← Chapters

အခန်း ၄၀၂

Vol. 36 Ch. 402

အခန်း ၄၀၂

Vol. 36 Ch. 402

ထာဝရသိုင်းတာအိုအရှင်

အခန်း (၄၀၂) - အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း၏ အနှစ်သာရ

ဘာသာပြန် - အားသစ်

ဟူး...

လင်းဖုန်း၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ သူ၏ ကြောက်မက်ဖွယ်ရာ တိုက်ပွဲဝင်ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွား၏။ ပြီးပြည့်စုံခြင်းဆိုသည့် ခံစားချက်တစ်ခုက သူ့စိတ်နှလုံးထဲတွင် စွဲထင်နေသည်။

မှန်ပေ၏…ပြီးပြည့်စုံခြင်းပင်

လက်ရှိအချိန်တွင် လင်းဖုန်း၏ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က စုစုပေါင်း ၈၁ ကီလိုမီတာအထိ ရောက်ရှိနေလေပြီ။ ဤသည်ကား ပြီးပြည့်စုံခြင်းဟု ဆိုကြသော အနှစ်သာရအားလုံး အမြင့်ဆုံးသို့ ရောက်ရှိသွားခြင်းပင်။

ယင်းက အစစ်အမှန် ပြီးပြည့်စုံခြင်းဖြစ်သည်။ စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း၏ ကန့်သတ်ချက်ကိုပင် သူ ခံစားသိရှိနိုင်ခဲ့သည်။

နတ်ဘုရားဘုရင်ဘီမွန်သည် ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်၏ အခြေအနေကို သိရှိခြင်း ရှိမရှိ သူ မသိပေ။ သို့သော်လည်း အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ပြုလုပါသည့် အကြိမ်တိုင်းတွင် ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခု စုစည်းတည်ဆောက်နိုင်ခြင်း၏ အရေးပါမှုကိုမူ သူ အသေအချာ နားလည်နေသည်။

ယင်းက အနှိုင်းမဲ့ ပြိုင်ဘက်ကင်းသည်ဟုပင် ဆိုနိုင်ပေ၏။

အစစ်အမှန် ပြိုင်ဘက်ကင်းခြင်းပင်။

မည်သည့် နိယာမ၊ မူလလက်နက်များကိုမှ အားကိုးစရာမလိုဘဲ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အားကိုးရုံ သက်သက်ဖြင့် ကျယ်ပြောပြီး အဆုံးအစမဲ့သော စကြဝဠာကြီးထဲတွင်ပင် သူက ပြိုင်ဘက်ကင်း တည်ရှိမှုတစ်ခု ဖြစ်လာမည်ဟု သေချာနေသည်။

ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်က ပြီးပြည့်စုံမှုနှင့် ပြိုင်ဘက်ကင်းခြင်းကို ကိုယ်စားပြုသည်။ စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု အဆင့်တွင် တိုက်ပွဲဝင်ခန္ဓာကိုယ် ပြီးပြည့်စုံခြင်းက လင်းဖုန်းအတွက် အလွန်တရာ အကျိုးရှိလှသည်။

ဤခံစားချက်ကို သူ မှတ်မိနေသရွေ့ အနာဂတ်တွင်လည်း သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုအဖြစ် ဆက်လက် စုစည်းတည်ဆောက်နိုင်မည်ဖြစ်ပြီး အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်း ဖြစ်လာနိုင်သည်။

ထို့အပြင် ပိုအရေးကြီးသည်မှာ ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုက သက်ရှိတစ်ယောက်၏ အသက်ဝိညာဉ်ကို ကန့်သတ်ချက်သို့ ရောက်ရှိစေနိုင်ပြီး ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ သဘာဝကျကျ ဝင်ရောက်ခွင့် ပြုပေးမည်ဖြစ်သည်။

ဥပမာအားဖြင့် ယခုအချိန်တွင် လင်းဖုန်း ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို သဘာဝကျကျ ကျော်ဖြတ်နိုင်နေပြီ ဖြစ်သည်။ အကယ်၍ သူသာ အလိုရှိပါက ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ချက်ချင်း ပြုလုပ်နိုင်သည်။ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းက ဤမျှ ရိုးရှင်းနိုင်ကြောင်း သူ တစ်ခါမှ မခံစားခဲ့ဖူးချေ။

"အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုက တကယ်တော့ ဒီလောက်တောင် ရိုးရှင်းတာပဲ။ စုဆောင်းမှု အလုံအလောက် ရှိလာတဲ့အခါ အသက်ဝိညာဉ် အစွင်ပြောင်းလဲမှုကို သဘာအတိုင်း ကြုံတွေ့ရနိုင်တယ်။ စုဆောင်းမှု မလုံလောက်တဲ့ အခါကျမှသာ သေရေးရှင်ရေး စမ်းသပ်မှုတွေနဲ့ တခြား အခွင့်အရေး အမျိုးမျိုးကို လိုအပ်တာကိုး..."

