အခန်း ၃
Vol. 1 Ch. 3
Chapter 3
နင်းမုန့်ယောင်သည် ခေါ်သံကိုကြားသောအခါ မျက်မှောင်ကြုံ့လိုက်ပြီး သူမရှေ့တွင်ရှိသော ပန်းထိုးပစ္စည်းများအားကြည့်ကာ အိမ်ထဲသို့ပြန်သိမ်းလိုက်သည်။သိမ်းဆည်းပြီးသောအခါ တံခါးသွားဖွင့်ပေးသည်။တံခါးရှေ့တွင် ယန်ရှိုးအာသည် ကျောပိုးအိတ်တစ်လုံးလွယ်ကာ ရပ်နေသည်။
"မုန့်ယောင် နင်ဒီနေ့တောင်ပေါ်သွားမယ်လို့ပြောထားတယ်မလား။ငါတို့အတူတူသွားရအောင်"
ယန်ရှိုးအာသည် အနည်းငယ်ရှက်ရွံ့စွာပြုံးနေသည်။သူမသည် နင်းမုန့်ယောင်ကို လွန်ခဲ့သော တစ်လခန့်ကမှ သိတာဖြစ်သည်။၎င်းမတိုင်ခင်က ရွာထဲမှာ မိဘမဲ့မိန်းကလေးတစ်ဦးရှိနေသည်ဟုသာ ကြားဖူးသည်။သူမသည် တောင်ခြေတွင် တစ်ယောက်ထဲနေသည်ဖြစ်သည်။ထိုအချိန်တွင် ယန်ရှိုးအာသည် ဟင်းသီးဟင်းရွက်တစ်ချို့ခူးရန် တောင်ပေါ်သွားခြင်းမှ နင်းမုန့်ယောင်အား တွေ့ခဲ့ခြင်းဖြစ်သည်။နင်းမုန့်ယောင်သည် ချည်သားဝတ်စုံကိုဝတ်ဆင်ထားပြီး ခြံထဲတွင် ချက်ပြုတ်နေခဲ့သည်။သူမသည် နင်းမုန့်ယောင်အား ေတွ့လျှင် နတ်သမီးဟုပင် ထင်ခဲ့မိသည်။နောက်တွင် သူမသည် နင်းမုန့်ယောင်အား ကောင်းကောင်းသိလာခဲ့ပြီး နင်းမုန့်ယောင်သည် အလွန်နှစ်လိုဖွယ်ကောင်းသည်ကို တွေ့ခဲ့သည်။သူမသည် နင်းမုန့်ယောင်နှင့်ရင်းနှီးစေရန်ကြိုးစားပြီး နင်းမုန့်ယောင်ထံမှ သင်ယူရန်မျှော်လင့်ခဲ့သည်။သို့သော် သူမ နင်းမုန့်ယောင်အား ပို၍သိလာလေလေ သူမတို့နှစ်ယောက်ကြားတွင် ကွာခြားချက်များစွာရှိသည်ကို သတိပြုမိလာလေဖြစ်သည်။
နင်းမုန့်ယောင်သည် လှပကာ ကောင်းကောင်းချက်ပြုတ်နိုင်သည့်အပြင် အခြားအရာများစွာကိုလည်း လုပ်နိုင်သည်။သူမတွင်မရှိသည့်အရာများ နင်းမုန့်ယောင်ဆီတွင်ရှိသည်။
"ဒါဆိုငါ့ကိုခဏစောင့်ဦး ပစ္စည်းတွေယူလိုက်ဦးမယ်"
နင်းမုန့်ယောင်သည် ပစ္စည်းများထားသောအခန်းကနေ ကျောပိုးအိတ်တစ်လုံးယူ၍ထွက်လာကာ အိမ်တံခါးကိုပိတ်လိုက်သည်။ထို့နောက် သော့ခတ်ခဲ့လိုက်သည်။နင်းမုန့်ယောင်သည် သူမနေသောနေရာသည် မလုံခြုံသည်ဟုထင်သည်။အမှန်တကယ်တွင် ထိုသို့မဟုတ်ပေ။ဘေးပတ်လည်တွင် ဆူးရိုင်းနှင်းဆီများရှိနေခြင်းကြောင့် သာမန်လူများအဖို့ တံခါးကိုချိုးဖျက်၍ဝင်လာမှသာရပေမည်။
