အခန်း ၂၀၈
Vol. 21 Ch. 208
အခန်း (၂၀၈) - ပျောက်ဆုံးနေသော တပည့်များ
မြောက်ဘက်နယ်မြေ…
လျှို့ဝှက်နယ်မြေအတွင်း၌ ဟော်ရန်ယိ၏ရှေ့မှောက်တွင် အလောင်းချင်းထပ်နေသော အလောင်းတောင်ကြီးတစ်ခု ရှိနေလေသည်။
သူက လက်ချောင်းများပေါ်မှ သွေးများကို လျှာဖြင့် ရက်စက်စွာရက်လိုက်ရင်း ခြောက်ခြားဖွယ်ရာ ပြုံးလိုက်သည်။
“မင်းရဲ့ ညာဘက်ကို သတိထားဦး...”
ဟော်ရန်ယိထံသို့ လျှပ်စီးတန်းတစ်ခု ပြေးဝင်လာစဉ် လေထုထဲ၌ အမှောင်အရှင်၏အသံက ဟိန်းထွက်သွားလေသည်။
“လူပြက်တစ်သိုက်ပါပဲ...”
ဟော်ရန်ယိက ထိုသို့ပြောဆိုရင်း လျှပ်စီးတန်းဆီသို့ ပခုံးဖြင့် အတင်းတိုးဝင် တိုက်ခိုက်လိုက်သည်။
သူ၏ ထွားကျိုင်းသောခန္ဓာကိုယ်ကြီးက လျှပ်စီးများကိုစုပ်ယူလိုက်သဖြင့် သူကိုယ်တိုင်ပင် လျှပ်စီးတန်းတစ်ခုအလား တောက်ပလာတော့သည်။
လျှပ်စီးများကို အပြည့်အဝ စုပ်ယူပြီးသွားချိန်တွင် ဟော်ရန်ယိက သူ၏လက်နှစ်ဖက်ကို ဘေးသို့ ဆန့်တန်းလိုက်သည်။
နောက်တစ်စက္ကန့်တွင် သူ၏ခန္ဓာကိုယ်ထဲမှ လျှပ်စီးတန်းများ ပြင်းထန်စွာ ပေါက်ကွဲထွက်လာလေသည်။
အသက်ကြီးပိုင်း ကျင့်ကြံသူတစ်ဦးမှာ လျှပ်စီးဒဏ်ကို တိုက်ရိုက်ထိမှန်သွားပြီး ပြင်းထန်စွာ မီးလောင်ကျွမ်းသွားတော့သည်။
ထိုသက်ကြီးအမျိုးသားမှာ ဒူးထောက်ကျသွားကာ သွေးများအန်ထုတ်ရင်း ဟော်ရန်ယိအား လက်ညှိုးထိုးလိုက်သည်။
“ကောင်းကင်ဘုံရဲ့ အလိုတော်အရ... မင်းတို့လို အမှောင်ကျင့်ကြံသူတွေက... ဒီနယ်မြေရဲ့ ရတနာတွေကို ဘယ်တော့မှ ရမှာမဟုတ်ဘူး...”
ဟော်ရန်ယိက လှောင်ပြုံးပြုံးကာ တုံ့ပြန်လိုက်သည်။
“ငါနိုင်နေတာကပဲ မင်းတို့လို လူဟန်ဆောင်တွေကို ဖျက်ဆီးဖို့ ကောင်းကင်ဘုံက ငါ့ကို အလိုရှိနေလို့ပဲ...”
“မင်း...”
ဟော်ရန်ယိပြောလိုက်သော စကားကို သက်ကြီးအမျိုးသားမှာ ပြန်မချေပနိုင်ဘဲ သွေးများပို၍ အန်ထွက်လာတော့သည်။
“ဆော့ကစားနေတာ တော်လောက်ပြီ... ငါ့ရဲ့ လူသားခန္ဓာကိုယ်ကို တည်ငြိမ်အောင်လုပ်ဖို့... ဘိုးဘေးရဲ့ ကျန်ရစ်တဲ့ဆေးလုံးကို လိုအပ်တယ်...”
အမှောင်အရှင်က ကြားဖြတ်ပြောဆိုလိုက်သည်။
“တောင်းပန်ပါတယ် အရှင်... ကျွန်တော် အမြန်ဆုံး ရှင်းလင်းလိုက်ပါ့မယ်...”
