← Chapters

အခန်း ၂၅

Vol. 1 Ch. 25

အခန်း ၂၅

Vol. 1 Ch. 25

Chapter 25

ဒီနေ့ ကျောင်းသားတွေအားလုံးပြန်သွားပြီးတဲ့နောက်မှာတော့ ယန်ရှိုးအာကဝင်လာခဲ့ပြီး သူမမျက်နှာက တုန်ယင်နေသည်။

"ပြဿနာတစ်ခုခုရှိလို့လား"

နင်းမုန့်ယောင်က ဘေးမှာရပ်ပြီး သူမကိုကြည့်ကာဘာမှမပြောတဲ့ ယန်ရှိုးအာကိုကြည့်ပြီး သူမမျက်ခုံးတွေက အနည်းငယ်တွန့်ကွေးသွားသည်။သူမက ဘာလုပ်ဖို့တွေးနေတာလဲ?သူမကိုယ်သူမ ဒါတွေကြည့်ဖို့ရောက်လာတာလား?

ယန်ရှိုးအာရဲ့မျက်နှာက အနည်းငယ်ရှက်ရွံ့နေပုံရပြီး သူမကနှုတ်ဆက်တဲ့အနေနဲ့ ခေါင်းငြိမ့်ပြလိုက်သည်။

"မုန့်ယောင် ငါနင့်ကိုအကူအညီတစ်ခုလောက်တောင်းလို့ရလား"

"ပြောလေ"

"နင်...နင်ငါ့ကို ပိုက်ဆံနည်းနည်းလောက်ချေးပေးလို့ရလား"

ယန်ရှိုးအာက အစမ်းသဘောမေးကြည့်လိုက်သည်။

သန့်ရှင်းရေးလုပ်နေတဲ့နင်းမုန့်ယောင်က သူမစကားကိုကြားတော့ ခေါင်းမော့ကာ ယန်ရှိုးအာကိုကြည့်လိုက်သည်။

"နင်က ပိုက်ဆံချေးပြီးတော့ဘာလုပ်ချင်လို့တုန်း"

"အဲ့ဒါက ငါ့မိသားစုက အိမ်ဆောက်ချင်တာလေ ပိုက်ဆံကမလောက်ဘူးဖြစ်နေတာ ဒါကြောင့်.....ဒါကြောင့်......"

ယန်ရှိုးအာက အဲ့အချက်အထိပြောပြီး သူမမှာ မျက်နှာမရှိတော့ဘူးလို့ခံစားလိုက်ရသည်။

အဲ့ဒီနေ့တုန်းက သူမအိမ်ကိုပြန်ရောက်တော့ နင်းမုန့်ယောင်က ရန်လဲ့လဲ့ကို လျန်းငါးဆယ်လောက်ကို မျက်တောင်မခတ်ဘဲချေးလိုက်တဲ့အကြောင်း သူမအမေကိုပြောပြလိုက်ပြီး အဲ့ဒီနောက် သူမအမေက နင်းမုန့်ယောင်ဆီကနေ ပိုက်ဆံချေးလို့ရနိုင်မယ့်နည်းလမ်းကိုစဉ်းစားခိုင်းသည်။ဒီနည်းလမ်းနဲ့ဆို သူမမိသားစုက ပိုပြီးကောင်းကောင်းနေနိုင်သည်။သူတို့က တစ်ခါချေးထားတဲ့ပိုက်ဆံကို ပြန်ပေးဖို့စိတ်ကူးမရှိပေ။

နင်းမုန့်ယောင်က ယန်ရှိုးအာကိုကြည့်လိုက်ပြီး သူမမျက်လုံးတွေက လှောင်ပြောင်ရိပ်စွန်းထင်းနေသည်။အဲ့ဒီလို အကြည့်ကိုမြင်တော့ ယန်ရှိုးအာက ဒီနေရာကနေ ပျံထွက်ပြေးချင်စိတ်ပေါက်သွားသည်။

ယန်ရှိုးအာက သူမကိုယ်ကိုလှည့်ကာ ထွက်သွားတော့မယ့်အချိန်မှာပဲ နင်းမုန့်ယောင်က လှမ်းပြောလိုက်သည်။

"နင်ကဘယ်လောက်လိုချင်တာလဲ?"

