← Chapters

အခန်း ၃၉၈

Vol. 36 Ch. 398

အခန်း ၃၉၈

Vol. 36 Ch. 398

ထာဝရသိုင်းတာအိုအရှင်

အခန်း (၃၉၈) - မျိုးစေ့တပည့်၏ အပြန်

ဘာသာပြန် - အားသစ်

အာကာသယာဉ်က ဘီမွန်ဂြိုဟ်ဆီသို့ ချဉ်းကပ်လာပြီး တဖြည်းဖြည်းနှင့် ဂြိုဟ်၏ လေထုအလွှာအတွင်းသို့ သက်ဆင်းလာသည်။

ဝူ…

လင်းဖုန်း၏ အာကာသယာဉ် လေထုထဲသို့ ဝင်ရောက်သွားသောအခါ လင်းဖုန်း တစ်ချက် တုန်ခါသွားသည်။ သူ့ ခန္ဓာကိုယ်တစ်ခုလုံး အလွန်တရာ သက်တောင့်သက်သာရှိသလို ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။ မိခင်ရင်ခွင်ထဲသို့ ပြန်လည်ရောက်ရှိသွားသော ကလေးငယ်တစ်ဦးပမာ အတိုင်းအဆမဲ့ စွမ်းအင်များထဲ၌ သာယာနစ်မြောသွားသလို ခံစားလိုက်ရသည်။

"ဒါ ဘာဖြစ်တာလဲ"

လင်းဖုန်း အလွန်တရာ ထိတ်လန့်အံ့ဩသွားသည်။ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က အလွန်တရာ သက်တောင့်သက်သာ ဖြစ်နေသည်ကို ခံစားလိုက်ရ၏။ သူ ယခင်က ဤသို့သော ခံစားချက်မျိုးကို တစ်ခါမှ မခံစားဖူးခဲ့ချေ။ ယင်းမှာ ဆဲလ်တိုင်းဆဲလ်တိုင်းက အလွန်တရာ မြူးထူးတက်ကြွနေသည့်နှယ်ပင်။

အကယ်၍ သက်ရှိတစ်ယောက်က ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုး၌ အချိန်ကြာကြာ အခြေချနေမည်ဆိုပါက အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်သည်။ အထူးသဖြင့် ဤပတ်ဝန်းကျင်မျိုး၌ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုစဉ်အတွင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို စုစည်းတည်ဆောက်သည့်အခါ အပိုဆောင်းစွမ်းအင်များကိုပင် သီးသန့်ပြင်ဆင်ထားစရာ လိုမည် မဟုတ်တော့ချေ။

"သခင်… ဘီမွန်ဂြိုဟ်ကို သခင်ကြီးဘီမွန်ကိုယ်တိုင် တိုက်ရိုက် ကြီးကြပ်ကွပ်ကဲထားတာပါ။ ဒါ့အပြင် ဘီမွန်ဂြိုဟ်ရဲ့ ပတ်ဝန်းကျင် အလင်းနှစ်သောင်းချီ အကွာအဝေးအတွင်းမှာ ရှိနေတဲ့ ကြယ်ပေါင်း ရာချီနဲ့ ဧရာမဂြိုဟ်ကြီးတွေကိုလည်း ဒီနေရာဆီ ရွှေ့ပြောင်းထားပါသေးတယ်။ အဲ့ဒါတွေက အရမ်းကို များလှတဲ့ စွမ်းအင်တွေကို ထုတ်လွှတ်ပေးနေတဲ့ ကောင်းကင်ဝတ္ထုတွေပါပဲ။ ဒါကြောင့်မို့လို့ ဘီမွန်ဂြိုဟ်က တက်ကြွလှုပ်ရှားနေတဲ့ စွမ်းအင်တွေနဲ့ ပြည့်နှက်နေတာ ဖြစ်ပါတယ်။ ဘီမွန်အရှင်မြတ်က စွမ်းအင်တွေကို နောက်တစ်ခါ ထပ်ခွဲပြီးတော့ သန့်စင်ပေးလိုက်ပြီးတဲ့နောက်မှာ ဘီမွန်ဂြိုဟ်ပေါ်မှာ စွမ်းအင်တွေ အရမ်းပေါကြွယ်ဝပြီး တက်ကြွလှုပ်ရှားလာတာပေါ့။ ဘီမွန်ဂြိုဟ်ပေါ်မှာ နေထိုင်ကြတဲ့ သာမန်လူတချို့တွေတောင်မှ ရောဂါဘယမျိုးစုံကနေ ကင်းဝေးပြီးတော့ အသက်ရှည်ရှည် ကျန်းကျန်းမာမာ နေထိုင်နိုင်ကြပါတယ်"