ဟော်ရန်ယိက တောင်းပန်စကား ဆိုလိုက်သည်။
သက်ကြီးအမျိုးသားမှာ ဟော်ရန်ယိတစ်ယောက် မည်သူ့အား တောင်းပန်နေသည်ကိုသိရှိရန် ပတ်ဝန်းကျင်သို့ လှည့်လည်ကြည့်ရှုလိုက်သည်။
သို့သော် အားလုံး နောက်ကျသွားချေပြီ။ ဟော်ရန်ယိက ထိုသူ၏ဦးခေါင်းကို ခန္ဓာကိုယ်မှ ဆွဲဖြတ်ပစ်လိုက်သည်။
ဟော်ရန်ယိက သူ့အပေါ်သို့ သွေးများပန်းထွက်လာသည်ကို ခံယူရင်း လှောင်ပြုံးပြုံးလိုက်သည်။
“ဒီနေရာမှာ အလုပ်ပြီးပြီဆိုတော့ လီရုံက ရုပ်ခန္ဓာကျင့်ကြံသူတွေကို အမြန်ခေါ်လာရင်ကောင်းမယ်...”
သူ၏ သန်မာလှသောခန္ဓာကိုယ်ကြီးက သွေးများကိုစုပ်ယူလိုက်သဖြင့် ဟော်ရန်ယိမှာ နီရဲသော အလင်းတန်းများအောက်တွင် ဖုံးလွှမ်းသွားတော့သည်။
…
မေဟွားမြို့…
ရက်အနည်းငယ်ကြာ ခရီးနှင်ပြီးနောက် လင်းဖန်နှင့် ကျန်းရှီတို့မှာ ရောက်ရှိလာကြသည်။
သူတို့သည် တာဝန်ပေးအပ်ထားသည့်ကုန်သည်ကို ချက်ချင်းပင် သွားရောက်ရှာဖွေလိုက်ကြသည်။
ကုန်သည်လျောင်ဝမ့်မှာ မြို့ထဲရှိ အကြီးမားဆုံးအိမ်တော်ကြီး၌ နေထိုင်သူ ဖြစ်သည်။
အစေခံက လင်းဖန်နှင့် ကျန်းရှီတို့ကို ဧည့်ခန်းသို့ ဦးဆောင်ခေါ်ယူခဲ့ပြီးနောက် ပြန်လည်ထွက်ခွာသွားသည်။
“လက်ဖက်ရည် သုံးဆောင်ရင်း ခေတ္တစောင့်ဆိုင်းပေးပါ... ကျွန်တော် သခင်ကြီးကို သွားခေါ်လိုက်ပါ့မယ်...”
လင်းဖန်က ပတ်ဝန်းကျင်ကို သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်သည်။
၎င်းမှာ တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်းများနှင့် ပရိဘောဂများဖြင့်ပြည့်နှက်နေသော ပုံမှန် ချမ်းသာသည့် အိမ်တော်တစ်ခုသာ ဖြစ်သည်။
မသင်္ကာဖွယ်ရာ တစ်စုံတစ်ရာမရှိချေ။
သူသည် အသံမှတ်ဉာဏ်စွမ်းရည်ကိုအသုံးပြုကာ ထူးခြားသောအသံများကို သေသေချာချာ နားစွင့်လိုက်သည်။
“သခင်ကြီး၊ ကျင့်ကြံသူတွေ နောက်တစ်ခေါက် ထပ်ရောက်လာပြန်ပါပြီ...”
“နောက်တစ်ခေါက် ဟုတ်လား... ငါ လန်ခိုရဲ့စကားကို နားမယောင်ပြီး... သူတို့ဆီက အကူအညီ မတောင်းခဲ့သင့်ဘူး...”
လျောင်ဝမ့်နှင့် အစေခံတို့၏ စကားပြောသံများမှာ သာမန်အတိုင်းပင် ဖြစ်သည်။
သို့သော် လန်ခိုဟူသည်မှာ မည်သူဖြစ်ကြောင်းနှင့် သူမက အဘယ်ကြောင့် ချင်ဖုန်းဂိုဏ်းထံမှ အကူအညီတောင်းရန် အကြံပြုခဲ့သည်ကို လင်းဖန် စိတ်ဝင်စားသွားလေသည်။
မကြာမီမှာပင် လူငယ်အမျိုးသမီးတစ်ဦးနှင့်အတူ သက်ကြီးရွယ်အိုတစ်ဦးမှာ ဧည့်ခန်းအတွင်းသို့ ဝင်ရောက်လာသည်။
ထိုသက်ကြီးအမျိုးသားက မိမိကိုယ်ကိုယ်နှင့် လူငယ်အမျိုးသမီးအား လင်းဖန်နှင့် မိတ်ဆက်ပေးလိုက်သည်။
သူသည် လျောင်ဝမ့်ဖြစ်ပြီး ထိုအမျိုးသမီးငယ်မှာ သူ၏ဇနီးဖြစ်သူ လန်ခို ဖြစ်လေသည်။
“မင်းတို့ကို နောက်တစ်ခေါက် ထပ်လာစေမိတဲ့အတွက် အရမ်းကို အားနာမိပါတယ်...”
