အခန်း ၄၀၀
Vol. 36 Ch. 400
ထာဝရသိုင်းတာအိုအရှင်
အခန်း (၄၀၀) - တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်
ဘာသာပြန် - အားသစ်
လင်းဖုန်း အသံလာရာဆီသို့ လှမ်းကြည့်လိုက်သောအခါ စက်မှုသက်ရှိတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူက လောင်ဘီသမ်ထက် အနည်းငယ်မျှ ပိုမိုကြီးမားနေ၏။
"လောင်ဘီဂျာ"
လောင်ဘီသမ်က အံကြိတ်ကာ ရေရွတ်လိုက်၏။
"လောင်ဘီသမ်… ဒါက မင်း နောက်လိုက်လုပ်နေတဲ့ မျိုးစေ့တပည့်လား။ စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုအဆင့်ပဲ ရှိသေးတာကို။ ဒါက မင်း ရဲ့ သခင်ပေါ့လေ။ ဟားဟားဟား… စကြဝဠာရဲ့ ပါရမီရှင်စစ်စစ်တစ်ယောက်ရဲ့ နောက်ကို လိုက်မယ်၊ ပြီးတော့ အကြီးမြတ်ဆုံး သက်ရှိရဲ့ နောက်လိုက်တစ်ယောက် ဖြစ်လာရမယ်ဆိုပြီး ကြွားလုံးထုတ်ခဲ့တဲ့ တစ်ယောက်ယောက်ကိုများ မင်း မှတ်မိသေးလား။ ဒါက မင်း ရှာနေတဲ့ ပါရမီရှင်များလား"
လောင်ဘီဂျာ၏ အထင်တသေး လှောင်ပြောင်သရော်နေသော မျက်နှာအမူအရာက လောင်ဘီသမ်ကို ဒေါသူပုန်ထသွားစေသည်။
"လောင်ဘီဂျာ… သခင်က တကယ့် ပါရမီရှင်စစ်စစ်ပဲကွ။ မင်းလို ဘာမဟုတ်တဲ့ကောင်က ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး"
လောင်ဘီသမ်က အံကြိတ်ကာ ပြောလိုက်၏။
"အဲ့လိုလား။ ဟင်းဟင်း… ငါ နောက်လိုက်လုပ်နေတဲ့ သခင်ကို ကြည့်လိုက်စမ်းပါ။ ကြီးမြတ်လှတဲ့ မီနို ယဉ်ကျေးမှုရဲ့ အမွန်မြတ်ဆုံး မင်းသားပဲ။ သူက နှစ်ပေါင်း ၃၀၀ အတွင်းမှာတင် ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုအဆင့်ကို ရောက်နေပြီ။ သူ့အတွက် ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာဖို့ဆိုတာက အချိန်တစ်ခုပဲ လိုတာ။ ငါ့ရဲ့ သခင်ကမှ တကယ့် ပါရမီရှင်စစ်စစ်ကွ"
လောင်ဘီဂျာ၏ မျက်နှာက ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေသည်။ သူ့ဘေးတွင် ရပ်နေသူမှာ ပိန်ပါးပါး လူတစ်ယောက် ဖြစ်၏။ သူ၏ အသားအရေက အနည်းငယ် ဖြူဖျော့နေကာ မျက်ဝန်းများက ခရမ်းရောင်ဖြစ်နေပြီး နတ်ဆိုးဆန်ဆန် အသွင်အပြင်မျိုး ရှိနေသည်။
"မင်းက မျိုးစေ့တပည့် လင်းဖုန်း ဆိုတာလား"
"မင်းက ဘယ်သူလဲ"
"ငါက မီနိုယန်ပဲ"
လင်းဖုန်း ခေါင်းငြိမ့်ပြလိုက်သော်လည်း ထိုမျှသာ ဖြစ်၏။ သူ့အနေဖြင့် ဤမီနိုယန် ဆိုသူက မည်သူဖြစ်သည်ကို လုံးဝ ဂရုမစိုက်ချေ။
..............