ယန်ရှိုးအာရဲ့မျက်လုံးတွေက တောက်ပသွားသည်။သူမက ဒါကို သဘောတူတာလား?သူမ စိတ်ထဲက ပျော်ရွှင်မှုကိုဖိနှိပ်ပြီး ယန်ရှိုးအာကပြောလိုက်သည်။

"လျန်းတစ်ရာလောက်ပါပဲ"

နင်းမုန့်ယောင်က မတတ်နိုင်ဘဲ ယန်ရှိုးအာရဲ့စကားကြောင့် ရယ်မိသွားသည်။အိမ်လေးတစ်လုံးပြင်ဆောက်တာကို လျန်းတစ်ရာလိုတာတဲ့လား?ပြီးတော့ အဲ့လောက်ပါပဲတဲ့.......သူတို့မိသားစုက ဘယ်လောက်များကြီးတဲ့အိမ်ကိုဆောက်မှာမလို့ လျန်းတစ်ရာတောင်လိုရတာလဲ?

သူမက တစ်ကယ်ကြီး လွယ်လွယ်လေးအနိုင်ကျင့်လို့ရမယ့်ပုံပေါက်နေလို့လား?လူတိုင်းက အချိန်မရွေး လာပြီး ဆွဲဆိတ်သွားလိုက် တွန်းတိုက်သွားလိုက်လုပ်လိုရတာလား?

"မုန့်ယောင်?"

နင်းမုန့်ယောင်က အသံတိတ်နေပြီး စကားမပြောတာမြင်တော့ ယန်ရှိုးအာက တွေဝေစွာခေါ်လိုက်သည်။

သူမ အခုလေးတင်တုံ့ပြန်လိုက်တာကိုမြင်တော့ နင်းမုန့်ယောင်က ယန်ရှိုးအာကိုကြည့်ကာ သူမရဲ့နှုတ်ခမ်းရဲရဲကိုအသာလေးဖွင့်လိုက်သည်။

"မရှိဘူး"

အစတုန်းက မျှော်လင့်နေတဲ့ယန်ရှိူးအာက ရုတ်တရက်ကြီး သူမကိုမချေးတော့ဘူးဆိုတာသိတော့ မျက်နှာချက်ချင်းပြောင်းသွားပြီး မပျော်မရွှင်ပြောလိုက်သည်။

"နင်က ရန်လဲ့လဲ့ကိုကျ လျန်းငါးဆယ်ချေးနိုင်ပြီး ငါ့ကိုကျဘာလို့မရတာလဲ"

သူမကျေးဇူးတွေအားလုံးကို လျစ်လျူရှုပြီးပြောလိုက်တဲ့ဒီလေသံက နင်းမုန့်ယောင်ကို မတတ်နိုင်ဘဲ တိတ်တိတ်လေးရယ်သွားမိစေသည်။

"ငါကအရူးတစ်ယောက်နဲ့တူနေလို့လား?"

"ဘာကြီး?"

ယန်ရှိုးအာက ခဏလောက်တော့ ပြောတာနားမလည်ပေ။နင်းမုန့်ယောင်က ဘာကိုပြောချင်တာလဲ?သူမက သိချင်စွာမေးလိုက်သည်။

"ငါက အိမ်တစ်လုံးဆောက်တာ ဘယ်လောက်ကုန်တယ်ဆိုတာ မသိဘူးလို့များနင်ထင်နေတာလား,လျန်းတစ်ရာ ဟက်....ယန်ရှိူးအာ နင်ကငါ့ကို အရူးမကြီးလို့ထင်နေတာလား?"

ယန်ရှိုးအာရဲ့အကျင့်စရိုက်ကနေ သူမပိုက်ဆံတစ်ခါချေးလိုက်ရင် အဲ့ဒါက သူမဆီကိုပြန်ရောက်လာတော့မှာမဟုတ်ဘူးဆိုတာ နင်းမုန့်ယောင်သိသည်။

နင်းမုန့်ယောင်ရဲ့ စကားလုံးတွေကြောင့် ယန်ရှိူးအာရဲ့မျက်နှာက ခန့်မှန်းလို့မရအောင်ဖြစ်သွားပြီး မည်းနက်လာကာ နင်းမုန့်ယောင်အိမ်ကနေထွက်သွားသည်။

အဲ့ဒါပြီးတဲ့နောက်မှာတော့ ပိုင်ရှန်းရွာမှာ နင်းမုန့်ယောင်က အရှက်မဲ့ပြီး မိန်းမရှိပြီးသားယောကျာ်းတစ်ယောက်နဲ့ဖောက်ပြန်နေခဲ့ကာ လူတွေမိသွားတာကြောင့် မောင်းထုတ်ခံခဲ့ရပြီး ဒါကြောင့်ပဲ သူမက ပိုက်ဆံအများကြီးရှိနေတာဆိုတဲ့ ကောလဟာလပျံ့နှံ့လာခဲ့သည်။

