အခန်း ၃၉၇
Vol. 36 Ch. 397
ထာဝရသိုင်းတာအိုအရှင်
အခန်း (၃၉၇) - ဟင်းလင်းပြင်နိယာမ
ဘာသာပြန် - အားသစ်
အာကာသယာဉ်အတွင်း၌…
လင်းဖုန်း အာကာသယာဉ်၏ ပြင်ပပတ်ဝန်းကျင် တစ်ခုလုံး သက်တန့်ရောင် အလင်းတန်းများဖြင့် ပြည့်နှက်နေသည်ကို သတိပြုမိလိုက်သည်။ သူ မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရချေ။ သူ ခံစားရသည်မှာ အာကာသယာဉ်က ပျံသန်းနေခြင်း မဟုတ်ဘဲ ဟင်းလင်းပြင်ကို ကျော်ဖြတ်ခုန်ပျံနေခြင်း ဖြစ်သည်ဟူ၍သာ။
တချို့အချိန်များတွင် ဒြပ်ဆွဲအားမဲ့နေသည့် ခံစားချက်တစ်ခုပင် ရနေ၏။ အာကာသယာဉ်အတွင်း၌ ဒြပ်ဆွဲအားစနစ် ရှိနေသည့်တိုင် ထိုဖြစ်ရပ်ကို ရှောင်လွှဲ၍မရနိုင်ခဲ့ချေ။
လင်းဖုန်း စိတ်စွမ်းအားကို ဖြည်းဖြည်းချင်း ဖြန့်ကျက်လိုက်ပြီး ဟင်းလင်းပြင် လမ်းကြောင်းကို စူးစမ်းကြည့်ရန် ကြိုးစားလိုက်သည်။
သို့ပေသော်ငြား သူ၏ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးက အောက်ခြေမဲ့ တွင်းနက်ကြီးများအလား ဖြစ်နေကြောင်း ခံစားလိုက်ရ၏။ ထိုနေရာတွင် မည်သည့်အရပ်ဆီသို့ ဦးတည်နေမှန်းမသိသော လမ်းကြောင်းပေါင်း ဘီလီယံပေါင်းများစွာ ရှိနေပုံရသည်။
လင်းဖုန်း ခပ်ရေးရေး သဘောပေါက်သွား၏။ တကယ်တန်းတွင် လမ်းကြောင်းတိုင်း၌ သတ်မှတ်ထားသော ဟင်းလင်းပြင် လမ်းကြောင်းတစ်ခု ရှိနေပေလိမ့်မည်။ ဥပမာအားဖြင့် အကယ်၍ ယခုအချိန်တွင် လင်းဖုန်းသာ အာကာသယာဉ်ကို ရပ်တန့်လိုက်ပြီး အနီးနားရှိ လမ်းကြောင်းတစ်ခုအတွင်းသို့ ဝင်ရောက်လိုက်မည်ဆိုပါက သူ အခြားဂလက်ဆီတစ်ခုဆီသို့ ရောက်သွားနိုင်၏။
"ဟင်းလင်းပြင် လမ်းကြောင်းက တကယ့်ကို အံ့ဩစရာ ကောင်းတာပဲ"
လင်းဖုန်း ဟင်းလင်းပြင်နိယာမနှင့် ပတ်သက်၍လည်း နက်နက်ရှိုင်းရှိုင်း စိတ်ဝင်စားမှုတစ်ခု ဖြစ်ပေါ်လာသည်။ အကြောင်းမှာကား ဤဟင်းလင်းပြင် လမ်းကြောင်းကို ဟင်းလင်းပြင်နိယာမဖြင့်သာ တည်ဆောက်နိုင်ခြင်းကြောင့်ပင်။
