အခန်း ၄၀၄
Vol. 36 Ch. 404
ထာဝရသိုင်းတာအိုအရှင်
အခန်း (၄၀၄) - နိယာမများကို သက်သေပြခြင်း
ဘာသာပြန် - အားသစ်
"ဟင်…"
လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်ထဲမှ နေရာရွှေ့ပြောင်း ထွက်ခွာလာသည်နှင့် အပြင်ဘက်တွင် လူများစွာ စုရုံးနေကြကြောင်း သူ သတိပြုမိလိုက်သည်။
"သူ လာပြီ၊ သူ ထွက်လာပြီ။ အဲဒါ တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်ရဲ့ ပဉ္စမမြောက်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ အလယ်ပိုင်းနယ်မြေရဲ့ ၂၂ ယောက်မြောက် ပါရမီရှင်ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား"
"တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်ရဲ့ ပဉ္စမမြောက်အဆင့်ကို ဖြတ်ကျော်နိုင်တဲ့သူတွေ အကုန်လုံး ပါရမီရှင်တွေ အထက်ပိုင်းနယ်မြေအတွက် အရန်လူတွေပဲ။ မျိုးစေ့တပည့်ဆိုတာ တကယ်လည်း နာမည်နဲ့ လိုက်ဖက်ပါပေတယ်"
"ဟက်… ဒါကတော့ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းလာတော့မယ်။ မီနိုယန်က မျိုးစေ့တပည့်ကို လှောင်ပြောင်ခဲ့တာလေ။ အခု သူ ရယ်နိုင်သေးလားဆိုတာ ကြည့်ကြတာပေါ့"
"ပဉ္စမမြောက်အဆင့်ကို ဖြတ်ကျော်နိုင်တော့ရော ဘာဖြစ်သေးလဲ။ အထက်ပိုင်းနယ်မြေကို တက်လှမ်းပြီး ဂြိုဟ်အဆင့်သက်ရှိ ဖြစ်မလာနိုင်ဘူးဆိုရင် ဒါက ဘာမှမဟုတ်ပါဘူး။ မီနိုယန်က ပိုစောပြီး ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာမယ်လို့ ငါ ထင်နေတုန်းပဲ"
လူအများက တက်တက်ကြွကြွ ဆွေးနွေးနေကြသည်။ မရေမတွက်နိုင်သော အကြည့်များက လင်းဖုန်းအပေါ် စူးစိုက်ရောက်ရှိနေ၏။
လင်းဖုန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ လောင်ဘီသမ် အလျင်အမြန် ရှေ့ထွက်လာပြီး မေးလိုက်သည်။
"သခင်… သခင်က ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြီးမြောက်ပြီး မျှော်စင် ပဉ္စမအဆင့်ကို ဖြတ်ကျော်ခဲ့တာလား"
လင်းဖုန်း ခေါင်းညိတ်ကာ စကားဆိုလိုက်သည်။
"အမှန်ပဲ။ ငါ ငါးကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ကျော်ဖြတ်ခဲ့ပြီးပြီ"
