← Chapters

အခန်း ၂၃

Vol. 1 Ch. 23

အခန်း ၂၃

Vol. 1 Ch. 23

Chapter 23

"အစ်ကိုကြီးရန်ကို စစ်ဆေးပေးဖို့ သမားတော်လီကိုပဲ ကျွန်မတို့ဒုက္ခပေးရတော့မယ်"

နင်းမုန့်ယောင်က မြေကြီးပေါ်လဲကျနေတဲ့ ယောကျာ်းကို အာရုံမစိုက်ဘဲ သူမဘေးနားက သမားတော်လီကိုသာကြည့်ပြီးပြောလိုက်သည်။

"စိတ်မပူပါနဲ့ ဒီလူအိုကြီးကြည့်ပါရစေဦး"

သမားတော်လီက ကုတင်ရှေ့ကိုလျှောက်သွားလိုက်ပြီး ရန်ရိရဲ့ ကျိုးနေတဲ့ဒူးခေါင်းတွေကို အသာလေးကိုင်ကြည့်လိုက်သည်။ဒီ ရင်းနှီးတဲ့လှုပ်ရှားမှုက တစ်ချက်ကြည့်ရုံနဲ့တင်ကို အချိန်တော်ကြာ လေ့ကျင့်လာခဲ့မှန်းသိနိုင်သည်။

ရန်လဲ့လဲ့က နင်းမုန့်ယောင်ဘေးကိုသွားကာ သူမလက်တွေနဲ့ နင်းမုန့်ယောင်ရဲ့အင်္ကျီစကိုဆုပ်ကိုင်လိုက်ပြီး

"ယောင်ယောင် ငါ့အစ်ကို....."

"သမားတော်လီက ပိုင်ဟဲထန်က ဆေးကုသပေးတဲ့သမားတော်ပါ သူ့ရဲ့ကုသနိုင်စွမ်းကအရမ်းကောင်းတယ် အစ်ကိုကြီးရန်ပိုပြီးမပြင်းထန်သွားပါဘူး"

နင်းမုန့်ယောင်က ရန်လဲ့လဲ့လက်ကို နှစ်သိမ့်တဲ့အနေနဲ့ပုတ်ပြီးပြောလိုက်သည်။

"ပိုင်ဟဲထန်"ဆိုတဲ့ စကားသုံးလုံးကိုကြားတဲ့အချိန်မှာ ရန်လဲ့လဲ့ရဲ့စိတ်က ပိုပြီးတည်ငြိမ်သွားသည်။ပိုင်ဟဲထန်ရဲ့သမားတော်တွေက အကောင်းဆုံးပဲဆိုတာ ဘယ်သူမသိလို့လဲ?

ရန်ကျူးနဲ့ ကျန်တဲ့လူတွေကလည်း ဒါကိုကြားတဲ့အခါမှာ သူတို့ရဲ့စိတ်တွေလည်းပိုမိုတည်ငြိမ်လာကြပြီး နင်းမုန့်ယောင်ကို ပြောမပြတတ်အောင် ကျေးဇူးတင်သွားကြသည်။အရင်ကလည်း သူတို့ကိုပိုက်ဆံအများကြီးချေးပေးသေးတယ် အခုလည်း သူတို့ကို ကူညီပြီး သမားတော်ခေါ်ပေးတယ်။ဒီကျေးဇူးတင်ရမှာက သူတို့တွေသူမကို ဘယ်လိုများပြန်ကျေးဇူးဆပ်ရပါ့မလဲ?

သမားတော်လီက ခဏလောက်စစ်ဆေးလိုက်ပြီး မြေကြီးပေါ်က ယောကျာ်းကိုကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။

"မင်း မကုသနိုင်ဘူးဆိုရင်လည်း ဟိုလှည့်ဒီလှည့်လျှောက်မလုပ်နဲ့လေ ဒီဒဏ်ရာကအစတုန်းကဒီလောက်မပြင်းထန်ဘူး ဒါပေမယ့် အခုကျ သူကအိပ်ရာထဲမှာ နှစ်လ၊သုံးလလောက်ကြာအောင် ဆေးကုရတော့မယ်"

