အခန်း ၂၀၃
Vol. 21 Ch. 203
အခန်း (၂၀၃) - အသက်ငယ်ရွယ်သော အကြီးအကဲ
ညအချိန်သို့ ရောက်လာချေပြီ။
သူတို့တည်းခိုခန်းသို့ ပြန်ရောက်သောအခါ သန့်စင်ဆေးကြောပြီးနောက် အနားယူလိုက်ကြသည်။ ထို့နောက် ညစာစားရန်အတွက် အောက်ထပ်ရှိ ထမင်းစားခန်းသို့ ဆင်းလာခဲ့ကြလေသည်။
“ဒါဆို မနက်ဖြန် ကျုပ်တို့ဒီကနေထွက်ပြီး ဂိုဏ်းကိုပြန်ကြတော့မှာလား...”
ကောဟယ်ရုက ဖက်ထုပ်တစ်ခုကို ဝါးစားနေရင်း မေးလိုက်သည်။
လင်းဖန်က ခေါင်းခါပြလိုက်သည်။
“မနက်ဖြန် ကျုပ် မဟာမိတ်အဖွဲ့ခေါင်းဆောင်ကို သွားရှာဖို့ရည်ရွယ်ထားတယ်... ကျုပ် ရွှေအမြုတေတက်လှမ်းခြင်းဆေးလုံးကို လိုချင်တယ်... ပြီးတော့ ဖြစ်နိုင်မယ်ဆိုရင် ခင်ဗျားရဲ့ဆေးပင်တွေကို ထောက်ပံ့ပေးနိုင်မယ့် ထိုက်တန်တဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကိုပါ ရနိုင်လောက်တယ်...”
“တကယ်လား...”
မဟာမိတ်အဖွဲ့ခေါင်းဆောင်ကို ဆေးပင်ထောက်ပံ့ပေးသူအဖြစ် ရနိုင်ချေရှိသည်ဟူသောအသိကြောင့် ကောဟယ်ရု၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။
“စောင့်ကြည့်ကြတာပေါ့...”
လင်းဖန်က လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရင်း ထမင်းစားခန်းအတွင်း၌ ဖြစ်ပျက်နေသည်များကို စောင့်ကြည့်လိုက်သည်။
ညစာစားနေသူများသည် နေ့လယ်ပိုင်းကဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို ထုံးစံအတိုင်း ပွက်လောညံအောင် ပြောဆိုနေကြလေသည်။
“မင်းတို့ ကြားပြီးကြပြီလား... မဟာမိတ်အဖွဲ့ခေါင်းဆောင်က ဆုငွေကို တိုးမြှင့်လိုက်တယ်တဲ့...”
“ဟင်း... အခုချိန် ငါ့လက်ထဲမှာသာ နဂါးအမြီးမြက် အနည်းငယ်လောက်ရှိနေခဲ့ရင် သိပ်ကောင်းမှာပဲ...”
“နဂါးအမြီးမြက်ကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းတဲ့ကောင်တွေတော့ တစ်သက်စာ စားမကုန်အောင် ချမ်းသာသွားလောက်ပြီလို့ ငါလောင်းရဲတယ်...”
လူတိုင်းက ဆုကြေးရရှိသွားမည့်သူအား မနာလိုဖြစ်နေကြပေသည်။
သို့သော်လည်း မဟာမိတ်အဖွဲ့ဝင်များပင် အင်တိုက်အားတိုက်ရှာဖွေခဲ့သော်လည်း နဂါးအမြီးမြက်ကို မရှာတွေ့နိုင်ခဲ့သောကြောင့် သူတို့အနေဖြင့်လည်း များများစားစား မလုပ်နိုင်ကြပေ။
သူ့အတွက် သတင်းကောင်းဖြစ်သောကြောင့် လင်းဖန် ပြုံးလိုက်လေသည်။
ဤညစာမှာ အချိန်အတော်ကြာမှ သူစားဖူးသည့် အကောင်းဆုံးနှင့် အရသာအရှိဆုံး အစားအစာများထဲမှ တစ်ခုဖြစ်ပေသည်။
စားပွဲထိုးလေး ဖြတ်လျှောက်သွားချိန်တွင် လင်းဖန်က သူ့ကိုတားလိုက်သည်။
“မဟာမိတ်အဖွဲ့ခေါင်းဆောင်ကို ဘယ်မှာရှာရမလဲဆိုတာ မင်းသိလား...”
“မဟာမိတ်အဖွဲ့ခေါင်းဆောင်လား... လမ်းရဲ့အောက်ဘက်နားမှာပဲ ဇိမ်ခံအဆောက်အအုံတစ်ခုကို တွေ့ရပါလိမ့်မယ်...”
