အခန်း ၄၀၃
Vol. 36 Ch. 403
ထာဝရသိုင်းတာအိုအရှင်
အခန်း (၄၀၃) - ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း
ဘာသာပြန် - အားသစ်
တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်၏ အပြင်ဘက်တွင် စတုတ္ထအဆင့်ရှိ အလင်းရောင်က ချက်ချင်းပင် ငြိမ်းသေသွားပြီး ပဉ္စမမြောက်အဆင့်က လင်းထိန်လာသည်။ လောင်ဘီသမ်၏ အချိန်ကြာမြင့်စွာ ဖိနှိပ်ခံထားရသော စိတ်အခြေအနေမှာ နှိုင်းဆ၍ မရနိုင်လောက်အောင် စိတ်လှုပ်ရှားလာတော့သည်။
သူ အော်ဟစ်အောင်ပွဲမခံဘဲ မနေနိုင်တော့ချေ။
"သူ ဖြတ်ကျော်သွားပြီ။ နောက်ဆုံးတော့ သူ ဖြတ်ကျော်သွားပြီကွ"
လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်၏ စတုတ္ထအဆင့်ကို ဖြတ်ကျော်သွားခဲ့လေပြီ။ လက်တွေ့တွင် ဤအချက်က သိပ်ပြီး အထင်ကြီးစရာကောင်းသော အောင်မြင်မှုတစ်ခုတော့ မဟုတ်ချေ။ အဆုံးတွင်မူ အလယ်ပိုင်းနယ်မြေရှိ လူအများစုက စတုတ္ထမြောက်အဆင့်ကို ဖြတ်ကျော်ပြီးသား ဖြစ်ကြ၏။
လောင်ဘီဂျာက လှောင်ပြောင်သရော်လိုက်သည်။
"ဒီလောက် အချိန်အကြာကြီးနေမှ စတုတ္ထအဆင့်ကို ဖြတ်ကျော်နိုင်တာများ ဘာအဓိပ္ပာယ် ရှိလို့လဲ။ ဟားဟားဟား… သိပ်တော်နေတယ်ဆိုရင် ပဉ္စမအဆင့်ကို ဖြတ်ကျော်ပြလိုက်လေ။ ဒါပေမဲ့ မင်းသခင်ရဲ့ ပါရမီနဲ့ကတော့ နှစ်ရာထောင်ချီ ကြာရင်တောင် ပဉ္စမမြောက်အဆင့်ကို ကျော်နိုင်မှာ မဟုတ်ပါဘူးလေ"
အလယ်ပိုင်းနယ်မြေတွင် ပဉ္စမမြောက်အဆင့်က အားလုံးကို ပိုင်းခြားထားသည့် မျဉ်းတစ်ကြောင်းပင်။
လူ ၈၀ ရာခိုင်နှုန်းခန့်က ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အဆင့်သို့ ရောက်ရှိနေကြသော်လည်း တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်၏ ပဉ္စမမြောက်အဆင့်ကို ရှင်းလင်းဖြတ်ကျော်နိုင်သူကမူ အလွန်တရာ နည်းပါးလှသည်။
ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းမှ စုစည်းတည်ဆောက်ထားသော တိုက်ပွဲဝင်ခန္ဓာကိုယ်ဖြင့် ပဉ္စမမြောက်အဆင့်ကို ဖြတ်ကျော်ရန်က အလွန်တရာ ခက်ခဲလှသည်။ အလယ်ပိုင်းနယ်မြေ တစ်ခုလုံးတွင် ပဉ္စမမြောက်အဆင့်ကို ဖြတ်ကျော်နိုင်သူ ၂၁ ယောက်သာ ရှိသည်။
ထို့အပြင် မီနိုယန်က ယင်းတို့အထဲမှ တစ်ယောက်ပင်။
ထို့ကြောင့် လောင်ဘီဂျာက မီနိုယန်ကို ပါရမီရှင်တစ်ဦးဟု ပြောဆိုခြင်းကလည်း အတိအကျ မှန်ကန်နေ၏။
"ဟမ့်"
လောင်ဘီသမ် လုံးဝ လျစ်လျူရှုလိုက်သည်။ သူ လင်းဖုန်းအပေါ် အမြဲတမ်း ယုံကြည်မှု ရှိခဲ့သည်။ လင်းဖုန်း ဒီတစ်ကြိမ် ကျရှုံးခဲ့လျှင်ပင် နောက်တစ်ကြိမ်တွင် လုပ်ဆောင်နိုင်ပေလိမ့်မည်။ နောက်တစ်ကြိမ် ကျရှုံးခဲ့လျှင် ထို့နောက်တစ်ကြိမ်တွင် လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်၏ အပြင်ဘက်ရှိ လူတိုင်းက လင်းဖုန်းကို အထင်အမြင်သေးနေကြခြင်းတော့ မဟုတ်ချေ။
"လအနည်းငယ်ပဲ ရှိသေးတာလေ။ သုံးလတောင် မပြည့်သေးဘူး မလား။ မျိုးစေ့တပည့်က နတ်နန်းကို ပြန်ရောက်လာတာ သုံးလတောင် မပြည့်သေးပေမဲ့ စတုတ္ထအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီ။ ဒီအမြန်နှုန်းက တကယ်အထင်ကြီးလောက်စရာပဲ"
...........
