အခန်း ၅၃
Vol. 3 Ch. 53
Chapter 53
ပြဿနာကြီးကြီးမားမားမဟုတ်ဘူးဆိုရင် သူက မသိချင်ယောင်ဆောင်ပေးလိုက်ပေမယ့် အခုဖြစ်နေတဲ့ကိစ္စက သူ့အတွက်အရှက်ရစရာဖြစ်သည်။
"အမေ ကျွန်တော်အရင်တုန်းကပြောထားတဲ့စကားတွေမေ့သွားပြီလား?"
နင်းမုန့်ယောင်အိမ်ကနေပြန်လာတဲ့အချိန် သူက သခင်မချန်းကိုတစ်ကြိမ်ပြောခဲ့ပြီး သူမကလေးလေးနက်နက်ကတိပေးခဲ့ပေမယ့် ရက်အနည်းငယ်အတွင်း အဲ့ဒီလူက အမြန်ပြောင်းလဲသွားသည်။
သခင်မချန်းက သူ့မသားကို စိတ်မသက်မသာဖြစ်စွာကြည့်လိုက်ပြီး ရုတ်တရက် သူမသားကိုပေးထားတဲ့ကတိကို သတိရသွားသည်။ရုတ်တရက် သတိရသွားပြီး သူမမျက်နှာက မသာမယာဖြစ်လာသည်။
ဒါပေမယ့် သူမမှားတယ်လို့ မထင်ပေ။အားလုံးက နင်းမုန့်ယောင်အမှားတွေဖြစ်ပြီး ဒါက သူမနဲ့ဘာဆိုင်လို့လဲ?
"သားလေး သူတို့ရဲ့အရူးစကားတွေကို ယုံမနေနဲ့။အမေမလုပ်ဘူး အမေကအဲ့လိုဟာမျိုးကိုဘယ်လိုလုပ် လုပ်ရမှာလဲ?"
သခင်မချန်းက ရန်ဟွိုက်လက်ကိုဆွဲကာ နေရခက်စွာပြုံးပြလိုက်သည်။
ဘေးနားကကြည့်နေတဲ့နင်းမုန့်ယောင်က အစကတော့ ရန်ဟွိုက်က လူအုပ်ကြီးရဲ့ဒေါသကိုရင်ဆိုင်ဖို့ ဘာလုပ်မလဲဆိုတာ ကြည့်ချင်ခဲ့ပေမယ့် သူကတကယ်ကြီး သခင်မချန်းကို မေးနေဦးမယ်လို့ မထင်ထားပေ။ဒါက သူမထင်ထားတာကနေ လုံးဝကွဲထွက်သွားသည်။
နင်းမုန့်ယောင်က အပြုံးမမည်တဲ့အပြုံးတစ်ခုပြုံးလိုက်ပြီး သခင်မချန်းကိုကြည့်ကာ
"အိုး...ရှင်ကဒါတွေကိုမလုပ်ခဲ့ဘူးလား?အရမ်းကောင်းတယ် ဒါဆိုကြည့်ရတာ ကျွန်မကရှင့်ကို မှားပြီးစွပ်စွဲမိတဲ့ပုံပဲ။ဒီလိုဆိုမှတော့ အဲ့ဒါဆို ကျွန်မတို့သွားပြီး ခရိုင်မှူးကိုတွေ့ကြရအောင်လေ၊သခင်မချန်းက ကြောက်မနေသင့်ဘူး ဟုတ်တယ်မလား?ရှင်က ဒါတွေကို မလုပ်ထားမှတော့လေ"
"မှန်တယ် သခင်မချန်း မင်းဒါတွေကိုမလုပ်ခဲ့ဘူးလို့ပြောရင် တရားရုံးမှာဖြေရှင်းရဲလား?"
သခင်မချန်းရဲ့ခန္ဓာကိုယ်က အဆက်မပြတ်တုန်နေပြီး သူမမျက်လုံးတွေကကြောက်ရွံ့နေသည်။သူမကိုဒီလိုမြင်တော့ ဘာဖြစ်ခဲ့လဲဆိုတာ ရန်ဟွိုက်သဘောပေါက်သွားသည်။
သခင်မချန်းကို စိတ်ပျက်စွာကြည့်လိုက်ပြီး
"အမေ ကျွန်တော်အမေ့ကို တကယ်စိတ်ပျက်တယ်"
"ငါ........"