လင်းဖုန်း၏ ကိုယ်တိုင်ဖြေကြားချက်ကို ကြားလိုက်ရသောအခါ လောင်ဘီသမ်တစ်ယောက် အလွန်တရာ ဝမ်းသာသွားသည်။ သူ အဝေးရှိ လောင်ဘီဂျာကိုပင် မာနကြီးတခွဲသားနှင့် ကြည့်လိုက်သေး၏။ ဤသည်မှာ သူ ရွေးချယ်ခဲ့သော သခင် ဖြစ်သည်။ သူက အနည်းငယ် နောက်ကျကျန်နေပြီး ဝေးလံခေါင်ဖျားသော ဂလက်ဆီတစ်ခုမှ လာခဲ့လျှင်ပင် သူက အစစ်အမှန် ပါရမီရှင်တစ်ဦးသာ ဖြစ်သည်။
လောင်ဘီဂျာနှင့် မီနိုယန်တို့၏ မျက်နှာထားများက အလွန်တရာ မည်းမှောင်နေစ။ မီနိုယန်သည်လည်း ပဉ္စမမြောက်အဆင့်ကို ဖြတ်ကျော်ခဲ့ပြီးဖြစ်သော်လည်း လူအများရှေ့တွင် သူ အနည်းငယ် အရှက်ရသလို ခံစားနေရဆဲ ဖြစ်သည်။
အဆုံးတွင်မူ ယခင်က သူ လင်းဖုန်းကို ခေါင်ဖျားသော ဂလက်ဆီတစ်ခုမှ ခေတ်နောက်ကျသည့် ကျင့်ကြံသူဟု ပြောခဲ့ဖူးသည် မဟုတ်ပါလား။ ယခုအခါတွင် ထိုရှေးရိုးကျသူတစ်ယောက်ကပင် သူကဲ့သို့ ပဉ္စမမြောက်အဆင့်ကို ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။
ဒါဆိုရင် သူကရော ဘာများလဲ။
လင်းဖုန်း မီနိုယန်ကို ဂရုမစိုက်ချေ။ အကယ်၍ သူတို့သာ တကယ်တမ်း တိုက်ခိုက်ကြမည်ဆိုလျှင် သူ မီနိုယန်ကို မျက်တောင်တစ်ခတ်အတွင်း သုတ်သင်ပစ်နိုင်သည်။
.............
တကယ်တော့ လင်းဖုန်း အလယ်ပိုင်းနယ်မြေရှိ မည်သူ့ကိုမျှ အထင်မကြီးခဲ့ချေ။
အကြောင်းရင်းက အလွန်တရာ ရိုးရှင်းလှ၏။ သူ အလယ်ပိုင်းနယ်မြေကို လေ့လာကြည့်ခဲ့ရာ ဤနေရာရှိ ပါရမီရှင် ဆိုသူများထဲမှ မည်သူကမျှ နက်နဲသော နိယာမများကို နားလည်သဘောပေါက်နိုင်ခြင်း မရှိကြောင်း သိခဲ့ရသည်။ နိယာမများကို နားလည်သဘောပေါက်ထားသူများသည်ပင် အခြေခံအဆင့်၌သာ ရှိကြသေးသည်။ ထို့အပြင် ထိုကဲ့သို့သော လူများကလည်း လက်တစ်ဆုပ်စာမျှသာ ရှိသည်။
အလယ်ပိုင်းနယ်မြေတွင် ထိပ်တန်းပါရမီရှင် သုံးဦးသာလျှင် နိယာမများကို နားလည်သဘောပေါက်ထားကြပြီး ယင်းတို့က အခြေခံအဆင့် နိယာမများသာ ဖြစ်၏။
သူတို့၏ နိယာမများအပေါ် နားလည်သဘောပေါက်မှုက အဘယ်ကြောင့် ဤမျှအထိ နိမ့်ကျနေရသည်ကို လင်းဖုန်း မသိပေ။ မည်သို့ပင်ဆိုစေ လက်တွေ့ တိုက်ပွဲတစ်ခုတွင် နိယာမများ၏ စွမ်းအားနှင့် ပေါင်းစပ်လိုက်ပါက လင်းဖုန်း အလယ်ပိုင်းနယ်မြေရှိ လူတိုင်းနီးပါးကို အလွယ်တကူ ဖိချေပစ်နိုင်သည်။
လင်းဖုန်းက သူ အချိန်အတော်ကြာကတည်းက ကျော်လွန်သွားခဲ့ပြီးဖြစ်သော သို့တည်းမဟုတ် မျက်လုံးထဲထည့်စရာပင် မလိုတော့သော လူများကို မည်သည့်အတွက်ကြောင့် အရေးစိုက်နေမည်နည်း။
"နိယာမမျှော်စင်က ဘာအတွက်များလဲ"
လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်၏ ဘေးရှိ နိယာမမျှော်စင်ကို မြင်လိုက်ရသည်။ နေ့တိုင်းနီးပါး စိန်ခေါ်သူများ ရှိနေတတ်သော တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်၏ စည်ကားမှုနှင့် နှိုင်းယှဉ်လျှင် နိယာမမျှော်စင်က လူသူကင်းမဲ့ကာ ခြောက်ကပ်နေ၏။ ရက်ပေါင်းများစွာ လပေါင်းများစွာ ကြာသည့်တိုင် မည်သူကမျှ နိယာမ မျှော်စင်အတွင်းသို့ ဝင်ရောက်လိမ့်မည် မဟုတ်ချေ။
လင်းဖုန်း ယခုလေးတင် ပဉ္စမမြောက်အဆင့်ကို ဖြတ်ကျော်ခဲ့ပြီး ငါးကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ပြီးမြောက်ထားသည်။ ထို့ကြောင့် သူ၏ စိတ်အခြေအနေက ကောင်းမွန်နေပြီး ဤနိယာမမျှော်စင်၌ မည်သည့် အံ့သြဖွယ်ရာများ ရှိနေသည်ကို သူ ကြည့်ရှုလိုသည်။ လင်းဖုန်းတုံ့ဆိုင်းမနေတော့ဘဲ နိယာမမျှော်စင်ဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားတော့သည်။
ဤမြင်ကွင်းက လူများစွာကို ချက်ချင်း အံ့အားသင့်သွားစေသည်။
"လင်းဖုန်းက နိယာမမျှော်စင်ကို စိန်ခေါ်ချင်နေတာလား"
"သူက နိယာမမျှော်စင်ကို ဘာထင်နေတာလဲ။ နိယာမတွေကို နားလည်သဘောပေါက်ဖို့ ဆိုတာ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံရတာထက် အဆပေါင်းရာထောင်ချီ ပိုခက်တယ်။ ဒါ့အပြင် နိယာမမျှော်စင်ထဲမှာ နိယာမတွေကို နားလည်သဘောပေါက်နိုင်ခြင်း မရှိတဲ့သူတွေက ဆိုးဆိုးရွားရွား နာကျင်ခံစားရမှာ။ အဲဒီနာကျင်မှုက တကယ်ကို သည်းမခံနိုင်လောက်စရာပဲလေ"
"ဟုတ်တယ်။ ငါတို့ အလယ်ပိုင်းနယ်မြေမှာ နိယာမတွေကို နားလည်သဘောပေါက်ထားတဲ့ ပါရမီရှင်က သုံးယောက်ပဲ ရှိတာလေ"
"ဒီလင်းဖုန်း နိယာမက ဘာဆိုတာတောင် မသိတာများလား"
လူအများ တွေဝေသွားကြသည်။ လင်းဖုန်းက တိုက်ပွဲဝင်ခန္ဓာကိုယ်တွင် ပါရမီရှိပြီး ပဉ္စမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည်က လက်တွေ့တွင် သူတို့ နားလည်ပေးနိုင်သည်။ အဆုံးတွင်မူ အတိတ်ကာလက မျိုးစေ့တပည့်များ၏ စွမ်းဆောင်ရည်က အမြဲတမ်း အလွန်တရာ ထူးချွန်ခဲ့ကြသည်ချည်းသာ မဟုတ်ပါလော။
