စစ်ပွဲ (၁)
Vol. 6 Ch. 287
ဂျွန်လ စတုတ္ထပတ်။
ဩစတီးယားနိုင်ငံ၊ ဗီယက်နာမြို့။
အယ်မာက ကဖေးဆိုင်တစ်ခုထဲမှာရှိနေပြီး စာအုပ်ကို စားပွဲပေါ်မှာချကာ တိတ်ဆိတ်စွာစာဖတ်နေခဲ့ပါတယ်။ အရင်ကောင်မရှင်နာဖြစ်တဲ့ အာလ္လုင်ပေးခဲ့တဲ့စာအုပ် ဖြစ်ပုံပဲ။ ဆိုင်ထဲမှာရှိနေတဲ့ တီဗီအသေးလေးကတော့ ကမ္ဘာတစ်ဝန်းလုံးက သတင်းတွေကိုပြသလို့။
“တူရကီနိုင်ငံမှာ ဘာသာရေးအစွန်းရောက်ဂိုဏ်းတစ်ခုက အစိုးရကို ဖြုတ်ချလိုက်တဲ့သတင်းကို ဆက်လက်တင်ပြပါမယ်။”
“ဂရိနိုင်ငံမှာ ဆူပူသောင်းကျန်းမှုတွေဖြစ်ပွားနေပြီး လူရာချီသေဆုံး။”
“ဩစတီးယားနိုင်ငံတောင်းပိုင်းဒေသတချို့မှာ ကူစက်ရောဂါ ဖြစ်ပွားနေတဲ့အတွက်ကြောင့် လော့ဒေါင်းချထား။”
“မြေထဲပင်လယ်တစ်လျှောက်လုံး မုန်တိုင်းတွေ ပြင်းထန်နေ။”
တင်ဆက်သွားတဲ့သတင်းတော်တော်များများက သတင်းဆိုးတွေဖြစ်ပြီး သာမန်လူတွေအတွက်တော့ နိုင်ငံရပ်ခြားမှာဖြစ်နေတဲ့ မတည်ငြိမ်မှုတွေကိုကြည့် စုပ်တသက်သက် ဖြစ်ရုံသာရှိကြမှာ။ ဒါပေမဲ့ အတွင်းရေး ကိစ္စတွေအားလုံးကိုသိနေတဲ့ အယ်မာအတွက်တော့ အဲဒီလိုမဟုတ်ပါဘူး။
သတင်းတွေမှာကြော်ငြာနေတဲ့ အဖြစ်အပျက်တွေက မှော်ဆန်တဲ့ မဟာစစ်ပွဲကြီးတစ်ခုကို ဖုံးကွယ်ထားရုံပဲ။
လွန်ခဲ့တဲ့ရက်အနည်းငယ်က ဘုရားကျောင်းဘက်ကနေ စပြီးတော့ တိုက်စစ်ဆင်ခဲ့တယ်။ EUOCနဲ့ ကျောင်းခြောက်ကျောင်းက ညွန့်ပေါင်းတပ်ဖွဲ့ဖွဲ့ပြီး ခုခံခဲ့တယ်ဆိုပေမဲ့ အဆင်ပြေမနေပါဘူး။
ပထမတော့ သူတို့တွေက ဂရိနယ်စပ်မှာတပ်အပြည့် ချထားခဲ့တယ်ဆိုပေမဲ့ ဘုရားကျောင်းဘက်က တပ်မှူးတွေက တစ်နေရာတည်းကိုအားစိုက်ပြီး ဝင်ရောက်တိုက်ခိုက်တဲ့အတွက် ခံစစ်စည်းပျက်သွားတယ်။ အတိုက်ခံရတဲ့နေရာကို တပ်ကူသွားဖို့လုပ်ပေမဲ့ ကောင်းကင်မှာ ပျံသန်းနေတဲ့ ကြယ်တစ်လုံးရှိခဲ့ပြီး EUOCရဲ့အမိန့်ပေးစင်တာအတော်များများကို ဝင်ရောက်နှောင့်ယှက်ခဲ့လို့ အချက်အလက်စီးဆင်းမှု ပျက်စီးသွားခဲ့ပြီး ညွန့်ပေါင်းတပ်မဟာတစ်ခုလုံးဟာ အမှောင်ထဲရောက်သွားခဲ့တယ်။
အဲဒီအချိန်ကနေစပြီးတော့ တစ်ဆုတ်တည်းဆုတ်လာတာ အခုဆိုရင် ဩစတီးယားနိုင်ငံအထိကိုရောက်လာပြီဖြစ်ပြီး ဘော်လကန်ဒေသတစ်ခုလုံးကို လက်လွတ်လိုက်ရပြီးပြီ။ အဲဒီဒေသက ပြည်သူတွေရဲ့ကံကြမ္မာက မေးခွန်းထုတ်ဖို့ မလိုဘူး။
