အခန်း ၃၉၉
Vol. 36 Ch. 399
ထာဝရသိုင်းတာအိုအရှင်
အခန်း (၃၉၉) - အလယ်ပိုင်းနယ်မြေ
ဘာသာပြန် - အားသစ်
ကြီးကျယ်ခမ်းနားလှသော နန်းတော်တစ်ခုအတွင်း၌ လင်းဖုန်း တစ်ကိုယ်တည်း နေထိုင်၏။
နန်းဆောင်က အနည်းငယ် ရှေးကျဟန်ရှိသော်လည်း အဆင့်မြင့် နည်းပညာသုံး ကိရိယာများဖြင့် ပြည့်နှက်နေသည်။ လင်းဖုန်း နေရာချပြီးနောက် လောင်ဘီသမ်က အလယ်ပိုင်းနယ်မြေနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စတင် ဒေါင်းလုဒ်ဆွဲယူလိုက်သည်။
ယခင်က အလယ်ပိုင်းနယ်မြေတွင် လောင်ဘီသမ် တစ်ကြိမ်မျှ နေထိုင်ခဲ့ဖူးခြင်း မရှိသကဲ့သို့ အောက်ပိုင်းနယ်မြေတွင်လည်း မနေထိုင်ခဲ့ဖူးချေ။ နတ်နန်းပြင်ပရှိ မြို့တော်တွင်သာ သူ နေခဲ့ဖူးသည်။ အဆုံးတွင် သူကိုယ်တိုင် အစပြုကာ စာရင်းသွင်းခဲ့ပြီး နတ်နန်း၏ အမွေအနှစ်အတွက် အစောင့်အဖြစ် ရွေးချယ်ခဲ့သည်။ ထို့နောက် သူ အမွေအနှစ်နှင့်အတူ စကြဝဠာအတွင်း မျောလွင့်ခြေဆန့်ခဲ့၏။
ထို့ကြောင့် အလယ်ပိုင်းနယ်မြေနှင့် အောက်ပိုင်းနယ်မြေတို့နှင့် ပတ်သက်၍မူ ကောလာဟလများကိုသာ ကြားဖူးခဲ့သည်။ အသေးစိတ် အချက်အလက် အတိအကျကိုမူ သတင်းအချက်အလက်များ ဒေါင်းလုဒ်ဆွဲပြီးနောက်မှသာ ရရှိနိုင်မည် ဖြစ်သည်။ စက်မှုသက်ရှိတစ်ခုအနေဖြင့် သတင်းအချက်အလက်များကို လောင်ဘီသမ် အလွန် မြန်မြန်ဆန်ဆန် ဒေါင်းလုဒ်ဆွဲနိုင်ခဲ့သည်။
"သခင်… သတင်းအချက်အလက်တွေ ဒေါင်းလုဒ်ဆွဲပြီးသွားပါပြီ"
"အို့… အလယ်ပိုင်းနယ်မြေမှာ လူဘယ်လောက်တောင် ရှိသလဲ"
"အလယ်ပိုင်းနယ်မြေမှာ လူတွေ အများကြီး နေပါတယ်။ စုစုပေါင်း တစ်သိန်းရှစ်ထောင်ကျော် ရှိပါတယ်။ အဲဒီထဲက ရှစ်ဆယ်ရာခိုင်နှုန်းကျော်က အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ် ပြီးမြောက်ထားတဲ့သူတွေပါ"
လင်းဖုန်း အလွန် အံ့အားသင့်သွားသည်။ အလယ်ပိုင်းနယ်မြေတွင် နေထိုင်ကြသူများက စာရင်းသွင်းတပည့်များချည်းသာ ဖြစ်ကြ၏။ လက်တွေ့တွင် စာရင်းသွင်းတပည့် တစ်သိန်းကျော်တောင် ရှိနေခဲ့သည်။ အသက်ဝိညာဉ် အသဲင်ပြောင်းလဲခြင်း ငါးကြိမ် ပြီးမြောက်ထားသူများကပင် ရှစ်သောင်းကျော်နေသည်။
ဤသည်ကား တကယ့်ကို ထိတ်လန့်စရာ ကောင်းလှသည့် အရေအတွက်ပင်။