လောင်ဘီသမ်၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ လင်းဖုန်း အလွန်တရာ အံ့အားသင့်သွားသည်။ ဤသည်ကား တကယ့်ကို ကြီးကျယ်ခမ်းနားလှသည့် လက်ရာကြီးတစ်ခုပင်။ ဂြိုဟ်အဆင့် သက်ရှိများပင် ကြယ်ပေါင်း ရာချီနှင့် ဧရာမဂြိုဟ်ကြီးများကို ရွှေ့ပြောင်းခြင်းကဲ့သို့ အရာမျိုးကို မစွမ်းနိုင်ချေ။

အဆုံးတွင်မူ အလွန်တရာ ဝေးကွာလှသော စကြဝဠာကို ဖြတ်သန်းကာ ကြယ်တစ်စင်းကို ရွှေ့ပြောင်းရန်က စကြဝဠာသက်ရှိများကိုပင် ပင်ပန်းနွမ်းနယ်၍ သေဆုံးသွားစေနိုင်ပေသည်။ (TL note; စကြာဝဠာသက်ရှိ = ဂြိုဟ်အဆင့်နှင့်အထက် သက်ရှိ)

ကြီးမြတ်လှသော ဂလက်ဆီအဆင့် မဟာသက်ရှိများသာလျှင် ဤမျှအထိ များပြားလှသော ကြယ်များနှင့် ကြီးမားလှသော ဂြိုဟ်ကြီးများကို ရွှေ့ပြောင်းနိုင်စွမ်း ရှိကြသည်။ (TL note; ဂလက်ဆီအဆင့်သက်ရှိ = နဝမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ပြီးမြောက်ထားသူ)

အာကာသယာဉ် တဖြည်းဖြည်း ဆင်းသက်လာပြီး နောက်ဆုံးတွင် နန်းတော်ကြီးတစ်ခုအလား ကြီးမားကျယ်ပြန့်လှသော အဆောက်အအုံ အစုအဝေးကြီးတစ်ခုအတွင်းသို့ ရောက်ရှိလာသည်။ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် လင်းဖုန်းတစ်ယောက် ထိုနေရာ၏ အဆုံးအစကိုပင် ရှာမတွေ့နိုင်ခဲ့ချေ။

နန်းတော်ကဲ့သို့ အဆောက်အအုံများ၏ ပတ်ဝန်းကျင်တွင်မူ စည်ကားလှသော မြို့ပြကြီးများက နန်းတော်ကြီးကို အရံဂြိုဟ်များပမာ ဝန်းရံထားကြသည်။

"သခင်… ကျွန်တော်တို့ ရောက်ပြီ။ ဒါကတော့ အရှင်ဘီမွန်ရဲ့ နတ်နန်းပဲ"

"အရှင်ဘီမွန်ရဲ့ နတ်နန်းလား"

...............

လင်းဖုန်း သူ၏ အမည်ခံဆရာဖြစ်သူ ဘီမွန်အရှင်မြတ်တွင် စကြဝဠာအတွင်း၌ ကျော်ကြားလှသော ဘွဲ့အမည်တစ်ခု ရှိကြောင်း သိထားခဲ့၏။ အရှင်ဘီမွန်ကို နတ်ဘုရားဘုရင်ဘီမွန်ဟု လူသိများသည်။

မှန်ပေ၏။ စကြဝဠာအတွင်းရှိ မဟာသက်ရှိများထဲတွင် ကြီးမြတ်လှသော ဂလက်ဆီအဆင့် မဟာသက်ရှိများကိုသာ နတ်ဘုရားဘုရင်များဟု ခေါ်ဆိုနိုင်သည်။ နတ်ဘုရားဘုရင်ဘီမွန်က ထိုမဟာသက်ရှိတို့ထဲတွင် ထိပ်တန်းတည်ရှိမှုများထဲမှ တစ်ယောက် ဖြစ်ပေ၏။