မင်းသားဆိုသော ဂုဏ်ပုဒ်နှင့် ပတ်သက်၍မူ လင်းဖုန်း ပို၍ပင် ဂရုမစိုက်ချေ။ အောက်ပိုင်းနယ်မြေတွင် မရေမတွက်နိုင်သော ယဉ်ကျေးမှုများနှင့် လူမျိုးစုများစွာမှ မင်းသားများနှင့် မင်းသမီးများ ရှိနေကြသည်။ ဤနေရာတွင် အဆင့်အတန်းဆိုသည်က တန်ဖိုးအနည်းဆုံးအရာပင်။
အဆုံးတွင်မူ သက်ရှိတစ်ယောက်၏ အဆင့်အတန်း မည်မျှပင် မြင့်မားနေစေကာမူ သူတို့က နတ်ဘုရားဘုရင်ဘီမွန်နှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ အထက်ပိုင်းနယ်မြေသို့ တက်လှမ်းသွားနိုင်ပြီး နတ်ဘုရားဘုရင်ဘီမွန်၏ အဓိကတပည့်တစ်ယောက် ဖြစ်လာသည်နှင့် နိမ့်ကျသော နောက်ခံမှ လာသူများ ဖြစ်နေလျှင်ပင်ချက်ချင်း အဆင့်အတန်း မြင့်မားသွားကြမည်သာ။
ဘီမွန်နတ်နန်းတွင် အရေးအကြီးဆုံးအရာက ပါရမီနှင့် စွမ်းဆောင်ရည်သာ ဖြစ်၏။
"မင်း…"
မီနိုယန် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ သူက ဂုဏ်ကျက်သရေရှိ မင်းသားတစ်ပါး ဖြစ်၏။ ဘီမွန်နတ်နန်းတွင် မင်းသားမင်းသမီး အဆင့်အတန်းရှိသူ များစွာရှိနေပြီး လက်တွေ့အားဖြင့် နေရာတိုင်းတွင် တွေ့မြင်နိုင်သည်မှာ မှန်ပေသည်။
သို့သော်လည်း မီနိုယဉ်ကျေးမှုကမူ မတူချေ။ မီနိုယဉ်ကျေးမှုမှ တော်ဝင်မိသားစု၏ ခေါင်းဆောင်က အဆင့်မြင့် ဂြိုဟ်အဆင့်သက်ရှိ ဖြစ်သည်။ ထို့အပြင် မီနိုယဥ်ကျေးမှုသည် နယ်မြေအတွင်းရှိ ဂြိုဟ်ထောင်ပေါင်းများစွာကို ထိန်းချုပ်ထားသော အားကောင်းလှသည့် ယဉ်ကျေးမှုတစ်ခု ဖြစ်သည်။ သူကိုယ်တိုင်ကလည်း တော်ဝင်မိသားစုအတွင်း အကောင်းဆုံးသူများထဲမှ တစ်ဦးပင်။ မဟုတ်ပါက သူ ဘီမွန်နတ်နန်းဆီသို့ စေလွှတ်ခံရမည် မဟုတ်ချေ။
လင်းဖုန်းက မျိုးစေ့တပည့်တစ်ယောက် ဖြစ်သော်လည်း သူ၏ ဝတ်စားဆင်ယင်မှုကို ကြည့်ခြင်းအားဖြင့် ဝေးလံခေါင်ဖျားလှသော နေရာတစ်ခုမှ ရှေးရိုးကျသည့် သက်ရှိတစ်ယောက် ဖြစ်ရမည်။ မီနိုယန်က ထိုကဲ့သို့ ရှေးရိုးကျသူများကို အမြဲတမ်း အထင်သေးလေ့ ရှိ၏။
သူ အထင်အသေးဆုံး ပုဂ္ဂိုလ်မျိုးက သူ့ကို လုံးဝ လျစ်လျူရှုသွားလိမ့်မည်ဟု သူ တစ်ခါမှ မျှော်လင့်မထားခဲ့ချေ။
"လောင်ဘီသမ်… ဘာတွေ ဖြစ်နေတာလဲ" လင်းဖုန်း လောင်ဘီသမ်ကို သူ့စိတ်ထဲမှ တိုက်ရိုက် မေးမြန်းလိုက်သည်။
"သခင်… သခင့်ကို ဒီကိစ္စထဲ ဆွဲသွင်းမိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ။ ဒီလောင်ဘီဂျာက တစ်ချိန်တုန်းက ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်း အိမ်နီးချင်းတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့က အတူတူ ကြီးပြင်းလာခဲ့ကြတာပါ။ ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ အိပ်မက်တစ်ခု ရှိခဲ့ပါတယ်။ အဲဒါကတော့ ကြီးမြတ်လှတဲ့ ပါရမီရှင်၊ ကြီးမြတ်လှတဲ့ မဟာသက်ရှိတစ်ယောက်ရဲ့ နောက်ကို လိုက်ဖို့ပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်တော်က နတ်နန်းကနေ ရွေးချယ်ခံရပြီး ဘီမွန်နတ်နန်းဆီကို ဝင်ရောက်လာခဲ့ရပေမဲ့ သူကတော့ ဖယ်ရှားခံလိုက်ရပါတယ်"