"တော်တော့!ဘာမှဆက်မပြောနဲ့တော့"
နင်းမုန့်ယောင်က လူနှစ်ယောက်စပြီးရန်ဖြစ်နေတာကိုမြင်တော့ စိတ်မရှည်ဖြစ်လာသည်။သူမက ဒီနေရာကိုလာတာသူတို့ရန်ဖြစ်တာကြည့်ဖို့မဟုတ်ပေ။
"တော်လောက်ပြီ ရှင်တို့ရန်ဖြစ်ချင်ရင် တံခါးပိတ်ပြီးရန်ဖြစ်ကြ။ကျွန်မမေးချင်တာက ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်တို့မိသားစုက ဘယ်လိုလုပ်ဘယ်လိုလုပ်ပေးဖို့ရည်ရွယ်ထားလဲ?ဒီလိုအမှားမျိုးကို ကျွန်မလက်မခံနိုင်ဘူး"
ပိုင်ရှန်းရွာမှာ လူတွေက သူမကို အနိုင်ကျင့်ဖို့လွယ်တယ်လို့တွေးကြပြီး သူမကိုလိမ်ညာလှည့်ဖြားကာ ထိခိုက်အောင်လုပ်ချင်ကြသည်။အရင်က ယန်ရှိုးအာ အခုကျ သခင်မချန်းနဲ့သူ့သမီး
ဒီတစ်ကြိမ်မှာတော့ နင်းမုန့်ယောင်က လွယ်လွယ်အနိုင်ကျင့်လို့မရဘူးဆိုတာ လူတွေသိသွားအောင်ပြမှာဖြစ်သည်။
ရန်ဟွိုက်ကဖြေးဖြေးလေးသက်ပြင်းချလိုက်ပြီး နင်းမုန့်ယောင်ကိုကြည့်ကာ
"မိန်းကလေးနင်း ကျွန်တော့်မျက်နှာကိုထောက်ထားပြီး ကျေးဇူးပြုပြီးတော့ ကျွန်တော့်အမေနဲ့ညီမလေးကိုလွှတ်ပေးပါ"
"ရှင့်မျက်နှာကိုထောက်ထားရမယ်?ရှင့်မျက်နှာက ဘယ်လောက်ကြီးလို့လဲ?"
နင်းမုန်ယောင်က မချေမငံပြန်မေးလိုက်သည်။
ရန်ဟွိုက်မျက်နှာက မသာမယာဖြစ်သွားပြီး
"မင်းဘာလိုချင်တာလဲ"
"သူ ကြားလား ကြားကြလား ဒီစကားတွေက ကျွန်မကပဲမှားတဲ့လူပုံစံနဲ့ ရန်ဟွိုက် ရှင်ဖတ်တဲ့စာအုပ်တွေက ခွေးဗိုက်ထဲရောက်သွားတာလား"
ရန်ဟွိုက်မျက်နှာက ရုပ်ဆိုးသွားသည်။ဒီနေ့ကိစ္စက သူ့မိသားစုမှားတယ်ဆိုတာ သူသိတယ်။ဘာပဲဖြစ်ဖြစ် သူမမှာဒေါသထွက်ပိုင်ခွင့်ရှိသည်။သူသာဆိုရင်လည်း မပျော်မရွှင်ဖြစ်မှာပဲ။တစ်ခြားလူရဲ့ခွင့်လွှတ်မှုကိုတောင်းခံဖို့ သူ့မှာဘယ်အခွင့်အရေးရှိပါ့မလဲ?
