အခန်း ၉၃
Vol. 4 Ch. 93
Chapter 93
ရန်ရှူက ခေါင်းငြိမ့်လိုက်ပြီး သူ့မိန်းမကိုကြည့်လိုက်တယ်။အခြေအနေက မကောင်းဘူးဆိုတာသိတယ် ဒါပေမယ့် အခုထိ ဘာမှမဖြစ်သေးဘူး။မြို့ထဲက ဘယ့်သူ့ကိုမဆို အတိုက်အခံလုပ်မိရင် သူတို့ကပဲ ဝေဖန်ပြစ်တင်ခံရတဲ့လူတွေ ဖြစ်လိမ့်မယ်။
"ကွေ့အာ ဟိုကိုကြည့်လိုက်"
ရန်ရှူက ခဏလောက်စဉ်းစားပြီးတဲ့နောက် ပြောလိုက်သည်။
နှစ်ပေါင်းများစွာဖွင့်လာပြီးတဲ့နောက် မြို့ထဲကဆိုင်အများစုက ပိုမိုခေတ်မီလာခဲ့သည်။
ရန်ကွေ့ ပထမဆုံးရောက်တဲ့အချိန်တုန်းက ပတ်ဝန်းကျင်ကကောင်းကြတယ် ဒါဆို သူတို့ဘာလို့ သူမကိုပြန်ပို့လိုက်ရတာလဲ?ဘာလို့လဲဆိုတော့ သူမက ရန်မစသင့်တဲ့သူတွေကို ရန်သွားစလို့ပဲ။ရလဒ်အနေနဲ့ သူတို့ရဲ့ခက်ခက်ခဲခဲစုဆောင်းထားရတဲ့ ငွေတွေကို သုံးလိုက်ရတယ်။
သူမက မြို့မှာနေတုန်းက ကောင်းကောင်းမွန်မွန်ဆိုပေမယ့် ပိုင်ရှန်းရွာကိုပြန်သွားတော့ မငြိမ်မသက်အပြောင်းအလဲနဲ့ ကြုံရလိမ့်မယ်လို့ ဘယ်သူသိမှာလဲ;အုတ်တံတိုင်းကို အကြိမ်ကြိမ်ကျော်တက်ပြီး ယောကျာ်းတစ်ယောက် အိမ်ထဲကို ခဏခဏဝင်သွားတာ ပြီးတော့ အနည်းဆုံးတော့ လက်မထပ်ရသေးတဲ့ အမျိုးသမီးတစ်ယောက်လေ!
သူမက လက်ထပ်ပြီးသားအမျိုးသမီးတစ်ယောက်ဆိုရင်တောင်မှ သူမဒီလိုအရာမျိုးလုပ်တာက အရှက်ရစရာပဲဖြစ်လိမ့်မယ်။သူမက အဲ့ဒီအရာတွေလုပ်တဲ့အချိန်တုန်းက သူမမိသားစုရဲ့ခံစားချက်ကို လုံးဝစဉ်းစားမပေးခဲ့ဘူး။ဒုတိယညီတောင်မှပဲ။
ဒုတိယညီက နှစ်ပေါင်းများစွာ ပညာသင်ကြားလာခဲ့ပြီး ကျောင်းတော်မှာ သူ့ရဲ့ဂုဏ်သိက္ခာက မဆိုးပေ။သူသာ ရန်ကွေ့ကြောင့် ပြဿနာတွေကြုံရရင် သူ့ရဲ့ကြိုးစားအားထုတ်မှုအားလုံးက အလကားဖြစ်သွားတော့မှာ။
"အဲ့ဒီအကြောင်းကို စိုးရိမ်မနေပါနဲ့။ဘာလုပ်ရမလဲဆိုတာ ကျွန်မသိပါတယ်"
သခင်မစွန်းက ခေါင်းငြိမ့်လိုက်ပြီး သူမသဘောပေါက်ကြောင်း ပြလိုက်သည်။
သူမကိုယ်သူမ အရိုးသားဆုံးပြောရရင် သူမရဲ့ ယောင်းမကို အဲ့လောက်မတွေးထားပေ။သူမယောင်းမက ဘာအရည်အချင်းမှမရှိဘူး၊အဲ့ဒါကို တစ်ကမ္ဘာလုံးကသူမကို ဗဟိုပြုနေသလို ထင်နေတယ်။နင်းမုန့်ယောင်လို့ခေါ်တဲ့ အမျိုးသမီးကိုတွေ့ပြီးတော့ တစ်ချက်ကြည့်ရုံနဲ့တင် ရန်ကွေ့နဲ့တစ်ခြားမိန်းကလေးတွေက သူမနဲ့မယှဉ်နိုင်ဘူးဆိုတာ သခင်မစွန်းသိလိုက်တယ်။
နင်းမုန့်ယောင်က ယဉ်ကျေးတဲ့အသွင်အပြင်ရှိပြီး ထက်ထက်မြတ်မြတ်ရှိကာ လူတစ်ယောက်ရှိသင့်တဲ့ အရည်အချင်းတွေရှိတယ်။အဲ့ဒါအပြင်သူမက ပညာတတ်တစ်ဦးလည်းဖြစ်သေးတယ်။ဦးနှောက်မရှိတဲ့ရန်ကွေ့က ဘယ်လိုအရည်အချင်းတွေနဲ့ နင်းမုန့်ယောင်ကိုသွားပြီး ရန်လုပ်ရတာလဲ?