သို့သော်လည်း နိယာမများက တိုက်ပွဲဝင်ခန္ဓာကိုယ်ထက် များစွာ ပိုမိုနက်နဲကာ နားလည်သဘောပေါက်နိုင်ရန် ခက်ခဲလှသည်။ ထို့အပြင် ယင်းတို့က အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိချေ။ လူပေါင်းများစွာက သူတို့၏ ဘဝတစ်သက်တာလုံးကို တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု၌ စွမ်းအားများ ရှာဖွေရာတွင်သာ ကုန်ဆုံးစေခဲ့ကြသည်။
သူတို့အနေဖြင့် နိယာမများကို နားလည်သဘောပေါက်သည်က တိုက်ခိုက်ရေးစွမ်းအားကို အကြီးအကျယ် တိုးမြှင့်ပေးနိုင်ကြောင်း သိရှိထားကြသော်လည်း အခြေခံအားဖြင့် နိယာမများကို လျစ်လျူရှုထားခဲ့ကြသည်။ ဥပမာအားဖြင့် သက်ရှိတစ်ယောက်က တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် သက်ဆိုင်သော နိယာမများကို နားလည်သဘောပေါက်နိုင်ပါက တိုက်ပွဲဝင်ခန္ဓာကိုယ်၏ စွမ်းအားက ဆယ်ဆ အဆတစ်ရာအထိ တိုးမြင့်လာမည် ဖြစ်သည်။
မဟုတ်ပါက နတ်ဘုရားဘုရင်ဘီမွန်က အဘယ်ကြောင့် နိယာမများအတွက် ကျင့်ကြံခြင်း နည်းလမ်းများကို အထူးတလည် ချီးမြှင့်ပေးအပ်ပြီး ယင်းတို့က တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့်လည်း ကိုက်ညီနေရမည်နည်း။
နိယာမများကလည်း အရေးကြီးလှသည်။
သို့သော်လည်း နိယာမများကို နားလည်သဘောပေါက်ရန်က အလွန်တရာ ခက်ခဲလွန်းလှသည်။ ယခင်က လင်းဖုန်း ဒီရေလှိုင်းနိယာမကို နားလည်သဘောပေါက်နိုင်ရန် အချိန်နှင့် ကြိုးစားအားထုတ်မှု များစွာ အသုံးပြုခဲ့ရ၏။ သို့သော်လည်း အဆုံးတွင် သူသည် ဒီရေလှိုင်း နိယာမကို အနည်းငယ်မျှပင် နားလည်သဘောပေါက်နိုင်ခြင်း မရှိခဲ့ဘဲ လုံးဝ မသက်ဆိုင်သည့် ဖျက်ဆီးခြင်း နိယာမကိုသာ နားလည်သဘောပေါက်နိုင်ခဲ့သည်။
ဤသည်ကား လုံးဝကို အခြား အခွင့်အရေးထူးတစ်ခု ဖြစ်ခဲ့သည်။
အခွင့်အရေးများ မရှိပါက နိယာမများကို နားလည်သဘောပေါက်ရန်က ခက်ခဲလှသည်။ အလွန့်အလွန် ခက်ခဲလှခြင်း ဖြစ်၏။
ယင်းက အခြေခံအားဖြင့် မည်သူကမျှ နိယာမမျှော်စင်သို့ မသွားလိုကြသည့် အကြောင်းရင်းလည်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က နိယာမကိုပင် နားလည်သဘောပေါက်နိုင်ခြင်း မရှိပါက သူတို့ အဘယ်ကြောင့် နိယာမမျှော်စင်သို့ သွားရောက်ကြမည်နည်း။
ရွှစ်
အခြားတစ်ဖက်တွင်မူ လင်းဖုန်းအတွက် သိပ်ပြီး စိုးရိမ်ပူပန်စရာ မရှိချေ။ သူ နိယာမမျှော်စင်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။ ဤသည်က လူအများကို အလွန်တရာ အံ့အားသင့်သွားစေပြီး မရေမရာ ဖြစ်သွားစေသည်။