ထို့အပြင် အကယ်၍ တစ်ယောက်ယောက်က ဟင်းလင်းပြင်အတွင်း ဖြတ်သန်းခရီးနှင်လိုပါက ထိုသူအနေဖြင့် ဟင်းလင်းပြင်နိယာမကို နှံ့နှံ့စပ်စပ် နားလည် သဘောပေါက်ထားရပေလိမ့်မည်။ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ စကြဝဠာအတွင်း လှည့်လည်သွားလာနိုင်ရန်အတွက်မူ ဟင်းလင်းပြင်နိယာမက ဂြိုဟ်အဆင့်သို့ ရောက်ရှိထားရမည် ဖြစ်သည်။
"ဒါနဲ့… တွေးကြည့်မယ်ဆိုရင် အထွတ်အမြတ်ကျိန်စာကျောက်ထဲမှာ ဟင်းလင်းပြင်နိယာမရော ရှိနေနိုင်မလား မသိဘူး"
လင်းဖုန်း အတွေးတစ်ချက်ဖြင့် အထွတ်အမြတ်ကျိန်စာကျောက်ကို ထုတ်ယူလိုက်သည်။
ယခင်က သူ အထွတ်အမြတ်ကျိန်စာကျောက်က နိယာမသဘောတရားများကို ဖော်ပြပေးနိုင်ကြောင်းသာ သိရှိထားခဲ့၏။ ကျောက်တုံးထက်၌ နိယာမများ ပေါ်ထွက်လာစေရန်အတွက် သူကိုယ်တိုင် အရင်ဆုံး နားလည်သဘောပေါက်ထားရမည် ဖြစ်သည်။ ထိုမှသာ ပိုအဆင့်မြင့်သည့် နိယာမတစ်ခု ပေါ်ထွက်လာမည် ဖြစ်၏။ ထိုမှတဆင့် သူ ထိုနိယာမကို အချိန်မရွေး လေ့လာဆည်းပူးနိုင်ပေလိမ့်မည်။
သို့ဆိုလျှင် ထိုကျောက်တုံးက သူကိုယ်တိုင် တစ်ကြိမ်တစ်ခါမှ နားလည်သဘောပေါက်ထားခြင်း မရှိသေးသော နိယာမတစ်ခုကိုရော ဖော်ပြပေးနိုင်ပါမည်လော။
လင်းဖုန်း ယခင်က ဤအချက်ကို တစ်ခါမှ စမ်းမကြည့်ဖူးခဲ့ချေ။ လက်ရှိအချိန်တွင် သူ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် လမ်းကြောင်းများကို မြင်တွေ့လိုက်ရကာမှ ဟင်းလင်းပြင်နိယာမအပေါ် ပြင်းပြင်းပြပြ စိတ်ဝင်စားမှု ရှိလာခဲ့၏။ သို့ကြောင့် ဤနေရာ၌ အထွတ်အမြတ်ကျိန်စာကျောက် အလုပ်ဖြစ်မဖြစ် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
လင်းဖုန်း စိတ်စွမ်းအားကို အသုံးပြုကာ အထွတ်အမြတ်ကျိန်စာကျောက်ကို လွှမ်းခြုံလိုက်သည်။ ထို့နောက် သူ့စိတ်ထဲ၌ ဟင်းလင်းပြင်နိယာမ အကြောင်းကိုသာ ထပ်ခါတလဲလဲ ရွတ်ဆိုနေလိုက်၏။
..............