ရန်ကွေ့လုပ်ခဲ့တဲ့အရာတွေကို စဉ်းစားမိပြီး သူမက အမှန်တကယ်ကို အရှက်မရှိဘူးလို့ သခင်မစွန်းခံစားရသည်။
"အင်း မင်းဘာလုပ်လုပ် ကိုယ်မင်းကိုယုံကြည်တယ်"
ရန်ရှူက သဘောတူတဲ့အနေနဲ့ ခေါင်းငြိမ့်လိုက်သည်။
သခင်မစွန်းက ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။သူတို့လက်ထပ်တဲ့အချိန်ကတည်းက သူတို့နှစ်ယောက်က ဆက်ဆံရေးကောင်းကြသည်။အခုထိ ကလေးတစ်ယောက်မှ မရသေးတာကလွဲရင် တစ်ခြားပြဿနာမရှိပေ။
မီးပုံးပွဲတော်ပြီးတဲ့နောက် နင်းမုန့်ယောင်က ဘယ်လုပ်ငန်းကိုမှ မစရသေးပေ။သူမက ပထမဆုံး ရန်လဲ့လဲ့အိမ်ကိုသွားပြီး သူမအစီအစဉ်ကို ရန်ကျူးနဲ့သခင်မရန်ကို ဆွေးနွေးပြောပြသည်။
ပထမတော့ သခင်မရန်က ဆန္ဒမရှိပေ ဒါပေမယ့် အဆုံးမှာတော့ ရန်ကျူးရဲ့ရှင်းပြချက်ကိုနားထောင်ပြီး ဝန်လေးစွာနဲ့ သဘောတူလိုက်ရသည်။
"ရှင် ဒါကို ဘယ်လိုလုပ် သဘောတူလိုက်ရတာလဲ?လဲ့လဲ့က အခုထိ လက်မထပ်ရသေးဘူး။လူမြင်ကွင်းမှာ လှည့်ပတ်သွားနေလို့ ဘယ်ဖြစ်ပါ့မလဲ"
ရန်ကျူးက သခင်မရန်ကို စိတ်ပျက်စွာကြည့်လိုက်ပြီး
"မိန်းကလေးမုန့်ယောင်က လဲ့လဲ့ကိုလိမ်မယ်လို့ မင်းကထင်နေတာလား"
သခင်မရန်က ထိုဟာကိုစဉ်းစားကြည့်လိုက်တယ်။သူတို့နှစ်ယောက်ကြားက ကောင်းမွန်တဲ့ဆက်ဆံရေးအရ ထိုဟာကမဖြစ်နိုင်ပေ။နင်းမုန့်ယောင်က ရန်လဲ့လဲ့ကို လှည့်စားနိုင်တယ်လို့ ပြောဖို့ဆိုတာ တကယ့်ကိုမဖြစ်နိုင်ဘူး။
"အဲ့ဒါက မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား?မုန့်ယောင်က လဲ့လဲ့ကို စိတ်ရင်းမှန်နဲ့ကူညီပေးနေတာလို့ ဆိုလိုတာပဲလေ။အခုတော့ လဲ့လဲ့က အသက်အရမ်းမကြီးသေးဘူး နှစ်နှစ်လောက် အပြင်သွားပြီး လောကကြီးမှာ ကိုယ့်လမ်းကိုယ်ဖောက်တာကလည်း သူ့အတွက်ကောင်းတာပဲ။အဲ့အချိန်ကို အတွေ့အကြုံယူတယ်လို့ သဘောထားလို့ရတာပဲကွာ"
ရန်ကျူးက အခြေအနေကို အတွေးမလွန်ပေ။သူ့သမီးက ရွာမှာဆို အမြဲတမ်းအိမ်ထဲမှာပဲနေပြီး အပြင်လောကကြီးကို တစ်ခါမှ မတွေ့ဖူးတာကြောင့်သာဖြစ်သည်။
နင်းမုန့်ယောင်ပြောတာကိုနားထောင်ကြည့်တော့ သူတွေးမိတာက သူ့သမီးသာ အပြင်ကိုထွက်သွားပြီး လောကကြီးအကြောင်းကိုပိုပြီးတွေ့မြင်နိုင်မယ်ဆိုရင် အဲ့ဒါက တကယ့်ကိုကောင်းတယ်။သူက နင်းမုန့်ယောင်ကို အသုံးချပြီးတော့ သူ့သမီးအနာဂတ်မှာ ပိုကောင်းတဲ့ အလားအလာတွေပေးနိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ဒါက သူတို့အတွက် လုံးဝအသုံးမဝင်ဘူးလေ။