"သူ မျှော်စင် စတုတ္ထအဆင့်ကို ကျော်ဖြတ်နိုင်တာက တကယ်တော့ တစ်ချိန်မဟုတ်တစ်ချိန် ဖြစ်လာမှာပါပဲ။ သုံးလအတွင်းမှာ ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု အဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်တာက သူ အရင်က စတုတ္ထအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေခဲ့တာ ဆိုရင်တောင် ချီးကျူးလောက်စရာပါပဲ။ တကယ်လို့ သူက အခုထိ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လေးကြိမ်ပဲ ပြီးမြောက်အောင်မြင်ထားသေးတယ်ဆိုရင် အဲဒါက ပိုပြီးတော့တောင် မယုံကြည်နိုင်စရာ ကောင်းနေလိမ့်မယ်။ စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့်မှာ မျှော်စင် စတုတ္ထမြောက်အဆင့်ကို ဖြတ်ကျော်နိုင်တဲ့သူ ဘယ်နှယောက်များ ရှိလို့လဲ"
"ဟားဟားဟား… မှန်တာပေါ့။ သူ ဆယ်နှစ်အတွင်းမှာ ပဉ္စမမြောက်အဆင့်ကို ဖြတ်ကျော်နိုင်ပြီး အလယ်ပိုင်းနယ်မြေရဲ့ ၂၂ ယောက်မြောက် ထိပ်တန်း ပါရမီရှင် ဖြစ်လာဖို့ အခွင့်အရေးကောင်း ရှိတယ်လို့ ငါတော့ ထင်တယ်"
စကားပြောနေသူများက လူငယ်လေးယောက် ဖြစ်၏။ အကယ်၍ အလယ်ပိုင်းနယ်မြေရှိ တစ်ယောက်ယောက်က သူတို့ကို မြင်တွေ့မိပါက သေချာပေါက် အံ့အားသင့်သွားလိမ့်မည်။ သူတို့အားလုံးက အလယ်ပိုင်းနယ်မြေရှိ ဩဇာတိက္ကမအရှိဆုံး ပုဂ္ဂိုလ်များဖြစ်ကြပြီး ထိပ်တန်း ၂၁ ယောက်ထဲမှ လေးယောက်ပင် ဖြစ်သည်။
မီနိုယန်တောင်မှ ဤလူလေးယောက်နှင့် ဆုံတွေ့ပါက အလွန်တရာ လေးစားသမှု ပြသရမည် ဖြစ်သည်။
သူတို့က လက်တွေ့တွင် လင်းဖုန်းကို အလွန်တရာ အထင်ကြီးနေခဲ့ကြ၏။ တကယ်တန်းတွင် သေသေချာချာ တွေးကြည့်မည်ဆိုလျှင် အရူးမဟုတ်သရွေ့ လင်းဖုန်း၏ စွမ်းဆောင်ရည်က လုံလောက်အောင် ထူးချွန်နေပြီဖြစ်ကြောင်း သူတို့ သိကြပေလိမ့်မည်။ သာမန်ပါရမီရှိသူ တစ်ယောက်က သုံးလအတွင်း ဤမျှအထိ ကြီးကြီးမားမား တိုးတက်လာနိုင်မည်လော။
လက်ရှိအချိန်တွင် တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်၏ ပဉ္စမမြောက်အဆင့်၌…
လင်းဖုန်း သူ့ရှေ့ရှိ သက်ရှိကို ကြည့်လိုက်သည်။ ထိုသူ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးပြုလိုက်သောအခါ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်သာ ဖြစ်နေဆဲပင်။ သို့သော်လည်း ခန္ဓာကိုယ် အရွယ်အစားက ၄၁၀ ကီလိုမီတာအထိ ရောက်ရှိနေပြီ ဖြစ်သည်။
မည်သည့် တိုက်ပွဲဝင်ခန္ဓာကိုယ် အမျိုးအစားပင်ဖြစ်စေ ကီလိုမီတာ ၅၀၀ ထက် ကျော်လွန်နေသည်က အလွန်တရာ နည်းပါးလှ၏။ တိုက်ပွဲဝင်ခန္ဓာကိုယ်များက အခြေခံအားဖြင့် ၅၀၀ ကီလိုမီတာအောက်တွင်သာ ရှိကြသည်။ ထို့ကြောင့် ဤ ၄၁၀ ကီလိုမီတာရှိသော ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကပင် အလွန်တရာ အားကောင်းနေလေပြီ။