ဒူးခေါင်းဒဏ်ရာကမပြင်းထန်ပေ ဒါပေမယ့် လူလိမ်သမားတော်လှည့်လိုက်တာကြောင့် ဒုတိယအကြိမ်ဒဏ်ရာရသလိုဖြစ်သွားပြီး မပြင်းထန်တဲ့ဒဏ်ရာက အခြေအနေဆိုးလာခဲ့သည်။

ရန်မိသားစုကဒါကိုကြားတဲ့အခါမှာ သူတို့က ဒေါသထွက်လာကြပြီး မြေကြီးပေါ်ကသမားတော်ကို သတ်မတတ်ဖြတ်မတတ်ကြည့်ကာ အဲ့ဒီနောက် သမားတော်လီကို တောင်းဆိုတဲ့အကြည့်နဲ့ကြည့်ပြီး ပြောလိုက်သည်။

"သမားတော်လီ ကျေးဇူးပြုပြီး ကျွန်တော့်သားလေးကိုကယ်ပေးပါ ကျွန်တော့်မှာ သားတစ်ယောက်ထဲပဲရှိတာပါဗျာ"

ရန်ကျူးက သမားတော်လီကို တောင်းဆိုသည်။

မျိုးဆက်သုံးဆက်လုံး သူတို့မိသားစုက ကလေးတစ်ယောက်သာရကြပေမယ့် ဒီမျိုးဆက်မှာတော့ ကလေးနှစ်‌ယောက်ရှိလာခဲ့တယ် ဒါပေမယ့် သားကတော့တစ်ယောက်ထဲပင်။ဒီတစ်ယောက်ကသာ မတော်တဆဖြစ်သွားရင် မိသားစုကဘယ်လိုရှေ့ဆက်ကြမလဲ?

"ဒူးဒဏ်ရာက သေချာဂရုတစိုက်ပြုစုဖို့ပဲလိုတယ်။နှစ်လ၊သုံးလလောက်ကြာရင် သက်သာသွားမှာပါ ဘာမှမထိခိုက်ဘူး"

သမားတော်လီက ရန်မိသားစုကို နှစ်သိမ့်ပေးလိုက်ပြီး ရန်ရိရဲ့ဒဏ်ရာကို ကုသဖို့လုပ်‌သည်။

တစ်မိသားစုလုံး သမားတော်လီရဲ့ ယုံကြည်ချက်ရှိတဲ့ စကားလုံးတွေကိုကြားတဲ့အခါမှာတော့ သူတို့က စိတ်သက်သာရာရသွားကြသည်။စောနက စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ရန်ရိရဲ့မျက်လုံးတွေတောင် သန်မာတဲ့အလင်းရောင်တောက်လာသည်။သူ့ဒူးခေါင်းတွေကပြန်ကောင်းလာမှာတဲ့လား?ဒါ....ဒါ အရမ်းကောင်းတာပဲ...

သမားတော်လီက ကောင်းကောင်းစီမံပြီးတဲ့အခါမှာတော့ ရန်မိသားစုကို ဆေးစာရေးပေးလိုက်သည်။

"ဒါက ပထမလအတွက် ဆေးပဲ တစ်နေ့ကိုတစ်ကြိမ်သောက်ရမယ်။တစ်လပြည့်သွားရင် ငါသူ့‌ဒူးခေါင်းကိုလာကြည့်ပြီး ကုသနှုန်းကိုကြည့်မယ် အဲ့နောက်မှ ဆေးပြောင်းပေးမယ်"

"ကောင်းပါပြီ ကျေးဇူးတင်ပါတယ် သမားတော်လီ အခကြေးငွေ....."

"ငွေစငါးလျန်း"

ငါးလျန်း?သူတို့တွေ ပိုက်ဆံအများကြီး ကုန်ရမှာမဟုတ်ဘူးလား?ဘယ်လိုလုပ် ဒီလောက် နည်းနည်းလေးလဲ?