"ရှင် လုံးဝစိတ်မပူဘူးလား"
"စိတ်ပူတာပေါ့ဟ။ငါက ဘယ်လိုလုပ် စိတ်မပူပဲနေပါ့မလဲ?ဒါပေမယ့် မိန်းကလေးမုန့်ယောင်က သူ့ကိုစောင့်ရှောက်ပေးနေမှတော့ ငါစိတ်ပူတာတွေ ပျောက်သွားပြီ"
ရန်ကျူးက ဖျော့ဖျော့လေးပြောလိုက်တယ်။
နင်းမုန့်ယောင်က သာမန်လူတစ်ယောက်မဟုတ်ပေ။သူတို့သာ သူမနဲ့အတူလိုက်သွားရင် နင်းမုန့်ယောင်နဲ့ ချောင်ထျန်းချန်ပြီးရင် ပိုင်ရှန်းရွာမှာ သူတို့မိသားစုက အချမ်းသာဆုံးဖြစ်လာနိုင်ချေရှိတယ်။
"အမေ ကျွန်တော်ကတော့ အဖေပြောတာဟုတ်တယ်လို့ထင်တယ်"
ရန်ရိနဲ့သခင်မချောင်က ဘေးကနေရပ်ပြီးတော့ စကားဝိုင်းကို နားထောင်နေခဲ့တာဖြစ်သည်။သူတို့က သခင်မရန်က အခုထိ တွေဝေနေတုန်းဆိုတာ တွေ့တော့ သူက ချက်ချင်းဝင်ပြောလိုက်သည်။
သခင်မရန်က သူမသားကိုကြည့်လိုက်တယ်။သူမသားကလည်း ဘယ်လိုလုပ်အဲ့လိုတွေးရတာလဲ?
"အမေ ကျွန်တော်ပြောတာကို ပြီးအောင်နားထောင်ဦး။ညီမလေးက ပန်းထိုးတာကို အရည်အချင်းရှိတယ်။မုန့်ယောင်ကလည်း သူ့အရည်အချင်းကို ရှင်းရှင်းလင်းလင်းသိတယ်။ပန်းထိုးရုံကိုသွားတာနဲ့ပတ်သက်ပြီး လူဘယ်လောက်များများက အဲ့အခွင့်အရေးရပြီး ပန်းထိုးရုံခေါင်းဆောင်လက်အောက်မှာ ပန်းထိုးနိုင်တယ်ထင်လို့လဲ?"
သခင်မရန်က ရန်လဲ့လဲ့ရဲ့ အိမ်ကထွက်သွားချင်တဲ့ဆန္ဒကိုသာ သတိပြုမိပြီး ဒီအချက်ကို မစဉ်းစားမိခဲ့ပေ။
"မှန်တယ် အမေ ညီမလေးက ဒီနယ်ပယ်မှာ အရမ်းအရည်အချင်းရှိတယ်လို့ မုန့်ယောင်ကပြောတယ် ပြီးတော့ သူ့ရဲ့ပန်းထိုးကလည်း ထူးခြားသေးတယ်။အခု ညီမလေးသာ သွားနိုင်ခဲ့ရင် နောက်ကျ သူပြန်လာတဲ့အခါကျရင် သူက အများကြီးသင်လာနိုင်ပြီးတော့ မိသားစုရဲ့ မျိုးရိုးလက်မှုပညာသည်တောင် ဖြစ်လာနိုင်တယ်"
သခင်မချောင်က နှစ်သိမ့်ပေးလိုက်သည်။
သူမသာ ဒီနယ်ပယ်မှာ အရည်အချင်း အလယ်အလတ်လောက်ရှိတယ်ဆိုရင် သူမက သူမာနကို ဘေးချပြီး နင်းမုန့်ယောင်ကို ကူညီပေးဖို့ တောင်းပန်မှာဖြစ်တယ်။
အရင်တုန်းက သူမယောင်းမပြောတာကြားဖူးတယ်။နင်းမုန့်ယောင်ရဲ့ ဈေးအချိုဆုံးပန်းထိုးထည်တစ်ခုက လျန်းတစ်ရာလောက်ရတယ်တဲ့ ပြီးတော့ အဲ့ဒါက သူမရဲ့အကောင်းဆုံးတောင်မဟုတ်ဘဲနဲ့ သာမန်လေးတဲ့လေ။
နင်းမုန့်ယောင်က ပန်းထိုးထည်လေးခုလောက် ရောင်းပြီးသွားပြီလို့ သူမကြားရတယ်။လောလောဆယ်သူတို့ထဲက တစ်ခုက လျန်းသုံးထောင်ဆိုတဲ့ဈေးနဲ့ရောင်းလိုက်ရတာတဲ့။