အခန်း ၂၀၁
Vol. 21 Ch. 201
အခန်း (၂၀၁) - အက်ဆစ်အဆိပ်ကင်းမြီးကောက်
နောက်တစ်နေ့…
လင်းဖန်သည် ထမင်းစားဆောင်တွင် နံနက်စာစားနေစဉ် ပတ်ဝန်းကျင်၌ လက်နက်ကိုင်လူအများအပြားရှိနေသည်ကို သတိပြုမိလိုက်သည်။
ထို့ကြောင့် သူတို့ထံ ရေနွေးကြမ်းလာချပေးသော စားပွဲထိုးကို ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
“ဒီနေ့ ဘာပွဲတွေများရှိလို့လဲ...”
“အော်... သူတို့က မဟာမိတ်အဖွဲ့က လက်နက်ကိုင်အစောင့်တွေလေ... မဟာမိတ်အဖွဲ့ခေါင်းဆောင်ရဲ့ သမီးက နဂါးကိုးကောင်ကုသရေးဆေးလုံးကို လိုအပ်နေလို့ သူတို့တွေ နဂါးအမြီးမြက်ကို ထွက်ရှာကြမှာတဲ့... အဲဒါက ဆေးဖော်စပ်ရာမှာလိုအပ်တဲ့ ဆေးမြစ်တွေထဲကတစ်ခုလေ...”
စားပွဲထိုးက စားပွဲပေါ်သို့ ရေနွေးအိုးချပေးရင်း ပြန်ဖြေလိုက်သည်။
လင်းဖန်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။
“ဘာလို့ နဂါးအမြီးမြက်က ရုတ်တရက်ကြီး ပြတ်လပ်သွားရတာလဲ... ကျုပ်သိထားသလောက်တော့ ဒါက ရှားပါးတဲ့အရာမှမဟုတ်တာ...”
စားပွဲထိုးသည် ပတ်ဝန်းကျင်တွင် မည်သူမျှမရှိကြောင်းသေချာစေရန် ဘယ်ညာသို့ လှည့်ကြည့်လိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။
“ကျွန်တော်လည်း သေချာတော့ မသိဘူးဗျ... ဒါပေမဲ့ ဒီအကြောင်း သိပ်မပြောတာ အကောင်းဆုံးပဲ...”
“ကျေးဇူးပဲ...”
လင်းဖန်သည် ရေနွေးတစ်ခွက်ကို ငှဲ့ကာ သောက်လိုက်လေသည်။
စားပွဲထိုး၏တုံ့ပြန်မှုအရ သူသည် လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ခုရှိနေကြောင်း အာရုံခံမိလိုက်သည်။
ထိုအချက်က သူတို့အတွက်တော့ ကောင်းမွန်ပေသည်။ ကုန်သည်များကို သတ်ဖြတ်မှုအတွက် သံသယများက သူတို့အပေါ် ကျရောက်လာမည်မဟုတ်ပေ။
မဟာမိတ်အဖွဲ့ခေါင်းဆောင်၏သမီးကို ဖယ်ရှားပစ်ရန် ကြိုးပမ်းနေသူကသာ သံသယဝင်စရာ အဓိကတရားခံ ဖြစ်လာပေလိမ့်မည်။
နံနက်စာစားပြီးနောက် သူတို့သည် ကျောက်စိမ်းကျားတောင်သို့သွားရန် ခရီးစတင်လိုက်ကြသည်။
နှင်းကျသော ဒေသများတွင်သာ ရေခဲတောင်ကြာပန်းကို ရှာဖွေတွေ့ရှိနိုင်ပေသည်။
အဝင်ဝရှိ အစောင့်များသည် သူတို့ပြန်ပေါ်လာသည်ကို မြင်သောအခါ အံ့ဩသွားကြသည်။
‘ဒီအသုံးမကျတဲ့ကောင်တွေက ဘယ်အချိန် လက်လျှော့ရမလဲဆိုတာကိုတောင် မသိကြဘူးပဲ...’