လူအုပ်ထဲတွင် ခန့်ထည်သော အမျိုးသားသုံးဦး ရှိနေခဲ့၏။ သူတို့ လင်းဖုန်း နိယာမမျှော်စင်အတွင်းသို့ ဝင်ရောက်သွားသည်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်လုံးများထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု လက်ဖြာသွားသည်။
"စိတ်ဝင်စားစရာပဲ။ သူကရော နိယာမတွေကို နားလည်သဘောပေါက်ထားတာများလား"
"အဲလို ဖြစ်နိုင်ခြေ အရမ်းများတယ်လို့ ငါ ထင်တယ်။ မင်းတို့ သတိထားမိလားတော့ မသိဘူး။ အရင်က သူ တိုက်ပွဲဝင်ခန္ဓာကိုယ် မျှော်စင်ရဲ့ စတုတ္ထအဆင့်ကို မဖြတ်ကျော်နိုင်ခဲ့ပေမဲ့လည်း သူ့မှာ မာနတချို့ ရှိနေသေးတယ်။ လက်တွေ့မှာ သူက မီနိုယန်ကို လုံးဝ အရေးမစိုက်ခဲ့ဘူး။ အရင်က သူ အရမ်း မာနကြီးလွန်းတယ်လို့ပဲ ငါ ထင်ခဲ့တာ။ အခုတော့ ကြည့်ရတာ သူက တအား မာနကြီးလွန်းနေတာ မဟုတ်ဘဲနဲ့ ယုံကြည်မှုရှိဖို့ အကြောင်းပြချက် ကောင်းကောင်း ရှိနေလို့ပဲ ဖြစ်ရမယ်"
"တကယ်လို့ သူ နိယာမတွေကို တကယ် နားလည်သဘောပေါက်ထားတယ်ဆိုရင် သူ့မှာ တကယ် အကြောင်းပြချက် ကောင်းကောင်း ရှိနေတာပါပဲ။ အဲ့လိုဆိုရင် သူ မျက်လုံးထဲမှာ မီနိုယန်က တကယ်ကို ဘာမှမဟုတ်ဘူးပေါ့"
ဤလူသုံးယောက်က အလယ်ပိုင်းနယ်မြေတွင် နိယာမများကို နားလည်သဘောပေါက်ထားသော ပါရမီရှင်သုံးယောက်ပင်။ လင်းဖုန်း နိယာမ မျှော်စင်အတွင်းသို့ ဝင်ရောက်သွားသည်ကို မြင်တွေ့လိုက်ရသောအခါ သူတို့လည်း အလွန်တရာ အံ့အားသင့်သွားခဲ့ကြသည်။ သူတို့သုံးယောက်လုံး နိယာမများကို နားလည်သဘောပေါက်ထားကြသောကြောင့် နိယာမများက မည်မျှအထိ ခက်ခဲလှကြောင်း သူတို့ သိကြသည်။
"ပထမဆုံးအဆင့်ကို ဖြတ်ကျော်ဖို့အတွက် သူ အချိန် ဘယ်လောက် ယူရမယ်လို့ မင်းတို့ ထင်လဲ"
"ငါကတော့ စကြဝဠာစံတော်ချိန် တစ်နာရီလောက် ယူရမယ်လို့ ထင်တယ်"
"သူ သုံးနာရီကနေ ငါးနာရီလောက် ယူရနိုင်တယ်ဟ။ နိယာမမျှော်စငို ဖြတ်ကျော်ဖို့က အဲ့လောက် မလွယ်ဘူးလေ။ နိယာမကို တကယ် နားလည်သဘောပေါက် မထားဘူးဆိုရင် သူ ကြီးကြီးမားမား နာကျင်ခံစားရလိမ့်မယ်"
သူတို့သုံးဦးစလုံး ပထမအဆင့်ကို ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ပထမအဆင့်က သူတို့၏ လုပ်နိုင်စွမ်း အကုန်ပင်။ ထိုအဆင့်က နိယာမများကို အခြေခံအဆင့် နားလည်သဘောပေါက်မှုအတွက် ဖြစ်သည်။ ဒုတိယမြောက်အဆင့်ကမူ ဂြိုဟ်အဆင့် နိယာမများအတွက် ဖြစ်စ။ လက်ရှိအချိန်အထိ အလယ်ပိုင်းနယ်မြေတွင် ထိုအဆင့်ကို ဖြတ်ကျော်နိုင်သူ မရှိသေးချေ။
