”
ပိုင်ကျိုးက စာနာမှုအပြည့်ပါဝင်သည့် ရှားရှားပါးပါးအကြည့်တစ်ချက်ကို ပြသရင်း ပြောလိုက်လေသည်။
"ဒီလိုအခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တရားသူကြီးယန်ချင်း။ ဒီကိစ္စကို ခင်ဗျားရဲ့တရားရုံးတော်ကိုပဲ လွှဲအပ်ပါရစေ”
သူက ထပ်လောင်းပြောဆိုလိုက်သည်။
တရားရုံးတော်တွင် လေးလံထိုင်းမှိုင်းသော လေထုကြီး ဖုံးလွှမ်းသွားလေရာ ယန်ချင်းက ညင်သာစွာ သက်ပြင်းချလိုက်၏။
အမြဲတက်ကြွနေတတ်သည့် ရှာထင်၏ မျက်နှာပေါ်တွင်ပင် မှိုင်းညှို့နေသော အမူအရာတစ်ခု ရှိနေခဲ့ပြီး လီရှု၏ အကြည့်များကမူ ရှုပ်ထွေးကာ ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်နေပေသည်။
သူမ၏ လက်ရှိအခြေအနေကို ယန်ချင်း နားလည်နိုင်လေသည်။
တရားစီရင်ရေးမစတင်မီက သူမ၏ လက်ရှိရောဂါတွင် ထိုစားသောက်ဆိုင်ပါဝင်ပတ်သက်နေသည်ဟု သူမအနေဖြင့် လုံးဝ သေချာနေခဲ့သည်။
အဖြစ်အပျက်များစွာမရှိလှသော သူမ၏ ကျင့်ကြံခြင်းဘဝနှင့် စားသောက်ဆိုင်သို့ သွားရောက်ခြင်းတို့ကြောင့် သူမအတွက်မူ စားသောက်ဆိုင်မှ အဆိပ်ခတ်ခံရသည်ဟူသော ယုတ္တိမှာ ခိုင်မာနေခဲ့၏။
သို့ရာတွင် ပိုင်ကျိုးထံမှကြားသိရသော အသိအမြင်များအပြင် သူကိုယ်တိုင်နှင့် စားသောက်ဆိုင်အပေါ်ထားရှိသည့် သူ၏ ခိုင်မာသော ယုံကြည်ချက်တို့ကြောင့် အခြားဖြစ်နိုင်ခြေရှိသော သံသယဖြစ်ဖွယ်ရာများ မရှိသော်ငြား စားသောက်ဆိုင်က တကယ်တာဝန်ရှိသလားဟူသည့် အချက်အပေါ် သံသယဝင်လာခဲ့ပေသည်။
အကယ်၍ စားသောက်ဆိုင်မှမဟုတ်လျှင် သူမ၏ ဆေးလုံးအဆိပ်သင့်မှုက တခြားမည်သည့်နေရာမှ ဖြစ်လာနိုင်မည်နည်း။
"ဆိုင်ရှင်ပိုင်ကျိုးရဲ့ စကားတွေနဲ့ ရှင်းလင်းချက်အတွက် ကျေးဇူးတင်ပါတယ်”
“ထွက်ဆိုချက်နှစ်ခုလုံးရှိနေပြီမို့လို့ ကျွန်တော်တို့ နောက်တစ်ဆင့်ကို ဆက်သွားလို့ရပါပြီ”
"ရှာထင်၊ သူတို့ကို ဒီခေါ်လိုက်ပါ”