ဒီအတွက် ရွာထဲကိုသိပ်သွားလေ့မရှိတဲ့ နင်းမုန့်ယောင်က ရှင်းရှင်းလင်းလင်းမသိပေမယ့် သူမဆီစာလာသင်တဲ့ ကလေးအရေအတွက်က နည်းနည်းလာသည်၊။နင်းမုန့်ယောင်က ဒါကိုထူးဆန်းတယ်လို့ထင်ပေမယ့် တစ်ချိန်ထဲမှာပဲ စိတ်ထဲမထားပေ၊ထိုဟာက ရန်လဲ့လဲ့ရောက်မလာခင်အထိဖြစ်သည်။

"ယောင်ယောင် အဲ့ဒီလူတွေကအရမ်းလွန်သွားပြီ"

ရန်လဲ့လဲ့ရဲ့မျက်နှာက မည်းမှောင်ကာရုပ်ဆိုးနေသည်။

"ဟင် ဘာဖြစ်လို့လဲ"

နင်းမုန့်ယောင်က သူမလက်ထဲကလုပ်နေတာတွေကိုရပ်လိုက်ပြီး ရန်လဲ့လဲ့ကိုကြည့်ကာ ထူးဆန်းတာကြောင့်မေးလိုက်သည်။

သူမ ရွာထဲကိုမရောက်တာ အချိန်အတော်ကြာပြီဖြစ်ပြီး ရွာထဲမှာဘာတွေဖြစ်နေလဲဆိုတာ တိတိကျကျမသိပေ။

"နင်ကအရှက်မရှိဘူး အိမ်ထောင်ရှိတဲ့ယောကျာ်းနဲ့ဖောက်ပြန်တယ်ဆိုပြီး ရွာထဲမှာပြောတဲ့လူရှိတယ်လေ အဲ့ဒါကြောင့်ပဲ သူတို့က ကလေးတွေကို နင့်ဆီစာသင်ဖို့ဆက်မပို့ကြတော့တာ။သူတို့က နင့်ကို အဲ့လိုလူမျိုးလို့ထင်ပြီး သူတို့ကလေးတွေကိုစာသင်ဖို့အရည်အချင်းမပြည့်မှီဘူးလို့ ထင်နေကြတာလေ"

နင်းမုန့်ယောင်နဲ့ဆို သူမ မပြောပြနိုင်တဲ့အရာမရှိတာကြောင့် သူမသိသမျှအားလုံးကို နင်းမုန့်ယောင်ကိုတိုက်ရိုက်ပြန်ပြောပြလိုက်သည်။

နင်းမုန့်ယောင်က ရန်လဲ့လဲ့ကိုအံ့ဩစွာကြည့်လိုက်သည်။သူမလည်း ဘာမှမလုပ်ရပါဘဲနဲ့?ဒီလိုကောလဟာလမျိုးက ဘယ်လိုလုပ်ပျံ့လာရတာလဲ?

"အဲ့ ကောလဟာလပျံ့နေတာဘယ်လောက်ကြာပြီလဲ?

"ငါးရက်ခြောက်ရက်လောက်ရှိနေပြီ"

ငါးရက် ခြောက်ရက်?အဲ့ဒါက ယန်ရှိုးအာ သူမဆီကို ပိုက်ဆံလာချေးပြီးမှ မဟုတ်ဘူးလား?

ဒါဆို သူမပဲ အာ... နင်းမုန့်ယောင်ရဲ့မျက်လုံးတွေက လှောင်ပြောင်ရိပ်တွေပေါ်လာသည်။ရန်လဲ့လဲ့ကအခုပုံစံကိုကြည့်ပြီး သိချင်စွာမေးလိုက်သည်။

"ဘယ်သူလုပ်တာလဲဆိုတာ နင်သိတာလား?"

"အင်း ငါသိတယ်"

"ဘယ်သူလဲ"

ရန်လဲ့လဲ့က အံ့ဩသွားပြီးမေးလိုက်သည်။သူမ တကယ်သိချင်တယ် ဘယ်သူကများ နင်းမုန့်ယောင်ကိုနာမည်ဖျက်ချင်ရတာလဲ?

"ယန်ရှိုးအာ”

All Chapters