အခန်း ၄၀၁
Vol. 36 Ch. 401
ထာဝရသိုင်းတာအိုအရှင်
အခန်း (၄၀၁) - ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်
ဘာသာပြန် - အားသစ်
စတုတ္ထမြောက်အဆင့်ရှိ သက်ရှိက အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ် ပြီမြောက်ထားသူ ဖြစ်သည်။
လင်းဖုန်းရှေ့တွင် ထိုသူ ပေါ်လာသောအခါ လင်းဖုန်း၏ မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရသည်။
သူ ဘာ မြင်လိုက်ရတာလဲ။
ယင်းကား ၄၁ ကီလိုမီတာရှိသည့် ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ် ဖြစ်နေ၏။ လုံးဝ မှားနိုင်စရာ အကြောင်းမရှိချေ။ ၄၁ ကီလိုမီတာပင်။ ဤသည်က သြူအတွက် မည်မျှအထိတိုင် ထိတ်လန့်စရာ ကောင်းလိုက်သနည်း။
လင်းဖုန်း၏ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က ၃၅ ကီလိုမီတာ အရွယ်အစားသာ ရှိသည်။ ထို့အပြင် သူ အမြဲတစေ ကန့်သတ်ချက်သို့ ရောက်ရှိနေပြီဟုသာ ခံစားခဲ့ရသည်။ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း နောက်တစ်ကြိမ် မလုပ်ဘဲ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဆက်လက် တိုးမြှင့်နိုင်တော့မည် မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော်လည်း ယခုအခါတွင် သူ့ပြိုင်ဘက်၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က သူ့ထက် များစွာ ပိုမိုအားကောင်းနေ၏။ ကွာဟချက်က အနည်းငယ်မျှသာ မဟုတ်ချေ။ ခြောက်ကီလိုမီတာအထိ ဖြစ်သည်။ တိုက်ပွဲဝင်ခန္ဓာကိုယ်တိုင်းက အခြေခံအားဖြင့် အရွယ်အစားတူနေရန် မဖြစ်နိုင်ပေ။ တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခု၏ အရွယ်အစား အကြီးအသေးကို ဆုံးဖြတ်ပေးသည့် အကြောင်းရင်းများစွာ ရှိနေသည်။
အချို့လူများက အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ်တွင် ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဆယ်ကီလိုမီတာကျော်အထိသာ ကျင့်ကြံနိုင်ကြသော်လည်း လင်းဖုန်းကမူ ၃၅ ကီလိုမီတာအထိ ရောက်ရှိနိုင်ခဲ့၏။ သို့သော်လည်း လင်းဖုန်းက အမြဲတမ်း ပြီးပြည့်စုံမှုကိုသာ ရရှိလိုခဲ့သည်။
ဆက်လက် တိုးတက်နိုင်သေးသည့်အတွက် သူ ဇွဲမလျှော့စတမ်း လုပ်ဆောင်သွားမည်သာ။
သို့သော်လည်း ယခုအခါတွင် သူ တစ်ဆို့မှုတစ်ခုနှင့် ကြုံတွေ့နေရပြီဟု ခံစားနေရ၏။ သို့ဆိုလျှင် သူနှင့် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ် ပြီးမြောက်ထားသော ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်တို့ကြားတွင် မည်သည့်ကွာခြားချက်များ ရှိနေသနည်း။
တိုက်ခိုက်ခြင်းဖြင့်သာ သိနိုင်ပေလိမ့်မည်။
ထို့ကြောင့် လင်းဖုန်း စတုတ္ထမြောက်အဆင့်ရှိ သက်ရှိနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့သည်။
ထူးဆန်းသည်မှာ လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်အတွင်း၌ သူ နားလည်သဘောပေါက်ထားသော နိယာမများကို အသုံးပြု၍ မရခြင်းပင်။ ဤသည်မှာ ပိုအားကောင်းသော နိယာမတစ်ခုက သူ၏ နိယာမအားလုံးကို ဖိနှိပ်ထားသည့်အလားပင်။
ထို့အပြင် ဖျက်ဆီးခြင်းလှံတံကလည်း ထိုနည်းလည်းကောင်းပင်။ ထိုလက်နက်ကို လုံးဝ အသုံးမပြုနိုင်သလို ထုတ်ဖော်၍ပင် မရနိုင်ချေ။ သူ ထိုလက်နက်ကို အသုံးပြုရန် ကြိုးစားလိုက်သည်နှင့် အားကောင်းလှသော ဖိအားတစ်ခုက လင်းဖုန်းအပေါ်သို့ ချက်ချင်း ကျဆင်းလာပြီး သူ၏ ဖျက်ဆီးခြင်းလှံတံကို လှုပ်ရှားမရအောင် ပြုလုပ်သွားသည်။
......
လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင် တစ်ခုလုံးကို အကဲခတ်လိုက်သည်။ ဤသည်က တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်၏ ထူးခြားချက် ဖြစ်ရမည်။ ယင်းက တိုက်ပွဲဝင်ခန္ဓာကိုယ်ကိုသာ အသုံးပြုခွင့် ပေးထားသည်။ ထိုအခါမှသာ တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် ပတ်သက်သော ပြဿနာတချို့ကို ပိုမိုကောင်းမွန်စွာ ရှာဖွေနိုင်မည်ဖြစ်၏။ ထိုမှတဆင့် ပိုမိုပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခု စုစည်းတည်ဆောက်ရန် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။
လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က စတုတ္ထမြောက်အဆင့်ရှိ သက်ရှိနှင့် ၆ ကီလိုမီတာသာ ကွာခြားမှု ရှိ၏။ လင်းဖုန်းက နိယာမများကိုဖြစ်စေ ဖျက်ဆီးခြင်း လှံတံကိုဖြစ်စေ အသုံးပြုနိုင်ခြင်း မရှိချေ။ ထို့ကြောင့် အကြိမ်တိုင်းက သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်သက်သက်နှင့် ထိပ်တိုက်ရင်ဆိုင်ရသော တိုက်ပွဲတစ်ခုသာ ဖြစ်သည်။
တဖြည်းဖြည်းနှင့် လင်းဖုန်း သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ထိခိုက်မိတိုင်း အားနည်းချက်ရှိနေကြောင်း ခံစားလာရသည်။ အားနည်းချက်က မည်သည့်နေရာတွင် ရှိနေသနည်း။ အတိအကျဆိုရလျှင် အမြန်နှုန်း၊ ခွန်အားနှင့် ကာကွယ်မှု စသည့် ကဏ္ဍပေါင်းစုံတွင် ယေဘုယျအားဖြင့် အားနည်းနေခြင်းပင် ဖြစ်သည်။
၆ ကီလိုမီတာသာ ကွာသော တိုက်ပွဲဝင်ခန္ဓာကိုယ်များကြားတွင် လက်တွေ့၌ ကွာခြားချက် အကြီးကြီး ရှိနေ၏။
ဘုန်း
လင်းဖုန်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေလေပြီ။ ထို့နောက် စတုတ္ထမြောက်အဆင့်ရှိ သက်ရှိက ရပ်တန့်သွားသည်။ လင်းဖုန်းတစ်ယောက် တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ ဤသည်ကား သေရေးရှင်ရေး တိုက်ပွဲတစ်ခု မဟုတ်ပေ။ တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်သာ ဖြစ်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားသည်နှင့် တိုက်ပွဲက ပြီးဆုံးသွားမည်သာ ဖြစ်သည်။
လင်းဖုန်း သဘာဝကျကျပင် ရှုံးနိမ့်သွားသည်။
ရွှစ်…
လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်အတွင်းမှ အတင်းအကျပ် နေရာရွှေ့ပြောင်းခံလိုက်ရ၏။ အပြင်သို့ ရောက်လာပြီးနောက် လောင်ဘီဂျာက အသံကျယ်ကျယ်ဖြင့် လှောင်ပြောင်လိုက်သည်။
"အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လေးကြိမ် ပြီးမြောက်ထားတာတောင်မှ မင်းက တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်ရဲ့ စတုတ္ထအဆင့်ကိုတောင် မဖြတ်ကျော်နိုင်ခဲ့ဘူး။ ဒါလား… ပါရမီရှင်ဆိုတဲ့သူက…"