လင်းဖုန်း ယခုအခါတွင် အမှန်တကယ် နားလည်သွားခဲ့လေပြီ။ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း၏ အစစ်အမှန် သဘောသဘာဝက တကယ်တန်းတွင် အသက်အနှစ်သာရ၏ ဆင့်ကဲပြောင်းလဲခြင်းသာ ဖြစ်သည်။ အသက်အနှစ်သာရသည်လည်း အဆက်မပြတ် စုဆောင်းရယူရန် လိုအပ်သည်။ အကယ်၍ စုဆောင်းမှု မလုံလောက်ပါက အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လုပ်ဆောင်ရန် အလွန်တရာ ခက်ခဲမည် ဖြစ်သည်။ သေရေးရှင်ရေး စမ်းသပ်မှုတစ်ခု သို့တည်းမဟုတ် အခြား အခွင့်အရေး အမျိုးမျိုးကိုပင် လိုအပ်ပေလိမ့်မည်။

သက်ရှိအများစုက အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ကံတရားအရ ဖြစ်လာသည်ဟုသာ ရှုမြင်လေ့ရှိကြ၏။

သို့သော်လည်း လင်းဖုန်း ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို လုံးဝဥဿုံ ပြီးပြည့်စုံသွားပြီးနောက် နောက်ဆုံးတွင် အမှန်တရားကို သဘောပေါက်သွားသည်။ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းက ကံတရားအပေါ်တွင် မူတည်နေသည် မဟုတ်ပေ။ ပုံသေကားချပ်တစ်ခု ရှိနေသည်။

ယင်းက စုဆောင်းမှုပင်။ လုံလောက်သော စုဆောင်းမှု ရှိနေသရွေ့ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို သဘာဝအတိုင်း ကြုံတွေ့နိုင်မည် ဖြစ်သည်။

ဤစုဆောင်းမှုက တိုက်ပွဲဝင်ခန္ဓာကိုယ်ကိုသာ ရည်ညွှန်းခြင်း မဟုတ်ပေ။ အခြားကျင့်ကြံခြင်းနည်းလမ်း အမျိုးမျိုးကိုပါ ရည်ညွှန်းသည်။ အကယ်၍ စုဆောင်းမှု နည်းလမ်းကို ရှာဖွေနိုင်ပြီး စုဆောင်းမှု၏ ကန့်သတ်ချက်သို့ ရောက်ရှိနိုင်ပါက အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းက ဤမျှ ခက်ခဲတော့မည် မဟုတ်ချေ။

ဥပမာအားဖြင့် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပြီးပြည့်စုံသည်အထိ ကျင့်ကြံနိုင်ခဲ့ကြောင်း လင်းဖုန်း ယခုအခါတွင် ကောင်းကောင်း နားလည်သွားသည်။ ပြီးပြည့်စုံမှုသို့ ရောက်ရှိခြင်းက သူ၏ အသက်အနှစ်သာရ စုဆောင်းမှု လုံလောက်ပြီဟု ဆိုလိုပေ၏။ ထိုအခါ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကလည်း သဘာဝကျကျပင် အလွန်တရာ လွယ်ကူသွားပေလိမ့်မည်။

သို့သော်လည်း တိုက်ပွဲဝင်ခန္ဓာကိုယ် ပြီးပြည့်စုံခြင်းကို ရရှိရန်အတွက်မူ ထိုအချက်ကပင် အလွန်တရာ ခက်ခဲလှသည်။ လင်းဖုန်းသည်လည်း အခွင့်အရေး အမျိုးမျိုးကို ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးတွင် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပိုမိုအားကောင်းလာစေရန်နှင့် တိုးတက်လာစေရန် ပြင်းပြင်းပြပြ လိုလားခဲ့၏။ ထို့ကြောင့် ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်၏ အားနည်းချက်များကို ရှာဖွေရန် အာရုံစိုက်ခဲ့ရာမှ ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အမှတ်မထင် စုစည်းတည်ဆောက်နိုင်ခဲ့ခြင်းသာ ဖြစ်သည်။

