← Chapters

အခန်း ၁၆၉

Vol. 7 Ch. 169

အခန်း ၁၆၉

Vol. 7 Ch. 169

Chapter 169

ရန်ကွေ့က အစကတော့ ဘာကိစ္စပဲဖြစ်ဖြစ် လီဝေ့ပြန်လာလိမ့်မယ်လို့ ထင်ထားတာဖြစ်တယ်။ဒါပေမယ့် သူမပြန်မယ့်နေ့ရောက်တဲ့အထိ လီဝေ့က ရောက်မလာတာကိုတော့ မတွေးထားခဲ့ဖူးပေ။ဒါက ရန်ကွေ့ကို စိုးထိတ်စေတယ်။သူက နင်းမုန့်ယောင်ကို မယူချင်တော့ဘူးလား?အဲ့ဒါသာ အမှန်တကယ်ဆိုရင် ဒါက ရန်ကွေ့အတွက် သတင်းကောင်းမဟုတ်ပေ။

သူမရဲ့ သံသယကို အတည်ပြုဖို့အတွက် ရန်ကွေ့က အစေခံမိန်းကလေးတွေခေါ်ပြီး မြိုကိုပြန်သွားခဲ့သည်။

နင်းမုန့်ယောင်က ဘာမှ သံသယဖြစ်စရာမရှိပေ။

ရန်ကွေ့ရဲ့ကိစ္စဖြစ်ပြီး မကြာဘူး ရှောင်ချီထျန်း ရောက်လာခဲ့ပြီး

"မင်းတို့ရဲ့ချစ်နေတာတွေကို အများရှေ့မှာ ထုတ်မပြပါနဲ့ ဟုတ်ပြီလား"

သူတို့နှစ်ယောက်က ဘာပဲလုပ်လုပ် တရင်းတနှီးနဲ့ပူးကပ်နေတာပဲ တွေ့နေရတော့ ရှောင်ချီထျန်းက သူမလာခဲ့သင့်ဘူးလို့ ခံစားလိုက်ရတယ်။သူက တကယ့်ကို စိတ်ဒဏ်ရာရနေပြီ။

ချောင်ထျန်းချန်က ရှောင်ချီထျန်းကို မျက်လုံးစွေကြည့်လိုက်ပြီး ဂရုမစိုက်သလိုနဲ့

"မင်းက ဒီကို ဘာလာလာလုပ်တာလဲ"

" မင်းရဲ့ချစ်သူထက် သူငယ်ချင်းကို ပိုပြီး အာရုံစိုက်လို့ မရဘူးလား"

ရှောင်ချီထျန်းက အံကြိတ်ကာ ချောင်ထျန်းချန်ကို ကြည့်လိုက်သည်။

"မရဘူး မလုပ်နိုင်ဘူး"

ချောင်ထျန်းချန်က ဂရုတစိုက်တွေးပြီး ခေါင်းခါလိုက်သည်။

ရှောင်ချီထျန်းက ချောင်ထျန်းချန်ကို ပြောစရာစကားကင်းမဲ့သွားတဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်။ဒီကောင်ပြောင်းလဲသွားတာကြီးက အရမ်းမကြီးမားလွန်ဘူးလား?အရင်တုန်းကဆိုရင် သူတို့တွေ အတူတူရှိတဲ့အချိန်တိုင်း ပျဉ်ပျားသုံးချပ်နဲ့ရိုက်ရင်တောင် စကားတစ်ခွန်းမှမဟဘူး။အဲ့ဒါက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး သူက စူးရှတဲ့အကြည့်တစ်ချက်နဲ့ လူသတ်ချင်သလို ကြည့်လိမ့်မယ်။

အခုကျ ဆန့်ကျင်ဘက်ပဲ။သူက စကားတွေအများကြီးပြောပေမယ့် သူတစ်ခါပြောလိုက်တာနဲ့ အဲ့ဒါက အခြားလူတွေကို စိတ်အနှောင့်အယှက်လုံးဝ မဖြစ်စေဘူး။

"ကောင်းပြီ ရန်မဖြစ်တော့ဘဲ အရေးကြီးကိစ္စကိုပဲပြောရအောင်"

