အခန်း ၂၁၆
Vol. 9 Ch. 216
Chapter 216
သူ့ကိုယ်သူငုံ့ကာ သူမရဲ့နဖူးပေါ် အနမ်းတစ်ပွင့်ပေးပြီးတော့ သူမနဲ့အတူ မြို့တော်ထဲက ကိစ္စများကို ဆွေးနွေးပြောဆိုသည်။စောနတုန်းက သူ့မှာရှိတဲ့ ကြမ်းတမ်းခက်ထန်မှုနဲ့ရန်လိုမှုတွေက သူ သူမနဲ့ရှိတဲ့အချိန်မှာ ပျောက်ကွယ်သွားသည်။
နင်းမုန့်ယောင်ရှေ့မှာ ချောင်ထျန်းချန်က ဘာမှမဖြစ်သလို ဟန်ဆောင်နေပေမယ့် သူ နင်းမုန့်ယောင်ရဲ့မြင်ကွင်းကနေ ထွက်လာတာနဲ့ သူ့မျက်နှာပေါ်က အပြုံးက ချက်ချင်းမှုန်ကုပ်ကုပ်နဲ့ကြောက်စရာကောင်းသွားသည်။ထိုဟာက ပိုပိုပြီးတော့ အားကောင်းလာတာကြောင့် လင်းဇီရိုကို စိုးရိမ်စေသည်။
သူ့ရဲ့စိုးရိမ်မှုတွေက ဒီနေ့ ချောင်ကျန်းဟုန်ရောက်လာပြီး ချောင်ထျန်းချန်ရဲ့ ဒေါသတွေအကုန်လုံး ထုတ်လွှတ်နိုင်တဲ့အတွက် ပျောက်ကွယ်သွားသည်။
ချောင်ထျန်းချန် မြေအောက်အကျဉ်းတိုက်ကနေ ထွက်လာပြီးတဲ့နောက် လင်းဇီရိုဆီကနေ ချောင်ကျန်းဟုန်က ဒီနေရာမှာရောက်နေပြီး သူနဲ့ဆွေးနွေးတိုင်ပင်စရာ တစ်ခုခုရှိတယ်ဆိုတာ ကြားခဲ့သည်။
ချောင်ထျန်းချန်က ထိုသတင်းကိုကြားတော့ သူ့မျက်လုံးအောက်ခြေက လှောင်ပြောင်မှုပေါ်လာခဲ့သည်။
ခန်းမထဲကို ဝင်လာတဲ့အချိန် ချောင်ကျန်းဟုန်က သူ့နေရာမှာထိုင်နေပြီး ချင်းရွှယ်နဲ့ကျန်တဲ့လူတွေကို အပြုအမူမသိဘူးဆိုပြီး ဆူပူကြိမ်းမောင်းနေကာ သူကပဲ ဒီနေရာရဲ့ အရှင်သခင်ပုံစံ ပြုမူနေသည်။
ချောင်ထျန်းချန် ဝင်လာပြီးတဲ့နောက် သူက ချင်းရွှယ်နဲ့အခြားလူတွေကို ထွက်သွားဖို့ အချက်ပြလိုက်သည်။
"ဘယ်အချိန်တုန်းကတည်းက အိမ်တော်ထဲက ကိစ္စတွေကို အပြင်လူက ပါဝင်ဆုံးဖြတ်ခွင့်ရသွားတာလဲ"
ချောင်ထျန်းချန်က ဘာမျက်နှာမှသိမ်းမထားဘဲ ချောင်ကျန်းဟုန်ကို ကြည့်လိုက်သည်။
"မင်း ရဲတင်းလှချည်လား!ငါက မင်းအဖေကွ!"