"သွားကြမယ်"
နင်းမုန့်ယောင်သည် အနည်းငယ်ပြုံးကာပြောလိုက်သည်။ယန်ရှိုးအာက ခေါင်းညိတ်ပြလိုက်သည်။သူမသည် နင်းမုန့်ယောင်ပြုံးသည်ကို ဘယ်နှစ်ကြိမ်မျှမြင်ဖူးပါစေရှိကာမူ သူမအပြုံးအား မကြည့်မိဘဲမနေနိုင်ပေ။
နင်းမုန့်ယောင်သည် တောင်ခြေတွင် နေသောကြောင့် သူမတို့နှစ်ဦးတောင်ပေါ်သွားချိန်မှာ မကြာမြင့်ပေ။နွေဦးကာလဖြစ်သည့်အပြင် မကြာသေးခင်က မိုးနှစ်ခါရွာထားသောကြောင့် တောင်ပေါ်တွင် စားလို့ရသော မှိုအချို့ကို တွေ့နိုင်သည်။နင်းမုန့်ယောင်နှင့်ယန်ရှိုးအာတို့သည် သူမတို့စားဖူးသော မှိုများကို ခူးကြသည်။သိပ်မကြာခင်မှာပင် ယန်ရှိုးအာသည် စိတ်သဘောထားကောင်းသူဟုထင်ရသော်လည်း တစ်ကိုယ်ကောင်းဆန်ကြောင်း နင်းမုန့်ယောင်သိသွားရသည်။
ယန်ရှိုးအာသည် မှိုများကိုမြင်သောအခါ အကြီးအငယ်ဂရုမစိုက်ဘဲ သူမအိတ်ထဲသို့သာ အကုန်ခူးထည့်ေတာ့သည်။နင်းမုန့်ယောင်သည် ပြုံးကြည့်ကာ ဘာမှမပြောဘဲ တစ်ခြားဖက်သို့ထွက်သွားလိုက်သည်။ယန်ရှိုးအာ မှိုခူးပြီး၍ သူမနောက်ကိုလှည့်ကြည့်လိုက်သောအခါ သူမနှင့်သိပ်မဝေးသောနေရာတွင် နင်းမုန့်ယောင်အား တွေ့လိုက်ရသည်။နင်းမုန့်ယောင်၏ ရှေ့တွင် ကောက်ရိုးမှိုများ ရှိနေသည်။ကောက်ရိုးမှိုများကိုမြင်သောအခါ သူမ မကျေမနပ်ခံစားလိုက်ရသည်။
နင်းမုန့်ယောင်ကဘာကြောင့် သူမကိုလှမ်းမခေါ်ရတာလဲ။
သူမ၏ လွယ်အိတ်ကိုယူကာ နင်းမုန့်ယောင်ဆီသို့ လျှောက်သွားလိုက်ပြီး ကောက်ရိုးမှိုများကို တွေ့သောအခါ သူမစိတ်ထဲတွင် မပျော်မရွှင်ခံစားလာရသည်။
"ကောက်ရိုးမှိုတွေအများကြီးပဲ"