အစောင့်များက စိတ်ထဲမှ တွေးလိုက်ကြသည်။
ယနေ့တွင် မဟာမိတ်အဖွဲ့ဝင်များက အင်အားအပြည့်ထွက်လာကြရာ သူတို့အနေဖြင့် တစ်စုံတစ်ရာကို ရှာတွေ့နိုင်ရန်မှာ လုံးဝမဖြစ်နိုင်သလောက်ပင်။
သို့သော် လင်းဖန်သည် ထိုအရာများကို ဂရုမစိုက်နိုင်ပေ။ ကောဟယ်ရုက ဖြတ်သန်းခ ပေးချေလိုက်ပြီးနောက် သူတို့သည် ဆေးချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်သွားကြသည်။
လင်းဖန်၊ ဟိုမင်နှင့် ကောဟယ်ရုတို့သည် ထူထပ်သော တောအုပ်ကြီးထဲတွင် နေ့တစ်ဝက်ခန့် လမ်းလျှောက်ခဲ့ကြလေသည်။
မွန်းတည့်ချိန်တွင် သူတို့သည် ကျောက်စိမ်းကျားတောင်ခြေသို့ ရောက်ရှိလာကြသည်။
သူတို့အထက်တွင် နေမင်းကြီးမှာ တောက်ပနေပြီး ရေခဲတောင်ကြာပန်းကို စတင်ရှာဖွေလိုက်ကြသည်။
ဤနေရာတွင် ရေခဲတောင်ကြာပန်းရှင်သန်ရန် အကောင်းဆုံးအခြေအနေများရှိနေသဖြင့် ဤတစ်ကြိမ်တွင် ရှာဖွေရသည်မှာ အတော်လေး လွယ်ကူနေပေသည်။
၎င်းတို့သည် အမြောက်အမြား ပေါက်ရောက်နေပြီး မည်သည့်နေရာတွင်ရှာရမည်ကို သိပါက အလွယ်တကူ ရှာတွေ့နိုင်ပေသည်။
ကောဟယ်ရု၏ဗဟုသုတများက အသုံးဝင်ကြောင်း သက်သေပြနေသည်။ သူသည် ရေခဲတောင်ကြာပန်းများက နေရောင်ခြည် အလုံအလောက်ရသော တောင်နံရံများပေါ်တွင် ပေါက်ရောက်တတ်ကြောင်းကို သိရှိထားပေသည်။
သူတို့သည် နေရောင်ခြည် အတောက်ပဆုံးကျရောက်သည့် နေရာသို့သာ သွားရန်လိုအပ်ပေသည်။
လင်းဖန်သည် လှံကိုအသုံးပြုကာ တောင်နံရံများထဲသို့ ထိုးစိုက်လိုက်ပြီး ၎င်းအပေါ်တွင်ရပ်ကာ တောင်နံရံမှ ရေခဲတောင်ကြာပန်းကို ခူးယူလိုက်လေသည်။
ရေခဲတောင်ကြာပန်းသည် နှင်းများကဲ့သို့ ဖြူဖျော့ဖျော့အသွင်အပြင် ရှိပေသည်။
၎င်း၏အမြစ်များသည် တစ်မီတာခန့်ရှည်လျားပြီး လင်းဖန်သည် ၎င်းတို့ကို သူ၏ သိုလှောင်ရေးမှော်ရတနာထဲတွင် ချက်ချင်းသိမ်းဆည်းလိုက်ရသည်။
သူတို့ယူဆောင်လာသော ခြင်းတောင်းသည် ၎င်းတို့ကိုထည့်ရန် မကြီးမားပေ။
ခူးယူပြီးသွားသောအခါ သူသည် အောက်သို့ခုန်ချလိုက်ပြီး လှံရိုးကို ဖမ်းဆုပ်ထားလိုက်သည်။
ထို့နောက် သူသည် ခြေထောက်ကိုအသုံးပြုကာ တောင်နံရံများကိုကန်၍ လှံကို ဆွဲထုတ်လိုက်လေသည်။
အောက်သို့ ပြုတ်ကျလာစဉ်တွင် သူသည် ဆက်တိုက်ခုန်ပျံခြင်းစွမ်းရည်ကို အသုံးပြုလိုက်ပြီး ပြုတ်ကျသည့်အရှိန်ကို နှေးကွေးသွားစေရန် လေထုထဲတွင် ခြေချလိုက်သည်။
ထိုသို့ဖြင့် သူသည် မြေပြင်ပေါ်သို့ အန္တရာယ်ကင်းစွာ ပြန်လည်ကျဆင်းလာနိုင်ခဲ့သည်။
“အရမ်းကောင်းတာပဲ... အခု ငါတို့ပြန်သွားပြီး မင်းလိုအပ်တဲ့ ကောင်းကင်ပြန်လည်အားဖြည့်ဆေးလုံးတွေကို ဖော်စပ်လို့ရပြီ... ငါ့ရဲ့ ဆေးပညာကျင့်ကြံခြင်းစွမ်းရည်တွေကို မင်း မြင်တွေ့ရမယ့်အချိန်ကို ငါ မစောင့်နိုင်တော့ဘူး...”