"နောက်ပိုင်းကျတော့ ကျွန်တော် သူနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။ သူက မီနိုယဉ်ကျေးမှုရဲ့ မင်းသားနောက်ကို တကယ်လိုက်သွားပြီး အခု နတ်နန်းဆီ ဝင်ရောက်လာခဲ့ပြီ ဆိုတာကို ကျွန်တော် မသိခဲ့ပါဘူး။ ဒါပေမဲ့ သူ ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မျှော်လင့်မထားခဲ့မိဘူး"
လောင်ဘီသမ် ဒေါသထွက်နေသလို စိတ်လည်း ပျက်နေမိကြောင်း ထင်ရှားလှသည်။ သူ၏ ယခင် ကစားဖော်က မတူညီသော ကံကြမ္မာများကြောင့် သူတို့ ပြန်လည်တွေ့ဆုံချိန်တွင် လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။
"သူက မင်းကို အားကျပြီးတော့ မနာလို ဖြစ်နေတာပါ။ ဒါပေမဲ့ သူပြောသွားတာက တကယ်ပဲ မင်းရဲ့ အိပ်မက်လား"
လောင်ဘီသမ် လင်းဖုန်း မည်သည့်အရာကို ဆိုလိုသည်ကို သိလိုက်သည်။ သူ အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြန်လည် ဖြေကြားလိုက်၏။
"သခင်… အဲဒီချိန်တုန်းက ကျွန်တော်က ငယ်ရွယ်ပြီး မာနကြီးနေခဲ့တာပါ။ တစ်နေ့နေ့ကျရင် ကြီးမြတ်လှတဲ့ သက်ရှိတစ်ယောက်ရဲ့ နောက်ကိုလိုက်ပြီး စကြဝဠာအနှံ့ ခရီးသွားရမယ်လို့ စိတ်ကူးယဉ်ခဲ့မိတာပါ"
"ဒါဆိုရင် အဲဒါက အခုချိန်ထိ မင်းရဲ့ အိပ်မက် ဖြစ်နေတုန်းပဲလား"
"အခုလား"
လောင်ဘီသမ်၏ အကြည့်က အနည်းငယ် မှေးမှိန်သွား၏။ တကယ့် ပါရမီရှင်စစ်စစ်များကို တွေ့ဆုံရန်က ထင်သလောက် မလွယ်ကူလှကြောင်း သူ ကောင်းကောင်း သိသည်။ ထို့အပြင် သူက လင်းဖုန်း၏ နောက်လိုက်တစ်ယောက် ဖြစ်နေလေပြီ။
အတိတ်ကာလက ကြီးကျယ်ခမ်းနားသော စကားများက ယခုအခါ ရယ်စရာတစ်ခုမျှသာ ဖြစ်နေပုံရ၏။
"လောင်ဘီသမ်… မင်း ငါ့အပေါ် အဲဒီလောက်တောင် ယုံကြည်မှု မရှိနေတာလား။ မင်းရဲ့ အိပ်မက်က သေချာပေါက် တကယ်ဖြစ်လာမှာပါ" လင်းဖုန်းက ယုံကြည်ချက်အပြည့်ဖြင့် ပြတ်ပြတ်သားသား ပြောဆိုလိုက်၏။
"သခင်…"
လောင်ဘီသမ် လင်းဖုန်းကို ကြည့်လိုက်သည်။ သူ လင်းဖုန်းကို တစ်ခါမျှ သေသေချာချာ နားမလည်ခဲ့ဖူးကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ ယခင်က လင်းဖုန်းကို ရွေးချယ်ခဲ့သည့် အချိန်တွင်ပင် သူ့၌ ရွေးချယ်စရာ မရှိခဲ့သောကြောင့်သာ ဖြစ်၏။
သို့သော်လည်း ယခုအခါတွင်မူ သူ လင်းဖုန်းကို ပထမဆုံးအကြိမ်အဖြစ် နားလည်သွားသလို ခံစားလိုက်ရသည်။ သူ့သခင်တွင် ဤကဲ့သို့သော ယုံကြည်မှုမျိုး တကယ် ရှိနေသည် မဟုတ်ပါလား။
"တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်ဆီ သွားကြစို့"
