အခန်း ၄၀၅
Vol. 36 Ch. 405
ထာဝရသိုင်းတာအိုအရှင်
အခန်း (၄၀၅) - အထက်ပိုင်းနယ်မြေဆီသို့ လမ်းညွှန်ခေါ်ဆောင်သူများ
ဘာသာပြန် - အားသစ်
လင်းဖုန်းတွင် နိယာမအမျိုးအစား နှစ်မျိုး ရှိနေသည်။ ဒီရေလှိုင်းနိယာမဖြစ်စေ၊ ဖျက်ဆီးခြင်းနိယာမဖြစ်စေ နှစ်ခုစလုံး ဂြိုဟ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ယင်းတို့က မူလဂြိုဟ်အဆင့် နိယာမများသာ ဖြစ်ကြသေးသည်။
နိယာမများကို ထင်ရှားစေနိုင်သော အထွတ်အမြတ်ကျိန်စာကျောက်ကဲ့သို့ အထွတ်အထိပ် ရတနာတစ်ခု၏ အကူအညီဖြင့် လင်းဖုန်း၏ နိယာမများအပေါ် နားလည်သဘောပေါက်မှုက အရှိန်အဟုန်ပြင်းပြင တိုးတက်လာခဲ့သည်။ သို့သော်လည်း လက်တွေ့စမ်းသပ် စစ်ဆေးမှု မရှိဘဲနှင့်မူ သူ၏ နိယာမများအပေါ် နားလည်သဘောပေါက်မှုက အဆုံးတွင် တစ်ခုခု လိုအပ်နေခဲ့ပြီး ထိုမျှလောက် ပြီးပြည့်စုံခြင်း မရှိခဲ့ချေ။
ယခုအခါတွင်မူ နိယာမမျှော်စင်က တူညီသော နိယာမများအကြား ပွတ်တိုက်တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေနိုင်ရာ လင်းဖုန်းအား သူ၏ ကိုယ်ပိုင်နိယာမများ၏ ချို့ယွင်းချက်များကို အတည်ပြုနိုင်စေခဲ့သည်။ ထို့ကြောင့် သူ အလွန်တရာ ဝမ်းမြောက်သွားသည်။
"ဖျက်ဆီးခြင်းနိယာမ"
လင်းဖုန်း၏ ခန္ဓာကိုယ်ပေါ်တွင် ဖျက်ဆီးခြင်းနိယာမ ထပ်မံ ပေါ်ထွက်လာပြန်သည်။ ဤသည်က နိယာမမျှော်စင်၏ ပထမအဆင့်ရှိ ဟင်းလင်းပြင်ကို လုံးဝ ပေါက်ကွဲလုမတက် တုန်ခါသွားစေသည်။
ဝူး...
လင်းဖုန်း အံ့အားသင့်သွားရသည်။ ဖျက်ဆီးခြင်းနိယာမသည်လည်း နိယာမမျှော်စင်၏ ပထမဆုံးအဆင့်တွင် ပေါ်ထွက်လာခဲ့သည်။
သို့သော်လည်း ထိုဖျက်ဆီးခြင်းနိယာမက အခြေခံအဆင့်၌သာ ရှိနေသေးပြီး ပို၍ပင် ပြင်းထန်ကြမ်းတမ်းနေသည်။
လင်းဖုန်း သူ နိယာမနှစ်ခုကို အသုံးပြုလိုက်ချိန်တွင် ကြီးမားလှသော ဘီမွန်ဂြိုဟ်၏ အပြင်ဘက်၌ ကမ္ဘာဦးတွင်းနက်ကြီး နှစ်ခုပမာ ကြောက်မက်ဖွယ်ရာ ကောင်းလှသော မျက်လုံးကြီးနှစ်လုံး ပွင့်လာခဲ့သည်ကို မသိခဲ့ချေ။
"နိယာမနှစ်ခုစလုံးက ဂြိုဟ်အဆင့်ကို ရောက်နေတယ်။ ဒါတောင် သူက ဂြိုဟ်အဆင့်သက်ရှိ ဖြစ်မလာသေးဘူးလား။ တကယ် စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပဲ။ ပြီးတော့ မျိုးစေ့တပည့်တစ်ယောက်လည်း ဖြစ်နေသေးတယ်။ ထားလိုက်ပါတော့လေ။ ငါ ဒီလို စိတ်ဝင်စားစရာကောင်းတာမျိုး မမြင်ရတာတောင် တော်တော်ကြာပြီပဲ။ သူ့ရဲ့ နိယာမတွေက ဂြိုဟ်အဆင့်ကို ရောက်နေပြီဆိုမှတော့ သူ အထက်ပိုင်းနယ်မြေကို တက်လှမ်းနိုင်ရမှာပေါ့"
