အခန်း ၉
Vol. 1 Ch. 9
Chapter 9
နင်းမုန့်ယောင်က သူမခေါင်းကိုပဲ ငြိမ့်ပြနိုင်တော့တယ်။
"ကောင်းပြီ ဒါဆိုရင်တော့ ကျွန်မရှင်တို့ကို ဒုက္ခပေးရတော့မယ်"
"ဒါက ဒုက္ခမှမဟုတ်တာ၊ဘာမှ ဒုက္ခမဖြစ်ဘူး"
သုံးယောက်လုံးက သူတို့ရဲ့ခေါင်းတွေကို တစ်ပြိုင်တည်းငြိမ့်လိုက်သည်။နင်းမုန့်ယောင်က စကားနည်းနည်းလောက်ထပ်ပြောပြီး ပြန်လာခဲ့သည်။သူမပြန်သွားပြီး သိပ်မကြာခင်မှာပဲ လီမိသားစုက ကောင်လေးနှစ်ယောက်က အိမ်ပြန်ရောက်လာခဲ့သည်။သူတို့အဖိုးက သူတို့တွေနောက်ဆုံးတော့ စာစသင်လို့ရပြီဆိုတာ ပြောလိုက်သည်။
"ဖိုးဖိုး ဒါကတကယ်ပဲလား?" ခုနစ်နှစ်အရွယ် လင်အာက သူ့အဖိုးကို မျှော်လင့်ချက်အပြည့်နဲ့ကြည့်လိုက်သည်။
"တကယ်..အခုရက်ထဲမှာပဲ။မင်းနဲ့ မုလေးက ကောင်းကောင်းနေရမယ်နော် ဟုတ်ပြီလား?" အဘိုးလီက ပြုံးလိုက်သည်။သူ့ရဲ့မြေးအကြီးဆုံးက အရင်ထဲက စာသင်ချင်တယ်ဆိုတာ သူသိတယ်။သူတို့မိသားစုက တစ်ခြားလူတွေထက် ငွေရေးကြေးရေးအဆင်ပြေပေမယ့် သူ့ကို ကျောင်းတော့မပို့နိုင်ဘူး။ဒါပေမယ့် အခုကမတူတော့ဘူး။လင်အာမှာသာ အရည်အချင်းရှိတယ်ဆိုရင် သူ့ကိုကျောင်းပို့ဖို့အတွက် သူတို့အစီအစဉ်တွေလုပ်မှာဖြစ်တယ်။
လင်အာက သူ့ညီလေးကိုကြည့်လိုက်သည်။သူတို့နှစ်ယောက်လုံးက အရမ်းပျော်သွားတာကြောင့် ခုန်ပေါက်နေကြသည်။
"ဒါက အရမ်းကောင်းတာပဲ!!"
တူညီတဲ့မြင်ကွင်းမျိုးက ရွာထဲကအခြားအိမ်ေတွမှာလည်းဖြစ်သည်။လူကြီးတွေက ပျော်ရွှင်နေပြီးတော့ ကလေးတွေက မျော်လင့်ချက်များပြည့်နေသည်။
နောက်တစ်နေ့မနက်တွင် ရန်လဲ့လဲ့က သူမရဲ့ပန်းထိုးပစ္စည်းများကိုယူပြီး နင်းမုန့်ယောင်ရဲ့အိမ်ကို သွားသည်။နှစ်ယောက်လုံးက နွားလှည်းစီးပြီး မြို့ကိုသွားကြသည်။
သူတို့မြို့ကိုရောက်တာနဲ့ နင်းမုန့်ယောင်က စာအုပ်အချို့ဝယ်ဖို့ စာအုပ်ဆိုင်ကိုမသွားခင် အရင်ဆုံး ရန်လဲ့လဲ့ကိုအဖော်လုပ်ပြီးတော့ သူမပန်းထိုးထားတာတွေရောင်းပေးပြီး ပန်းထိုးပစ္စည်းတွေဝယ်တယ်။နင်းမုန့်ယောင်က "ဇာတ်ကောင်သုံးမျိုး၊မိသားစုတစ်ရာ၏အမည်များ"၊"စကားလုံးတစ်ထောင်လမ်းညွှန်"၊"ကျောင်းသားများနှင့်တပည့်ကောင်းဖြစ်ဖို့ရာစံနှုန်းများ"၊စတဲ့ လွယ်ကူတဲ့စာအုပ်တွေကို ရွေးချယ်လိုက်တယ်။သူမက စာရွက်အချို့နဲ့ မှင်၊စုတ်တံတွေတောင်ဝယ်ဖို့သွားလိုက်သေးတယ်။
"ယောင်ယောင် ဒါတွေကတအားဈေးကြီးတယ်"
"ဒါကအဆင်ပြေပါတယ်။ငါတို့အိမ်ပြန်ရောက်တာနဲ့ စာရွက်ကိုဖြတ်ပြီး စာအုပ်တွေဆီက ကူးလိုက်မယ်" နင်းမုန့်ယောင်ကစိတ်မပူတာကြောင့် ခေါင်းရမ်းလိုက်တယ်။