လျောင်ဝမ့်က တောင်းပန်သည့်ဟန်ဖြင့် ပြောလိုက်သည်။
“ကျုပ်တို့ဂိုဏ်းက တပည့်တွေ သွားတဲ့နေရာကို လမ်းပြပေးနိုင်မလား...”
လင်းဖန်က မေးလိုက်သည်။
လျောင်ဝမ့်က ခေါင်းခါရမ်းလိုက်သည်။
“သူတို့က လန်ခိုကို သူ့မိသားစုဆီ အစောင့်အရှောက်နဲ့ လိုက်ပို့ပေးတဲ့လမ်းမှာပါ... ကျုပ်ရဲ့ ကျန်းမာရေးအခြေအနေအရ အဲဒီလောက်အဝေးကြီးကို ခရီးမသွားနိုင်ဘူးထင်တယ်...”
လင်းဖန်က တစ်ခဏမျှ စဉ်းစားလိုက်ပြီး လန်ခိုဘက်သို့ လှည့်လိုက်သည်။
“သခင်မ၊ ခင်ဗျား ကျုပ်တို့ကို ကူညီပေးဖို့ ဆန္ဒရှိမလား...”
လင်းဖန်၏အမေးကို ကြားလိုက်ရချိန်တွင် လန်ခို၏မျက်လုံးများက တစ်ခဏမျှ ပြူးကျယ်သွားခဲ့လေသည်။
သူမက စိတ်လှုပ်ရှားမှုကို အလျင်အမြန် ဖုံးကွယ်လိုက်သည်။
“ဟုတ်ကဲ့၊ အခုလို သူတို့ အန္တရာယ်ကြုံတွေ့ရတာက ကျွန်မအမှားပါ...”
“ဒါဆိုရင်လည်း သွားကြတာပေါ့...”
လင်းဖန်က ပြောလိုက်ပြီးနောက် လန်ခိုက မြင်းလှည်းကိုအဆင်သင့်ပြင်ဆင်ရန် အစေခံကို ခေါ်လိုက်လေသည်။
လင်းဖန်သည် လန်ခို၏ပြုမူပုံကို အကဲခတ်နေရင်း ကိစ္စရပ်တစ်ခုလုံးအကြောင်းကို စဉ်းစားနေမိသည်။
လန်ခို၏ခင်ပွန်းသည် သူမထက် အသက်အများကြီး ပိုကြီးပြီး သူမကိုယ်တိုင်ကလည်း စံအိမ်ထဲမှ ထွက်သွားချင်နေပုံပေါ်ပေသည်။
သို့သော်လည်း တစ်ခုခု လွဲချော်နေသကဲ့သို့ ခံစားနေရသည်။
‘သူမက ချင်ဖုန်းဂိုဏ်းဆီကနေ ဘာကြောင့် အကာအကွယ် တောင်းခံခဲ့တာလဲ...’
ထန်ရှောင်ယောင်၏တပ်မှ အကြွင်းအကျန်များက ဖျက်ဆီးသောင်းကျန်းခြင်းများ မရှိတော့သဖြင့် မေဟွားမြို့၏ ပတ်ဝန်းကျင်သည် အတော်လေး ငြိမ်းချမ်းနေပြီ ဖြစ်သည်။
အရာအားလုံးကိုဆက်စပ်ကြည့်ရန် နောက်ဆုံးကျန်ရှိနေသော အချက်အလက်အနည်းငယ်သာ လိုအပ်တော့သည်။
မြင်းလှည်းပေါ်သို့ တက်လိုက်ချိန်တွင် လင်းဖန်သည် ထိုအချက်ကို စိတ်ထဲ၌ မှတ်သားထားလိုက်လေသည်။
လန်ခိုသည် ရထားထိန်းနှင့်စကားပြောနေစဉ် လင်းဖန်က ကျန်းရှီကို လှမ်းကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။
“လန်ခိုနဲ့ လျောင်ဝမ့်ကြားမှာ တစ်ခုခု မှားယွင်းနေတယ်... သူမကို စောင့်ကြည့်ထား...”
ကျန်းရှီက ခေါင်းညိတ်ပြလိုက်ပြီး လန်ခို မြင်းလှည်းထဲသို့ဝင်လာသည်ကို မြင်သောအခါ ပြုံးပြလိုက်သည်။
မြင်းလှည်း စတင်ရွေ့လျားသွားပြီးနောက် လန်ခိုက သက်ပြင်းကြီးတစ်ခုကို ချလိုက်လေသည်။
လင်းဖန်က သူမကို မေးခွန်းအချို့ မေးချင်နေခဲ့သော်လည်း သူ မမေးနိုင်ခင်မှာပင် လန်ခိုက စတင်ပြောဆိုလာခဲ့သည်။
သူမက မြင်းလှည်း၏ ပြတင်းပေါက်ငယ်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
“ရှင်တို့ သိလား... ကျွန်မယောကျ်ားမှာ အပြင်မှာ မယားငယ်တစ်ယောက် ရှိတယ်...”