ထိုဧရာမသတ္တဝါကြီးက လေသံတိုးတိုးဖြင့် ရေရွတ်နေပုံရသည်။ သူ၏ သက်ပြင်းတစ်ချက်ကပင် အကန့်အသတ်မဲ့ ဟင်းလင်းပြင်များကို ပြိုကျပျက်စီးသွားစေနိုင်ပြီး မရေမတွက်နိုင်သော ဂြိုဟ်များကို ပြာအတိ ဖြစ်သွားစေနိုင်သည်။ ထို့နောက် ထိုဧရာမ သတ္တဝါကြီးက သူ့မျက်လုံးများကို ပြန်မှိတ်သွားတော့သည်။
…………
"တကယ်ကို အံ့ဩစရာကောင်းတာပဲ။ နိယာမမျှော်စင်က တကယ်ကို အံ့မခန်းပါပဲ။ ငါ ဟင်းလင်းပြင်နိယာမကို နားမလည်သေးတာ နှမြောဖို့အကောင်းသား။ မဟုတ်ရင် ငါ ဒီနေရာကို လာပြီး စမ်းကြည့်လို့ ရမှာ။ ဒါက ငါ့ရဲ့ ဟင်းလင်းပြင်နိယာမကို ပိုပြီးတော့တောင် မြန်မြန်ဆန်ဆန် တိုးတက်လာစေလိမ့်မယ်လို့ ငါ ယုံတယ်"
လင်းဖုန်း နှမြောတသဖြစ်မိသော်လည်း သူ ပထမအဆင့်ရှိ စမ်းသပ်စစ်ဆေးမှုများကို အားလုံးနီးပါး ပြီးမြောက်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ယင်းတို့က အခြေခံအဆင့် နိယာမများသာ ဖြစ်သောကြောင့် စမ်းသပ်စစ်ဆေးရန် အများကြီး မရှိတော့ချေ။ ထို့ကြောင့် သူ ဒုတိယမြောက်အဆင့်သို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။
နိယာမမျှော်စင်၏ ဒုတိယမြောက်အဆင့်က ဂြိုဟ်အဆင့် နိယာမများအတွက်သာ ဖြစ်သည်။ သေချာသည်မှာ ယင်းက မူလဂြိုဟ်အဆင့် နိယာမများအတွက်သာ ဖြစ်၏။
ဤမူလဂြိုဟ်အဆင့် နိယာမများကို အထင်သေး၍ မရချေ။ ယင်းတို့ကို အသုံးပြုလိုက်ပါက ဂြိုဟ်အဆင့်အောက်ရှိ သက်ရှိအားလုံးက ပြောပလောက်စရာ မရှိတော့ချေ။ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက အလွန်တရာ အားကောင်းလှသော်လည်း ရလဒ်က မည်သို့ ဖြစ်သွားခဲ့သနည်း။
လင်းဖုန်း၏ မူလဂြိုဟ်အဆင့် နိယာမနှင့် ရင်ဆိုင်ရချိန်တွင်မူ သားရဲကြီး လုံးဝ မခုခံနိုင်ခဲ့ချေ။
အလယ်ပိုင်းနယ်မြေ၏ ပါရမီရှင် ဆိုကြသူများနှင့် ပတ်သက်၍မူ အခြေခံအဆင့် နိယာမများကို နားလည်သဘောပေါက်ထားကြသော ထိုသက်ရှိသုံးယောက် အပါအဝင် ဖြစ်လျှင်တောင် လင်းဖုန်းအနေဖြင့် သူတို့အားလုံးကို အနိုင်ယူရန် ဖျက်ဆီးခြင်းနိယာမကိုသာ အသုံးပြုရန် လိုအပ်သည်။