အခုအယ်မာရှိတဲ့ ဗီယက်နာမြို့က ဥရောပရဲ့အဓိက ခံစစ်စည်းတစ်ခုဖြစ်ပြီး ဘော်လကန်ဒေသကနေ ဗဟိုဥရောပကို ဝင်ရောက်ဖို့ လမ်းမကြီးပါပဲ။ ရန်သူကလည်း ကိုးကွယ်ယုံကြည်မှုစွမ်းအားတွေရဖို့ ဩစတီးယားနိုင်ငံရဲ့မြို့တော်ကိုရှောင်ကွင်းသွားဖို့မရှိတဲ့အတွက် ဒီနေရာမှာ နှစ်ဖက်လုံးက အင်အားအပြည့် ထုတ်သုံးရတော့မှာပါ။
“ငါတို့တွေက ဒီနေရာမှာတိုက်ခိုက်နေတဲ့အချိန် နတ်ဘုရားတွေက ငါတို့တွေကို ကြက်တိုက်ပွဲတစ်ပွဲ ကြည့်နေရသလို ကြည့်နေတယ်တဲ့လား။”
အယ်မာက သူ့စာအုပ်ကိုပိတ်လိုက်တယ်။ ခုနစ်လထဲ ဝင်စပြုနေပြီး အချိန်ပြည့်ကန်ကျောက်နေတဲ့ကလေးရှိတဲ့ ဝမ်းဗိုက်ကို လက်နဲ့ထိတွေ့လိုက်ရင်း သူထိုင်ရာကအထ။
သူ့မျက်လုံးတွေက ဆိုင်ထဲမှာရှိနေတဲ့ အလှမွေးငါးကန်ဆီ ကြည့်လိုက်မိတယ်။ ပါးဖောင်းဖောင်း ရွှေငါးတစ်ကောင်က ကန်ထဲမှာ စိတ်ဓာတ်ကျစွာနဲ့ကူးခတ် နေလေရဲ့။
“လူသားတွေကို နတ်ဘုရားတွေလက်ကနေ လွတ်မြောက်အောင် လုပ်ပေးရမယ်တဲ့။ ဒါပေမဲ့ ငါတို့လူသားတွေကရော နတ်ဘုရားတွေနဲ့ ဘာများကွာခြားလို့လဲ။”
အယ်မာက ငါးကန်ရှေ့ကိုရောက်သွားပြီး ငါးလေးကို သေချာကြည့်တယ်။ ငါးရဲ့လေအိတ်ကြောင့် ငါးဟာ ရေသေချာမကူးခတ်နိုင်ဘဲ ယက်ကန်ယက်ကန်နဲ့။ မျက်လုံးတွေကလည်း ရေအိတ်ကြောင့်အပေါ်ကို ပင့်ဆင်ခံရပြီး အပေါ်ဘက်ကိုပဲမြင်ရတယ်။
ပါးဖောင်းရွှေငါးဟာ သဘာဝအတိုင်းဖြစ်ပေါ်လာခဲ့တဲ့ မျိုးစိတ်မဟုတ်ပါဘူး။ လူတွေအလှမွေးဖို့သက်သက် မျိုးဖောက်ဖန်တီးထားကြတာ။ ဒီငါးမျိုးက သဘာဝကန်ထဲ လွတ်ပေးလိုက်တာနဲ့ အသက်မရှင်နိုင်ဘဲ သေသွားမှာ။ ဒီဖော်ပြချက်က အာလ္လုင်ဖော်ပြထားခဲ့တဲ့ ဥမယ်လို့ခေါ်တဲ့ လူစဥ်မမီတဲ့လူကို နတ်ဘုရားတွေ ဖန်တီးခဲ့တဲ့ ဖြစ်အင်နဲ့ ဆင်တူပါတယ်။
အယ်မာက ငါးစာတချို့ကို ကန်ထဲချပေးလိုက်တယ်။ ပါးဖောင်းငါးလေးကတော့ ပျော်ရွှင်စွာနဲ့ကူးခတ်လာပြီး ပါးစပ်ကိုဟကာစားဖို့ ကြိုးစားနေတော့တာပေါ့။
“အခုကြယ်နှစ်လုံးရဲ့ဗျာတိတ်ကလည်း နတ်ဘုရားတွေ အလှမွေးလူကန်လေးကိုလှုပ်ခါလိုက်လို့ဖြစ်လာတာလား။”