ဤသည်ကား မယုံကြည်နိုင်စရာပင်။

"ငါ့ရဲ့ စုဆောင်းမှုက လုံလောက်နေပြီပဲ။ ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု အဆင့်ကို ငါ တက်လှမ်းလို့ ရပြီ။ ဒါပေမဲ့ ပြီးပြည့်စုံတဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်က အဆင့်တူတွေကြားမှာ ပြိုင်ဘက်ကင်းတယ်လို့ လူသိများတယ်။ အဲဒါကို ငါ စမ်းကြည့်ရဦးမယ်"

လင်းဖုန်း၏ မျက်လုံးများတွင် ထက်ရှသော အလင်းရောင်တစ်ခု လက်ဖြာသွားသည်။

ထို့ကြောင့် သူ နန်းတော်ထဲမှ ထပ်မံ ထွက်ခွာလာပြီး တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်ဆီသို့ လျှောက်လှမ်းသွားတော့သည်။

တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်၏ ပတ်ဝန်းကျင်တွင် လူတချို့ စုရုံးနေကြ၏။ လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်ရှေ့သို့ ရောက်ရှိလာသောအခါ လူအများ၏ မျက်နှာအမူအရာများက ရှုပ်ထွေးနေ၏။

ယခုအခါ သူတို့အားလုံး လင်းဖုန်းကို သိနေကြပြီဖြစ်သည်။ သို့ဖြစ်ရာ သူ့ကို ထပ်မံ မြင်တွေ့ရချိန်တွင် အံ့အားသင့်မနေကြတော့ချေ။

ယခင်က သူတို့အနေဖြင့် မျိုးစေ့တပည့်ဖြစ်သော လင်းဖုန်းနှင့် ပတ်သက်၍ အနည်းငယ် အံ့အားသင့်ပြီး မသေချာမရေရာ ဖြစ်နေခဲ့ကြသေးသည်။ ထိုအချိန်က လင်းဖုန်းမှာ မျိုးစေ့တပည့်တစ်ဦး ဖြစ်ခြင်း၏ လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းခံနေရဆဲပင်။ အတိတ်ကာလက မျိုးစေ့တပည့်များ၏ အံ့မခန်း စွမ်းဆောင်ရည်များကြောင့် သူတို့ လင်းဖုန်းကို အလွန်တရာ အထင်ကြီးနေခဲ့ကြသည်။

သို့သော်လည်း လွန်ခဲ့သော လအနည်းငယ်အတွင်းက ဖြစ်ရပ်များ၊ အထူးသဖြင့် လင်းဖုန်းနှင့် မီနိုယန်တို့ကြားရှိ ကိစ္စရပ်များက လူပြောများလာခဲ့သည်။ လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်ကို အကြိမ်ကြိမ် စိန်ခေါ်ခဲ့သော်လည်း အကြိမ်ကြိမ် ကျရှုံးခဲ့ရသည်။

လူအများက လင်းဖုန်း မကျေမနပ်ဖြစ်နေပြီး ဤနည်းဖြင့် ပဉ္စမမြောက်အဆင့်ဆီသို့ အရူးအမူး ထိုးဖောက်ဝင်ရောက်လိုနေသည်ဟု ခံစားနေခဲ့ကြရသည်။

သို့သော်လည်း သူ ပဉ္စမမြောက်အဆင့်သို့ ရောက်ရှိသွားခဲ့လျှင်ရော ဘာထူးမည်နည်း။

ဂြိုဟ်အဆင့်သက်ရှိ ဖြစ်မလာနိုင်သေးသရွေ့ မည်သည့်အရာကမျှ အရေးမပါလှချေ။ အဆုံးတွင်မူ အလယ်ပိုင်းနယ်မြေရှိ လူဦးရေ ၈၀ ရာခိုင်နှုန်းကျော်က အသက်ဝိညာဉ် အသွင်ပြောင်းခြင်း ငါးကြိမ် ပြီးမြောက်ထားပြီးဖြစ်ကြသည် မဟုတ်ပါလား။