ရှောင်ချီထျန်းရဲ့ မျက်နှာက တည်ငြိမ်လေးနက်သွားသည်။နင်းမုန့်ယောင်က ၎င်းကို အသားမကျပေ။

"ရှင် ဘာပြောချင်လို့လဲ" နင်းမုန့်ယောင် မျက်ခုံးတွန့်သွားတယ်။

"လင်တိုင်းပြည်အကြောင်း"

"အဲ့ဒါက ဘာအကြောင်း‌ ပြောစရာရှိလို့လဲ" ချောင်ထျန်းချန်က မျက်တောင်ခတ်လိုက်တယ်။

"ငါပြောမယ် မင်းက နယ်စပ်မှာ တိုက်နေတာ မဟုတ်တော့ဘူးဆိုပေမယ့် နည်းနည်းလောက် ငါပြောမယ့်ဟာကို ပိုပြီး အာရုံစိုက်ပေးလို့မရဘူးလား"

ရှောင်ချီထျန်းအရမ်း စိတ်တိုနေပြီ။ဒီလူက သူ့ကို တကယ် ‌‌ဒေါသထွက်စေတယ်။

ချောင်ထျန်းချန်က သူ့နှုတ်ခမ်းတွေကို စေ့လိုက်ပြီး အမှုမထားသလို ပုခုံးတွန့်လိုက်သည်။

"ထျန်းချန် ငါဒီနေ့လာခဲ့တာ မင်းတို့နှစ်‌ယောက်ကို မကြာခင်မှာ လက်ထပ်တာကို မြင်ချင်လို့ပဲ"

ရှောင်ချီထျန်းက သူတို့နှစ်ယောက်ကို အလေးအနက်ကြည့်လိုက်သည်။

"အမ်"

"ချောင်ကျန်းဟုန် ပြဿနာတက်တဲ့ကိစ္စ မင်းသိပါတယ်။သူက အခု သတင်းနည်းနည်းပါးပါး ရထားပြီ။ငါထင်တယ် တစ်လအတွင်း သူက မင်းကိုရှာဖို့ ဒီရောက်လာမှာပဲ။သူ့ရည်ရွယ်ချက်က ဘာဆိုတာ မင်းသိနေတာပဲ။အဲ့ဒါ တစ်ခုထဲတင်မဟုတ်ဘူး ဒီအစ်ကိုက လင်တိုင်းပြည်ကလူတွေကို တွေ့တယ်ဆိုတဲ့ သတင်းလည်း ရထားသေးတယ်။အဲ့ထက်ပိုတာက သူတို့က ချောင်ကျန်းဟုန်နဲ့ လျှို့ဝှက်တွေ့တာပဲ။"

ဒါကိုပြောပြီး ရှောင်ချီထျန်းရဲ့ မျက်နှာက ဆိုးရွားလာခဲ့သည်။

‌ချောင်ထျန်းချန်သာ အရင်တုန်းက သူတို့ကို သတိမပေးခဲ့ဘူးဆိုရင် သူတို့က ဒီကိစ္စကို လျစ်လျှူရှုထားမိမှာဖြစ်ပြီး အချိန်ကျလာတဲ့အခါကျရင် ပြဿနာတက်မှာ ဖြစ်သည်။

"ရှင်ပြောချင်တဲ့အဓိပ္ပာယ်က မကြာခင်မှာ ငြိမ်းချမ်းမှာ မဟုတ်တော့ဘူးပေါ့"

နင်းမုန့်ယောင်က မျက်မှောင်ကြုတ်လိုက်တယ်။

"ဟုတ်တယ် သိပ်မကြာခင်မှာ ဖြစ်လာလိမ့်မယ်"

ချောင်ထျန်းချန်ရဲ့လက်က စားပွဲကို အသာလေး ပုတ်လိုက်ပြီး

"ငါသိပြီ " ဟု ပြောလိုက်သည်။

"ကျွန်မ မကြာသေးခင်ကမှ စစ်ပွဲအတွက်သင့်တော်တဲ့ ရိက္ခာတွေ ရှာထားသေးတယ်။ကျွန်မ အစေခံတွေကို အစားအ‌သောက်တွေ လျှို့ဝှက်ပြင်ထားဖို့ ပြောလိုက်မယ်"