အယ်မာက သက်ပြင်းချလိုက်တယ်။ အာလ္လုင်ရဲ့စာကို ဖတ်ပြီးတော့ ကမ္ဘာကြီးရဲ့အစစ်အမှန်အခြေအနေကို သိလိုက်ရတာက ကောင်းပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလဲ ဒီအခြေအနေကနေဖောက်ထွက်ဖို့က မျှော်လင့်ချက်မရှိတဲ့ အတွက်ကြောင့် စိတ်ညစ်နေမိပြန်ရော။
“အာလ္လုင်ရဲ့မူရင်းအကြံအစည်အရဆိုရင် ကြယ်စင် နှစ်ခုလုံး သူတို့ရဲ့ဆုတောင်းပိုင်ခွင့်ကို လက်လျှော့သွားဖို့ လုပ်ရမှာ။ ဒါပေမဲ့....”
အယ်မာက လက်ရှိအခြေအနေကို ပြန်ပြီးစဥ်းစားတယ်။ လေးသူတော်စင်သီယာက နီကိုလပ်ကိုပြန်အသက်သွင်းဖို့ ကြိုးစားအားထုတ်နေတဲ့အကြောင်း သူသတင်းရပြီးပြီ။ တစ်ဖက်မှာလည်း နက်ဆန်က ဆယ်ဗီနဲ့မိုနီကာအတွက် ရှိသမျှနည်းလမ်းတွေကိုအသုံးပြုပြီး သူတို့ကံကြမ္မာကနေ လွတ်မြောက်ဖို့ကြိုးစားနေတာ။
“ဒီလူနှစ်ယောက်က သူတို့အိပ်မက်တွေကို တကယ် ဖြစ်လာစေမယ့် အခွင့်အရေးကို လက်လျှော့ပါ့မလား။”
အယ်မာရဲ့စိတ်ကူးထဲမှာတော့ အဲဒီအရာက မဖြစ်နိုင်ဆုံး အရာပါပဲ။ ဒါကြောင့် သူ့စိတ်ထဲမှာ နောက်ဆုံးတွေးမိတဲ့ အရာက...
“ သူတို့နှစ်ယောက်လုံးကိုသတ်ပစ်ပြီး ဆုတောင်းမရှိအောင် လုပ်ပစ်တာကမှ ပိုလွယ်ဦးမယ်။ ဒါပေမဲ့ အဲဒီကောင်လေးကို ငါက ဘယ်လိုလုပ်သတ်ပစ်နိုင်မှာလဲ။”
အယ်မာတစ်ယောက်တည်း ရေရွတ်နေတဲ့အချိန်မှာပဲ စစ်ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ EUOCတပ်သားက လူမရှိတဲ့ဆိုင်ထဲဝင်လာပြီး အယ်မာကို အလေးပြုလိုက်တယ်။
“ကောင်မရှင်နာမင်းကြီး၊ ရန်သူ့စစ်တပ်ကြီး မြို့ဆီကို ချဥ်းကပ်လာနေပါပြီ။”
အယ်မာက အဲဒီတပ်သားကိုခေါင်းညိတ်ပြလိုက်ပြီး ဆိုင်ထဲကနေ ထွက်လိုက်တယ်။ မြို့တွင်း လမ်းတွေပေါ်မှာတော့ သာမန်လူတွေ တစ်ယောက်မှမရှိတော့ဘဲ ထောင်သောင်းချီတဲ့ EUOC တပ်သားတွေနဲ့ ကျောင်းခြောက်ကျောင်းက မှော်ဆရာတွေသာ တာဝန်ကျရာနေရာတွေကို ပြေးသွားနေတယ်။
မြို့ပတ်ပတ်လည်ကိုတော့ ရှစ်ထောင့်ကြယ်သဏ္ဍာန် မြေသားတံတိုင်းကြီးသုံးလွှာက ဝိုင်းရံထားပြီး အယ်မာကိုယ်တိုင် အချိန်ယူတည်ဆောက်ထားခဲ့တဲ့ မှော်အရံအတားကြီးပါပဲ။
“နက်ဆန်... နင်အဲဒီနေရာကနေ ထွက်မလာနိုင်ရင် အကောင်းဆုံးပဲ။ ဂူသင်္ချုင်းထဲမှာပဲ နင့်ရဲ့ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းပြီး လက်တွေ့ကမ္ဘာစီ ပြန်မလာနဲ့တော့။ အဲဒါက နင့်အတွက်ရောငါတို့အတွက်ပါ အကောင်းဆုံးပဲ။”