သူတို့ရဲ့ အတွေးတွေကိုမြင်တော့ သ‌မားတော်လီကပြုံးလိုက်ပြီး သူ့မုတ်ဆိတ်ကိုသပ်ကာ ရှင်းပြလိုက်သည်။

"ဒါက ငါ့ကိုပေးရတဲ့အခကြေးငွေပဲ ဆေးညွှန်းထဲမှာ တစ်ချို့ဆေးတွေကတော်တော်ကောင်းတယ်။ဒီလအတွက် ဆေးက ဆယ်လျန်းထက်တောင်မှပိုချင်ပိုဦးမယ် အဲ့လောက်ကုန်လိမ့်မယ်"

ရန်မိသားစုကဒါကိုကြားလိုက်သည်၊အဲ့ဒါက ဒီလိုကိုး။သူတို့ကချက်ချင်းပဲ သမားတော်လီကို အခကြေးငွေပေးလိုက်သည်။ရန်လဲ့လဲ့က ဆေးညွှန်းကိုယူပြီး ပိုင်ဟဲထန်ကိုသွားကာ ဆေးညွှန်းထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေဝယ်ဖို့ ပြင်လိုက်သည်။ပြီးနောက် ခြေနှစ်လှမ်းလောက်လျှောက်ပြီး မြေကြီးပေါ်က လူလိမ်သမားတော်ကိုကြည့်ကာ သူမ မျက်နှာကပြောင်းသွားပြီး သူ့ကိုဆွဲထုတ်သည်။

"မင်းဘာလုပ်နေတာလဲ?"

"ကျွန်မဘာလုပ်နေတာလဲပေါ့?ဒါပေါ့ ကျွန်မက ရှင့်ကို အရာရှိတွေဆီပို့မလို့လေ။ကျွန်မ အစ်ကိုရဲ့ဒဏ်ရာကမပြင်းထန်ဘူး ဒါပေမယ့် ရှင်ကဒီလိုအထိဖြစ်အောင် လုပ်ပစ်လိုက်တယ် ကျွန်မတို့မိသားစုက အနိုင်ကျင့်ဖို့လွယ်တယ်လို့များ ရှင်ထင်နေတာလား?"

ရန်လဲ့လဲ့က သူ့ကို ကြမ်းကြမ်းတမ်းတမ်းစိုက်ကြည့်လိုက်ပြီး ဒေါသတကြီးပြောလိုက်သည်။

ယောင်ယောင်သာ သမားတော်လီကို သူတို့အတွက် မခေါ်လာဘူးဆိုရင် အစ်ကိုကြီးရဲ့ဒူးတွေက သေချာပေါက် ပျက်ဆီးသွားမှာပဲ၊အဲ့ဒီအခါကျရင် သူမယောင်းမနဲ့ တူလေးကဘယ်လိုလုပ်ကြမလဲ?

"မလုပ်ပါနဲ့ ကျွန်တော့်ကို အရာရှိတွေဆီမပို့ပါနဲ့ ကျွန်တော်....ကျွန်တော်..မင်းတို့ကိုပိုက်ဆံပေးမယ်လေ"

အဲ့ဒီလူက စိုးရိမ်တကြီးပြောလိုက်သည်။

သူက ဒူးခေါင်းကျိုးတာလို ပြင်းထန်တဲ့ဒဏ်ရာတွေကို မကုသဖူးပေမယ့်လို့ ပေါ့ပေါ့ပါးပါးဖျားနာတာနဲ့ နာကျင်တာမျိုးကိုတော့ ကုသနိုင်သည်။ဒါပေမယ့် သူသာ အရာရှိတွေဆီ အပို့ခံလိုက်ရရင် သူ့အတွက်အကုန်လုံးပြီးဆုံးသွားမှာဖြစ်သည်။

နင်းမုန့်ယောင်က ရန်လဲ့လဲ့လက်ကိုလှမ်းဆွဲလိုက်ပြီး သူမခေါင်းကိုအသာရမ်းပြလိုက်သည်။

"အစ်ကိုကြီးရန်ကို ကုပေးဖို့ ရှင့်ကိုခေါ်တဲ့လူက ရှင်မကုနိုင်ဘူးဆိုတာသိလား"

"သူသိတယ်"

ထိုလူက အစကတော့ မပြောချင်ပေမယ့် နင်းမုန့်ယောင်ရဲ့ အေးစက်စက်အကြည့်ကိုမြင်တော့ တုန်လှုပ်သွားပြီး ချက်ချင်းပြောလိုက်သည်။

All Chapters