လင်းဖုန်း၏ ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်က ၈၁ ကီလိုမီတာအထိ ရှိ၏။ သူက စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အဆင့်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေသော်လည်း ဤ ၄၁၀ ကီလိုမီတာရှိသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် ရင်ဆိုင်ရချိန်တွင်မူ သူ ပြန်လည် တိုက်ခိုက်နိုင်စွမ်း နည်းနည်းမှ မရှိခဲ့ချေ။
လက်သီးတစ်ချက်ဖြင့်ပင် လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ပြိုကွဲပျက်စီးလုနီးပါး ဖြစ်သွားခဲ့သည်။
ဤသည်ကား လေ့ကျင့်နေခြင်း မဟုတ်တော့ချေ။ တစ်ဖက်သတ် အနိုင်ကျင့်ခံနေရခြင်းသာ ဖြစ်သည်။ ယင်းက အဓိပ္ပာယ်မဲ့လှ၏။
လင်းဖုန်းတွင် ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ် ရှိနေလျှင်ပင် ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အဆင့်နှင့် ယှဉ်နိုင်ရန်မှာ သူ့အတွက် အလွန်တရာ ခက်ခဲလှ၏။ သို့ဖြစ်ရာ ဤမျှ အားကောင်းသော အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ် ပြီးမြောက်ထားသည့် သက်ရှိနှင့်ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။
သို့သော်လည်း အဆုံးတွင်မူ လင်းဖုန်းက အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ်သာ ပြီးမြောက်ထားသည့် သာမန်သက်ရှိတစ်ယောက် မဟုတ်ခဲ့ချေ။ သူက ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားသည့ါ သက်ရှိတစ်ယောက် ဖြစ်သည်။ သူ မည်သည့်အချိန်တွင်မဆို အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်သည်။
ပဉ္စမမြောက်အဆင့်ရှိ သက်ရှိနှင့် လုံးဝ ပြိုင်ဘက် မဟုတ်ကြောင်း ခံစားသိရှိလိုက်ရပြီးနောက် လင်းဖုန်း မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ချက်ချင်း စတင်လိုက်တော့သည်။
ဝုန်း
လင်းဖုန်း၏ အသက်အနှစ်သာရက စတင် ဆင့်ကဲပြောင်းလဲလာတော့သည်။ ဆဲလ်တိုင်းက အရူးအမူး ကွဲပွားနေကြ၏။ အဆုံးအစမဲ့ ကြယ်တာရာ စွမ်းအင်များ ကျဆင်းလာပြီး ကြီးမားလှသော လေဝဲကတော့ကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားကာ လင်းဖုန်းကို အပြည့်အဝ လွှမ်းခြုံသွားသည်။
ထိုကဲ့သို့သော မြင်ကွင်းက လူတိုင်းကို အံ့အားသင့်သွားစေ၏။
"ဘာကြီးလဲ။ ဒါက... ဒီလောက် များတဲ့ ကြယ်တာရာ စွမ်းအင်တွေ... တစ်ယောက်ယောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လုပ်ဆောင်နေတာလား"
"တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်ထဲမှာ လင်းဖုန်း တစ်ယောက်တည်းပဲ ရှိတာလေ။ သူ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လုပ်နေတာများလား"
"ပဉ္စမမြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုတာကပဲ ဒီလောက် ကြောက်စရာကောင်းတဲ့ ကြယ်တာရာစွမ်းအင် ပမာဏကို ဆွဲဆောင်နိုင်မှာလေ။ တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်ထဲမှာ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လုပ်တာတဲ့လား။ ဒါက ပထမဆုံး အကြိမ်ပဲ ဖြစ်ရမယ်..."