ယန်ရှိုးအာသည် ပြောပြီးပြီးချင်း မှိုများကိုခူးတော့သည်။သိပ်မကြာလိုက်ပေ ကောက်ရိုးမှိုပွင့်ကြီးများအားလုံးသည် ယန်ရှိုးအာ၏ အိတ်ထဲသို့ရောက်သွားသည်။ဆန့်ကျင်ဘက်အနေဖြင့် မှိုများကိုတွေ့ထားသူ နင်းမုန့်ယောင်ဆီတွင် သူမတွေ့စဉ်ကခူးထားသော မှိုပွင့်အနည်းငယ်သာရှိသည်။မှိုပွင့်သေးသေးလေးများကိုပင် လိုက်ခူးနေသော ယန်ရှိုးအာကိုမြင်သောအခါ နင်းမုန့်ယောင်၏ မျက်ဝန်းများထဲတွင် စိတ်ပျက်သောအရိပ်အယောင်များဖြတ်သန်းသွားသည်။သို့သော် ၎င်းသည်သူမအတွက် ဘာမှမဟုတ်တာကြောင့် လွယ်အိတ်ကိုယူကာ တစ်ခြားနေရာသို့ထွက်သွားလိုက်သည်။
နင်းမုန့်ယောင်ထွက်သွားသည်ကိုကြည့်ပြီး ယန်ရှိုးအာသည် လှောင်ရယ်သံပြုကာ သူမကိုယ်သူမဂုဏ်ယူနေခဲ့သည်။အဆုံးမှာတော့ သူမ မှိုတွေကိုဆက်မခူးနိုင်တော့ဘူး။ယန်ရှိုးအာသည် သူမကိုယ်သူမဂုဏ်ယူနေသောကြောင့် နင်းမုန့်ယောင်၏ ထေ့ငေါ့နေသောမျက်လုံးများကို သတိမပြုမိပေ။နင်းမုန့်ယောင်၏အမြင်တွင် ယန်ရှိုးအာ၏ပုံစံသည် လူရွှင်တော်တစ်ယောက်သာဖြစ်သည်။
တောင်ပေါ်တွင် အကြာကြီးမနေဘဲ နေ့လယ်ရောက်ခါနီးတွင် နင်းမုန့်ယောင်သည် ပြန်ဖို့ပြင်သောအခါ ယန်ရှိုးအာသည် မပျော်ပေ။
"ဒါကအရမ်းစောသေးတယ်လေ ဘာလို့ပြန်မှာလဲ"
နင်းမုန့်ယောင်သည် မှိုများနဲ့အသီးအရွက်အများအား ပိုခူးနိုင်သည်ကိုသူမတွေ့ထားသည်။ဒါကြောင့် သူမတောင်အောက်ကိုမဆင်းချင်သေးဘူး။ဒီထက် ကြာကြာနေချင်သေးတယ်။
နင်းမုန့်ယောင်သည် မျက်ဝန်းများမှေးကြည့်လိုက်ပြီး
"ဒါတွေက ငါ့အတွက် အကြာကြီးစားလို့ရတယ်" ဒါကြောင့် နေဖို့မလိုအပ်ဘူး။
ယန်ရှိုးအာသည် သူမရှာထားသောအရာများသည် သူမမိသားစုအတွက် နှစ်ရက်စားဖို့တောင်မလောက်ဟု ပြောချင်သော်လည်း မပြောခဲ့ပေ။ဒါကို သူများတွေသိစရာမှမလိုတာ။အဆုံးတွင် သူမသည် နင်းမုန့်ယောင်အား နောက်တွင်ထားကာ ထွက်လာခဲ့လိုက်သည်။သူမသည် စိတ်ထဲတွင် မကျေနပ်ပေ။နောက်တစ်ကြိမ် နင်းမုန့်ယောင်အား ထပ်ခေါ်မည်ဟု တေးမှတ်ထားလိုက်သည်။
ယန်ရှိုးအာ၏ကျောပြင်ကိုကြည့်ကာ နင်းမုန့်ယောင်သည် လှည့်ပြန်လာသည်။သူမလှည့်ကြည့်လိုက်သောအခါ အရပ်ရှည်ရှည်နှင့်ကုတ်အင်္ကျီဝတ်ထားသော လူတစ်ယောက်သည် လက်ထဲတွင် ရစ်ငှက်၊ယုန်စသည့် သားကောင်များကိုကိုင်ကာ တောင်ပေါ်မှဆင်းလာသည်ကို မြင်သည်။