"ဟေး… လောင်ဘီသမ်၊ မင်းရဲ့ သခင်က တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်ကို ထပ်ပြီး စိန်ခေါ်ဦးမလို့လား။ မင်းသခင်က တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်ကို အကြိမ်တစ်ရာ မရှိတောင် အကြိမ်ဒါဇင်ပေါင်းများစွာ စိန်ခေါ်ခဲ့ပြီးပြီပဲ။ ဘာများ အဓိပ္ပာယ် ရှိဦးမှာလဲ။ ကျင့်ကြံတဲ့ နေရာမှာ ပါရမီက အရမ်း အရေးကြီးတယ်လေ။ မင်း အဲဒါ မသိဘူးလား"

"လောင်ဘီဂျာ…"

လောင်ဘီသမ်တစ်ယောက် ဒေါသကြောင့် တဆတ်ဆတ် တုန်ယင်နေသည်။ သို့သော်လည်း သူ ပြန်လည် ချေပပြောဆိုစရာ စကားမရှိချေ။

လင်းဖုန်းက တကယ် ကြိုးစားပမ်းစား ရှိလှသည်။ ထိုအချက်ကို သူ ကောင်းကောင်း သိထားခဲ့သည်။ သို့သော်လည်း လင်းဖုန်း မည်မျှပင် ကြိုးစားနေပါစေ လောင်ဘီဂျာ ပြောခဲ့သလိုပင် ပါရမီက အလွန်တရာ အရေးကြီးလှ၏။ သူ လင်းဖုန်းအပေါ် ယုံကြည်မှု ရှိကောင်းရှိနိုင်သော်လည်း အခြားသူများကမူ ယုံကြည်ကြမည် မဟုတ်ချေ။

လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်ကို စိန်ခေါ်ရန် ရူးရူးမူးမူး ကြိုးပမ်းမှုများက သူ့ကို အလယ်ပိုင်းနယ်မြေတွင် နာမည်ကြီးစေခဲ့၏။ သို့သော်လည်း ကောင်းသော နာမည်ကြီးခြင်းမျိုးတော့ မဟုတ်ချေ။ ထို့ကြောင့် လောင်ဘီသမ်အနေဖြင့် ထိုအချက်ကို ငြင်းချက် မထုတ်နိုင်ခဲ့ချေ။

"လောင်ဘီသမ်…ဘာမှ ဂရုမစိုက်နဲ့။ ဒီကနေ သတင်းကောင်းကိုသာ စောင့်နေလိုက်"

ထိုသို့ပြောပြီးနောက် လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွာသည်။

"သတင်းကောင်းလား။ ဟားဟားဟား… သူ ဒီတစ်ကြိမ်မှာလည်း သေချာပေါက် ကျရှုံးဦးမှာပဲ"

လောင်ဘီဂျာ မလှောင်ပြောင်ဘဲ မနေနိုင်ချေ။ တစ်ချိန်က မြင့်မြတ်ပြီး ဂုဏ်သိက္ခာရှိလှသော သူ့သူငယ်ချင်းက ယခုအခါ သူ့ခြေထောက်အောက်တွင် နင်းချေခံနေရသည်ကို သူ တကယ် မြင်တွေ့လိုခဲ့သည်။ ယင်းက မည်မျှအထိ ကျေနပ်စရာ ကောင်းလိုက်မည်နည်း။

စက်မှုသက်ရှိများကလည်း သက်ရှိများပင် ဖြစ်ကြသည်။ သက်ရှိများ ဖြစ်သည့်အလျှောက် သူတို့တွင်လည်း ခံစားချက် အမျိုးမျိုး ရှိကြ၏။

လောင်ဘီသမ်မှာ အံကြိတ်ကာ တိတ်တိတ်ဆိတ်ဆိတ် စောင့်ဆိုင်းနေရုံမှတပါး အခြား ဘာမှ မလုပ်နိုင်ချေ။

ရွှစ်...

လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်၏ ပထမဆုံးအဆင့်သို့ ထပ်မံ ဝင်ရောက်သွားသည်။ သူ မီတာ ဒါဇင်ပေါင်းများစွာရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် သက်ရှိနှင့် ရင်ဆိုင်ရဆဲပင်။

ယခင်က လင်းဖုန်း တစ်ဖက်လူက အလွန်တရာ ထူးခြားနေပုံရကြောင်းကိုသာ ခံစားသိရှိနိုင်ခဲ့သည်။ သို့သော်လည်း ထိုအကြောင်းနှင့် ပတ်သက်၍ မည်သည့်အရာက ထူးခြားနေကြောင်းကိုမူ သူ မသိခဲ့ချေ။ ယခုအခါ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ပြီးပြည့်စုံသွားပြီဖြစ်ရာ တစ်ဖက်လူတွင် မည်သည့်အရာက ထူးခြားနေကြောင်း သူ နောက်ဆုံးတွင် သိရှိသွားသည်။

