← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း (၂၀၄) - ရွှေအမြုတေတက်လှမ်းခြင်းဆေးလုံး

“ဒါက ဆေးပညာရှင်ခေါင်းဆောင်ပဲ...”

“သူက ချွမ်မင်းဆက်မှာ အတော်ဆုံး ဆေးပညာကျင့်ကြံသူလို့ ကြားဖူးတယ်...”

“ဒါပေါ့... သူ့ရဲ့ ကောင်းကင်အဆင့် ဆေးလုံးတွေက ရွှေချောင်းတစ်ထောင်လောက်အထိ ဈေးရတယ်လေ...”

အဘိုးအိုက မည်သူဖြစ်ကြောင်းကို မြင်လိုက်ရချိန်တွင် လူအုပ်ကြီးမှာ အံ့သြတကြီး ရေရွတ်လိုက်ကြလေသည်။

လင်းဖန် ယူဆောင်လာသောဆေးပင်များသာ အတုဖြစ်နေပါက သေချာပေါက် အရှက်ကွဲတော့မည်ဖြစ်၍ သူတို့က စိတ်အားထက်သန်စွာဖြင့် စောင့်ကြည့်နေကြတော့သည်။

အစောင့်က အခြေအနေကို ဆေးပညာရှင်ခေါင်းဆောင်ထံသို့ ရှင်းပြလိုက်သည်။

“ဆေးပညာရှင်ခေါင်းဆောင်... ဒီလူက သူ့ဆီမှာ နဂါးအမြီးမြက်ရှိတယ်လို့ ပြောနေတယ်...”

“ဒါဆိုရင်လည်း မြန်မြန်လုပ်လေ... ဘာတွေများ ဆူညံနေရတာလဲ...”

လိမ်လည်လှည့်စားရန် ကြိုးစားသည့် လူလိမ်လူညာများနှင့် အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရပြီးနောက် ယခုအချိန်တွင် ဆေးပညာရှင်ခေါင်းဆောင်မှာ အတော်လေး စိတ်ပျက်နေပြီဖြစ်သည်။

အဖွဲ့ခေါင်းဆောင်၏သမီးဖြစ်သူမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသဖြင့် စိတ်ပျက်နေလေသည်။

“ဒီလူက သူ့ရဲ့ နဂါးအမြီးမြက်အတွက် သူ့ဆရာက အာမခံတယ်လို့ ပြောလာလို့ အခုလို ရုန်းရင်းဆန်ခတ် ဖြစ်သွားတာပါ...”

အစောင့်ကပြောလိုက်ပြီး ကောဟယ်ရုကို လက်ညှိုးထိုးပြလိုက်သည်။

ဆေးပညာရှင်ခေါင်းဆောင်က ကောဟယ်ရုကို လှမ်းကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားလေသည်။

“မင်း... မင်း...”

သူက ကောဟယ်ရုကို လက်ညှိုးထိုးရင်း ပြောလိုက်သည်။

ဆေးပညာရှင်ခေါင်းဆောင်၏ တုံ့ပြန်မှုကိုမြင်သောအခါ ကောဟယ်ရုတစ်ယောက် အရှက်ကွဲတော့မည်ဖြစ်ကြောင်း လူအုပ်ကြီးက တွေးလိုက်ကြလေသည်။

ဆေးပညာရှင်ခေါင်းဆောင်က ကောဟယ်ရုကို ဆူပူကြိမ်းမောင်းမည်ကို သူတို့က စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။

သို့သော် နောက်ထပ် ကြားလိုက်ရသည့်စကားကြောင့် သူတို့အားလုံး အံ့အားသင့်သွားရချေသည်။

“အကြီးအကဲကော... ခင်ဗျား ဒီကိုရောက်နေတယ်ဆိုရင် ကျွန်တော့်ကိုကြိုပြီး အကြောင်းကြားသင့်တာပေါ့...”

ဆေးပညာရှင်ခေါင်းဆောင်က ပြောလိုက်သည်။

ထိုသူမှာ ကောဟယ်ရုဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူ အလွန်ဝမ်းသာသွားလေသည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဆေးပညာကျင့်ကြံခြင်းနယ်ပယ်တွင် ထွန်းတောက်လာခဲ့သည့် အသက်အငယ်ဆုံး ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။

ထို့ကြောင့် နဂါးအမြီးမြက်မှာ အစစ်အမှန်ဖြစ်ရန် သေချာသလောက် ရှိသွားချေပြီ။

” လူသိများမှာကို မလိုချင်လို့ပါ...”