အာကာသယာဉ် သက်ဆင်းလိုက်သည်နှင့် အစောင့်တချို့က ဝန်းရံလိုက်သည်။ လင်းဖုန်း ထိုအစောင့်များအားလုံးထံမှ အားကောင်းလှသော အငွေ့အသက်များ ထွက်ပေါ်နေသည်ကို သတိပြုမိလိုက်သည်။ ထိုသူတို့အားလုံးက အနည်းဆုံး အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း သုံးကြိမ်တိုင်တိုင် ပြီမြောက်ထားခဲ့ပြီးသား ဖြစ်ကြ၏။

တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ပြီးမြောက်ထားသည့် သက်ရှိများက လက်တွေ့တွင် အရှင်ဘီမွန်၏ နတ်နန်း၌ အစောင့်အကြပ်များအဖြစ်သာလော။

"ဒါက ဘီမွန်အရှင်မြတ်ရဲ့ နတ်နန်းပဲ။ မင်းတို့ရဲ့ သက်သေခံကတ်ကို ပြပါ" အစောင့်က စိတ်စွမ်းအားဖြင့် တိုက်ရိုက်ဆက်သွယ်ကာ အေးစက်စက် ပြောဆိုလိုက်သည်။

"သက်သေခံကတ်လား"

လင်းဖုန်းထံတွင် မည်သို့နှယ် သက်သေခံကတ် ရှိနိုင်မည်နည်း။

သို့သော်လည်း လောင်ဘီသမ်က အလျင်အမြန် ရှေ့ထွက်ကာ သူ့ဦးခေါင်းအတွင်းမှ အနီရောင် ချစ်ပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။

ရှူး…

ထိုအစောင့်များက ချစ်ပ်ပြားကို စစ်ဆေးပြီးနောက် အလွန်တရာ နက်နက်ရှိုင်းရှိုင်း ရိုသေလေးစားမှုများကို ချက်ချင်းပင် ဖော်ပြလိုက်ကြတော့သည်။

"အရှင်ငယ်… ဘီမွန်အရှင်မြတ်ရဲ့ နတ်နန်းဆီကနေ ပြန်လည်ကြိုဆိုပါတယ်ခင်ဗျ"

"အရှင်ငယ်လား… လောင်ဘီသမ်၊ ဒါက ဘယ်လိုတွေ ဖြစ်ကုန်တာလဲ"

လောင်ဘီသမ်က ပြုံး၍ ပြောလိုက်သည်။

"သခင်… သခင်က နတ်ဘုရားဘုရင်ဘီမွန်ရဲ့ စာရင်းသွင်းတပည့်တစ်ယောက် ဖြစ်တာမို့လို့ တရားဝင် တပည့်အဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့်မို့ သဘာဝကျကျပဲ သခင့်ကို အရှင်ငယ်လို့ ခေါ်ကြမှာပါ။ ပြီးတော့ ဘီမွန်အရှင်မြတ်ရဲ့ နတ်နန်းထဲမှာ သခင့်ရဲ့ အဆင့်အတန်းကလည်း ထုံးစံအတိုင်းပဲ အရမ်းမြင့်ပါတယ်"

လင်းဖုန်း၏ မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းသွားသည်။ စာရင်းသွင်းတပည့်တစ်ဦး၏ အဆင့်အတန်းက ထိုမျှအထိ မြင့်မားလှပါသလော။

သူက အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ်သာ ပြီးမြောက်ထားသေးခြင်းဖြစ်ပြီး အရှင်ဘီမွန်၏ စာရင်းသွင်းတပည့်တစ်ဦးသာ ဖြစ်သည်။ လင်းဖုန်း၏ စိတ်ကူးထဲတွင်မူ သူ၏ အထောက်အထားနှင့် အဆင့်အတန်းက သာမန်မျှသာ ဖြစ်သင့်ပေ၏။