"သခင်… အလယ်ပိုင်းနယ်မြေက လူအများစုက အောက်ပိုင်းနယ်မြေကနေ အဆင့်တိုးလာတဲ့သူတွေပဲ။ သူတို့က အလယ်ပိုင်းနယ်မြေမှာ အဓိက နေထိုင်ကြသူတွေပါ။ ကျန်တဲ့ နှစ်ဆယ်ရာခိုင်နှုန်းကတော့ အခြေခံအားဖြင့် အဆက်အသွယ်နဲ့ ရောက်လာကြတဲ့သူတွေချည်းပဲ။ ဥပမာအနေနဲ့ ဘီမွန်နတ်နန်းနဲ့ ဆက်ဆံရေးကောင်းတဲ့ စွမ်းအားကြီး ယဉ်ကျေးမှုတချို့ ဒါမှမဟုတ် ကျွမ်းကျင်သူတချို့က သူတို့ရဲ့ ထူးချွန်တဲ့ မျိုးဆက်တွေကို ဘီမွန်နတ်နန်းဆီ ဝင်ရောက်ခွင့် ရစေတာ ဖြစ်ပါတယ်။ ပုံမှန်ကတော့ လုံလောက်တဲ့ ပါရမီရှိသူတွေအတွက် အလယ်ပိုင်းနယ်မြေဆီကို တိုက်ရိုက် ဝင်ရောက်နိုင်အောင် စီစဉ်ပေးလေ့ ရှိကြပါတယ်"
"ဒါပေမဲ့ အဲ့လိုမျိုး ဆိုရင်တောင် သခင်က အထူးခြားဆုံး အထောက်အထားနဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက် ဖြစ်နေတုန်းပါပဲ"
"ငါ့ရဲ့ အထောက်အထားလား။ ငါ့မှာ ဘယ်လို အထောက်အထားမျိုး ရှိနေလို့လဲ"
လင်းဖုန်း စိတ်ရှုပ်ထွေးသွားသည်။ အလယ်ပိုင်းနယ်မြေသို့ ရောက်လာသောအခါ အရာအားလုံးက အလွန်တရာ ဆန်းသစ်နေသလို ခံစားခဲ့ရ၏။ သူ နားမလည်နိုင်သော အရာများစွာ ရှိနေသည်။ သူက အလွန်ဝေးကွာလှသော ဂလက်ဆီတစ်ခု၏ ခေါင်ဖျားလှသော နေရာတစ်ခုမှ လာခဲ့သည့် ရှေးရိုးကျသူ တစ်ဦးမျှသာ ဖြစ်သည်။ လင်းဖုန်းလည်း သူ့အကန့်အသတ်ကို သူ ကောင်းကောင်း သိသည်။
................
"သခင် မသိလို့ပါ။ သခင်က မျိုးစေ့တပည့် တစ်ယောက်လေ။ အရှင်မြတ်ဘီမွန် ကိုယ်တိုင် စကြဝဠာရဲ့ နေရာအနှံ့ စိုက်ပျိုးထားခဲ့တဲ့ မျိုးစေ့တစ်ခု ဖြစ်ပါတယ်။ သခင်က နှစ်ပေါင်း တစ်ထောင်အတွင်း နတ်နန်းဆီကို ပြန်ရောက်လာတဲ့ ဒုတိယမြောက် မျိုးစေ့တပည့်ပါ။ နှစ်ပေါင်း တစ်ထောင်အတွင်း ပထမဆုံး ပြန်ရောက်လာခဲ့တဲ့ မျိုးစေ့ကတော့ ဂြိုဟ်အဆင့်သက်ရှိ ဖြစ်သွားပြီး အထက်ပိုင်းနယ်မြေဆီ တက်လှမ်းသွားခဲ့တာ ကြာပါပြီ"
"မျိုးစေ့တပည့်တွေက အဲ့လောက်တောင် ထူးခြားနေကြတာလား"
လင်းဖုန်း မေးစေ့ကို ပွတ်ကာ ရေရွတ်လိုက်သည်။ သို့သော်လည်း သေသေချာချာ စဉ်းစားကြည့်သောအခါ မျိုးစေ့တပည့်များက အမှန်တကယ်ပင် အလွန်တရာ ထူးခြားလှပုံရသည်။ ခေါင်ဖျားလှသော စကြဝဠာတစ်ခုခုတွင် အမွေအနှစ်ကို မတော်တဆ ရရှိရန်နှင့် တဖြည်းဖြည်း ကြီးထွားလာရန်က ထင်သလောက် မလွယ်လှချေ။ ထို့အပြင် သူတို့ နတ်နန်းဆီသို့လည်း ပြန်လည် ရောက်ရှိလာရမည် ဖြစ်သည်။
မိခင်ဂြိုဟ်မှ နတ်နန်းဆီသို့ လာရာလမ်းတွင် လင်းဖုန်း ကြုံတွေ့ခဲ့ရသော ပြဿနာများကိုသာ ကြည့်ပါ။ အကယ်၍ သူသာ တကယ် အားမကောင်းခဲ့ပါက ရိုယာအင်ပါယာဂြိုဟ်ရှိ ခေါင်းခွံကုန်သည်အသင်းနှင့် ရင်ဆိုင်ရချိန်မှာပင် ပြဿနာ ကြီးကြီးမားမား တွေ့ခဲ့ရပေလိမ့်မည်။ နတ်နန်းဆီသို့ အောင်အောင်မြင်မြင် ပြန်ရောက်နိုင်မလား ဆိုသည်ကပင် ပြောရခက်လှသည်။