ကောဟယ်ရုက မတ်တတ်ရပ်ကာ ရင်ကော့ရင်း ပြန်ဖြေလိုက်သည်။

အဆုံးတွင်တော့ သူ၏ပါရမီကို အသိအမှတ်ပြုသော သူတစ်ဦးက သူ၏ နာမည်ဂုဏ်သတင်းကို ရှင်းလင်းပေးရန် ရောက်ရှိလာခဲ့ပြီဖြစ်သဖြင့် ဝမ်းသာသွားလေသည်။

“ဒီမှာ နဂါးအမြီးမြက်တွေပါ...”

လင်းဖန်က ကြားဖြတ်ပြောလိုက်ပြီး ဖားပြုတ်ရုပ်တုငယ်ထဲမှ ထုတ်ယူထားသော နဂါးအမြီးမြက်တချို့ကို ဆေးပညာရှင်ခေါင်းဆောင်ထံသို့ ကမ်းပေးလိုက်သည်။

ဆေးပညာရှင်ခေါင်းဆောင်က နဂါးအမြီးမြက်ကို လှမ်းယူလိုက်ပြီး သေချာစွာ စစ်ဆေးလိုက်သည်။

ထို့နောက် သူက ခေါင်းညိတ်လိုက်ပြီး သက်ပြင်းကြီးတစ်ချက်ချကာ စိတ်အေးသွားတော့သည်။

နောက်ဆုံးတွင် အသင်းခေါင်းဆောင်၏ သမီးဖြစ်သူကို သူ ကယ်တင်နိုင်တော့မည် ဖြစ်ပေသည်။

“ကျွန်တော်နဲ့ လိုက်ခဲ့ပေးကြပါ...”

ဆေးပညာရှင်ခေါင်းဆောင်က လင်းဖန်၊ ဟိုမင်နှင့် ကောဟယ်ရုတို့ကို အိမ်တော်အတွင်းသို့ အလျင်အမြန် ဖိတ်ခေါ်လိုက်သည်။

လင်းဖန်၊ ဟိုမင်နှင့် ကောဟယ်ရုတို့က သူ၏နောက်မှ လိုက်ပါသွားကြလေသည်။

“နေဦး... ဒါဆို သူတို့ဆီမှာ နဂါးအမြီးမြက်အစစ်ရှိနေတာလား...”

“ဆေးပညာရှင်ခေါင်းဆောင်က အမှားလုပ်မိတာလည်း ဖြစ်နိုင်တယ်လေ...”

“မင်းက ဆေးပညာရှင်ခေါင်းဆောင်ကို သံသယဝင်ရဲတယ်ပေါ့လေ...”

လင်းဖန်ထံတွင် နဂါးအမြီးမြက်ရှိနေသည်ကို လူအုပ်ကြီးက မယုံနိုင်အောင် ဖြစ်နေကြသည်။

ယခုအချိန်တွင် သူတို့တတ်နိုင်သည်မှာ မနာလိုစွာဖြင့် ငေးကြည့်နေရန်သာ ရှိတော့သည်။

…

အဖွဲ့ခေါင်းဆောင်၏ အိမ်တော်အတွင်း…

လင်းဖန်ကထိုင်လိုက်ပြီးနောက် ခမ်းနားထည်ဝါသော ဧည့်ခန်းကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

ထိုအခန်းကို ကျောက်မျက်ရတနာများနှင့် ရွှေရောင်ပရိဘောဂများဖြင့် အလှဆင်ထားလေသည်။

အသုံးပြုသည့် လက်ဖက်ရည်ပန်းကန်လုံးလေးများကပင် ရွှေဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပေသည်။

ဆေးပညာရှင်ခေါင်းဆောင်မှာ အဖွဲ့ခေါင်းဆောင်ထံသို့ အကြောင်းကြားရန် ထွက်သွားပြီ ဖြစ်လေသည်။

သိပ်မကြာမီအချိန်တွင် အသက်လေးဆယ်အရွယ် လူလတ်ပိုင်းတစ်ယောက်နှင့်အတူ သူပြန်ရောက်လာလေသည်။

အဖွဲ့ခေါင်းဆောင်တွင် မျက်ကွင်းညိုနေသော မျက်လုံးသေးသေးလေးများ ရှိနေလေသည်။

သမီးဖြစ်သူ၏ အခြေအနေကြောင့် ကောင်းစွာအနားမယူနိုင်ခဲ့သည်မှာ သေချာသလောက်ပင်။

ထို့ပြင် သူက ဧရာမရွှေဆွဲကြိုးကြီးနှင့် လက်စွပ်များကဲ့သို့သော လက်ဝတ်ရတနာများစွာကိုလည်း ဆင်ယင်ထားသေးသည်။

“ကျုပ်က အဖွဲ့ခေါင်းဆောင် ကျူးရွှီကျိုပါ... ခင်ဗျားဆီမှာ ကျုပ်လိုချင်တဲ့အရာရှိတယ်လို့ ကြားတယ်...”