လူတိုင်း ဆွံ့အသွားကြသည်။ လောင်ဘီသမ်၏ မျက်လုံးများပင် အရောင်လက်သွားသည်။ သူ လင်းဖုန်း နောက်သို့ လိုက်နေခဲ့သော်လည်း လင်းဖုန်း၏ ကျင့်ကြံခြင်း တိုးတက်မှုနှင့် ပတ်သက်၍ လက်တွေ့တွင် သိပ်မသိခဲ့ချေ။
လင်းဖုန်း ဤမျှတိုတောင်းလှသော အချိန်ကာလလေးအတွင်း ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို လုပ်ဆောင်နိုင်လိမ့်မည်ဟု သူ တကယ် မထင်ထားမိခဲ့ချေ။
တကယ်တော့ လင်းဖုန်းက စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အဆင့်မှ ပဉ္စမအကြိမ်သို့ တက်လှမ်းရန် နှစ်အနည်းငယ်သာ အသုံးပြုခဲ့ရကြောင်းကို သူ တစ်ယောက်တည်းသာ သိထားသည်။ ထိုသည်က ဘီမွန်နတ်နန်းရှိ မည်သည့် ထိပ်တန်း ပါရမီရှင်ထက်မဆို အဆများစွာ ပိုမိုမြန်ဆန်လှသည်။
တကယ်လို့ သူကသာ ပါရမီရှင် မဟုတ်ဘူးဆိုရင် ဘယ်သူကများ ပါရမီရှင် ဖြစ်နိုင်ဦးမှာလဲ။
သို့သော်လည်း တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်အတွင်း၌ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လုပ်ဆောင်ရသည်က တကယ် အဆင်ပြေပါ၏လော။
ဤသည်က လူအများ တွေးနေကြသော မေးခွန်းတစ်ခု ဖြစ်နိုင်သည်။
ထိုအခိုက်အတန့်တွင် မျှော်စင် ပဉ္စမမြောက်အဆင့်၌ လင်းဖုန်း အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လုပ်ဆောင်လိုက်သည်နှင့် တပြိုင်နက် မူလက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေသော သူ၏ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က မျက်တောင်တစ်ခတ်အတွင်း ပြန်လည် ကောင်းမွန်သွားသည်။ ထို့အပြင် တိုက်ပွဲဝင်ခန္ဓာကိုယ်က အဆက်မပြတ် ဆက်လက် ကျယ်ပြန့်နေဆဲပင်။
သို့သော်လည်း တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်အတွင်း၌ သူ အဆက်မပြတ် တိုက်ခိုက် ခြိမ်းခြောက်ခံနေရသည် မဟုတ်ပါလား။ သူ့ရှေ့ရှိ ပဉ္စမမြောက်အဆင့်မှ သက်ရှိအနေဖြင့် လင်းဖုန်း အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လုပ်ဆောင်နေခြင်းကြောင့် မတိုက်ခိုက်သည်က သေချာပေါက် မဖြစ်နိုင်ချေ။
ထို့အပြင် ဆန့်ကျင်ဘက်အားဖြင့် လင်းဖုန်း အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လုပ်ဆောင်နေစဉ်အတွင်း အားအနည်းဆုံး အခြေအနေတွင် ရှိနေခဲ့သည်။ ယင်းက တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ပင် ဖြစ်၏။ ထို့ကြောင့် ကြောက်မက်ဖွယ်ရာ ၄၁၀ ကီလိုမီတာ အမြင့်ရှိသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်က သူ့ထံသို့ အစွမ်းကုန် ထိုးနှက်တိုက်ခိုက်လာတော့သည်။