တစ်မိနစ်… ဆယ်မိနစ်… တစ်နာရီ…
လင်းဖုန်း ဒီအတိုင်းသာ စိုက်ကြည့်နေရ၏။
အထွတ်အမြတ်ကျိန်စာကျောက်တွင် မည်သည့် ပြောင်းလဲမှုမျှ ရှိမနေခဲ့ချေ။
လင်းဖုန်း အနည်းငယ် စိတ်ပျက်သွားသည်။ မျှော်လင့်ထားခဲ့သည့်အတိုင်းပင် အထွတ်အမြတ်ကျိန်စာကျောက်က အရာခပ်သိမ်းကို တတ်စွမ်းနိုင်ခြင်း မရှိချေ။ ယင်းက သူ နားလည်သဘောပေါက်ထားခြင်း မရှိသေးသော နိယာမသဘောတရားများကို ဖော်ပြပေးနိုင်စွမ်း မရှိချေ။
စင်စစ်တွင်မူ လင်းဖုန်း ဤအချက်ကို အစကတည်းက တွေးတောထားခဲ့သင့်၏။ သူ နိယာမများကို ထင်ရှားစေရန်အတွက် အထွတ်အမြတ်ကျိန်စာကျောက်ကို အသုံးပြုသည့် အချိန်တိုင်း ထင်ရှားစေလိုသည့် နိယာမဖြင့် ကျောက်တုံးကို တိုက်ရိုက်လွှမ်းခြုံစေလေ့ရှိသည်။ ထို့ကြောင့်သာ အထွတ်အမြတ်ကျိန်စာကျောက်က တုံ့ပြန်မှုများ ရှိလာခဲ့ခြင်း ဖြစ်၏။
ဝှစ်…
လင်းဖုန်း ဒီရေလှိုင်းနိယာမကို အသုံးပြုကာ အထွတ်အမြတ်ကျိန်စာကျောက်ကို တိုက်ရိုက် လွှမ်းခြုံစေလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ကျောက်တုံးက ပိုအဆင့်မြင့်သည့် ဒီရေလှိုင်းနိယာမကို ချက်ချင်း ဖော်ပြပေး၏။ သို့သော် ဟင်လင်းပြင်နိယာမကို ထင်ရှားစေရန် အတွက်မူ နည်းလမ်းတစ်ခုမှ မတွေ့သေးပေ။
မည်သို့ပင်ဖြစ်စေ လင်းဖုန်း ဆက်လက် စမ်းသပ်ကြည့်လိုနေဆဲပင်။ သူ စိတ်အတွေးထဲ၌ ဟင်းလင်းပြင်နိယာမနှင့် ပတ်သက်သည့် အချက်အလက်များကို ပြန်လည် စဉ်းစားကြည့်လိုက်သည်။
လက်တွေ့တွင် လင်းဖုန်း၏ စိတ်ထဲ၌ ဟင်းလင်းပြင်နိယာမနှင့် ပတ်သက်၍ မည်သည့် အချက်အလက်မျှ ရှိမနေခဲ့ချေ။ သို့သော်လည်း သူ ယခုလက်ရှိတွင် ဟင်းလင်းပြင် လမ်းကြောင်းအတွင်း၌ အဆက်မပြတ် ဖြတ်သန်းသွားလာနေဆဲ ဖြစ်၏။ ပြင်ပရှိ ပတ်ဝန်းကျင် တစ်ခုလုံးက ဟင်းလင်းပြင် လမ်းကြောင်းတစ်ခုအလား ရှိနေသည်။
ထို့ကြောင့် ပြင်ပရှိ ဟင်းလင်းပြင် လမ်းကြောင်း၏ ပုံရိပ်က လင်းဖုန်း၏ စိတ်ထဲ၌ တဖြည်းဖြည်း ပုံပေါ်လာတော့သည်။
တစ်စတစ်စနှင့် အထွတ်အမြတ်ကျိန်စာကျောက်ထက်၌ ပြောင်းလဲမှုလေးတစ်ခု တကယ် ထွက်ပေါ်လာလေ၏။ မူလက ပေါ်ထွက်နေခဲ့သော ဒီရေလှိုင်းနိယာမ တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး ယင်းအစား ထူးထူးခြားခြား ခံစားချက်တစ်ခု အစားထိုး ဝင်ရောက်လာတော့သည်။