ဝှစ်
လင်းဖုန်း နိယာမမျှော်စင် ပထမအဆင့်သို့ ဝင်ရောက်သွားသည်။ ရုတ်တရက် ဤမျှော်စင်က နိယာမများစွာဖြင့် ပြည့်နှက်နေကြောင်း သူ ခံစားလိုက်ရသည်။
ဤနိယာမများက လေထဲမှ ပေါ်ထွက်လာခြင်း မဟုတ်ပေ။ နတ်ဘုရားဘုရင်ဘီမွန်က ဤနေရာတွင် ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ နတ်ဘုရားဘုရင်တစ်ပါး၏ နိယာမများကို နားလည်သဘောပေါက်မှုကလည်း အလွန်တရာ အံ့မခန်းဖြစ်၏။
မဟုတ်ပါက နတ်ဘုရားဘုရင်ဘီမွန်က နတ်ဘုရားဘုရင်များထဲတွင် အားအကောင်းဆုံးများထဲမှ တစ်ပါး မည်သို့ ဖြစ်လာနိုင်မည်နည်း။
"ဒီရေလှိုင်းနိယာမ"
လင်းဖုန်း မျက်လုံးများကို မှိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ဒီရေလှိုင်းနိယာမ တဖြည်းဖြည်း ပေါ်ထွက်လာ၏။ ချက်ချင်းပင် နိယာမမျှော်စင်၏ ပထမဆုံးအဆင့် တစ်ခုလုံးက ဒီရေလှိုင်းနိယာမများဖြင့် ပြည့်နှက်သွားသည်။
မှန်ပေ၏။ ဒီရေလှိုင်း နိယာမပင်။
ကြီးမားလှသော ဒီရေလှိုင်းနိယာမ ပမာဏက တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိနေသည်။ လင်းဖုန်း အလွန်တရာ အံ့အားသင့်သွားသည်။ ဤသည်ကား တူညီသော နိယာမနှစ်ခု ပွတ်တိုက်မိသည်ကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။ နိယာမမျှော်စင်၏ ပထမအဆင့်ရှိ ဒီရေလှိုင်းနိယာမက အခြေခံအဆင့်တွင်သာ ရှိနေသည်။ သို့သော်လည်း ယင်းက သူ့ကို မတူကွဲပြားသည့် နားလည်သဘောပေါက်မှု တစ်မျိုးကို ပေးစွမ်းနိုင်ခဲ့၏။
နိယာမမျှော်စင်အတွင်းရှိ အခြေခံအဆင့် ဒီရေလှိုင်းနိယာမက လင်းဖုန်း နားလည်သဘောပေါက်ထားသော ဒီရေလှိုင်းနိယာမနှင့် အနည်းငယ် ကွာခြားနေပုံရသည်။
အမှန်ပင်။ တူညီသော နိယာမကို နားလည်သဘောပေါက်ထားခြင်း ဖြစ်လျှင်တောင် အသေးစိတ် အချက်အလက်များ၌ ကွာခြားနေမည်သာ ဖြစ်သည်။
ဤသည်က လင်းဖုန်းအား ဒီရေလှိုင်းနိယာမနှင့် ပတ်သက်၍ နားလည်မှု ပိုမိုနက်ရှိုင်းလာစေသည်။
သို့သော်လည်း ဒီရေလှိုင်းနိယာမအပြင် လင်းဖုန်း၌ ဖျက်ဆီးခြင်းနိယာမလည်း ရှိနေသေးသည်။ ဤနိယာမ မျှော်စင်အတွင်း၌ ဖျက်ဆီးခြင်းနိယာမ ရှိနေမည်လားဆိုသည်ကို သူ သိလိုနေ၏။