"သခင်… သခင့်အနေနဲ့လည်း အလယ်ပိုင်းနယ်မြေမှာ မစ်ရှင်တချို့ ပြီးမြောက်အောင် လုပ်ပြီး ပံ့ပိုးမှုရမှတ်တွေ ရယူဖို့ လိုပါတယ်။ ဥပမာအနေနဲ့ အလယ်ပိုင်းနယ်မြေက တပည့်တွေက အလယ်ပိုင်းနယ်မြေမှာ ဆက်ပြီး နေထိုင်ခွင့်ရဖို့အတွက် နှစ်တစ်ရာကို တစ်ကြိမ် မဖြစ်မနေ မစ်ရှင်သုံးခုကို ပြီးမြောက်အောင် လုပ်ဆောင်ကြရပါတယ်"
"အလယ်ပိုင်းနယ်မြေမှာ တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်နဲ့ နိယာမမျှော်စင်ဆိုပြီး မျှော်စင်နှစ်ခု ရှိပါတယ်။ အဲဒါတွေကို အသုံးပြုဖို့အတွက် ပံ့ပိုးမှုရမှတ် ပမာဏတစ်ခု လိုပါတယ်။ သေချာတာကတော့ ပံ့ပိုးမှုရမှတ်တွေကို စွမ်းအင်ယူနစ်တွေနဲ့လည်း လဲလှယ်နိုင်တာပေါ့။ စွမ်းအင်ယူနစ် တစ်ခုကို ပံ့ပိုးမှုရမှတ် တစ်မှတ်နဲ့ လဲလှယ်နိုင်ပါတယ်။ တကယ်လို့ သခင်က တိုက်ပွဲဝင်ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး လမ်းညွှန်မှု လိုချင်တယ်ဆိုရင် တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်ကို စိန်ခေါ်နိုင်ပါတယ်။ နိယာမတွေနဲ့ ပတ်သက်ပြီး လမ်းညွှန်မှု လိုချင်တယ်ဆိုရင်တော့ နိယာမမျှော်စင်ဆီ သွားနိုင်ပါတယ်"
လောင်ဘီသမ်က အလယ်ပိုင်းနယ်မြေနှင့် ပတ်သက်သည့် အထွေထွေ ဗဟုသုတများစွာကို ဆက်လက် ပြောပြနေခဲ့သည်။
လင်းဖုန်း နန်းတော်အတွင်းသို့ ပြောင်းရွှေ့လာခဲ့သည့် အချိန်မှစ၍ သူ ဟင်းလင်းပြင်နိယာမကို လေ့လာဆည်းပူးရန် အထွတ်အမြတ်ကျိန်စာကျောက်ကို အသုံးပြုနေခဲ့သည်။ ဟင်းလင်းပြင်နိယာမသည်ကား အချိန်နိယာမ အောက်တွင် ဒုတိယမြောက် အားအကောင်းဆုံး နိယာမ ဖြစ်၏။ သူ ဟင်းလင်းပြင်နိယာမကို နားလည်သဘောပေါက်သွားသည်နှင့် ဂြိုဟ်တစ်လုံးအတွင်း နေရာပြောင်းရွှေ့ခြင်းကိုပင် လုပ်နိုင်ပေလိမ့်မည်။
အကယ်၍ ထိုနိယာမအပေါ် နားလည်သဘောပေါက်မှုက ဂြိုဟ်အဆင့်သို့ ရောက်ရှိသွားမည်ဆိုပါက စကြဝဠာအတွင်း၌ပင် ဖြတ်သန်းသွားလာနိုင်စွမ်း ရှိပေလိမ့်မည်။
လက်တွေ့တွင် လင်းဖုန်း ဟင်းလင်းပြင်နိယာမနှင့် ပတ်သက်လာလျှင် အလွန်တရာ ကြိုးစားပမ်းစား ရှိလှသည်။
သို့သော်လည်း အထွတ်အမြတ်ကျိန်စာကျောက်အတွင်း၌ အခြေခံအဆင့် ဟင်းလင်းပြင်နိယာမ ပါဝင်နေသည့်တိုင် လင်းဖုန်းထံတွင် မည်သည့် ဟင်းလင်းပြင်ဆိုင်ရာ မွေးရာပါ စွမ်းရည်မျှ ရှိမနေခဲ့ချေ၊ ထို့ကြောင့် ယင်းကို နားလည်သဘောပေါက်ရန်က သူ့အတွက် ခက်ခဲနေဆဲပင်။ နန်းတော်အတွင်း၌ သုံးလတိုင်တိုင် အပြည့်အဝ အာရုံစိုက်ကာ လေ့လာဆည်းပူးပြီးနောက် လင်းဖုန်း အနည်းငယ်သာ နားလည်သဘောပေါက်နိုင်ခဲ့သည်။