စားပွဲထိုးလေးက မျက်မှောင်ကြုတ်ကာ စိုးရိမ်တကြီးဖြင့် ပြန်ဖြေလိုက်လေသည်။
ထိုသူက စိတ်ထဲမှ တွေးလိုက်သည်။
‘ဒီလူသစ်တွေက ဆုကြေးရဖို့အတွက် ဆေးပင်အတုတွေသုံးပြီး လိမ်ဖို့စဉ်းစားနေကြတာ ဖြစ်ရမယ်...’
စားပွဲထိုးလေးက ဤကိစ္စကြောင့် လူအနည်းငယ် သေဒဏ်ပေးခံခဲ့ရပြီးဖြစ်၍ မကြိုးစားသင့်ကြောင်း လင်းဖန်ကို သတိပေးချင်နေခဲ့သည်။
သို့ရာတွင် အခြားသောစားသုံးသူများက လင်းဖန်၏စကားကို ကြားသွားကြသည်။
သူတို့က ခေါင်းခါလိုက်ကြပြီး အချင်းချင်း တီးတိုးပြောဆိုလိုက်ကြလေသည်။
“သူတို့ကို မင်းသိလား... သူတို့က ဒီအလုပ်မှာ လူသစ်တွေနဲ့ တူတယ်...”
“ဘယ်သူမှ သူတို့ကို အရင်က မမြင်ဖူးကြဘူး...”
“ဒါဆို ဒီအတွေ့အကြုံမရှိတဲ့ကောင်တွေက သူတို့ဆီမှာ နဂါးအမြီးမြက် ရှိတယ်လို့ ထင်နေကြတာလား...”
“ငှက်မွေးမြက်ကို နဂါးအမြီးမြက်လို့ အထင်မှားနေတာဖြစ်မယ်လို့ ငါတော့ လောင်းရဲတယ်...”
“သူတို့ကို သတိပေးလိုက်ရမလား...”
“မလုပ်ပါနဲ့... အဲဒါက ဘာပျော်စရာကောင်းတော့မှာလဲ... မနက်ဖြန်ကျရင် ငါတို့ ကြည့်စရာပွဲတစ်ပွဲ ရပြီပေါ့...”
ညစာစားနေသူများသည် မနက်ဖြန်တွင် လင်းဖန်က ဆေးပင်အတုဖြင့် ဒုက္ခလှလှတွေ့မည့် ပွဲကောင်းတစ်ပွဲကိုကြည့်ရှုရရန် မျှော်လင့်နေကြလေသည်။
လင်းဖန်ကမူ ထုံးစံအတိုင်းပင် တည်ငြိမ်နေခဲ့ပြီး လက်ဖက်ရည်ကို အရသာခံသောက်နေရင်း အရာအားလုံးကို လက်ခံနားဆင်နေခဲ့သည်။
အချိန်အနည်းငယ် ကြာပြီးနောက်...
နောက်တစ်နေ့ နံနက်ပိုင်းသို့ ရောက်လာချေပြီ။
လင်းဖန်၊ ဟိုမင်နှင့် ကောဟယ်ရုတို့သည် နံနက်စာစားပြီးနောက် မဟာမိတ်အဖွဲ့ခေါင်းဆောင်ထံသို့ ထွက်ခွာလာခဲ့ကြသည်။
မဟာမိတ်အဖွဲ့ခေါင်းဆောင်၏ စံအိမ်ကြီးမှာ သိပ်မဝေးလှဘဲ နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် သူတို့ ရောက်ရှိသွားကြသည်။
စံအိမ်ကြီးမှာ အလွန်ကြီးမားပြီး ဇိမ်ခံပစ္စည်းများဖြင့် မွမ်းမံထားကာ ဖြူဖွေးသော စကျင်ကျောက်နံရံများ၊ အစိမ်းရောင်ကြွေပြားများ ပါဝင်ပြီး မင်္ဂလာရှိသော သားရဲရုပ်တုများကိုလည်း ရွှေချထားလေသည်။
ချွမ်မင်းဆက်တွင် ဆေးလုံးများနှင့် ဆေးရည်များကို အလွန်အမင်း ရှာဖွေလိုလားကြသဖြင့် ယင်းတို့ကို ထိန်းချုပ်ထားနိုင်သူ မည်သူမဆို စည်းစိမ်ချမ်းသာနှင့် အာဏာကို သဘာဝကျကျ ရရှိလာပေသည်။
ဆုကြေးငွေအား မည်သူရရှိမည်ကို စောင့်ကြည့်ရန် လူအုပ်ကြီးသည် ဂိတ်တံခါးတစ်ဝိုက်တွင် စုရုံးနေကြသည်။
လင်းဖန် ချဉ်းကပ်လာသည်ကို မြင်သောအခါ ဂိတ်တံခါးမှ ကင်းစောင့်က တားဆီးလိုက်သည်။
“ရပ်လိုက်စမ်း... မင်း ဘာလိုချင်လို့လဲ...”