ကောဟယ်ရုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
သူ၏ ဆေးချိုင့်ဝှမ်းသို့ ထွက်လာသည့်ခရီးစဉ်ကို အခြားသောအကြီးအကဲများက လှောင်ပြောင်ခဲ့ကြသည်။
ယခုအခါ သူတို့မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့ပြီး လိုအပ်သောဆေးမြစ်များကို သူကိုယ်တိုင်ရှာဖွေနိုင်ကြောင်း ပြသနိုင်ခဲ့ချေပြီ။
သို့သော်လည်း လင်းဖန်က ထွက်ခွာရန် မလောသေးပေ။
မြေပုံပေါ်တွင် အမှတ်အသားပြုထားသောဂူက အနီးအနားတွင်သာ ရှိသည်။
သူက အက်ဆစ်အဆိပ်ကင်းမြီးကောက်ကို သတ်ဖြတ်ရန် စဉ်းစားနေသည်။
“ကျုပ် ဖြေရှင်းစရာကိစ္စလေးတွေ ရှိသေးတယ်...”
လင်းဖန်က မြေပုံကိုထုတ်ယူကာ လမ်းကြောင်းရှာဖွေရင်း ပြောလိုက်သည်။
“ငါ့အကူအညီ လိုသေးလား...”
လင်းဖန်တစ်ယောက် အန္တရာယ်များသည့်အရာတစ်ခုအား လုပ်တော့မည်ကို သိနေသောကြောင့် ဟိုမင်က မေးလိုက်သည်။
“သေချာတာပေါ့... မင်းနဲ့ ကောဟယ်ရုက ခပ်လှမ်းလှမ်းကနေ အရင်စောင့်နေကြ... အက်ဆစ်အဆိပ်ကင်းမြီးကောက်က ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါ အရင် စမ်းသပ်ကြည့်လိုက်မယ်...”
လင်းဖန်က ပြန်ဖြေလိုက်သည်။
ဟိုမင်က ခေါင်းညိတ်ပြလိုက်ပြီး ကောဟယ်ရုမှာလည်း သူတို့နောက်သို့ လိုက်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
အက်ဆစ်အဆိပ်ကင်းမြီးကောက်ရှိနေသည့် ဂူအနီးသို့ရောက်ရှိသွားချိန်တွင် လေတိုက်ခတ်လာသည်နှင့်အတူ အလွန်ဆိုးရွားသော အပုပ်နံ့ကြီးက သူတို့ဆီသို့ လွင့်ပျံလာသည်။
ထိုအနံ့ကြီးက အေးစက်စိုစွတ်နေသည့်ရာသီဥတုတွင် ပုပ်သိုးဆွေးမြည့်နေသော အလောင်းကောင်များနှင့် သေခြင်းတရား၏ အနံ့အသက်မျိုး ဖြစ်ပေသည်။
“ငါ အဲဒီကောင်ကို အပြင်ရောက်အောင် အရင်မျှားထုတ်လိုက်မယ်... မင်းတို့က ဒီချုံပုတ်အနောက်မှာ ပုန်းနေကြ၊ ဟိုမင်၊ ငါ အကူအညီလိုရင် မင်းကို ခေါ်လိုက်မယ်...”