နင်းမုန့်ယောင်က စုစုပေါင်းစာအုပ်ဆယ်အုပ်ဝယ်ခဲ့သည်။သူမက စာအုပ်အားလုံးကို ကူးယူဖို့သာအချိန်ပေးရပြီး ၎င်းတို့က တစ်လျံထက်ပိုကုန်ကျပေမယ်လို့ နှစ်ခုထက်တော့မပိုဘူး။
"နင်အဲ့ဒါလုပ်တဲ့အချိန်ကျရင်ငါလည်းကူညီပေးမယ်။ငါကစာမရေးတတ်ပေမယ့် စက္ကူတွေဖြတ်ရင် ကူေပးလို့ရတယ်" ရန်လဲ့လဲ့က တွေးပြီးပြောလိုက်သည်။
"ဒါဆိုရင်တော့ကောင်းတာပေါ့" နင်းမုန့်ယောင်ကပြုံးပြီး ခေါင်းညိမ့်လိုက်သည်။စာအုပ်တွေဝယ်ပြီးတဲ့အခါမှာ နင်းမုန့်ယောင်က လိုအပ်တဲ့ပစ္စည်းတွေကို မပြန်ခင်ဝယ်ဖို့လုပ်သည်။
အိမ်ပြန်ရောက်တဲ့အခါမှာ နင်းမုန့်ယောင်က စားပွဲတစ်လုံးကိုယူပြီး စာမရေးခင် မှင်နဲ့စုတ်တံတွေတင်ထားလိုက်သည်။သူမ တစ်ခုရေးပြီးသွားတဲ့အခါမှာ ရန်လဲ့လဲ့က (စာအုပ်)အနှောင့်ကို ကြိုးအထူကြီးနဲ့မချုပ်ခင် ဆီစိမ်စက္ကူနဲ့ ဂရုတစိုက်ချည်နှောင်သည်။သူတို့က မြို့ကနေပြန်လာချိန်ထဲက အလှုပ်ရှုပ်နေကြပြီး နေ့ခင်းရောက်တဲ့အခါမှာ "ကျောင်းသားများနှင့်တပည့်ကောင်းဖြစ်ဖို့ရာ စံနှုန်းများ"ဆိုတဲ့ စာအုပ်ကို ကူးပြီး ချုပ်ကြသည်။
နင်းမုန့်ယောင်က စာအုပ်သုံးဆယ်ကိုကြည့်ပြီးပြုံးလိုက်သည်။ရန်လဲ့လဲ့က စားပွဲပေါ်ကစာအုပ်တွေကိုကြည့်လိုက်သည်။ပြီးမြောက်အောင်မြင်သွားတဲ့ ခံစားချက်ကိုရတာကြောင့် သူမက အကြုံပြုလိုက်သည်။
"ငါမနက်ဖြန်လည်းကူညီဖို့ထပ်လာခဲ့မယ်"
"ဒါဆိုရင်တော့ ငါ့ကိုကူညီဖို့ နင့်ကို ဒုက္ခပေးရတော့မှာပဲ"
"နင်အဲ့လိုပြောစရာမလိုပါဘူး" ရန်လဲ့လဲ့က ဂရုမစိုက်ဘဲ လက်ခါပြလိုက်သည်။
ထိုညတွင် ရန်လဲ့လဲ့သည် သူမအိမ်မပြန်ခင်တွင် နင်းမုန့်ယောင်အိမ်၌ ညစာစားသွားသည်။ရန်ကျူးနဲ့ သခင်မကြီးရန်က တံခါးကနေ စိုးရိမ်တကြီးနဲ့ရပ်စောင့်နေကြသည်။သူတို့က သူမရဲ့ပုံသဏ္ဌာန်ကိုမြင်လိုက်ရတော့မှပဲ စိတ်ပူတာလျော့သွားကြသည်။သူတို့ကို တံခါးပေါက်မှာမြင်လိုက်မှ ရန်လဲ့လဲ့က သူမနင်းမုန့်ယောင်ကိုစာအုပ်ကူချုပ်ရင်းအလုပ်များနေတာနဲ့သူမမိဘတွေကို အသိပေးဖို့မေ့သွားတယ်ဆိုတာ သတိရသွားသည်။
တံခါးဆီကို မြန်မြန်လျှောက်သွားပြီး ရန်လဲ့လဲ့ကပြောလိုက်သည်။
"အဖေ၊အမေ သမီးအဆင်ပြေပါတယ်။သမီးကယောင်ယောင့်ကို စာအုပ်တွေကူချုပ်ပေးနေရင်းနဲ့ အိမ်ကိုပြန်လာပြီးပြောဖို့မတော်တဆမေ့သွားတယ်။သမီးတောင်းပန်ပါတယ်"
"အဆင်ပြေပါတယ် သမီးပြောတာ သမီးကသူ့ကို စာအုပ်တွေကူချုပ်ေပးတာလား?"