အတိုင်းအဆမဲ့…
ကျယ်ပြောတဲ့…
ဗလာနယ်ကြီး…
"ဒါ… ဒါက… ဟင်းလင်းပြင်နိယာမလား"
လင်းဖုန်း မျက်လုံးများကို ဖွင့်လိုက်သည်။ အထွတ်အမြတ်ကျိန်စာကျောက်ထက်ရှိ နိယာမက ဒီရေလှိုင်းနိယာမ မဟုတ်ချေ။ ဖျက်ဆီးခြင်းနိယာမလည်း လုံးဝ မဟုတ်ပေ။ ထိုအစား အာကာသာယာဥ် အပြင်ဘက်ရှိ ဟင်းလင်းပြင်လမ်းကြောင်းနှင့် ဆင်တူသည့် အငွေ့အသက်တစ်ခု ရှိနေသည်။
သို့သော်လည်း ယင်းက ပြင်ပရှိ ဟင်းလင်းပြင် လမ်းကြောင်းနှင့် ယှဉ်လျှင် များစွာ နိမ့်ပါးနေ၏။ အလွန်တရာ အားနည်းနေသည်။
အကယ်၍ ဤသည်က ဟင်းလင်းပြင်နိယာမ ဖြစ်ခဲ့မည်ဆိုပါက အခြေခံအဆင့် ဟင်းလင်းပြင်နိယာမသာ ဖြစ်ရပေမည်။
"ဒီအထွတ်အမြတ်ကျိန်စာကျောက်က တကယ်ပဲ ဘာကြီးလဲ"
ယခုတစ်ကြိမ်တွင်မူ လင်းဖုန်း အမှန်တကယ် ထိတ်လန့်တုန်လှုပ်သွားရတော့သည်။ သူ အထွတ်အမြတ်ကျိန်စာကျောက်ကို အလွန်တရာ တန်ဖိုးကြီးသည်ဟု သတ်မှတ်ထားခဲ့ပြီး ဖြစ်သော်လည်း လက်ရှိ အခြေအနေအရ သူ ဤကျောက်တုံးကို လျှော့တွက်ထားခဲ့မိဆဲပင်။ ဤကျောက်တုံက သူ တွေးနိုင်သည်ထက်ပင် လုံးဝဥဿုံ ကျော်လွန်နေခဲ့လေပြီ။
အထွတ်အမြတ်ကျိန်စာကျောက်က သူကိုယ်တိုင် နားလည်သဘောပေါက်ထားခြင်း မရှိသေးသော နိယာမများကိုပင် တကယ် ဖော်ပြပေးနိုင်စွမ်း ရှိနေသည်။
သို့ဆိုလျှင် ယခုလို အခွင့်အရေးမျိုး ရှိနေလျှင် သူ အလိုရှိသော မည်သည့် နိယာမကိုမဆို နားလည်သဘောပေါက်အောင် ကျင့်ကြံနိုင်မည် မဟုတ်ပါလော။
သို့သော်လည်း လင်းဖုန်း ဤအတွေးကို အလျင်အမြန် စွန့်လွှတ်လိုက်၏။ လောကကြီးတွင် မရေမတွက်နိုင်သည့် နိယာမများ ရှိကြ၏။ နိယာမတိုင်းကို ထင်ရှားစေရန်အတွက် အထွတ်အမြတ်ကျိန်စာကျောက်က ကူညီနိုင်သော်လည်း လင်းဖုန်းအနေဖြင့် နိယာမအားလုံးကို နားလည်သဘောပေါက်နိုင်ပါမည်လော။
ယင်းကား လုံးဝလုံးဝ မဖြစ်နိုင်သည့် ကိစ္စပင်။ ထို့အပြင် သက်ရှိတစ်ယောက်အနေဖြင့် နိယာမများကို အရေအတွက်များများ နားလည်သဘောပေါက်ထားလျှင် ယင်းတို့က အနာဂတ်တွင် တစ်ခုနှင့်တစ်ခု အပြန်အလှန် သက်ရောက်ကာ နှောင့်ယှက်ကြမည် ဖြစ်သည်။ ထိုအခါ ပိုမြင့်သည့် အဆင့်သို့ ဆက်လက် တက်လှမ်းရန်အတွက် အလွန်တရာ ခက်ခဲသွားရုံသာ ရှိပေလိမ့်မည်။