မင်းသား မီနိုယန်၏ မျက်လုံးများတွင်လည်း အထင်သေးမှု အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။ သူ ယခင်က ဤမျိုးစေ့တပည့်ကို အထင်ကြီးခဲ့မိ၏။ လင်းဖုန်းက သူ့ပြိုင်ဘက် ဖြစ်လာနိုင်သည်ဟုပင် သူ တွေးထင်ခဲ့မိသည်။ သို့သော်လည်း ယခုအခါတွင်မူ လင်းဖုန်းက မျိုးစေ့တပည့်တစ်ယောက် ဖြစ်နေလျှင်ပင်သူ၏ အလားအလာက သိပ်ပြီး အရေးမပါလှသော ဝေးလံခေါင်ဖျားသည့် နေရာမှ ခေတ်နောက်ကျသည့် ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်နေဆဲဖြစ်ပုံရသည်။
"သခင်…"
လောင်ဘီသမ်တစ်ယောက် အလွန်တရာ စိတ်မတည်မငြိမ်ဖြစ်နေသည်။ အခြားသူများက သူ့သခင်ကို ဤကဲ့သို့ လှောင်ပြောင်နေခြင်းကို သူ သည်းမခံနိုင်ချေ။
"ရပါတယ်။ ပြန်ကြစို့"
လင်းဖုန်း တစ်ဖက်လူကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ချေ။ သူ နေအိမ်သို့သာ တိုက်ရိုက် ပြန်သွားသည်။
တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်သို့ တစ်ကြိမ် သွားရောက်ပြီးနောက် လင်းဖုန်း ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို တိုးတက်စေရန်ဆိုသည့် အတွေးထဲ၌ နစ်မျောနေခဲ့သည်။ သူ၏ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က လုံလောက်အောင် ပြီးပြည့်စုံမှု မရှိသေးဟု သူ အတိအကျ ခံစားနေရသည်။
မှန်ပေ၏။ သူ ပြီးပြည့်စုံသော ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုကို အလိုရှိသည်။
ယခင်က သူ ကန့်သတ်ချက်သို့ ရောက်ရှိနေပြီဟု အမြဲတမ်း ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်က သူ့ကို ကန့်သတ်ချက်သို့ ရောက်ရန် အလှမ်းဝေးနေသေးကြောင်း သိမြင်စေခဲ့၏။ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က ယခုထက် ပိုမို အားကောင်းနိုင်သေးသည်။
ထို့ကြောင့် သူ အချိန်အတိုင်းအတာတစ်ခုကြာတိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်သို့ သွားရောက်ပြီး စတုတ္ထမြောက်အဆင့်ရှိ သက်ရှိနှင့် တိုက်ခိုက်လေ့ရှိသည်။ သူ အကြိမ်တိုင်း ကျရှုံးဆဲဖြစ်ပြီး အကြောင်းရင်းကို တဖြည်းဖြည်း ရှာဖွေသွားမည်လည်း ဖြစ်သည်။
အချိန်အတန်ကြာပြီးနောက် အလယ်ပိုင်းနယ်မြေရှိ တပည့်များအားလုံး မျိုးစေ့တပည့် လင်းဖုန်းက ယခင်က မျိုးစေ့တပည့်များနှင့် ယှဉ်လျှင် များစွာ နိမ့်ကျနေကြောင်း သိရှိသွားကြသည်။
တချို့လူများက အလွန်တရာ အထင်သေးနေခဲ့ကြ၏။ လင်းဖုန်းက အားကုတ်အားခဲ ကြိုးစားနေလျှင်တောင် ကြိုးစားရုံသက်သက်ဖြင့် ပြီးမြောက်အောင် မလုပ်ဆောင်နိုင်သော အရာအချို့ ရှိနေသည်ဟု သူတို့ တွေးထင်နေကြရသည်။ သူတို့အမြင်၌ လင်းဖုန်းက တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်သို့ အကြိမ်အနည်းငယ်သာ သွားရောက်ခဲ့သည့် အချက်ကို မဆိုထားနှင့် ဆယ်ကြိမ် အကြိမ်တစ်ရာ သွားရောက်တိုက်ခိုက်မည် ဆိုလျှင်ပင် အသုံးဝင်မည် မဟုတ်ချေ။
လင်းဖုန်း အခြားသူများ မည်သို့တွေးနေသည်ကို လုံးဝ ဂရုမစိုက်ခဲ့ချေ။ သူ့ကိုယ်ပိုင် ကမ္ဘာထဲတွင်သာ သူ နစ်မြုပ်နေခဲ့သည်။ သေချာသည်မှာ သူ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို တံခါးပိတ်ကျင့်ကြံကာ ပြီးပြည့်စုံအောင် လုပ်ဆောင်နေခြင်း မဟုတ်ချေ။ ထိုအစား နတ်နန်းမှတစ်ဆင့် ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် ပတ်သက်သော သတင်းအချက်အလက်များစွာကို စုဆောင်းနေခဲ့သည်။
ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို နတ်ဘုရားဘုရင်ဘီမွန်က ဖန်တီးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း နတ်ဘုရားဘုရင်ဘီမွန် ဖန်တီးခဲ့သည့် တိုက်ပွဲဝင်ခန္ဓာကိုယ်ကျင့်စဥ်က တစ်ခုတည်း မဟုတ်ပေ။ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က နတ်ဘုရားဘုရင်ဘီမွန် ဖန်တီးခဲ့သည့် တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်စဉ်များစွာထဲမှ တစ်ခုမျှသာဖြစ်သည်။ ယင်းက အားအကောင်းဆုံး တိုက်ပွဲဝင်ခန္ဓာကိုယ်ပင် မဟုတ်ချေ။
ဤတိုက်ပွဲဝင်ခန္ဓာကိုယ်ကို အလွန် သာမန်ကျသည့် တိုက်ပွဲဝင်ခန္ဓာကိုယ် အမျိုးအစားတစ်ခုအဖြစ်သာ သတ်မှတ်နိုင်သည်။
သူ သတင်းအချက်အလက် အမြောက်အများကို စုဆောင်းခဲ့ပြီး တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်အတွင်းရှိ သက်ရှိများနှင့် တိုက်ခိုက်ခဲ့သည်။ လင်းဖုန်း ပထမ၊ ဒုတိယနှင့် တတိယမြောက်အဆင့်များရှိ သက်ရှိများကိုပင် အသေအချာ လေ့လာကြည့်ခဲ့သည်။
ပြင်ပကမ္ဘာက လင်းဖုန်းအပေါ် တဖြည်းဖြည်း ပိုစိတ်ပျက်လာကြ၏။ သူ့လို မျိုးစေ့တပည့်တစ်ယောက်ကလုံးဝ သာမန်ပဲ ဖြစ်သွားခဲ့ပြီ သို့တည်းမဟုတ် လူအုပ်ကြီးထဲ ရောနှောပျောက်ကွယ်သွားပြီဟု တဖြည်းဖြည်း ခံစားလာရသည်။ ထိုအချိန်တွင် လင်းဖုန်းကမူ သူ၏ ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်ဆီသို့ ခြေလှမ်းကျယ်ကြီးတစ်ရပ်ကို လှမ်းနေခဲ့လေပြီ။
"မှန်တယ်၊ ဒါပဲ။ နောက်ထပ် နည်းနည်းလေးပဲ…"
လင်းဖုန်း၏ အတွေးများက ပိုမို ရှင်းလင်းလာသည်။ သူ၏ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်အပေါ် နားလည်မှုမှာ နတ်ဘုရားဘုရင်ဘီမွန်ထက်ပင် ပိုမို ရှင်းလင်းနေပုံရသည်။ ယခင်က သူ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံစဉ်က သတ်မှတ်ထားသော အစီအစဉ်အတိုင်းသူ သူ လိုက်နာခဲ့သည်။ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဤမျှ သေသေချာချာ လေ့လာဆန်းစစ်ရန် တစ်ခါမှ မတွေးခဲ့ဖူးချေ။
သို့သော်လည်း ယခုအခါ အစမှ ပြန်လည်စတင်ပြီး ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လေ့လာစူးစမ်းပြီးနောက် သူ များစွာ ရရှိခဲ့ပြီ ဖြစ်သည်။
တိုက်ပွဲဝင်ခန္ဓာကိုယ်တွင် ဆဲလ်တိုင်းက အရေးပါလှ၏။ ဆဲလ်တိုင်း၏ ဖွဲ့စည်းတည်ဆောက်ပုံက အလွန်တရာ အရေးကြီးလှသည်။ အကယ်၍ ဖွဲ့စည်းပုံ ကျရှုံးသွားပါက နောက်ဆုံးရလဒ်မှာ ပြီးပြည့်စုံမှုကို ဘယ်သောအခါမှ ရနိုင်တော့မည်မဟုတ်ချေ။
လင်းဖုန်း လိုအပ်နေသည်က ပြီးပြည့်စုံမှုပင်။
"ဟုတ်တယ်… ဒါပဲ…ဒါပဲကွ"
လင်းဖုန်း၏ မျက်လုံးများ အရောင်လက်သွားသည်။ တကယ့်တကယ် ပြီးပြည့်စုံသည့် ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် နီးကပ်လာပြီဟု သူ ခံစားရလေလေ သူ ပို၍ စိတ်လှုပ်ရှားလာလေလေပင်။
ဝုန်း...