သေချာတာတစ်ခုကတော့ အယ်မာနက်ဆန်ကိုပေးခဲ့တဲ့ ဖိုင်တွေက ပြီးပြည့်စုံတဲ့ဖိုင်တွေမဟုတ်ခဲ့ဘူး။ အာလ္လုင် ကိုယ်တိုင်ကလည်း ဒီအစီအစဥ်ကို ကြိုတွေးခဲ့ပုံပဲ။ နက်ဆန်လို စွမ်းအားကြီးတဲ့လူတစ်ယောက်ကို သူတို့တွေမလိုအပ်ဘဲ သတ်ဖြတ်ဖယ်ရှားမပစ်ချင်ဘူး။
အယ်မာက အတွေးများနေရင်းကနေပဲ တံတိုင်းကြီးပေါ် တက်လိုက်တယ်။ ကျောင်းခြောက်ခုရဲ့အယ်ဒါတွေဖြစ်တဲ့ ရိုစယ်လီယာ၊ ခရစ်စတိုဖာ၊ ရီဆာနဲ့ ရှားလော့ခ်တို့ကလည်း သူနဲ့တန်းတူ ရင်ဘောင်တန်းပြီးရပ်နေတယ်။
သူတို့တွေအားလုံးက တောင်ဘက်ကောင်းကင်ယံကို ကြည့်လိုက်ကြပြီ။ ရွှေနားကွပ်ထားတဲ့ချပ်ဝတ်တွေကို ဝတ်ဆင်ထားတဲ့ မြင်းပျံတပ်ဖွဲ့ကြီးဟာ လေကြောင်းက ချီလာပြီး EUOCရဲ့လေကာတွေက သူတို့ကိုပစ်ချနေပေမဲ့ အရှိန်နှေးသွားအောင် လုပ်နိုင်ရုံပဲရှိတယ်။
ရှေ့ဆုံးကနေ ဦးဆောင်နေတဲ့ တပ်မှူးဂျူလီယာက ကျိုင်းတုတ်ကြီးကိုကိုင်ကာ လေကာတပ်ဖွဲ့တွေပေါ် သိမ်းငှက်တစ်ကောင်လိုထိုးဆင်းတိုက်ခိုက်ရင်း တပ်ဖွဲ့အတွက် လမ်းကြောင်းရှင်းပေးနေတယ်။
“သူ့ကို ငါရင်ဆိုင်လိုက်မယ်။” ရှားလော့ခ်က ဂျူလီယာကို ကြည့်လိုက်ပြီး ဆုံးဖြတ်ချက်ချထားဟန်နဲ့ပြောတယ်။ သူ့ကျောမှာ တောင်ပံခြောက်ခုပေါ်လာပြီး လေပေါ် ပျံတက်သွားခဲ့ပါပြီ။
မြေပြင်မှာ တင့်ကားတပ်ဖွဲ့နဲ့ မှော်ဆရာတွေကို လှိမ့်သတ်နေတဲ့ အပြစ်ပေးတပ်ဖွဲ့နဲ့ သွေးစွန်းဘုန်းတော်ကြီးကို မြင်တော့လည်း ရိုစယ်လီယာက တံတိုင်းပေါ်က ချက်ချင်းခုန်ချသွားရော။
“ဘုရားကျောင်းရဲ့ဒုတိယအစွမ်းအထက်ဆုံးလူက ဘယ်လိုလည်း ကြည့်ရသေးတာပေါ့။”
အလားတူပဲ လေးသည်တော်တပ်ဖွဲ့က ဩစတင်းနဲ့ အယ်ဒါရီဆာတို့ရင်ဆိုင်မိကြပြီး ရဟန်းမင်းအစောင့်တပ်က ရွှေရောင်စစ်သည်တွေကတော့ အယ်ဒါခရစ်စတိုဖာနဲ့ ရင်ဆိုင်မိကြတာပေါ့။
အယ်မာတစ်ယောက်တည်းသာ တံတိုင်းပေါ်မှာ လက်ပိုက်ပြီး ကျန်နေရစ်တယ်။ သူ့မျက်လုံးတွေက ကောင်းကင်ယံပေါ်မှာဆက်ရှိနေပြီး တစ်စုံတစ်ခုကို ရှာဖွေနေပါတယ်။ မကြာခင်မှာပဲ သွေးနီရောင်ကြယ်တံခွန် တစ်ခုဟာ မြို့ကြီးဆီကို ဦးတည်လာနေတာ သူမြင်လိုက်ရပြီ။ သူ့နှုတ်ခမ်းတွေ ကွေးညွှတ်သွားပြီး နောက်မှာတော့ အခုလိုပြောလိုက်လေရဲ့။
“နက်ဆန်... နင့်ညီမလေးကတော့ လုံးဝရူးသွားပြီ။”
....