လင်းဖုန်း ဒီရေလှိုင်းနိယာမနှင့် ဖျက်ဆီးခြင်းနိယာမတို့ကို နားလည် သဘောပေါက်ထားခဲ့ခြင်းမှတဆင့် ဤအချက်ကို အတိုင်းအတာတစ်ခုအထိ ခံစားသိရှိထားခဲ့ပြီးသားပင်။ နိယာမနှစ်ခုစလုံးကို အတူတကွ နားလည်သဘောပေါက်နိုင်ရန် ကြိုးစားခြင်းက အတိုင်းအတာတစ်ခုအထိ အပြန်အလှန် သက်ရောက်မှု ရှိနေခဲ့သည်။
သို့ပေသော်ငြား ဟင်းလင်းပြင်နိယာမကမူ အလွန်တရာ ဆန်းကြယ်လှသော နိယာမ အမျိုးအစားတစ်ခု ဖြစ်၏။ ယင်းကို အချိန်နိယာမနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက ဟင်းလင်းပြင်အချိန်နိယာမကိုပင် ဖန်တီးနိုင်စွမ်း ရှိသည်။
မှန်ပေ၏… ထိုကိစ္စက အလွန်တရာ ဝေးကွာလွန်းလှသေးသည်။
လင်းဖုန်း အချိန်နိယာမကို ထင်ရှားစေရန်အတွက်လည်း အထွတ်အမြတ်ကျိန်စာကျောက်ကို ဆက်လက် အသုံးပြုလို၏။ သို့သော်လည်း လက်ရှိအချိန်အထိ သူ အချိန်နိယာမကို တစ်ကြိမ်တစ်ခါမျှပင် မမြင်တွေ့ဖူးချေ။ ထို့ကြောင့် ထိုနိယာမကို ထင်ရှားစေနိုင်ခြင်းလည်း မရှိချေ။
အဆုံးတွင်မူ လင်းဖုန်းက ဟင်းလင်းပြင် လမ်းကြောင်းကို မြင်တွေ့ခဲ့ရပြီး ယင်း၏ ပုံရိပ်ကို စိတ်ကူးပုံဖော်နိုင်ခဲ့သောကြောင့်သာ အထွတ်အမြတ်ကျိန်စာကျောက်က ဟင်းလင်းပြင်နိယာမကို ထင်မှတ်မထားဘဲ ဖော်ပြပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ဝှစ်…
အာကာသယာဉ်ကြီး တစ်ဒင်္ဂမျှ တုန်ခါသွားပြီးနောက် လင်းဖုန်းတစ်ယောက် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် လမ်းကြောင်းကြီး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ထိုအစား ကျယ်ပြောလှသော စကြဝဠာကြီး ပြန်လည်ထွက်ပေါ်လာသည်။
မှန်ပေ၏…လင်းဖုန်း ဟင်းလင်းပြင် လမ်းကြောင်းမှ ထွက်လာပြီဖြစ်သည်။ သူတို့ ဘီမွန်ဂလက်ဆီသို့ ရောက်ရှိလာခဲ့လေပြီ။
"သခင်…သခင် ဒါ ဘီမွန်ဂလက်ဆီပဲ။ ဟင်းလင်းပြင် လမ်းကြောင်းကို ဘီမွန်ဂလက်ဆီရဲ့ ပြင်ပစကြဝဠာထဲမှာ တိုက်ရိုက် တည်ဆောက်ထားတာ။ ကြည့်ပါဦး… ဟိုးနားက ဧရာမဂြိုဟ်ကြီးက ဘီမွန်ဂြိုဟ်ကြီးလေ"
လောင်ဘီသမ်တစ်ယောက် အလွန်တရာ စိတ်လှုပ်ရှားနေ၏။ သူ့အတွက် ဘီမွန်ဂြိုဟ်က သူ၏ 'အိမ်' ဖြစ်သည်။
"ဒါနဲ့ လောင်ဘီသမ်… မင်းက စက်မှုသက်ရှိလို့ ပြောခဲ့တယ်နော်။ ဒါဆို စက်မှုယဉ်ကျေးမှုတစ်ခုကနေ လာခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ ဘီမွန်ဂလက်ဆီက ဖြစ်နေတာလဲ"