ပြီးပြည့်စုံခြင်း… ယင်းက ပြီးပြည့်စုံခြင်းသို့ ချဉ်းကပ်နေ၏။

ပထမအဆင့်ရှိ သက်ရှိက တိုက်ပွဲဝင်ခန္ဓာကိုယ်တွင် ပြီးပြည့်စုံခြင်းနှင့် နီးကပ်နေခဲ့ပြီဖြစ်သည်။ ပြီးပြည့်စုံရန် ခြေတစ်လှမ်းသာ လိုတော့သည့်အလားပင်။ ကံမကောင်းစွာဖြင့် ဤခြေတစ်လှမ်းက တစ်ဖက်လူကို ဆက်လက် တိုးတက်ခွင့်မရအောင် ဟန့်တားထားသော သဘာဝ ချောက်ကမ်းပါးကြီးတစ်ခုနှင့် အလားသဏ္ဍာန်တူနေ၏။

ယင်းက သူတို့ ဘဝတစ်လျှောက်လုံး သယ်ဆောင်သွားရမည့် နောင်တတစ်ခုအဖြစ်သာ အဆုံးသတ်သွားမည် ဖြစ်သည်။

ပထမအဆင့်နှင့် ရင်ဆိုင်ရချိန်တွင် လင်းဖုန်း ထုံးစံအတိုင်း အလွယ်တကူ ဖြတ်ကျော်သွားသည်။ နောက်ထပ် ဒုတိယနှင့် တတိယမြောက်အဆင့်များတွင်လည်း ထိုနည်းတူပင်။ သူတို့၏ တိုက်ပွဲဝင်ခန္ဓာကိုယ်များက အလွန်တရာ အားကောင်းလှသော်လည်း လက်ရှိအချိန်၌ လင်းဖုန်း၏ ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လျှင် များစွာ နိမ့်ကျနေ၏။

စတုတ္ထအဆင့်တွင်မူ လင်းဖုန်း၏ မျက်နှာအမူအရာက နောက်ဆုံး၌ အနည်းငယ် လေးနက်သွားသည်။

"၄၁ ကီလိုမီတာ"

လင်းဖုန်း၏ မျက်နှာမှာ တည်တင်းနေသည်။ သူ စတုတ္ထမြောက်အဆင့် ၄၁ ကီလိုမီတာရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်ရှေ့၌ အကြိမ်ကြိမ် အခါခါ ကျရှုံးခဲ့ဖူးသည်။ သို့သော်လည်း စတုတ္ထအဆင့်ကို မကြုံတွေ့ခဲ့ရဘဲနှင့် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို မည်သို့လျှင် ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်မည်နည်း။

စတုတ္ထအဆင့်ရှိ သက်ရှိနှင့် အဆက်မပြတ် တိုက်ခိုက်ခြင်းနှင့် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်၏ အားနည်းချက်များကို အဆက်မပြတ် တိုးတက်ကောင်းမွန်စေခြင်းတို့မှ တစ်ဆင့်သာ လင်းဖုန်း ယနေ့အချိန်တွင် ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ရရှိနိုင်ခြင်း ဖြစ်သည်။

ရုတ်တရက်ဆိုသလို သူ ၈၁ ကီလိုမီတာရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သည်။

ဘုန်း

လက်ဝါးရိုက်ချက် တစ်ချက်ဖြင့် တစ်ဖက်လူ၏ ၄၁ ကီလိုမီတာ အမြင့်ရှိသည့် ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က အသံကျယ်ကြီးနှင့်အတူ ပြိုလဲပျက်စီးသွားတော့သည်။ တစ်ဖက်သူ၏ မျက်လုံးများက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပုံရ၏။

"ပိုပြီး အားကောင်းတဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်တောင် ရှိနေသေးတာလား"

သို့သော်လည်း စတုတ္ထအဆင့်ရှိ သက်ရှိအတွက်မူ ဤမေးခွန်း၏ အဖြေကို သိနိုင်စွမ်း မရှိတော့ချေ။ သူ ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။ လင်းဖုန်း နောက်ဆုံးတွင် စတုတ္ထအဆင့်ကို ဖြတ်ကျော်ကာ ပဉ္စမမြောက်အဆင့်သို့ ရောက်ရှိသွားလေပြီ။

All Chapters