နောက်ဆုံးတွင် လင်းဖုန်း၏ စိတ်ထဲ၌ သိပ်သည်းလှသော ဆဲလ်များ၏ ဖွဲ့စည်းတည်ဆောက်ပုံတစ်ခု ပေါ်ထွက်လာသည်။ ဤသည်က ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ် ဆဲလ်များ၏ ဖွဲ့စည်းတည်ဆောက်ပုံ အသစ်ပင်။
ဤသည်ကား လင်းဖုန်း အချိန်အများကြီး ယူကာ စီစဉ်တည်ဆောက်ထားခဲ့သော အပြည့်စုံဆုံး တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းလမ်းပင်။
ထို့ကြောင့် သူ၏ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အလျင်အမြန် ထုတ်ဖော်လိုက်သည်။ ထိုအခိုက် ၃၅ ကီလိုမီတာရှိသော ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က နောက်ဆုံး၌ ကန့်သတ်ချက်ကို ဆက်လက် ချိုးဖျက်နိုင်ပြီဟု ခံစားလာရသည်။
တစ်နည်းအားဖြင့် ဆိုရသော် လင်းဖုန်း၏ ၃၅ ကီလိုမီတာအမြင့်ရှိသော ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က ကန့်သတ်ချက်သို့ လုံးဝ မရောက်ရှိခဲ့သေးခြင်းပင်။
"ကြီးထွားလာစမ်း"
၃၅ ကီလိုမီတာ၊ ၃၆ ကီလိုမီတာ၊ ၃၇ ကီလိုမီတာ…
လင်းဖုန်း၏ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က အရူးအမူး ကြီးထွားပြန့်ကားလာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကီလိုမီတာ ၄၀ အထိ ကြီးထွားသွား၏။
သို့သော်လည်း ဤသည်က အဆုံးသတ် မဟုတ်ချေ။ တိုက်ပွဲဝင်ခန္ဓာကိုယ်က ဆက်လက် ကျယ်ပြန့်လာပြီး ကျယ်ပြန့်လာသည့် အမြန်နှုန်းကလည်း တစ်စတစ်စ ပိုမိုမြန်ဆန်လာသည်။
၄၀ ကီလိုမီတာ၊ ၄၅ ကီလိုမီတာ၊ ကီလိုမီတာ ၅၀၊ ၅၅ ကီလိုမီတာ…
လင်းဖုန်း သူ၏ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်၏ ကန့်သတ်ချက်ကို မသိချေ။ သူ စိတ်ထဲရှိ ပြီးပြည့်စုံသော ဖွဲ့စည်းတည်ဆောက်ပုံအတိုင်း ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်၏ ဆဲလ်များကို ပြန်လည် စုစည်းတည်ဆောက်နေခဲ့သည်။
လင်းဖုန်း အတွေးများမနေဘဲ ဆဲလ်များကို ထပ်မံ စီစဉ်တည်ဆောက်လိုက်သည်။ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ယခင် ၃၅ ကီလိုမီတာထက် များစွာသာလွန်ကာ ဤမျှအထိ ကြီးမားလာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
ထို့အပြင် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ် ကျယ်ပြန့်လာသည်နှင့်အမျှ ဆဲလ်တိုင်းက အလွန်တရာ တက်ညီလက်ညီ ရှိနေကြသည်ကို ရှင်းရှင်းလင်းလင်း ခံစားလာရသည်။ ဆဲလ်တိုင်းက ပုံမှန်မဟုတ်ဘဲ တက်ကြွလှုပ်ရှားနေကြ၏။
ထိုသည်ကား စကြဝဠာ၏ ဒီရေလှိုင်းများက သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်အတွင်း၌ လှိုင်းတံပိုးများ ထနေသည့်အလားပင်။ သူ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်၏ ပြီးပြည့်စုံခြင်းနှင့် ဧကန်မုချ သိပ်မဝေးလှတော့ကြောင်း ထင်ထင်ရှားရှား ခံစားနေရသည်။