လင်းဖုန်း၏ အကြည့်က အလွန်တရာ တည်ငြိမ်နေ၏။ စင်စစ်တွင် သူ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုရန်အတွက် ဆုံးဖြတ်လိုက်ချိန်ကတည်းက ဤသို့ဖြစ်လာမည်ကို သူ ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သည်။ သို့တစေ သူ လုံးဝ အကြောက်အလန့် မရှိချေ။ အကယ်၍ ဤသည်က ယာယီ ထိုးဖောက်ဝင်ရောက်မှုတစ်ခုမှ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းသာ ဖြစ်နေခဲ့ပါက သူ သေချာပေါက် ကတုန်ကယင်ဖြစ်နေမိပေလိမ့်မည်။ သူ အားအနည်းဆုံး အခြေအနေတွင် ရှိနေပေလိမ့်မည်။
သို့သော်လည်း လင်းဖုန်းက ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုမှတစ်ဆင့် သဘာဝအတိုင်း အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ကြုံတွေ့နေရခြင်း ဖြစ်သည်။
ထို့ကြောင့် လက်တွေ့တွင် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ဖြစ်စဉ်အများစုက စတင်လိုက်သည့် အခိုက်အတန့်မှာပင် ပြီးစီးနေခဲ့ပြီး ဖြစ်သည်။
ဝုန်း
လင်းဖုန်းလည်း လက်ကို ဆန့်ထုတ်ကာ လက်သီးတစ်ချက် ထိုးလိုက်သည်။ သူ့လက်သီးချက်က ၄၁၀ ကီလိုမီတာရှိသည့် ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် ပြင်းပြင်းထန်ထန် ထိတွေ့မိသွား၏။
ခလွပ်...
မျှော်စင် ပဉ္စမမြောက်အဆင့် သက်ရှိ၏ ၄၁၀ ကီလိုမီတာ အမြင့်ရှိ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က ဖန်ကွဲစများကဲ့သို့ ပင့်ကူအိမ်သဏ္ဌာန် သိပ်သည်းလှသော အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းသွားသည်။
တိုက်ခိုက်မှု တစ်ချက်ဖြင့်ပင် ထိုသက်ရှိ ရှုံးနိမ့်သွားလေပြီ။
ပဉ္စမမြောက်အဆင့်ရှိ သက်ရှိသည်လည်း မယုံကြည်နိုင် ဖြစ်နေသည်။ သို့သော်လည်း သူ လှမ်းကြည့်လိုက်သောအခါ လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို မော့ကြည့်ရုံသာ တတ်နိုင်သည်။ ဤသည်မှာ လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ကီလိုမီတာ ၆၀၀ ကျော်အထိ ကြီးထွားပြန့်ကားလာပြီး နောက်ထပ်လည်း ဆက်လက် ကျယ်ပြန့်နေဆဲ ဖြစ်သောကြောင့်ပင်။
"၆၅၀ ကီလိုမီတာ"
လင်းဖုန်း သူ့လက်များကို ခပ်ဖွဖွ ဆုပ်ကြည့်လိုက်သည်။ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ရာ စွမ်းအားများဖြင့် ပြည့်လျှံနေ၏။ သူ့ လက်သီးတစ်ချက်က ကမ္ဘာလောကကြီးတစ်ခုလုံးကို ပြိုကွဲသွားစေလိမ့်မည်။ ဂြိုဟ်တစ်လုံးပင် သူ့လက်ချက်ဖြင့် ပေါက်ကွဲပျက်စီးသွားနိုင်သည်ဟု သူ ခံစားနေရသည်။
သေချာသည်မှာ ဤသည်က စိတ်ကူးယဉ်မှု တစ်ခုသာ ဖြစ်သည်။ အကယ်၍ သက်ရှိတစ်ယောက်က ဂြိုဟ်တစ်လုံးကို ဖျက်ဆီးလိုပါက အနည်းဆုံး ဂြိုဟ်အဆင့် ခွန်အားကို ပိုင်ဆိုင်ထားရန် လိုအပ်သည်။ အားအနည်းဆုံး ဂြိုဟ်အဆင့်သက်ရှိ၌ပင် အနည်းဆုံး ကီလိုမီတာ ၁၀,၀၀၀ အမြင့်ရှိ ခန္ဓာကိုယ်တစ်ခု ရှိသည်။