ရှားလော့ခ်ဟာ တိုက်ပွဲထဲကို ဝင်လာချင်းချင်းမှာပဲ မန္တန်ကင်းမဲ့နယ်မြေကို ထုတ်သုံးလိုက်တယ်။ သူ့လက်ထဲ ကျာပွတ်ရှိနေပြီးတော့ အသင့်မဖြစ်သေးတဲ့ ဂျူလီယာရဲ့လက်ထဲက ကျိုင်းတုတ်ကိုဆွဲလုလေရဲ့။
ဂျူလီယာကလည်း အလွယ်တကူသတိလွတ်မသွားဘဲ သူ့ရဲ့သန်မာတဲ့ခွန်အားကိုအသုံးပြုကာ ရှားလော့ခ်ကို ဆောင့်ဆွဲတယ်။ ရှားလော့ခ်ရဲ့ခန္ဓာကိုယ်က ငါမျှားချိတ်မှာ မိနေတဲ့ငါးလိုမျိုး ဆတ်ခနဲပါလာပြီးအနီးရောက်လာချိန် ဂျူလီယာက အားနေတဲ့လက်တစ်ဖက်ကိုမြှောက်ကာ ရှားလော့ခ်ရဲ့မျက်နှာကို လက်သီးနဲ့ထိုးချဖို့ပြင်တယ်။ ဒါပေမဲ့ ရှားလော့ခ်ရဲ့နှုတ်ခမ်းတွေက ပြုံးယောင် သန်းနေတဲ့အတွက် သူရင်ထိတ်သွားတယ်။
“ဘာ....”
ရုတ်တရက် သူစီးနေတဲ့မြင်းပျံက အောက်ကိုစိုက်သွားတာ ခံစားမိလိုက်ရပြီး ငုံကြည့်တော့ သံချပ်ကာဝတ်မြင်းပျံဟာ ခေါင်းပြတ်နေပြီဖြစ်ပြီး သူဟာမြေပေါ်ပြုတ်ကျနေပါပြီ။
ဘုန်း...