မကြာမီ အစောင့်များ၏ ဦးဆောင်မှုအောက်၌ လင်းဖုန်းနှင့် လောင်ဘီသမ်တို့ ကြီးမားကျယ်ပြောလှသော နန်းတော်အစုအဝေးကြီးတစ်ခုဆီသို့ ရောက်ရှိလာကြသည်။ ဤနန်းတော်အစုအဝေးကြီးက အလွန်တရာ ထူးဆန်းလှပေ၏။ ယင်းကို အောက်ခြေမှ အထက်သို့ အဆင့်သုံးဆင့်ဖြင့် ပိုင်းခြားထားသည်။

"သခင်… ဘီမွန်နတ်နန်းရဲ့ အဆင့်သုံးဆင့်ကို အရမ်းကို တင်းတင်းကျပ်ကျပ် စည်းကမ်းသတ်မှတ်ထားပါတယ်။ အောက်ပိုင်းနယ်မြေမှာတော့ နတ်ဘုရားဘုရင်ဘီမွန်ရဲ့ တပည့်ဖြစ်လာဖို့အတွက် အစွမ်းကုန် ကြိုးစားနေကြပေမဲ့ အောင်မြင်မှု မရှိသေးတဲ့ လူတွေချည်းပဲ သီးသန့် နေထိုင်ကြတာပါ။ ဘီမွန်အရှင်မြတ်ရဲ့ တပည့်ဖြစ်ချင်တဲ့ သူတွေက အရမ်းများတာကြောင့်မို့ အောက်ပိုင်းနယ်မြေက လူဦးရေ အများဆုံးလည်း ဖြစ်ပါတယ်"

"အလယ်ပိုင်းနယ်မြေကတော့ တရားဝင်တပည့်တွေ ပိုင်တဲ့ နယ်မြေ ဖြစ်ပါတယ်။ အဲဒီနေရာမှာ နေထိုင်ကြတဲ့ သက်ရှိတွေ အကုန်လုံးက အရှင်မြတ်ရဲ့ စာရင်းသွင်းတပည့်တွေပါပဲ။ အောက်ပိုင်းနယ်မြေက သက်ရှိတွေအတွက်ကတော့ တကယ်လို့ သူတို့အနေနဲ့ အောက်ပိုင်းနယ်မြေကို ရောက်လာတဲ့ နေ့ကစပြီး နှစ်ပေါင်း တစ်သောင်းအတွင်းမှာ ပဉ္စမအကြိမ် သက်ဝိညာဉ် အသွင်ပြောင်းလဲမှုအထိ ရောက်အောင် စွမ်းဆောင်နိုင်မယ်ဆိုရင် အလယ်ပိုင်းနယ်မြေဆီကို အဆင့်တိုးခံရမှာဖြစ်ပါတယ်။ ဘီမွန်အရှင်မြတ်ရဲ့ စာရင်းသွင်းတပည့်တွေ ဖြစ်လာကြမှာပါ"

လင်းဖုန်း ခေါင်းငြိမ့်လိုက်သည်။ အလယ်ပိုင်းနယ်မြေအတွင်းသို့ ဝင်ရောက်ရန်က ထင်သလောက် မလွယ်လှကြောင်း ထင်ရှားပေ၏။ သတ်မှတ်ချက်များက တကယ်ပင် အလွန်တရာ တင်းကျပ်လှသည်။ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ် ပြီးမြောက်ထားသည့် သက်ရှိများသာလျှင် ဝင်ရောက်နိုင်စွမ်း ရှိကြသည်။

လက်တွေ့တွင် လင်းဖုန်းကိုယ်တိုင်သည်ပင် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လေးကြိမ်သာ ပြုထားရသေးကြောင်း သိရှိထားရပေမည်။

"သခင်… သခင်ကတော့ မတူပါဘူး။ သခင်က ကြီးမြတ်လှတဲ့ နတ်ဘုရားဘုရင်ကြီးရဲ့ ကျင့်ကြံသူမျိုးစေ့ တပည့် တစ်ယောက် ဖြစ်ပါတယ်။ ဘီမွန်အရှင်မြတ်ရဲ့ နတ်နန်းဆီကို ပြန်ရောက်လာနိုင်တာကပဲ သူ့ဖာသာသူ အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်နေပါပြီ"

"ကျင့်ကြံသူမျိုးစေ့ တပည့်လား"