လင်းဖန်က ဂူဆီသို့ တစ်ယောက်တည်းလျှောက်သွားရင်း သူတို့ကို ညွှန်ကြားလိုက်သည်။
သူက ဂူအပြင်ဘက်တွင်ရပ်ကာ စောင့်ဆိုင်းနေလိုက်သည်။
ထိုနေရာတစ်ဝိုက်တွင် အဝတ်အစားစများ၊ ဓားများကဲ့သို့သောပစ္စည်းများနှင့် ကြေးဒင်္ဂါးများက နေရာအနှံ့ ပြန့်ကျဲနေသည်။
သူ၏ပတ်ဝန်းကျင်ရှိ ကျောက်တုံးများသည် မညီမညာဖြစ်နေပြီး စူးရှချွန်ထက်နေသည့် အနေအထားရှိသည်။
ဤအက်ဆစ်အဆိပ်ကင်းမြီးကောက်သည် လူပေါင်းများစွာ၏အသက်ကို နုတ်ယူခဲ့ပြီးဖြစ်လောက်ပေသည်။
ဂူထဲမှ အေးစက်သောလေများ တိုက်ခတ်နေသော်လည်း အချိန်အတန်ကြာသည်အထိ မည်သည့်အရာမျှ ဖြစ်မလာခဲ့ချေ။
ရုတ်တရက် ရင်းနှီးနေသောအသံတစ်ခုက သူ၏ခေါင်းထဲတွင် ထွက်ပေါ်လာတော့သည်။
[ဒင်...]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် ၅၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် အက်ဆစ်အဆိပ်ကင်းမြီးကောက်ကို သုတ်သင်ပါ။]
ကလဲ့စားချေအမှတ်များကို မြင်လိုက်ရသောကြောင့် လင်းဖန်က သူ၏သတိကို မြှင့်တင်လိုက်သည်။
သို့သော်လည်း အက်ဆစ်အဆိပ်ကင်းမြီးကောက်ကို မည်သည့်နေရာတွင်မျှ မတွေ့ရပေ။
သူက အသံမှတ်ဉာဏ်စွမ်းရည်ကိုအသုံးပြု၍ သေချာစွာ နားစွင့်လိုက်သည်။
ရှပ်...
သူ၏ခြေအောက်ရှိ သဲများနှင့် ကျောက်တုံးများက ရွေ့လျားသွားသည်။
လင်းဖန်က ဘေးဘက်သို့ အမြန် ခုန်ရှောင်လိုက်သည်။
ဘုန်း...
အက်ဆစ်အဆိပ်ကင်းမြီးကောက်၏အမြီးက မြေကြီးထဲမှ ထွက်ပေါ်လာချိန်တွင် မြေပြင်က ပေါက်ကွဲထွက်သွားလေသည်။
၎င်းက အစိမ်းရောင်အရည်များကို မှုတ်ထုတ်လိုက်ပြီး ထိုအရည်များ မြေပြင်နှင့် ထိတွေ့သွားချိန်တွင် ကျောက်တုံးများက အရည်ပျော်သွားသည်။
အက်ဆစ်အဆိပ်များ စိမ့်ဝင်သွားသည်နှင့်အမျှ ကျောက်တုံးများထဲမှ မီးခိုးငွေ့များ ထွက်ပေါ်လာတော့သည်။
ထို့နောက် အမြီးကြီးက မြေကြီးထဲသို့ ပြန်လည်ပျောက်ကွယ်သွားချေပြီ။
အက်ဆစ်အဆိပ်ကင်းမြီးကောက်ထံမှ နောက်ထပ်တိုက်ခိုက်မှုကိုမျှော်လင့်နေရင်း လင်းဖန်က လှံကို မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်သည်။
ရှပ်...
မြေကြီးနှင့် သဲများ ထပ်မံရွေ့လျားသွားသည့်အသံကို သူ ကြားလိုက်ရပြန်သည်။
သူသည် ဆက်တိုက်ခုန်ပျံခြင်းစွမ်းရည်ကိုအသုံးပြု၍ ထိုတိုက်ခိုက်မှုမှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင်မူ လုံလောက်အောင် မမြန်ဆန်ခဲ့ပေချေ။
အက်ဆစ်အဆိပ်အချို့က သူ၏ ခြေထောက်များပေါ်သို့ ပန်းထွက်လာသည်။
“အား...”
အက်ဆစ်အဆိပ်က သူ၏ အရေပြားကို လောင်ကျွမ်းဖောက်ထွင်းရန် ကြိုးစားလာချိန်တွင် တိုးညှင်းသော အော်ဟစ်သံတစ်ခုကို ထုတ်ဖော်လိုက်မိလေတော့သည်။