လင်းဖုန်း ဤမေးခွန်းကို မေးချင်နေခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။
"သခင်… ကျွန်တော်က စက်မှုသက်ရှိဆိုပေမဲ့ ငယ်ငယ်ကတည်းက ဘီမွန်ဂလက်ဆီထဲမှာ နေခဲ့တာပါ။ ဘီမွန်ဂလက်ဆီက အရာရာတိုင်းကို လက်ခံကြိုဆိုတဲ့ နေရာတစ်ခုမို့လို့ ဘီမွန်ဂလက်ဆီထဲမှာ မရေမတွက်နိုင်တဲ့ လူမျိုးစုတွေနဲ့ ယဉ်ကျေးမှုတွေ ရှိပါတယ်။ အဲဒီထဲမှာ ကျင့်ကြံခြင်း ယဉ်ကျေးမှုတွေ၊ နည်းပညာယဉ်ကျေးမှုတွေ ယဉ်ကျေးမှုမျိုးစုံ ပါ,ပါတယ်။ ယဉ်ကျေးမှုတွေနဲ့ လူမျိုးစုတွေ အကုန်လုံးကို ကျွန်တော့်ရဲ့ အရင်သခင် ကြီးမြတ်တဲ့ ဂလက်ဆီအဆင့် မဟာသက်ရှိ အရှင်ဘီမွန်က ကာကွယ်စောင့်ရှောက် ပေးထားတာပါ"
"အတိုချုပ်ပြောရမယ်ဆိုရင် ဘီမွန်ဂလက်ဆီထဲမှာ အဓိကကျတဲ့ ယဉ်ကျေးမှုရယ်လို့ သီးသန့်ကြီး မရှိပါဘူး။ ဒီဂလက်ဆီက သခင်ကြီး ဘီမွန်အရှင်မြတ်ရဲ့ နယ်မြေ ဖြစ်ပါတယ်။ ဒီဂလက်ဆီထဲမှာ ဘီမွန်အရှင်မြတ်ရဲ့ အမိန့်တော်တွေကို မချိုးဖောက်သရွေ့ ဘယ်သူမဆို လွတ်လွတ်လပ်လပ် နေထိုင်နိုင်ပါတယ်။ ဒါ့အပြင် သခင်ကြီးက အရမ်းအရမ်းကို သဘောထားပြည့်ဝပြီး အရာရာတိုင်းကို လက်ခံကြိုဆိုတတ်တဲ့ ကြီးမြတ်တဲ့ သက်ရှိကြီး ဖြစ်တာမို့လို့ ဘီမွန်ဂလက်ဆီက ကျွန်တော် တွေ့ခဲ့ဖူးသမျှထဲမှာ အေးချမ်းပြီး တည်ငြိမ်မှုအရှိဆုံး နေရာပါပဲ"
"အော်…အင်းအင်း… နားလည်ပါပြီ"
လင်းဖုန်း ခေါင်းငြိမ့်လိုက်သည်။ လောင်ဘီသမ်၏ မျက်နှာထားအရ သူ ဘီမွန်ဂလက်ဆီ၏ လည်ပတ်ပုံ စနစ်ကို အလွန် ထောက်ခံအားပေးကြောင်း ထင်ရှားလှသည်။
ဘီမွန်ဂလက်ဆီတစ်ခုလုံးက အရှင်ဘီမွန်၏ နယ်မြေ ဖြစ်သည်။ အရာအားလုံးက အရှင်ဘီမွန်၏ ဆန္ဒအတိုင်း လည်ပတ်နေခြင်း ဖြစ်သည်။ ထိုအချက်ကို တွေးကြည့်ရုံမျှဖြင့်ပင် လင်းဖုန်း အံ့အားသင့်သွားရ၏။ မည်မျှအထိ အားကောင်းလှသော သက်ရှိမျိုးက ဤကဲ့သို့ ဩဇာလွှမ်းမိုးမှုကို ပိုင်ဆိုင်ထားနိုင်ပါသနည်း။
သို့သော်လည်း သူ မကြာခင်မှာပင် အရှင်ဘီမွန်နှင့် တွေ့ဆုံရတော့မည် ဖြစ်သည်။ ကြီးမြတ်လှသော ဂလက်ဆီအဆင့် မဟာသက်ရှိဖြစ်သည့် အရှင်ဘီမွန်က သူ၏ အမည်ခံဆရာ ဖြစ်သည်။ လင်းဖုန်းအနေဖြင့် ဂလက်ဆီအဆင့် မဟာသက်ရှိက ဘယ်လိုပုံစံမျိုး ရှိသည်ကို တကယ် မြင်တွေ့လိုလှ၏။
"ကဲ…ငါတို့ ဘီမွန်ဂြိုဟ်ဆီကို သွားကြစို့"