လင်းဖုန်း ခေါင်းငြိမ့်လိုက်သည်။ သူက မျိုးစေ့တပည့်တစ်ဦး မဟုတ်ပါလား။ အရှင်ဘီမွန်က အာကာသယာဉ် များစွာကို စေလွှတ်ခဲ့သော်လည်း အဆုံးတွင် အမွေအနှစ်ကို ရရှိရန် အခွင့်အရေး ရခဲ့ကြသူများက အလွန်တရာ နည်းပါးလှပေလိမ့်မည်။ ထို့အပြင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ်တိုင်တိုင် ကျော်ဖြတ်နိုင်ခဲ့သူများက ပို၍ပင် နည်းလှ၏။

"ဒါနဲ့… အထက်ပိုင်းနယ်မြေကရော ဘယ်လိုမျိုးလဲ"

"အထက်ပိုင်းနယ်မြေကတော့ ဂြိုဟ်အဆင့် သက်ရှိတွေ နေထိုင်ရာ နေရာဖြစ်ပါတယ်။ အောက်ပိုင်းနယ်မြေကပဲဖြစ်ဖြစ် အလယ်ပိုင်းနယ်မြေကပဲဖြစ်ဖြစ် တစ်ယောက်ယောက်က ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာပြီဆိုတာနဲ့ သူတို့က အထက်ပိုင်းနယ်မြေဆီ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အထက်ပိုင်းနယ်မြေက တပည့်တိုင်းကို ဘီမွန်အရှင်မြတ်ကိုယ်တိုင်က လက်ခံတွေ့ဆုံတယ်လို့ ကျွန်တော် ကြားဖူးပါတယ်။ အဲဒါကပဲ အမြင့်မြတ်ဆုံး ဂုဏ်ဒြပ်တစ်ခု ဖြစ်ပါလိမ့်မယ်"

လောင်ဘီသမ်သည်လည်း အလွန်တရာ အားကျမနာလို ဖြစ်နေခဲ့ကြောင်း ထင်ရှားလှသည်။ ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာခြင်းက အခြေခံအားဖြင့် သက်ရှိအများစု၏ အကြီးမားဆုံး ပန်းတိုင်တစ်ခုပင်။

"အရှင်ငယ်… အလယ်ပိုင်းနယ်မြေဆီ ကြွပါခင်ဗျာ။ ကျွန်တော်တို့က အောက်ပိုင်းနယ်မြေရဲ့ အစောင့်တွေသာ ဖြစ်တာကြောင့်မို့ အရှင်ငယ်နဲ့အတူ အထက်ဆီ လိုက်လာလို့ မရပါဘူးခင်ဗျ"

လင်းဖုန်း ခေါင်းငြိမ့်လိုက်ပြီး လောင်ဘီသမ်နှင့်အတူ အလယ်ပိုင်းနယ်မြေဆီသို့ တိုက်ရိုက် ပျံသန်းဝင်ရောက်သွားတော့သည်။

အလယ်ပိုင်းနယ်မြေက ဟင်းလင်းပြင်အလယ်၌ လွင့်မြောနေခဲ့၏ သို့သော်လည်း အမည်မသိ နည်းပညာတချို့ကြောင့် အလွန်တရာ တည်ငြိမ်နေခဲ့သည်။ ထို့အပြင် သူတို့နှစ်ယောက် အလယ်ပိုင်းနယ်မြေဆီသို့ ရောက်လာသော အခါတွင် စွမ်းအင်များက ဝို၍ပင် ကြီးမားလှပြီး အောက်ပိုင်းနယ်မြေနှင့် ယှဥ်လျှင် အနည်းဆုံး ဆယ်ဆမက ပိုများနေသည်။

အကယ်၍ အလယ်ပိုင်းနယ်မြေတွင် ဤကဲ့သို့သော အခြေအနေမျိုး ရှိနေခဲ့လျှင် အထက်ပိုင်းနယ်မြေက မည်မျှအထိ အံ့ဩချီးကျူးဖွယ်ရာ ကောင်းနေပါအံ့နည်း။

လင်းဖုန်း သူ့အထောက်အထား အဆင့်အတန်းကို ပြသလိုက်သောအခါ အလယ်ပိုင်းနယ်မြေရှိ အစောင့်များက လင်းဖုန်းကို နတ်နန်းဆီသို့ ချက်ချင်း ဦးဆောင်ခေါ်သွားကြသည်။