ဂျူလီယာဟာ ရွံနွံထူထပ်တဲ့ တောစပ်တစ်နေရာကို ပြုတ်ကျတယ်။ ရှားလော့ခ်ကတော့ မလှမ်းမကမ်းကနေ ပျံသန်းရင်းလိုက်လာပြီး သူ့ကိုလေဓားသွားတွေနဲ့ လှမ်းမိတ်ဆက်လေရဲ့။
“ဒီအတိုင်း ဆက်ဖြစ်နေလို့မရဘူး...” ဂျူလီယာက လေဓားသွားတွေကိုရှောင်ရင်း တောနက်ထဲ ပြေးဝင်တယ်။
ဂျူလီယာဟာ အယ်ဒါအဆင့်ပါ။ ဒါပေမဲ့ ခွန်အားကို အဓိကထားပြီး အနီးကပ်တိုက်ခိုက်ရာမှာကျွမ်းတယ်။ ရှားလော့ခ်ရဲ့မန္တန်ကင်းမဲ့ဂါထာဟာ သူ့အပေါ်မှာသိပ်ပြီး ထူးခြားချက်မရှိဘူး။
နှစ်ယောက်ချင်း မြေပြင်မှာအနီးကပ်ချမယ်ဆိုရင် ဂျူလီယာက ရှားလော့ခ်ကို ခဏအတွင်း အမှောက်သိပ်ဖို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အခုဂျူလီယာက သံချပ်ကာအထူကြီး ဝတ်လျက်သားနဲ့ ရွံတောထဲ ပြုတ်ကျနေတာ။
ရှားလော့ခ်ကတော့ လေပေါ်မှာဖြစ်ပြီး သူ့ကိုမှော်တွေနဲ့ ပစ်ခတ်နေတာ။ မန္တန်ကင်းမဲ့ဇုန်ကိုသုံးပြီးတော့ သူ့တပ်ဖွဲ့က လူတွေလာမကူနိုင်အောင်လည်းလုပ်ထားသေးတယ်။
“ပုန်းစရာနေရာရှာပြီး သံချပ်ကာတွေ ချွတ်ပစ်မှရမယ်။”
ဂျူလီယာက တိုက်ပွဲအတွေ့အကြုံမနည်းတဲ့သူ။ အယ်ဒါ ဖြစ်လာတာမကြာသေးပေမဲ့ ဘာလုပ်ရမလဲသိတယ်။ ရွံတောထဲမြုပ်သွားမယ့် ကျောက်ခဲလို အဖြစ်ခံမယ့်အစား သစ်ပင်တွေအကွယ်မှာ ချပ်ဝတ်တွေကိုချွတ်ပြီး တိုက်စစ် ပြန်ဆင်ဖို့စဥ်းစားမှာ။
“အရှင်နီကိုလပ်အတွက်....”
ဂျူလီယာက ပြေးလွှားနေရင်းကနေ နှစ်ချို့သစ်ပင်ကြီး တစ်ပင်နောက်ကို ပြေးဝင်လိုက်တယ်။ ကောင်းကင်ပေါ်မှာ ရှားလော့ခ်ရဲ့အရိပ်အယောင်မတွေ့ရ။ ရန်သူသူ့ကို မျက်ခြေပျက်သွားပြီလို့ ယူဆလိုက်ပြီး လက်အိတ်နဲ့ ပခုံးကာတွေကို အရင်ချွတ်တော့တာပေါ့။
ဂျူလီယာဟာ နီကိုလပ်ရဲ့တပ်မှူးပါ။ နီကိုလပ် သူတော်စင်ဖြစ်လာကာစကတည်းက မောင်လေးလိုမျိုး စောင့်ရှောက်ပေးခဲ့တာ။ နီကိုလပ်သေသွားပြီး သီယာက သူ့ကိုပြန်အသက်သွင်းပေးဖို့ လုပ်နေတယ်ဆိုတာ ကြားပြီးတဲ့နောက် ငြင်းဆန်မနေတော့ဘဲ သီယာနောက် လိုက်ခဲ့တော့တာပဲ။
“ပြေးလို့ လွတ်မယ်ထင်နေတာလား။” ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီးတော့ ရှားလော့ခ်ရဲ့ပုံရိပ်က မျက်နှာချင်းဆိုင်သစ်ပင်ရဲ့ သစ်ကိုင်းပေါ်မှာပေါ်လာတယ်။ အဲဒီနောက် လက်ကို ဝေ့ယမ်းလိုက်ပါပြီ။
ဖျောက်... ဖျောက်... ဖြောင်း....