လင်းဖန်က ပြုံးကာ ပြန်ပြောလိုက်သည်။
“ကျုပ်ရဲ့ နဂါးအမြီးမြက်ကိုရောင်းဖို့ ဒီကိုလာခဲ့တာပါ...”
လူအုပ်ထဲမှ တစ်ယောက်က လင်းဖန်ကို မှတ်မိသွားသည်။
သူတို့က ဇာတ်လမ်းစတင်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း လှောင်ပြောင်ရယ်မောလိုက်ကြလေသည်။
ကင်းစောင့်က ခေါင်းခါလိုက်ပြီး လင်းဖန်ကို ထပ်မံသတိပေးလိုက်သည်။
“ငါ မင်းကို သတိပေးရလိမ့်မယ်... ဆေးပင်အတုတွေနဲ့ လိမ်လည်ဖို့ကြိုးစားတာက မင်းရဲ့အသက်ကို ဆုံးရှုံးစေလိမ့်မယ်... မင်းမှာ နောက်လှည့်ပြန်ဖို့ အခွင့်အရေး ရှိနေသေးတယ်နော်...”
ဆုကြေးငွေအတွက် အသက်စွန့်ခဲ့ကြသည့် လိမ်လည်သူအချို့ ရှိခဲ့ဖူးပြီး သူတို့သည်လည်း စောစောစီးစီးပင် သေဒဏ်ပေးခံခဲ့ရလေသည်။
“ဆေးပင်အတု၊ မဟုတ်ဘူး၊ ဒီမှာရှိတဲ့ ကျုပ်ရဲ့ အကြီးအကဲက ကျုပ်ဆီမှာရှိတဲ့ နဂါးအမြီးမြက်စစ်မှန်ကြောင်း အာမခံနိုင်တယ်...”
လင်းဖန်က ပြောလိုက်ပြီးနောက် ကောဟယ်ရု၏ကျောကို ပုတ်လိုက်သည်။
“အကြီးအကဲ...”
“သူက အကြီးအကဲလို့ ပြောလိုက်တာလား...”
အလွန်ငယ်ရွယ်လှသော ကောဟယ်ရုကို အကြီးအကဲတစ်ယောက်အဖြစ် ခေါ်ဝေါ်လိုက်သည်ကို မြင်လိုက်ရသောအခါ လူအုပ်ကြီးသည် ထပ်မံ၍ အောင့်အည်းမထားနိုင်တော့ချေ။
သူတို့က ထိုအခြေအနေကိုကြည့်ကာ ဝိုင်းဟားလိုက်ကြတော့သည်။
တချို့က လင်းဖန်ကို ကောဟယ်ရုက လိမ်လည်ထားသည်ဟုထင်မြင်ကာ သူ့အတွက် သနားစိတ်ဖြင့် ခေါင်းခါယမ်းလိုက်ကြသည်။
ကောဟယ်ရုကဒေါသထွက်သွားပြီး လူအုပ်ကြီးကို အော်ဟစ်လိုက်သည်။
“ကျုပ်က ချင်ဖုန်းဂိုဏ်း ဆေးတောင်ထွတ်က အကြီးအကဲတစ်ယောက်ပဲ...”
“ဂိုဏ်းက တွေ့ကြုံဖူးသမျှထဲမှာ ပါရမီအပါဆုံးသူတွေထဲက တစ်ယောက်ပေါ့...”
“ကျုပ် ပထမဆုံးဖော်စပ်ခဲ့တဲ့ ဆေးလုံးက သာမန် ချီစုစည်းမှုဆေးလုံးအတွက် ကောင်းကင်အဆင့်ပဲ...”
“နှစ်ပေါင်းများစွာကြာတဲ့အထိ ဘယ်သူမှ မလုပ်နိုင်ခဲ့တဲ့ စွမ်းဆောင်ရည်ပဲ...”
သူက သူ၏ အောင်မြင်မှုများကို ထုတ်ကြွားလိုက်ပြီးနောက် ခါးထောက်ကာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်လိုက်လေသည်။
သို့သော်လည်း ၎င်းက သူလိုချင်သော ရလဒ်ကို မရရှိခဲ့ပေ။
” လိမ်တဲ့သူတွေက အရှက်မရှိကြဘူးထင်တယ်...”