နတ်နန်းအတွင်း၌ အားကောင်းလှသော သက်ရှိတချို့ ရှိနေကြသည်။ လောင်ဘီသမ်က ချစ်ပ်ပြားကို ထုတ်ယူလိုက်သောအခါ ထိုအားကောင်းလှသော သက်ရှိများက သူတို့၏ အကြည့်များကို လင်းဖုန်းထံသို့ ချက်ချင်း အာရုံစိုက်လိုက်ကြတော့သည်။

"မျိုးစေ့တပည့်တစ်ယောက် တကယ်ပဲ ပြန်ရောက်လာတာပဲ"

"ဒါက နှစ်ပေါင်းတစ်ထောင်အတွင်းမှာ ပြန်ရောက်လာတဲ့ ဒုတိယမြောက် မျိုးစေ့တပည့်ပဲ ဖြစ်ရမယ်"

"ငါ တကယ့်ကို မျှော်လင့်နေမိတယ်။ ငါကြားဖူးတာကတော့ ဘီမွန်အရှင်မြတ်ကိုယ်တိုင် ပျိုးထောင်ထားခဲ့တဲ့ မျိုးစေ့တပည့်တွေ အကုန်လုံးက တကယ့် ပါရမီရှင်တွေချည်းပဲ ဆိုပဲ။ အရမ်းသာမန်ဖြစ်တဲ့ ပါရမီကို ပိုင်ဆိုင်ထားတဲ့ သက်ရှိတွေတောင်မှ ဂြိုဟ်အဆင့် သက်ရှိတွေအဖြစ် မြန်မြန်ဆန်ဆန် ပြောင်းလဲသွားနိုင်ကြတယ်"

"ဒါပေမဲ့ ဒီမျိုးစေ့တပည့်ကတော့ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လေးကြိမ်ပဲ ကြုံတွေ့ရသေးပုံပဲကွ။ သူက အရင်တစ်ခါ ရောက်လာတဲ့ မျိုးစေ့တွေအကုန်လုံးနဲ့ယှဉ်ရင် ပိုပြီးတော့တောင် အားနည်းနေသေးတယ်"

လင်းဖုန်း၏ မျိုးစေ့တပည့်ဟူသော အဆင့်အတန်းက အလယ်ပိုင်းနယ်မြေတွင် တကယ် အလွန်တရာ ထူးခြားလှပုံရ၏။

"အရှင်ငယ် လင်းဖုန်း… ပြန်ရောက်လာတာကို ကြိုဆိုပါတယ်ခင်ဗျာ။ အထောက်အထား စစ်ဆေးအတည်ပြုတာလည်း အောင်မြင်ပါတယ်။ အရှင်ငယ်

နေထိုင်ရမယ့် နေရာက ၃၆၁ ခုမြောက် နန်းတော်ပဲ ဖြစ်ပါတယ်"

"တကယ်လို့ တစ်ခုခု နားမလည်တာမျိုး ရှိခဲ့မယ်ဆိုရင် အရှင်ငယ်ရဲ့ ဘေးက နောက်လိုက်ဖြစ်တဲ့ စက်မှုသက်ရှိကို မေးမြန်းနိုင်ပါတယ်။ သူ့မှာ အလယ်ပိုင်းနယ်မြေက အချက်အလက်တွေကို ဒေါင်းလုဒ်ဆွဲခွင့် အာဏာ ရှိပါတယ်"

"ကျေးဇူးတင်ပါတယ်"

လင်းဖုန်း နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက် အစောင့်များ၏ ဦးဆောင်မှုအောက်၌ လင်းဖုန်း ၃၆၁ ခုမြောက် နန်းတော်ကို သွားရောက်နေထိုင်တော့သည်။

'မျိုးစေ့တပည့်' နတ်နန်းဆီကို ပြန်ရောက်လာပြီဟူသော သတင်းက တောမီးပမာ နေရာအနှံ့ ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသတင်းက အလယ်ပိုင်းနယ်မြေနှင့် အောက်ပိုင်းနယ်မြေ တစ်ခုလုံးဆီသို့တိုင် ပျံ့နှံ့သွားတော့သည်။

All Chapters