အဖွဲ့ခေါင်းဆောင်က သူ့ကိုယ်သူ မိတ်ဆက်လိုက်ပြီး လိုရင်းကို ချက်ချင်းပြောလိုက်လေသည်။

လင်းဖန်ကလည်း အချိန်မဖြုန်းတော့ဘဲ ဖားပြုတ်ရုပ်တုငယ်ထဲမှ နဂါးအမြီးမြက်တစ်ဝက်ခန့်ကို ထုတ်ယူလိုက်တော့သည်။

လင်းဖန်က နဂါးအမြီးမြက်များကို သူ၏အရှေ့တွင်ချထားလိုက်ရင်း ပြောလိုက်လေသည်။

“ဒါက ကျုပ်တို့ဆီမှာရှိတာ အကုန်ပဲ...”

“နောက်ဆုံးတော့... သနားစရာကောင်းတဲ့ ငါ့ရဲ့ရှောင်ယွင်လေး ကယ်တင်ခံရတော့မယ်...”

နဂါးအမြီးမြက်ကိုမြင်လိုက်ရချိန်တွင် ကျူးရွှီကျိုက မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကာ တုန်ယင်နေတော့သည်။

အတန်ကြာ စိတ်ကိုတည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ကျူးရွှီကျိုက မတ်တတ်ရပ်လိုက်သည်။

“ဒီနဂါးအမြီးမြက်တွေအတွက် ရွှေအမြုတေတက်လှမ်းခြင်းဆေးလုံး တစ်လုံးနဲ့ ရွှေချောင်းတစ်ရာကို ကျုပ်ပေးပါ့မယ်...”

သို့သော် လင်းဖန်က ခေါင်းယမ်းလိုက်လေသည်။

ထိုအပြုအမူကြောင့် ကျူးရွှီကျိုမှာ လင်းဖန်က ဒီထက်ပို၍ တောင်းဆိုမည်ကို စိုးရိမ်သွားကာ အလွန်ပူပန်သွားရချေသည်။

သူ၏သမီးအတွက် ကုသနည်းရှာဖွေရာတွင် သူက အချိန်နှင့် အရင်းအမြစ်များစွာကို အသုံးပြုနေခြင်းအပေါ် အဖွဲ့မှအကြီးအကဲများက မကျေမနပ်ဖြစ်နေကြပြီဖြစ်ရာ သူ၏လက်များမှာ ကြိုးတုပ်ခံထားရသကဲ့သို့ ဖြစ်နေချေပြီ။

ဤသည်ထက်ပိုသွားပါက အဖွဲ့ခေါင်းဆောင်ဟူသော သူ၏ရာထူးပါ တုန်လှုပ်သွားနိုင်ပေသည်။

“ရွှေချောင်းတွေ ကျုပ်မလိုချင်ဘူး...”

လင်းဖန်က ပြန်ပြောလိုက်သည်။

ကျူးရွှီကျိုက တစ်ခဏမျှ စိတ်သက်သာရာရသွားသော်လည်း ငွေကြေးကိစ္စမဟုတ်ပါက လင်းဖန်က အခြားတစ်စုံတစ်ရာကို ပို၍တောင်းဆိုလာနိုင်ပေရာ ပို၍ပင် စိုးရိမ်သွားရပြန်သည်။

“ကျုပ်သမီးက ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာပါ...”

ကျူးရွှီကျိုက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်လေသည်။

လင်းဖန်က မျက်လုံးလှန်ပြလိုက်ရင်း ပြောလိုက်သည်။

“ကောဟယ်ရုဆီကို မူရင်းဈေးနဲ့ ဆေးဘက်ဝင်အပင်တွေ ထောက်ပံ့ပေးမယ်ဆိုတဲ့ သဘောတူညီချက်ကို ကျုပ်လိုချင်တယ်...”

လင်းဖန်၏စကားကိုကြားသောအခါ ကျူးရွှီကျိုက အနေရခက်စွာဖြင့် ရယ်မောလိုက်လေသည်။

စောစောက သူမည်သို့ တွေးတောနေမိသည်ကို မသိချေ။

သူက ခေါင်းညိတ်လိုက်လေသည်။

“သဘောတူတယ်... ကျုပ်အခုချက်ချင်းပဲစီစဉ်ပေးပြီး သဘောတူညီချက်ကို လက်မှတ်ထိုးပေးပါ့မယ်...”