ချောင်ကျန်းဟုန်က သူ့ဘေးနားက စားပွဲကို ရိုက်ချလိုက်ပြီး ကျယ်လောင်စွာ ကြိမ်းမောင်းလိုက်သည်။
သူ့ရဲ့လုပ်ရပ်တိုင်းကိုကြည့်ပြီး ချောင်ထျန်းချန်က အေးစက်စက်နဲ့လှောင်ရယ်ကာ
"လွန်ခဲ့တဲ့သုံးနှစ်ကတည်းက ကျွန်တော်နဲ့ခင်ဗျားနဲ့ ဘာမှမဆိုင်တော့ဘူး။ခင်ဗျားမှာငြင်းစရာရှိတယ်ဆိုရင် ကျွန်တော်တို့ နန်းတော်ကိုသွားပြီး ဧကရာဇ်ရှေ့မှာ ပြောကြတာပေါ့"
ချောင်ကျန်းဟုန်က ချောင်ထျန်းချန်ရဲ့စကားတွေကြောင့် ဆို့နင့်သွားပြီး ပြောသွားတာက အမှန်ဖြစ်တာကြောင့် မငြင်းနိုင်ပေ။ဒါသာ ဧကရာဇ်ဆီကို ရောက်သွားရင် ကံမကောင်းတဲ့လူက သူပဲ ဖြစ်လိမ့်မယ်။
"ပြော ဒီနေ့ဘာလို့ ရောက်လာတာလဲ"
ချောင်ထျန်းချန်က ချောင်ကျန်းဟုန်ကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။
ချောင်ကျန်းဟုန်ရဲ့ မျက်လုံးတွေက အနည်းငယ် တောက်ပသွားပြီး အမြန်ပြန်ဖြေလိုက်သည်။
"ချောင်မိုက မင်းလက်ထဲမှာ ဟုတ်တယ်မလား?သူ့ကို လွှတ်ပေးလိုက်"
"ကျွန်တော်က မလွှတ်ပေးဘူးလို့ ပြောရင်ရော"
"အဲ့ဒါပြောဖို့က မင်းနဲ့မဆိုင်ဘူး"
"ခင်ဗျားက ကျွန်တော့်ကို ခြိမ်းခြောက်နေတာလား"
ချောင်ထျန်းချန်က ရယ်လိုက်ပြီးတော့ ချောင်ကျန်းဟုန်ကို လှောင်သလို ကြည့်လိုက်သည်။
သူ့ပိုင်နက်ထဲမှာ သူ့ကိုခြိမ်းခြောက်နေတာ ချောင်ကျန်းဟုန်က ဘယ်နေရာကနေ ယုံကြည်ချက်တွေ ရလာတာလဲ?
ဒါပေမယ့် သူက ချောင်မိုကို လိုချင်နေမှတော့ အဲ့ဒီအရာကို ပေးရမှာပေါ့။
"ဇီရို ချောင်မိုကို ခေါ်လာခဲ့"
ချောင်ထျန်းချန်က ချောင်ကျန်းဟုန်ကို ရွှတ်နောက်နောက် ကြည့်နေခဲ့သည်။သူ(ချောင်ကျန်းဟုန်) ချောင်မိုကို တွေ့တဲ့အခါကျရင် သတိလက်လွတ်နဲ့ကြောက်လန့်မသွားလောက်ဘူးလို့ မျှော်လင့်တယ်။
သိပ်မကြာခင်မှာပဲ လင်းဇီရိုနောက်ကနေ လူနှစ်ယောက်လိုက်လာပြီး သူတို့တွေက အသက်မျှင်မျှင်လေးပဲ ကျန်တော့တဲ့ ကိုယ်လုံးတီးယောကျာ်းတစ်ယောက်ကို ဆွဲခေါ်လာခဲ့သည်။
သူတို့က ချောင်မိုကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။လင်းဇီရိုက သူတို့နှစ်ယောက်ကို ထွက်သွားဖို့ အချက်ပြလိုက်ပြီး ချောင်ထျန်းချန်နောက်မှာ ရပ်နေလိုက်သည်။
ချောင်ကျန်းဟုန်က ရင်းနှီးတဲ့ပုံစံကို တွေ့တဲ့အချိန် သူ့ထိုင်ခုံကနေ အလန့်တကြား ထခုန်မိပြီး သေခါနီးဆဲဆဲအထိ ညှင်းပန်းနှိပ်စက်ခံထားရတဲ့လူက သူ့ရဲ့လူယုံတော်ဆိုတာကို မယုံနိုင်ပေ။
ချောင်ထျန်းချန်က သူထိုင်ထားတဲ့ ထိုင်ခုံနဲ့ ရိုက်ထားတဲ့ စားပွဲကိုကြည့်ပြီး
"ဇီရို နောက်ပြီးကျရင် တစ်ယောက်ယောက်ကိုလွှတ်ပြီး ထိုင်ခုံနဲ့စားပွဲတွေ ပြောင်းခိုင်းလိုက်"
လင်းဇီရိုရဲ့ မျက်ခွံတွေ အနည်းငယ်လှုပ်သွားပြီး ပြောစရာစကား ကင်းမဲ့သွားတယ်။သူ့ဆရာက ဒီလူကို ဘယ်လောက်တောင် မုန်းနေတာလဲ?ဒီပရိဘောဂတွေက ထိပ်တန်းအရည်အသွေးကောင်းတဲ့ နှင်းဆီသားတွေနဲ့လုပ်ထားတာကို ဒီအတိုင်း လွှင့်ပစ်ချင်တယ်တဲ့လား?အဲ့ဒါ ဖြုန်းတီးတာပဲ မဟုတ်ဘူးလား?