မင်းသား မီနိုယန်၏ မျက်နှာအမူအရာက တဖြည်းဖြည်း ပိုမည်းမှောင်လာသည့်တိုင် လင်းဖုန်း မင်းသား မီနိုယန်ကို တိုက်ရိုက် ဖြတ်ကျော်သွားပြီး တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်အတွင်းသို့ ဝင်ရောက်သွားတော့သည်။
အခြားသူများက အချင်းချင်း စတင် ဆွေးနွေးပြောဆိုကြတော့စ။
"ဒီမျိုးစေ့တပည့်က တကယ့်ကို ကိုယ်ရည်ကိုယ်သွေး တော်တော်ရှိတဲ့ပုံပဲ"
"ခေါင်ဖျားပြီး ခေတ်နောက်ကျနေတဲ့ ဂလက်ဆီတစ်ခုကနေ နတ်နန်းဆီ ပြန်ရောက်လာနိုင်တယ်ဆိုမှတော့ သူက သူ့ရဲ့ မွေးရပ်မြေမှာ အကောင်းဆုံးတွေထဲက တစ်ယောက်ပဲ ဖြစ်ရမယ်။ အားအကောင်းဆုံးသူတောင် ဖြစ်နေနိုင်တယ်။ သူ့မှာ ဒီလိုမျိုး ယုံကြည်မှု ရှိနေတာက သဘာဝပါပဲလေ။ ကံမကောင်းတာက စကြဝဠာကြီးက ဘယ်လောက်တောင် ကျယ်ဝန်းသလဲ၊ ကောင်းကင်ဘုံကြီးက ဘယ်လောက်တောင် ကြီးမားကျယ်ပြန့်သလဲ ဆိုတာကို သူ မသိတာပဲ။ ပါရမီရှင်တွေက ရေတွက်လို့တောင် မရနိုင်ဘူး။ သူ့လို ခေါင်ဖျားတဲ့ ဂလက်ဆီကနေ လာတဲ့ ပါရမီရှင်ဆိုတာက တကယ်တန်းဆို အများကြီး နိမ့်ကျနေပါသေးတယ်"
"တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်ထဲက သူ့ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ကြတာပေါ့ကွာ။ သူက တကယ်ပဲ အရမ်း အားကောင်းနေခဲ့ရင်ကော ဘယ်လိုလုပ်မလဲ"
မီနိုယန်၏ မျက်နှာက မှောင်မိုက်နေပြီး ခပ်ဟဟရယ်ကာ ခနဲ့လိုက်သည်။
"ဟမ့်… မင်း အဆင့်ဘယ်နှစ်ဆင့်ကို ဖြတ်ကျော်နိုင်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့"
ရှူး…
လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်အတွင်းသို့ ဝင်ရောက်သွားသည်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေ၏။ ဤနေရာက အနိမ့်ဆုံးအဆင့်ဖြစ်ပြီး ပထမဆုံးအဆင့်လည်း ဖြစ်သည်။ လောင်ဘီသမ် ပေးအပ်ထားသော သတင်းအချက်အလက်များအရ တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်၏ အဆင့်တိုင်းက အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အရေအတွက်နှင့် သက်ဆိုင်သည်။
ဥပမာအားဖြင့် ပထမဆုံးအဆင့်က ပထမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းနှင့် သက်ဆိုင်ပေသည်။
ဝူး…
လင်းဖုန်းရှေ့တွင် မီတာ ဒါဇင်ပေါင်းများစွာ အရပ်ရှည်သော ကြီးမားလှသည့် သက်ရှိတစ်ယောက် ပေါ်ထွက်လာသည်။
လင်းဖုန်း အနီးကပ် လေ့လာကြည့်လိုက်ရာ တစ်ဖက်လူကလည်း ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံထားကြောင်း သတိပြုမိလိုက်သည်။ ထိုသူက အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း တစ်ကြိမ်သာ ပြီးမြောက်ထားပုံရ၏။ သို့သော်လည်း သူ၏ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က ၄၁ မီတာအထိ ရောက်ရှိနေသည်။
"ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က ဒီလောက်တောင် အားကောင်းနိုင်တာလား"