လင်းဖန်နှင့် ကျန်းရှီတို့က သူမထံမှ ဤသို့သောစကားမျိုး ထွက်လာမည်ဟု မမျှော်လင့်ထားကြသဖြင့် မြင်းလှည်းထဲတွင် တိတ်ဆိတ်သွားချေသည်။
“ကျွန်မက နေ့တိုင်း အသက်အန္တရာယ်ကို စိုးရိမ်ကြောက်လန့်ပြီးနေနေရတာ... ဒါပေမဲ့ ကျွန်မအမေက အသည်းအသန် ဖျားနာနေတော့ သူမဆီကို မဖြစ်မနေ ပြန်သွားကြည့်ရမှာပဲလေ...”
“အဲဒီခွေးမက အရင်ကလည်း ကျွန်မကိုရှင်းထုတ်ပစ်ဖို့ လူငှားခဲ့ဖူးတယ်... ဒါကြောင့် ကျွန်မကိုကာကွယ်ပေးဖို့ ချင်ဖုန်းဂိုဏ်းဆီက အကူအညီတောင်းခဲ့ရတာပါ...”
သူမက ပိုးပဝါတစ်ထည်ကို ထုတ်ယူလိုက်ပြီး မျက်လုံးများမှစီးကျလာသော မျက်ရည်များကို စတင်သုတ်ဖယ်လိုက်လေသည်။
လင်းဖန်ကလှည့်ကာ ကျန်းရှီကို လှမ်းကြည့်လိုက်သည်။
သို့သော် သူမက လင်းဖန်ကို ‘ဒါမျိုး ငါပထမဆုံးအကြိမ် ကြားဖူးတာပဲ’ ဆိုသည့် အကြည့်မျိုးဖြင့် ပြန်ကြည့်လာလေသည်။
လင်းဖန်၏စိတ်အစဉ်က အရာအားလုံးကို နားလည်သဘောပေါက်ရန် အပြင်းအထန် ကြိုးစားတွေးတောနေတော့သည်။
“အစောင့်အရှောက်အဖွဲ့အတွက် ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်ကြံသူတွေကို ဘာကြောင့် အတိအကျတောင်းဆိုခဲ့ရတာလဲ...”
ထိုအရာက သူ စဉ်းစား၍မရနိုင်သော ကိစ္စဖြစ်နေသဖြင့် လင်းဖန်က မေးလိုက်သည်။
သို့သော်လည်း နောက်တစ်ခဏ၌ လင်းဖန်၏မေးခွန်းက ကြားဖြတ်နှောင့်ယှက်ခံလိုက်ရသည်။
“ဟော့...”
ရထားထိန်းက အော်ဟစ်လိုက်ပြီး မြင်းလှည်းက ရပ်တန့်သွားလေသည်။
မြင်းလှည်းတံခါးပွင့်သွားပြီးနောက် ရထားထိန်းက သူတို့ကို အပြင်သို့ ခေါ်ထုတ်သွားသည်။
“ဒီနေရာက ချင်ဖုန်းဂိုဏ်းက တပည့်တွေနဲ့ လုပ်ကြံသူတစ်ယောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတဲ့နေရာပဲ...”
ရထားထိန်းက တိုက်ပွဲကြောင့်ဖြစ်ပေါ်နေသော တွင်းချိုင့်များနှင့် ပျက်စီးမှုများကို လင်းဖန်အားပြသရင်း ပြောလိုက်သည်။
ထို့နောက် သူက တောအုပ်ထဲသို့ ဦးတည်နေသောလမ်းတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
“အဲဒီနေရာက သူတို့ လုပ်ကြံသူနောက်ကို လိုက်သွားတဲ့လမ်းကြောင်းပဲ...”
လင်းဖန်က ကျန်းရှီကို လှမ်းကြည့်လိုက်သည်။
“ကျုပ်နောက်ကို လိုက်ခဲ့... တောအုပ်ထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ သွားစစ်ဆေးကြည့်ကြရအောင်...”
“ဒါပေမဲ့ သူတို့ကရော ဘယ်လိုလုပ်မလဲ...”
လင်းဖန်၏တောင်းဆိုမှုကြောင့် ကျန်းရှီက စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။
အကယ်၍ သူတို့သာထွက်သွားခဲ့ပါက လန်ခိုနှင့် ရထားထိန်းကို မည်သူက စောင့်ရှောက်ပေးမည်နည်း။
” သူတို့ ဘာမှမဖြစ်လောက်ပါဘူး...”
လင်းဖန်က ပြောလိုက်ပြီး သူမ၏လက်ကိုဆွဲကာ တောအုပ်ထဲသို့ ခေါ်ဆောင်သွားတော့သည်။