"ဟုတ်တယ်။ယောင်ယောင်က ဒီနေ့စာအုပ်ဆယ်အုပ်ဝယ်ခဲ့တယ် ဒါပေမယ့် အဲ့ဒါတွေက အရမ်းဈေးကြီးတယ်။အဲ့စာအုပ်တွေအကုန်လုံးက သူ့ကို နှစ်လျံလောက်ကုန်သွားစေတယ်။ယောင်ယောင်ကပြောတယ် သူက အဲ့စာအုပ်တွေကို ကူးမယ်တဲ့"
သူတို့တွေ စာအုပ်သုံးဆယ်ကို ပြီးအောင်လုပ်တဲ့အချိန်ကိုပြန်တွေးလိုက်ပြီး ရန်လဲ့လဲ့က ကျေနပ်သွားသည်။
ရန်ကျူးက သူ့သမီးပြောတာကို ကြည့်လိုက်သည်။သူက သူ့နှလုံးသားထဲမှာ ခံစားနေရတာကို ဘယ်လိုဖော်ပြပြီး ပြောပြရမလဲမသိတော့ဘူး။
"အဖေ သမီးမနက်ဖြန်ကျရင်လည်း ယောင်ယောင်ကိုထပ်သွားကူဦးမယ် သူတစ်ယောက်ထဲလုပ်မယ်ဆိုရင် အရမ်းများလွန်းတယ်"
ရန်လဲ့လဲ့က မျက်မှောင်ကြုံလိုက်သည်။ယောင်ယောင့်ကို ကူညီမယ့်သူ တစ်ယောက်မှမရှိဘူးဆိုရင် သူမဘာသာတစ်ယောက်ထဲ စာတွေကူးရေးပြီး ချုပ်နေရလိမ့်မယ်။သူမ အချိန်ဘယ်လောက်တောင် ကုန်လိုက်မလဲ?...
"အဖေ နားလည်ပြီ၊သမီးရဲ့အလုပ်တွေကို ခဏချထားပြီး ယောင်ယောင့်ကိုအရင်ဆုံးကူညီပေးလိုက်" ရန်ကျူးကခေါင်းငြိမ့်လိုက်သည်။သူ့သမီးရဲ့ အပြုအမူနဲ့ပတ်သက်ပြီး သူကျေနပ်သည်။သူ့သားတွေအိမ်မှာမရှိတာ ကံဆိုးတာပဲ။မဟုတ်ရင်သူတို့ကလေးတွေကိုလည်းစာသင်ဖို့ပို့လို့ရတယ်။
နောက်တစ်နေ့မနက်တွင် ရန်လဲ့လဲ့က နင်းမုန့်ယောင်အိမ်ကိုထပ်သွားသည်။သူမရောက်တော့ ပြီးပြီးသားစာအုပ်အချို့ကို နင်းမုန့်ယောင်ဘေးတွင်တွေ့လိုက်ရသည်။
"နင်ဒီလောက်အများကြီးတောင်လုပ်ပြီးသွားပြီ??ဘာလို့ငါလာတဲ့အထိမစောင့်တာလဲ"
စားပွဲခုံဆီကိုလျှောက်သွားပြီး ရန်လဲ့လဲ့က အပ်ကိုယူကာ နင်းမုန့်ယောင်ရေးပြီးသွားတဲ့ စာအုပ်တွေကို စချုပ်တော့သည်။နင်းမုန့်ယောင်ကပြုံးလိုက်ပေမယ့် တိတ်တိတ်လေးပဲနေလိုက်ပြီး သူမစာကူးတာကိုသာ အာရုံစိုက်လိုက်သည်။အဲ့လိုနဲ့ပဲ သူတို့နှစ်ယောက်က လေးရက်ကနေငါးရက်နီးပါး အကုန်ပြီးဖို့ အချိန်ယူလိုက်ရသည်။အဘိုးလီကလည်း ပရိဘောဂတွေလုပ်ပြီးသွားလို့ သူမဆီကိုပို့ပေးလိုက်သည်။