ဂျူလီယာက ဘေးကိုလှိမ့်ရှောင်လိုက်တဲ့အတွက် လွတ်သွားခဲ့ပေမဲ့ သစ်ပင်ကြီးကတော့ ပြိုလဲသွားပြီ။ ပြန်ထထချင်း ဂျူလီယာက ကျိုင်းတုတ်ကို အားနဲ့လွှဲပြီး ရှားလော့ခ်ရဲ့မျက်နှာကို ပစ်ပေါက်တယ်။
ရှားလော့ခ် မျက်နှာကိုလွှဲပြီးရှောင်လိုက်တုန်း ဂျူလီယာက ဆက်ပြေးတယ်။ ပြေးရင်းလမ်းမှာ သံချပ်ကာတွေကို ပစ်ချထားခဲ့သလို သဲလွန်စအတုတွေကိုပါဖန်တီးတယ်။ အခုသူ့ကိုယ်ပေါ်မှာ ကာဗွန်ဖိုက်ဘာချည်အပေါ့စားနဲ့ ဖန်တီးထားတဲ့ အကြမ်းခံအားကစားဝတ်စုံသာ ကျန်ရစ်တော့ပြီး မြန်မြန်ဆန်ဆန်လှုပ်ရှားရင်းနဲ့ ပုန်းကွယ်နေလို့ရပြီ။
မကြာခင်မှာပဲ ညအမှောင်ရဲ့အကာအကွယ်အောက်မှာ ဂျူလီယာက ရှားလော့ခ်ကို အမှန်တကယ်မျက်ခြေ ဖြတ်ထားနိုင်ခဲ့ပြီးတော့ ပြောင်းပြန်ကင်းထောက် နိုင်ခဲ့ပါပြီ။
‘ဒီတစ်ခါတော့ နင်အသေပဲ။' ဂျူလီယာက သစ်ပင်ကြီး တစ်ပင်ရဲ့သစ်ကိုင်းပေါ်မှာ ခိုနေပြီး မြေပြင်မှာသူ့ကို လိုက်ရှာနေတဲ့ရှားလော့ခ်ကို ပြုံးပြီးကြည့်လိုက်ပါတယ်။ ဘယ်လက်ထဲမှာ ခဲတစ်လုံးကိုကိုင်ထားပြီးတော့ ညာလက်ထဲမှာတော့ ဓားမြှောင်။
ဖောက်....
ဂျူလီယာက ခဲနဲ့တစ်ဖက်ခြုံပုတ်ကိုလှမ်းပစ်ကာ ရှားလော့ခ်ကို အာရုံလွှဲဖို့ကြိုးစားလိုက်ပြီးတော့ သူ့ကိုယ်တိုင်ကတော့ ရှားလော့ခ်ဆီကိုဦးတည်ကာ ခုန်ဆင်းလိုက်ပါပြီ။ ဓားသွားရဲ့ဦးတည်ရာကတော့ ရှားလော့ခ်ရဲ့လည်မျိုဆီ။
ရွှတ်....
အသားနဲ့ဓားသွားထိသံ ထွက်ပေါ်လာပြီး လေထုထဲမှာ နီရဲတဲ့သွေးတွေ ပြန့်နှံလို့။ ရှားလော့ခ်က ဂျူလီယာကို လှည့်ကြည့်ခဲ့တယ်။ သူ့အကြည့်တွေမှာ အံ့ဩမှင်သက်မှု လုံးဝရှိမနေဘူး။ ဂျူလီယာရဲ့အပြုံးရပ်တန့်သွားတယ်။ သူ့ခန္ဓာကိုယ်ဟာ ရှေ့ကိုအားလွန်ကျသွားပြီး သူ့ရင်ဘတ်က သွေးတွေကို စမ်းသပ်ကြည့်မိလိုက်လေရဲ့။
“ဘယ်လိုလုပ်ပြီးတော့....” ဂျူလီယာ ဒီအဖြစ်အပျက်ကို မယုံနိုင်ဘူး။ ပြောက််စစ်သည်တော်တစ်ယောက် လုပ်သင့်တဲ့အရာတိုင်းကို သူလုပ်ခဲ့ပြီး ရှားလော့ခ်ကို သူချောင်းတိုက်ခဲ့တာ။ ကံဆိုးတာက ရှားလော့ခ်က သူထွက်လာမယ့် လားရာအစစ်ကို ကြိုခန့်မှန်းမိနေပြီး သူ့ရင်ဘတ်ကို လေဓားနဲ့ပိုင်းပစ်လိုက်တာပဲ။
ရှားလော့ခ်ကတော့ ခါတိုင်းလိုပဲ တည်ငြိမ်စွာရှိနေပြီး ကျာပွတ်ကို ယပ်တောင်အဖြစ်ပြောင်းကာ ပြောလိုက်လေရဲ့။
“တောအုပ်ရဲ့လေထုက နင့်ရဲ့ခြေသံတွေနဲ့ကိုယ်သင်းနံကို သယ်ဆောင်ထားတယ်။” ရှားလော့ခ်က သူ့စကားကို တိုတိုနဲ့ပဲဖြတ်လိုက်ပြီး နောက်ထပ်လေဓားသွားတွေကို ပျင်းရိစွာ ဆင့်ခေါ်လိုက်တယ်။ တိုက်ပွဲကို အဆုံးသတ်ဖို့ သူအသင့်ဖြစ်နေပြီ။