တစ်ခုတည်းသော ချွင်းချက်မှာ လင်းဖုန်း ဂြိုဟ်အဆင့် ဒီရေလှိုင်းနိယာမကို အသုံးပြုခြင်းပင်။ ထိုအခါ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ် စွမ်းအားက အဆတစ်ရာ တိုးမြင့်လာမည် ဖြစ်၏။
ယင်းက မည်မျှအထိတိုင် ဖျက်ဆီးနိုင်စွမ်း ရှိလိုက်မည်နည်း။ ဥက္ကာပျံ တစ်ခုပင် အလွယ်တကူ ပေါက်ကွဲပျက်စီးသွားမည် ဖြစ်သည်။
လင်းဖုန်း သူ၏ လက်ရှိ တိုက်ပွဲဝင်ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသည့် ကြောက်မက်ဖွယ်ရာ စွမ်းအားကို ခံစားနိုင်ခဲ့သော်လည်း သူ့၌ နောင်တအချို့ ရှိနေဆဲပင်။ ပဉ္စမမြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုတွင် စုစည်းတည်ဆောက်ထားသော ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က ပြီးပြည့်စုံမှုသို့ မရောက်ရှိခဲ့ပေ။
ဤသည်က အနာဂတ်တွင် နှစ်ပေါင်းများစွာ စုဆောင်းရန် လိုအပ်ပေသည်။ သူ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိချိန်မှသာ နောက်ထပ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ဖြတ်ကျော်ပြီး ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာနိုင်မည့် အခွင့်အရေးကို ရရှိနိုင်မည် ဖြစ်သည်။
ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်ဖြင့် သဘာဝအတိုင်း အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို လုပ်ဆောင်မှသာ သက်ရှိတစ်ယောက်က ကြောက်စရာ အကောင်းဆုံး ဂြိုဟ်ပဆင့်သက်ရှိ ဖြစ်လာနိုင်ပေလိမ့်မည်။ လင်းဖုန်းအနေဖြင့် ကျင့်ကြံခြင်း ဦးတည်ချက်ကို ရှာဖွေတွေ့ရှိပြီးဖြစ်ကာ ထိုဦးတည်ရာဆီသို့ တစိုက်မတ်မတ် ကြိုးပမ်းသွားမည် ဖြစ်သည်။
ဘုန်း
မျှော်စင် ပဉ္စမအဆင့် သက်ရှိ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်မှာ ပြိုကွဲပျက်စီးသွားပြီး လင်းဖုန်း ပဉ္စမမြောက်အဆင့်ကို ဖြတ်ကျော်သွားသည်။
သို့သော်လည်း သူ ဆဋ္ဌမမြောက်အဆင့်ဆီသို့ ဆက်မသွားခဲ့ချေ၊ ဆဋ္ဌမအဆင့်က ဂြိုဟ်အဆင့် သက်ရှိများအတွက် ဖြစ်သောကြောင့်ပင်။ လက်ရှိအချိန်တွင် သူ ဆဋ္ဌမအဆင့်သို့ သွားရောက်သည်က အဓိပ္ပာယ်မဲ့လှ၏။ လက်ရှိ သူ့အနေအထားကို မဆိုထားနှင့် သူ ပဉ္စမအဆင့် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပြီးပြည့်စုံသည်အထိ ကျင့်ကြံခဲ့လျှင်ပင် ဂြိုဟ်အဆင့် သက်ရှိများနှင့် ဖြတ်ကျော်၍မရနိုင်သည့် ကွာဟချက်တစ်ခု ရှိနေဦးမည်သာ ဖြစ်သည်။
ယင်းမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ကွာခြားချက်အလားဖြစ်၏။ အသက်ဝိညာဉ်၏ အနှစ်သာရပိုင်းဆိုင်ရာ ကွာဟချက်ပင်။
ထို့ကြောင့် လင်းဖုန်း မည်သည့် တွေဝေမှုမျှ မရှိဘဲ တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်အတွင်းမှ နေရာရွှေ့ပြောင်း ထွက်ခွာလာခဲ့တော့သည်။