လင်းဖုန်း အနည်းငယ် အံ့အားသင့်သွားသည်။ တစ်ဖက်လူက အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း တစ်ကြိမ်သာ ပြီးမြောက်ထားရသေးသော်လည်း ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က ၄၁ မီတာအထိ ရောက်ရှိနေ၏။ ဤအဖြစ်က သူ၏ နားလည်နိုင်စွမ်းထက်ပင် ကျော်လွန်နေခဲ့လေပြီ။
သေချာသည်က အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း တစ်ကြိမ်သာ ပြီးမြောက်ထားသော သက်ရှိတစ်ယောက်အနေဖြင့် ထိုသူ အမှန်တကယ်ပင် အလွန်တရာ ထူးခြားနေလျှင်တောင် လက်ရှိ လင်းဖုန်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်မဟုတ်။ သူက လင်းဖုန်းအတွက် လက်ချောင်းတစ်ချောင်းဖြင့် အလွယ်တကူ ချေမွပစ်နိုင်သော ပုရွက်ဆိတ်တစ်ကောင်အလား ဖြစ်နေသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
ထို့နောက် လင်းဖုန်း ဒုတိယအဆင့်သို့ ဆက်လက် ဝင်ရောက်သွားသည်။
ဒုတိယမြောက်အဆင့်တွင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း နှစ်ကြိမ် ပြီးမြောက်ထားသော သက်ရှိတစ်ယောက် စုစည်းထွက်ပေါ်လာသည်။ ထိုသူက မီတာ ၄၁၀ အမြင့်ရှိသည့် ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံထားသည်။
လင်းဖုန်း ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုခဲ့စဉ်က သူ ဖွဲ့စည်းတည်ဆောက်ခဲ့သော ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က ၄၁၀ မီတာနှင့် အလှမ်းဝေးလှကြောင်း သိထားရပေမည်။
သေချာသည်မှာ ၄၁၀ မီတာ ရှိနေခဲ့လျှင်ပင် လင်းဖုန်း၏ ပြိုင်ဘက်တော့ မဟုတ်ခဲ့ချေ။ သူ တတိယအဆင့်သို့ အလွယ်တကူ အောင်အောင်မြင်မြင် ဝင်ရောက်သွားနိုင်ခဲ့သည်။
တတိယမြောက်အဆင့်က တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့်နှင့် သက်ဆိုင်သည်။ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးပြုလိုက်သောအခါ လင်းဖုန်း၏ ပြိုင်ဘက်က စုစုပေါင်း မီတာ၄၁၀၀ အထိ ရောက်ရှိသွားခဲ့၏။ လေးကီလိုမီတာထက်ပင် ကျော်လွန်နေသေးသည်။
လင်းဖုန်း အလွန်တရာ အံ့အားသင့်သွားရသည်။ သူ၏ ပြိုင်ဘက်က တိုက်ခိုက်မှု တစ်ချက်မျှကိုပင် ခံနိုင်ရည်မရှိသေးသော်လည်း ဤသည်ကား သူကိုယ်တိုင်က အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ် ပြီးမြောက်ထားပြီး အရည်အသွေးပိုင်းဆိုင်ရာ တိုးတက်မှုတစ်ခုကို ရရှိထားခဲ့သောကြောင့်သာ ဖြစ်သည်။
ထို့ကြောင့် မကြာမီ လင်းဖုန်း စတုတ္ထမြောက်အဆင့်သို့ ဝင်ရောက်သွား၏။ သူ စတုတ္ထမြောက်အဆင့်ရှိ သက်ရှိကို မြင်တွေ့ရရန် မစောင့်နိုင်တော့ချေ။ ယင်းက သူ၏ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် ပတ်သက်သော နားလည်မှုကို ပြောင်းလဲပစ်တော့မည်ဟုပင် မရေမရာ ခံစားလိုက်ရသည်။