နင်းမုန့်ယောင်က အသက်ပြင်းပြင်းရှူလိုက်တယ်။စစ်မြေပြင်မှာ စစ်အင်အားတစ်ခုထဲက အရေးကြီးတာမဟုတ်ပေ။ထောက်ပံ့ပို့ဆောင်နိုင်စွမ်းကလည်း အရေးကြီးတယ်။သူမက ချောင်ထျန်းချန်ကို ဘယ်အရာကိုမှ မစိုးရိမ်စေချင်ဘူး။

ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို ကြည့်လိုက်ပြီး

"မုန့်ယောင် ကျေးဇူးတင်ပါတယ်" ဒါက သူ့ရဲ့ ဝန်ထုပ်ဝန်ပိုးကို အတော်လေးလျော့သွားစေတယ်။

နင်းမုန့်ယောင်က ပြုံးလိုက်ပြီး

"သူက ကျွန်မခင်ပွန်းပဲလေ။သူ စစ်မြေပြင်ကိုသွားတဲ့အခါကျရင် သူ့ကို ဘာမှစိတ်မပူစေချင်ဘူး"

အဲ့ဒီ 'ခင်ပွန်း'ဆိုတဲ့ စကားတစ်လုံးက ချောင်ထျန်းချန်ရဲ့ နှလုံးသားကို နွေးထွေးသွားစေတယ်။ဒါက သူချစ်မြတ်နိုးရတဲ့ လူပဲဖြစ်တယ်။သူ့လက်ကိုဆန့်ထုတ်ကာ ချောင်ထျန်းချန်က သူမကို သု့ရင်ခွင်ထဲ ထွေးပွေ့လိုက်ပြီး သူ့ခေါင်းကို သူမရဲ့ပုခုံးပေါ်တင်ကာ

"ယောင်ယောင် ကျေးဇူးတင်ပါတယ်"

"ကျွန်မပြောပြီးပြီပဲ ကျေးဇူးတင်ဖို့ မလိုပါဘူးလို့"

"အင်း ကိုယ်မပြောတော့ဘူးနော်"

ရှောင်ချီထျန်းက သူတိူ့နှစ်ယောက်ကို စိုက်ကြည့်ပြီး စိတ်ချသွားကာ

"မင်းတို့ လက်ထပ်တဲ့အခါကျရင် ငါ့ကို ဝိုင်သောက်ဖို့ ဖိတ်ဖို့သတိရဦးနော်"

"အင်း ငါသေချာပေါက်ဖိတ်မယ်" ချောင်ထျန်းချန်က ရှောင်ချီထျန်းကို ကြည့်လိုက်ပြီး လေးလေးနက်နက်ပြောလိုက်သည်။

နင်းမုန့်ယောင်က သူတို့ကို ပြောစရာစကားကင်းမဲ့စွာ ကြည့်လိုက်ပြီး သူမခါးကိုကိုင်ထားတဲ့ လက်ကို ဖယ်ထုတ်ကာ

"ရှင်တို့ စကားပြောကြဦး"

"ထျန်းချန် မင်း......"

ရှောင်ချီထျန်းက ချောင်ထျန်းချန်က နင်းမုန့်ယောင်ရဲ့ ကျောပြင်ကို ဆက်တိုက်ငေးကြည့်နေတာ မြင်လိုက်ရတယ်။သူမသိသေးတဲ့ အရာတစ်ချို့ရှိနေပြီ သူမေးသင့်လား မမေးသင့်ဘူးလားဆိုတာ မသိပေ၊

ချောင်ထျန်းချန်က ရှောင်ချီထျန်းဘက်ကို လှည့်လိုက်ပြီး မျက်ခုံးတစ်ဖက်ပင့်ကာ

"မင်း ဘာပြောချင်လို့လဲ"

"မင်းအကြီးကြီး ပြောင်းလဲသွားတာပဲ" ရှောင်ချီထျန်းက အဆုံးမှာတော့ ဒါပဲ ပြောနိုင်တော့တယ်။

ချောင်ထျန်းချန်က ကြောင်သွားပြီး အဲ့ဒီနောက် ခေါင်းငြိမ့်လိုက်သည်။သူ့ရဲ့ပြောင်းလဲမှုက တကယ်လည်းကြီးမားတယ် ဒါပေမယ့် သူအဲ့ဒါကို မဆန့်ကျင်ဘူး။

All Chapters