“ဒီသနားစရာကောင်လေးနှစ်ယောက်တော့ အတော်လေး အလိမ်ခံထားရတာပဲ...”
“ဟက်... ဒီလောက် အရှက်မရှိတဲ့လူကို မြင်ရလိမ့်မယ်လို့ ငါ့တစ်သက်မှာ မထင်ခဲ့ဖူးဘူး...”
ယခုအခါ လူအုပ်ကြီးမှာ သူ၏ ပြောစကားများကို သွက်သွက်ခါအောင် ရယ်မောနေကြလေပြီ။
” နေဦး... ခင်ဗျားတို့က ဘာလို့ ရယ်နေကြတာလဲ... ကျုပ်ပြောတာ အမှန်တွေချည်းပဲ...”
ကောဟယ်ရုသည် ထိုအခြေအနေကြောင့် အကြီးအကျယ် ဒေါသထွက်သွားချေပြီ။
လင်းဖန်က ခေါင်းခါယမ်းလိုက်ပြီး ဟိုမင်ကို လှမ်းကြည့်လိုက်သည်။
ဟိုမင်က အချက်ပြမှုကို နားလည်လိုက်ပြီး သူ၏ဓားကို ဆွဲထုတ်လိုက်လေသည်။
“မင်းတို့ ဘာလုပ်မလို့လဲ...”
အစောင့်များက အော်ဟစ်လိုက်ကြသည်။
“သူတို့ ဘယ်လောက်တောင် မှားနေလဲဆိုတာကို ပြပေးမလို့ပါ...”
ဟိုမင်က သူ၏ဓားကို ကောင်းကင်သို့ ထိုးစိုက်လိုက်ရင်း ပြောလိုက်သည်။
ထို့နောက် လေပွေတစ်ခုက ကောင်းကင်သို့ ပစ်လွှတ်သွားလေသည်။
“လေပွေဓားသိုင်း...”
လေပွေကို မြင်လိုက်ရသောအခါ လူအုပ်ကြီးမှာ အသက်ရှူမှားသွားကြလေသည်။
ဤတိုက်ကွက်မှာ ချင်ဖုန်းဂိုဏ်း၏ အထင်ကရ သိုင်းကွက်တစ်ခု ဖြစ်ပေသည်။
ဆိုလိုသည်မှာ ကောဟယ်ရုက ချင်ဖုန်းဂိုဏ်းမှဖြစ်သည်ဟူသော ပြောစကားက အမှန်တကယ်ပင် ဖြစ်နိုင်လေသည်။
အမှန်တရားကို သိရှိသွားသောအခါ လူအားလုံး ငြိမ်ကျသွားကြတော့သည်။
လင်းဖန်က ကောဟယ်ရု၏ကျောကို ထပ်ပုတ်လိုက်ပြီးနောက် ပြောလိုက်သည်။
“မြင်လား... စကားပြောနေတာထက် လက်တွေ့လုပ်ပြတာက အမြဲတမ်း ပိုထိရောက်တယ်...”
ကောဟယ်ရုက သက်ပြင်းချလိုက်ပြီး သင်ခန်းစာ ယူလိုက်လေသည်။
သူ၏ ဆေးဖော်စပ်ရာ အခန်းပြင်ပတွင် အသက်ရှင်ရပ်တည်နိုင်ရန် သူ၏ ဆူညံကြွားဝါတတ်သော စရိုက်အချို့ကို ထိန်းချုပ်ထားမှသာ ပိုကောင်းပေလိမ့်မည်။
” နဂါးအမြီးမြက် ပါလာရင်လည်း မြန်မြန်လုပ်ပါ... ငါတို့မှာ အချိန်မရှိဘူး...”
ယခုအချိန်တွင် အစောင့်များသည် ဖြစ်ပေါ်နေသော ရုတ်ရုတ်သဲသဲအခြေအနေများကြောင့် စိတ်မရှည်နိုင်တော့ချေ။
လင်းဖန်၏ နောက်ထပ်လှုပ်ရှားမှုကို လူအုပ်ကြီးက အာရုံစိုက်ကာ ကြည့်ရှုနေကြသည်။
‘သူတို့ဆီမှာ နဂါးအမြီးမြက် တကယ်ပဲ ရှိနေတာလား...’
သူတို့ တွေးတောနေကြလေသည်။
“ဘာတွေဖြစ်နေတာလဲ...”
အဘိုးအိုတစ်ဦးကပြောလိုက်ရာ လူတိုင်းက ထိုအဘိုးအိုထံသို့ လှည့်ကြည့်လိုက်ကြသည်။
“သူပဲ...”