ဟင်းလင်းပြင်နိယာမကို အပြည့်အဝ နားလည်သဘောပေါက်ရန် မည်မျှအထိ အချိန်ကြာဦးမည်ကိုမူ မသိနိုင်ချေ။
သို့တစေ ထိုသည်က အားကျဖွယ်ရာ တိုးတက်မှုတစ်ခု ဖြစ်နေဆဲပင်။ သက်ရှိတိုင်းနီးပါး နိယာမများကို လေ့လာဆင်ခြင်ရာတွင် ဤကဲ့သို့ အခက်အခဲများနှင့် ကြုံတွေ့ရလေ့ ရှိကြသည်ချည်းသာ။ သဘာဝပါရမီ မရှိဘဲနှင့် နိယာမကို အလွယ်တကူ နားလည်သဘောပေါက်နိုင်ဖို့က လုံးဝ မေ့ထားရပေမည်။
လင်းဖုန်း၏ အခြေအနေတွင်မူ သူ ဟင်းလင်းပြင်ဆိုင်ရာ မွေးရာပါ ပါရမီ လုံးဝ ရှိမနေခဲ့သည်မှာ ထင်ရှား၏။ သို့သော်လည်း ဟင်းလင်းပြင်နိယာမကို ဖြည်းဖြည်းချင်း နားလည်သဘောပေါက်နိုင်ဆဲပင်။ရာစုနှစ်တစ်ခုအတွင်း နားလည်သဘောပေါက်နိုင်မည်ဆိုလျှင်ပင် ကံကောင်းသည်ဟု ဆိုရပေမည်။
ထို့အပြင် တစ်နှစ်အတွင်း ဟင်းလင်းပြင်နိယာမကို အခြေခံအဆင့်အထိ နားလည်သဘောပေါက်နိုင်လိမ့်မည်ဟု လင်းဖုန်း ယုံကြည်ချက် အပြည့်ရှိနေသည်။
လင်းဖုန်းအနေဖြင့် ဟင်းလင်းပြင်နိယာမအတွက် အလျင်စလို လုပ်ဆောင်နေစရာ မလိုပေ။ ထိုနိယာမတစ်ခုတည်းအတွက် နေ့စဉ်နေ့တိုင်း အချိန်တွေ အများကြီး ပေးဆပ်နေသည်က အဓိပ္ပာယ်မရှိသလို လက်တွေ့တွင် သက်ရောက်မှု ကြီးကြီးမားမားလည်း ရှိမည်မဟုတ်ကြောင်း ခံစားမိလိုက်သဖြင့် လင်းဖုန်း အပြည့်အဝ အာရုံစိုက်ကာ လေ့လာဆင်ခြင်နေခြင်းကို ရပ်တန့်လိုက်တော့သည်။
သူ ဟင်းလင်းပြင်နိယာမကို ဆင်ခြင်ရန်အတွက် နေ့တိုင်း သတ်မှတ်ထားသော အချိန်ပမာဏတစ်ခုကိုသာ အသုံးပြုတော့မည်။
သို့သော် သဘာဝကျကျပင် လင်းဖုန်း ကျန်ရှိနေသော အချိန်များကို ဖာသိဖာသာနေကာ အချိန်ဖြုန်းနေမည် မဟုတ်ချေ။ သူ၏ လက်ရှိ အားနည်းချက်ဖြစ်သော တိုက်ပွဲဝင်ခန္ဓာကိုယ်အကြောင်းကို စဉ်းစားတွေးတောလိုက်သည်။
လင်းဖုန်း၏ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ်ကြုံတွေ့ထားပြီး ဖြစ်သည်။ ထိုခန္ဓာကိုယ်က သူ၏ မိခင်ဂြိုဟ်တွင် ပုံမှန်အတိုင်း အလွန်တရာ အားကောင်းလှသည် ဖြစ်သော်လည်း ဘီမွန်နတ်နန်းတွင် အထူးသဖြင့် အလယ်ပိုင်းနယ်မြေ၌ အားအနည်းဆုံး တိုက်ပွဲဝင်ခန္ဓာကိုယ်များထဲမှ တစ်ခု ဖြစ်နေခဲ့သည်။
အဆုံးတွင်မူ အလယ်ပိုင်းနယ်မြေရှိ လူဦးရေ ၈၀ ရာခိုင်နှုန်းကျော်က အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ်တိုင်တိုင် ပြီးမြောက်ထားသူများ မဟုတ်ပါလော။