လင်းဖုန်းတစ်ယောက် ဘီမွန်ဂြိုဟ်နှင့် ပတ်သက်၍ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။ ထို့နောက် အာကာသယာဉ် စတင်လည်ပတ်လာပြီး မလှမ်းမကမ်းရှိ ဂြိုဟ်ကြီးဆီသို့ တဖြည်းဖြည်း ဦးတည်ပျံသန်းသွားတော့သည်။ ထိုဂြိုဟ်ကြီးက ရိုယာအင်ပါယာဂြိုဟ်ထက် စိုးစိမျှပင် နိမ့်ပါးခြင်းမရှိပေ။ ပို၍ပင် ကြီးမားခန့်ထည်လှသည်။
………………
ကျင့်ကြံခြင်းအဆင့်များ
အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း
ပထမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း
အသွင်ပြောင်းနယ်ပယ် / နတ်ဆိုး
ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း
နတ်ဘုရားနယ်ပယ် / နတ်ဆိုးဗိုလ်ချုပ်
တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း
သာလွန်နတ်ဘုရားနယ်ပယ် / နတ်ဆိုးဘုရင်
စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း
သူတော်စင် / နတ်ဆိုးဧကရာဇ်
ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း
နတ်ဘုရင် / မဟာနတ်ဆိုး
ဆဌမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း
ဂြိုဟ်အဆင့်သက်ရှိ
မူလဂြိုဟ်အဆင့် - တိုက်ပွဲဝင်ခန္ဓာကိုယ် အနည်းဆုံး ကီလိုမီတာ ၁၀,၀၀၀
သတ္တမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း
အဆင့်မြင့်ဂြိုဟ်အဆင့်
အရှင်သခင် - တိုက်ပွဲဝင်ခန္ဓာကိုယ် ကီလိုမီတာ ၁,၀၀၀,၀၀၀ (တစ်သန်း)
ထိပ်သီးအရှင်သခင် - တိုက်ပွဲဝင်ခန္ဓာကိုယ် ကီလိုမီတာ ၂၀,၀၀၀,၀၀၀ (သန်းနှစ်ဆယ်)
အတုအယောင်ဧကရာဇ် - ထိပ်သီးအရှင်သခင်နှင့် မဟာဧကရာဇ်ကြားအဆင့်
အဋ္ဌမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း
အန္တိမဂြိုဟ်အဆင့်
မဟာဧကရာဇ် - တိုက်ပွဲဝင်ခန္ဓာကိုယ် ၁ အလင်းနှစ်
ထိပ်သီးမဟာဧကရာဇ် - တိုက်ပွဲဝင်ခန္ဓာကိုယ် ၁၀ အလင်းနှစ်
အန္တိမမဟာဧကရာဇ် - တိုက်ပွဲဝင်ခန္ဓာကိုယ် ၁၀၀၀ အလင်းနှစ်
နဝမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း
ဂလက်ဆီအဆင့်သက်ရှိ
နတ်ဘုရားဘုရင် - တိုက်ပွဲဝင်ခန္ဓာကိုယ် ၁၀,၀၀၀ အလင်းနှစ်
နတ်ဘုရားအရှင်သခင် - တိုက်ပွဲဝင်ခန္ဓာကိုယ် အလင်းနှစ်သန်း ၁၀၀
နတ်ဘုရားဧကရာဇ် - တိုက်ပွဲဝင်ခန္ဓာကိုယ် အလင်းနှစ် ၁ ထရီလီယံ
အပြည့်အစုံကို fbနဲ့ tgမှာရှိတဲ့ ကျွန်တော့်ရဲ့ pageတွမှာ သွားဖတ်ပါ။
……………………