"ဒီကိစ္စမှာ ကျွန်တော့်မိသားစုကမှားသွားတယ်၊မိန်းကလေးနင်းကျေနပ်စေမယ့် တရားမျှတမှုမျိုးကို ကျွန်တော်သေချာပေါက်ပေးပါ့မယ်"
အဆုံးမှာတော့ ရန်ဟွိုက်ကသူ့စိတ်ကိုတင်းထားလိုက်ပြီး ပြောလိုက်သည်။
နင်းမုန့်ယောင်က အပြုံးမဟုတ်တဲ့အပြုံးနဲ့ ရန်ဟွိုက်ကိုကြည့်လိုက်ပြီး သူ့ကိုယုံကြည်ဖို့ဆုံးဖြတ်လိုက်သည်။
"ရှင်ပြောတဲ့အတိုင်းရှင်လုပ်လိမ့်မယ်လို့ ကျွန်မမျှော်လင့်တယ်။ပြီးတော့ ပညာရှင်တစ်ယောက်ရဲ့အမေက တစ်ခြားလူတွေကိုပြဿနာရှာပြီး အပျိုတစ်ယောက်ရဲ့ဖြူစင်မှုကိုဖျက်ဆီးခိုင်းတယ်ဆိုတဲ့သတင်းပြန့်သွားရင် အဲ့ဒါကမကောင်းဘူးလေ ဟုတ်တယ်မလား?"
ခြိမ်းခြောက်တာလား?နင်းမုန့်ယောင်က ရန်ဟွိုက်ကိုခြိမ်းခြောက်နေတယ် ဒါပေမယ့် ဘာဖြစ်လဲ?ရန်ဟွိုက်ဘာမှမပြောနိင်ခဲ့ပေ။
ရန်ဟွိုက်မျက်နှာကမှုန်ကုပ်ကုပ်ဖြစ်နေပြီး ခေါင်းငြိမ့်ပြလိုက်သည်။
သူ့ကိုဒီလိုမြင်တော့ နင်းမုန့်ယောင်က အသာလေးရယ်လိုက်သည်။သူမက ထိုင်ချလိုက်ကာ မြေကြီးပေါ်ကဝမ်လိုင်ဇီကိုစိုက်ကြည့်လိုက်ပြီး
"ကျွန်မရှင်ကို နောက်တစ်ခါမတွေ့စေနဲ့။ ရှင်ယောကျာ်းတစ်ယောက်မဖြစ်နိုင်တော့အောင် ကျွန်မလုပ်နိုင်တယ်။ကျွန်မကိုမယုံဘူးဆိုရင် စမ်းကြည့်လိုက်"
ဝမ်လိုင်ဇီခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်လာပြီး ချက်ချင်းသူ့ခေါင်းကိုငြိမ့်လိုက်သည်။
"ကျွန်တော်သိပါတယ် ကျွန်တော်ကျိန်တယ်။"
ငွေစနှစ်ဆယ်ပိုင်ထားတာနဲ့ဆို သူကအိမ်တစ်လုံးနဲ့မိန်းမတစ်ယောက်ဝယ်နိုင်တယ် ဘာလို့တစ်ခြားသူတွေဆီ သွားနေရဦးမှာလဲ?
ဒါပြီးရင် သူ ပိုင်ရှန်းရွာနဲ့ ဝေးနိုင်သမျှဝေးတဲ့ဆီကို သွားရမယ်။
နင်းမုန့်ယောင်ရဲ့စကားတွေကိုကြားတော့ ဝမ်လိုင်ဇီသာမကဘဲ အနားမှာရှိနေနဲ့ယောက်ျားတွေတောင် မတတ်နိုင်ဘဲ နောက်ဆုတ်သွားကြပြီး သူတို့ခြေထောက်တွေကိုသေချာဖိထားလိုက်ကြသည်။ဒီကောင်မလေးက အရမ်းကြောက်ဖို့ကောင်းတယ်.....
ဝမ်လိုင်ဇီ တုန်တုန်ယင်ယင်နဲ့ထွက်သွားတာကိုကြည့်ပြီး နင်းမုန့်ယောင်က ရန်ဟွိုက်ဘက်ကိုလှည့်ကာ
"ကျွန်မ ရှင့်မိသားစုဆီကနေ တရားမျှတမှုကိုစောင့်နေမယ်၊ရှင်ပြောတဲ့အတိုင်းဖြစ်လိမ့်မယ်လို့ ကျွန်မမျှော်လင့်တယ်"