လင်းဖုန်း သူ၏ မိခင်ဂြိုဟ်တွင် ဆက်လက်တိုးတက်နိုင်ရန်အတွက် နည်းလမ်းကို ရှာမတွေ့ခဲ့ချေ။ တစ်နည်းအားဖြင့်ဆိုရသော် သူ ပိတ်ဆို့မှုတစ်ခုနှင့် ကြုံတွေ့နေခဲ့ရခြင်း ဖြစ်သည်။ ယင်းက သူ အခွင့်အရေးများကို ရှာဖွေရန် စကြဝဠာအတွင်းသို့ ဝင်ရောက်လိုခဲ့သော အကြောင်းရင်းပင်။ ယခုအခါ ဘီမွန်နတ်နန်းသို့ ပြန်ရောက်လာပြီဖြစ်ရာ ရှေ့ဆက်စရာ လမ်းကြောင်းပျောက်တော့မည် မဟုတ်ပေ။ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအတွက် အမြန်ဆန်ဆုံး နည်းလမ်းက တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်သို့ ဝင်ရောက်ရန် ဖြစ်သည်။
"သခင်… တကယ်လို့ ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုချင်တယ်ဆိုရင်တော့ တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်ကိုပဲ သွားရပါလိမ့်မယ်။ အကြိမ်ကြိမ် အထပ်ထပ် တိုက်ပွဲဝင်ရာကနေ အသိအမြင်တချို့ ရနိုင်ပါတယ်။ အဲဒီအခါကျရင်တော့ သဘာဝအတိုင်း အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုလုပ်နိုင်ပါလိမ့်မယ်"
လင်းဖုန်း ခေါင်းငြိမ့်လိုက်သည်။ သူ ဘီမွန်နတ်နန်းရှိ အလယ်ပိုင်းနယ်မြေသို့ ရောက်ရှိလာခဲ့သည့် အချိန်မှစ၍ အပြင်သို့ လုံးဝနီးပါး ထွက်ခွာခဲ့ခြင်း မရှိချေ။
"ကောင်းပြီ…ဒါဆို တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်ဆီ သွားကြစို့"
ထို့နောက် လင်းဖုန်းနှင့် လောင်ဘီသမ်တို့ နန်းတော်ထဲမှ ထွက်ခွာလာခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် လူအများက သူ့အား ထူးဆန်းသော အကြည့်များဖြင့် ကြည့်ရှုနေကြကြောင်း လင်းဖုန်း သတိပြုမိလိုက်၏။
သူ အလယ်ပိုင်းနယ်မြေတွင် နာမည်ကြီးနေခဲ့သည်မှာ အတော်ကြာပြီဖြစ်ကြောင်း သူ မသိချေ။
သူက မျိုးစေ့တပည့်တစ်ယောက် ဖြစ်၏။ မျိုးစေ့တပည့်များက အမြဲတမ်းလိုလို စွမ်းဆောင်ရည် အလွန်ကောင်းမွန်ကြသည်။ ထို့ကြောင့် လူများစွာက မျိုးစေ့တပည့်ဖြစ်သည့် လင်းဖုန်းကို တွေ့ဆုံလိုကြ၏။
တချို့က သူနှင့် လက်ရည်စမ်းလိုကြသည်။
သို့သော်လည်း လင်းဖုန်းက ဟင်းလင်းပြင်နိယာမကို လေ့လာဆင်ခြင်ရန်သာ အာရုံစိုက်နေခဲ့သည်။ ထို့ကြောင့် သူ ဤလူများနှင့် မတွေ့ဆုံနိုင်ခဲ့ပေ။
ဤအချက်ကပင် လူပေါင်းများစွာကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ အလယ်ပိုင်းနယ်မြေရှိ လူအများက မကြာသေးမီက ထွက်ပေါ်လာသော မျိုးစေ့တပည့်က မောက်မာဝင့်ကြွားပြီး အလယ်ပိုင်းနယ်မြေရှိ အခြားကျင့်ကြံသူများကို အထင်သေးနေကြောင်း တွေးထင်ထားခဲ့ကြသည်။