မရီးက ပိုက်ဆံအများကြီး ရှာနိင်တယ်ဆိုရင်တောင်မှ ဒီလိုမျိုးတော့ ဖြုန်းတီးမပစ်သင့်ဘူးလေ ဟုတ်တယ်မလား?
ထိုဟာကိုကြားတော့ ချောင်ကျန်းဟုန်က သွေးအန်လုနီးပါ အရမ်းဒေါသထွက်သွားသည်။သူ့ရှေ့မှာ ဒီလိုစကားတွေပြောနေတာက ချောင်ထျန်းချန် သူ့ကို ဘယ်လောက်မုန်းတီးနေလဲဆိုတာ ပြနေတာပဲ။
"ချောင်ထျန်းချန် မင်းအတင့်ရဲလှချည်လား!သူက ငါ့ပိုင်တဲ့လူပဲ!"
ချောင်ကျန်းဟုန်က အခု အများကြီး ဂရုစိုက်မနေတော့ပဲ သေလား ရှင်လားမသိတဲ့ ချောင်မိုကို လက်ညိုးထိုးလိုက်သည်။သူက ဒေါသတွေထွက်ပြီး အော်ဟစ်တော့သည်။
ချောင်ထျန်းချန်က ပြုံးပြီးတော့
"အဲ့တော့ ဘာဖြစ်လဲ?သူတို့က ကျွန်တော့်မိန်းမကိုထိခိုက်အောင်လုပ်ရဲကြတယ်လေ။ဒါက သူတို့တွေ ဖြစ်လာရမှာပဲ"
ချောင်ကျန်းဟုန်က အစတုန်းကတော့ ချောင်မိုနဲ့ပတ်သက်ပြီး စိတ်ပူနေခဲ့တာ ဒါပေမယ့် ချောင်ထျန်းချန်က မိန်းမတစ်ယောက်ရှိတဲ့အကြောင်း ပြောလာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ?သူက ဘယ်အချိန်ကတည်းက လက်ထပ်လိုက်တာလဲ?
"မင်း လက်ထပ်ပြီးပြီပေါ့လေ!ငါ အဲ့ဒါကို ခွင့်မပြုဘူး။သူမကို ချက်ချင်း ကွာရှင်းလိုက်" ချောင်ကျန်းဟုန်က ချောင်ထျန်းချန်ရဲ့ မျက်နှာပေါ်က ဆိုးဝါးတဲ့အမူအရာကို လျစ်လျှူရှုပြီး ဒေါသတကြီး ပြောလိုက်သည်။
၎င်းက ချောင်ထျန်းချန်က သူ့လူကို လုယူသွားတဲ့အတိုင်းပင်။
လင်းဇီရိုနဲ့လဲ့အန်းက တစ်ပြိုင်နက်တည်း နောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်ကာ သူတို့ကိုယ်သူတို့ ချောင်ထျန်းချန်နဲ့ ဝေးဝေးခွာနေလိုက်တယ်။ချောင်ကျန်းဟုန်ကတော့ သေခြင်းတရားကို ဖိတ်ခေါ်နေတာပဲ။သူတို့ဆရာက အခု စိတ်အခြေအနေမကောင်းဘူးဆိုတာ သူမသိဘူးလား?ဒီလိုအရာမျိုးပြောလိုက်တာက သေဖို့တောင်းဆိုနေသလိုပဲ။