ကျူးရွှီကျိုက လက်ခုပ်တီးလိုက်ရာ သူ၏အစေခံများက အလုပ်စတင်လုပ်ဆောင်ကြတော့သည်။

သူတို့စောင့်ဆိုင်းနေစဉ်အတွင်း ကောဟယ်ရုနှင့် ကျူးရွှီကျိုတို့က ဆေးဘက်ဝင်အပင်များ ထောက်ပံ့ပေးမည့်ကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဆွေးနွေးလိုက်ကြသည်။

လင်းဖန်ကမူ ထိုင်နေရင်း ရွှေရောင်လက်ဖက်ရည်ပန်းကန်လုံးထဲမှ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်လေသည်။

ကိစ္စရပ်များက သူ၏အစီအစဉ်အတိုင်း ဖြစ်ပေါ်လာချေပြီ။

ယခုဆိုလျှင် ကောဟယ်ရုက အကြီးအကဲတစ်ယောက်ဖြစ်လာသဖြင့် သူသည်လည်း ဆေးတောင်ထွတ်တွင် သြဇာလွှမ်းမိုးမှုအချို့ကို ရရှိလာပေလိမ့်မည်။

ဖြည်းဖြည်းချင်းဖြင့် တစ်နေ့တွင် သူက ဂိုဏ်းချုပ်ဖြစ်လာနိုင်ပြီး အင်ပါယာရှင်၏ ထိန်းချုပ်မှုအောက်မှလည်း လွတ်ကင်းနိုင်ပေလိမ့်မည်။

” ဒါက ရွှေအမြုတေတက်လှမ်းခြင်းဆေးလုံးပါ...”

သူ၏အစေခံများ ပြန်ရောက်လာပြီးနောက် ကျူးရွှီကျိုက ထိုရွှေရောင်ဆေးပုလင်းအား လင်းဖန်ထံပေးရန် အချက်ပြလိုက်လေသည်။

လင်းဖန်က ရွှေရောင်ဆေးပုလင်းကို ယူလိုက်ပြီး အဆို့ကို ဖွင့်လိုက်သည်။

ထိုအထဲမှ ချိုမြိန်သောအနံ့တစ်မျိုးနှင့် ရောနှောနေသည့် ဆေးဘက်ဝင်အပင်များ၏ ရနံ့တစ်ခု ထွက်ပေါ်လာလေသည်။

ထိုဆေးလုံးက သူ့အား နေရာမှာတင် ချက်ချင်းစားသုံးပစ်ရန် သွေးဆောင်နေသကဲ့သို့ ဖြစ်နေသဖြင့် သူက အဆို့ကို အမြန်ပြန်ပိတ်လိုက်တော့သည်။

“ဒီဆေးလုံးကို ဆေးပညာရှင်ခေါင်းဆောင်ကိုယ်တိုင် ဖော်စပ်ထားတာဖြစ်ပြီး ကောင်းကင်အဆင့်ရှိတယ်... အဲဒါကိုသုံးရင် အနည်းဆုံး အမြုတေဖွဲ့စည်းခြင်းအဆင့်ရဲ့ အဆင့်သုံးအထိရောက်ရှိဖို့ အာမခံနိုင်တယ်...”

ဘေးဘက်မှ ဆေးပညာရှင်ခေါင်းဆောင်က ခေါင်းညိတ်ထောက်ခံပေးနေစဉ် ကျူးရွှီကျိုက ရှင်းပြလိုက်သည်။

ဆေးပညာရှင်ခေါင်းဆောင်မှာ သူ၏လက်ရာအတွက် အလွန်ဂုဏ်ယူနေပုံရသည်။

ထိုအရာက လင်းဖန်အား အရည်အသွေးမြင့်ဆေးလုံးများ ထုတ်လုပ်ရန် စွဲလမ်းနေတတ်သည့်ကောဟယ်ရုကို သွား၍သတိရစေလေသည်။

လင်းဖန်က ကောဟယ်ရုအား တစ်ချက်လှမ်းကြည့်လိုက်သည်။

“ကျုပ်တို့ ပြန်ရောက်တဲ့အခါ ခင်ဗျားရဲ့တန်ဖိုးကို သက်သေပြဖို့ အလှည့်ရောက်ပြီ...”

“ဟွန့်... ငါဘာတွေဖော်စပ်နိုင်လဲဆိုတာ မင်းကိုပြရသေးတာပေါ့... ကောင်းကင်ပြန်လည်အားဖြည့်ဆေးလုံးတွေလောက်က ငါ့အတွက် အသေးအဖွဲလေးပါ...”

ကောဟယ်ရုက ရင်ဘတ်ကိုပုတ်ရင်း ပြန်ပြောလိုက်လေသည်။

All Chapters