ယခုတစ်ကြိမ် လင်းဖုန်း ထွက်ပေါ်လာပြီး တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်ဆီသို့ တိုက်ရိုက် ဦးတည်သွားနေ၏။ ထို့ကြောင့် လူအများ စိတ်ဝင်စားသွားကြပြီး သူ့နောက်မှ တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်ဆီသို့ လိုက်ပါသွားကြတော့သည်။ သူတို့သည်လည်း လင်းဖုန်းဟု အမည်တွင်သော မျိုးစေ့တပည့်တွင် မည်သည့် ဂုဏ်ယူစရာများ ရှိနေသည်ကို မြင်တွေ့လိုကြသည်။
"လင်းဖုန်းလို့ခေါ်တဲ့ ဒီမျိုးစေ့တပည့်က အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လေးကြိမ်ပဲ လုပ်ရသေးတယ်လို့ ငါကြားထားတယ်။ သူက သုံးလအတွင်းမှာ ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြီးမြောက်သွားတာများလား"
"ဟင်း… သူသာ ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုအဆင့်ကို တကယ် ရောက်နိုင်ခဲ့မယ်ဆိုရင်တော့ ငါ လက်ခံသွားပါပြီ။ ဒါပေမဲ့ မျိုးစေ့တပည့် ဖြစ်နေရင်တောင်မှ အဲဒါက အရမ်း ခက်ခဲနေတုန်းပဲ မလား"
"မျိုးစေ့တပည့်တွေက အလယ်ပိုင်းနယ်မြေဆီကို တိုက်ရိုက် ဝင်ရောက်လာကြတာလေ။ အရင်တုန်းက သူတို့တွေ အကုန်လုံး ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေ ရှိခဲ့ကြပေမဲ့ အဆုံးမှာတော့ သာမန်ပဲ ဖြစ်သွားခဲ့ပြီး ဘီမွန်နတ်နန်းကနေ စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားခဲ့ရတဲ့ မျိုးစေ့တပည့် အနည်းစုလည်း ရှိခဲ့တယ်ဆိုတာကို မမေ့ပါနဲ့ဦး။ ငါထင်တာတော့ ဒီလင်းဖုန်းက ခေါင်ဖျားတဲ့ ဂလက်ဆီတစ်ခုခုကနေ ဘီမွန်အရှင်မြတ်ရဲ့ အမွေအနှစ်ကို မတော်တဆ ရခဲ့ပြီးတော့ နတ်နန်းဆီကို ပြန်ရောက်လာနိုင်လောက်အောင် ကံကောင်းခဲ့ရုံ သက်သက်ပဲနေမှာပါ။ သူ့ရဲ့ စွမ်းရည်အမှန် ပေါ်လာဖို့က သိပ်မကြာတော့ပါဘူး"
လက်တွေ့တွင်မူ လင်းဖုန်း ထိုလူများ၏ ဆွေးနွေးပြောဆိုမှုများကို လုံးဝ ဂရုမစိုက်ချေ။
"ဟင်… လောင်ဘီသမ်လား။ မင်း နတ်နန်းဆီကို ပြန်ရောက်လာလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးထားခဲ့မိဘူးကွာ။ ဟားဟားဟား… ဒါဆို မင်းက ကောလာဟလတွေ ထွက်နေတဲ့ မျိုးစေ့တပည့်ရဲ့ နောက်လိုက်ပေါ့လေ"
ရုတ်တရက် လင်းဖုန်း စူးရှရှ အသံတစ်သံကို ကြားလိုက်ရသည်။ လောင်ဘီသမ်တစ်ယောက် ထိုအသံကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူ့လက်သီးများကိုပင် ခပ်တင်းတင်း ဆုပ်ထားမိလိုက်၏။