အလယ်ပိုင်းနယ်မြေရှိ အားအကောင်းဆုံး လူသုံးယောက်သည်ပင် ထိုစွမ်းအားကို တောင့်ခံနိုင်မည် မဟုတ်ချေ။
ဤသည်ကား နိယာမများ၏ စွမ်းအားပင်။
သက်ရှိတစ်ယောက်က နိယာမများကို နားလည်သဘောပေါက်နိုင်ပါက သူတို့၏ ခွန်အားမှာ ပုရွက်ဆိတ်တစ်ကောင်အလား အားနည်းနေဦးမည်ဆိုလျှင်တောင် စကြဝဠာတစ်ခုလုံးကို အလွယ်တကူ လွှမ်းမိုးနိုင်ပြီး စကြဝဠာ၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်သည်။
သေချာသည်မှာ စကြဝဠာ၏ စည်းမျဉ်းများက ဟန်ချက်ညီရန် လိုအပ်ပေ၏။ ပုရွက်ဆိတ်ကဲ့သို့ အားနည်းသော သူများက ဤမျှ အားကောင်းသော နိယာမများကို လုံးဝ တတ်မြောက်နိုင်ခြင်း မရှိချေ။ အလားတူပင် ပုံမှန်အားဖြင့် ဂြိုဟ်အဆင့်အောက်ရှိ သက်ရှိများက ပုံမှန်အားဖြင့် ဂြိုဟ်အဆင့် နိယာမများကို နားလည်နိုင်စွမ်း မရှိကြချေ။
လင်းဖုန်းကမူ ချွင်းချက်တစ်ခု ဖြစ်သည်။ သူက ချွင်းချက်တစ်ခု ဖြစ်နေခဲ့သောကြောင့်ပင် ဤမျှအထိ ထူးခြားနေခြင်း ဖြစ်၏။
နိယာမမျှော်စင်၏ ဒုတိယမြောက်အဆင့်တွင်မူ ဒီရေလှိုင်း နိယာမဖြစ်စေ၊ ဖျက်ဆီးခြင်း နိယာမဖြစ်စေ လင်းဖုန်းအနေဖြင့် နှစ်ခုစလုံးအတွက် ကြီးမားလှသော ထိုးထွင်းသိမြင်မှုများကို ရရှိခဲ့သည်။ တူညီသော နိယာမများအကြား ပွတ်တိုက်မှုနှင့် အတည်ပြု စမ်းသပ်မှုများက လင်းဖုန်းအား ထိုနိယာမနှစ်ခုအပေါ် နားလည်သဘောပေါက်မှုကို အရှိန်အဟုန်ပြင်းပြင်းဖြင့် တိုးတက်လာစေသည်။
အထွတ်အမြတ်ကျိန်စာကျောက်နှင့်အတူ သူ အနာဂတ်တွင် အဆင့်မြင့်ဂြိုဟ်အဆင့် နိယာမများကို နားလည်သဘောပေါက်ရန် အခွင့်အရေး ရှိလာနိုင်သည်။ သူ အဆင့်မြင့်ဂြိုဟ်အဆင့် နိယာမများကို တတ်မြောက်သွားသည်နှင့် ထိုသည်က ကြယ်တာရာများကို ဖျက်ဆီးနိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ်ရာ ခွန်အားကို ပိုင်ဆိုင်ရမည်ဟု ဆိုလိုခြင်းပင်။
တိုက်ပွဲဝင်ခန္ဓာကိုယ်က ခက်ခဲလှသော်လည်း နိယာမများက ပို၍ပင် ခက်ခဲလှသည်။
လင်းဖုန်း ဒုတိယအဆင့်ကို သဘာဝကျကျပင် ဖြတ်ကျော်နိုင်ခဲ့သည်။ သို့သော်လည်း တတိယအဆင့်သို့မူ မရောက်ရှိခဲ့ချေ။ ဤသည်က နိယာမမျှော်စင်၏ စည်းမျဉ်းများကြောင့် ဖြစ်သည်။ တစ်စုံတစ်ယောက်၏ နိယာမအပေါ် နားလည်သဘောပေါက်မှုက သတ်မှတ်ထားသော အဆင့်တစ်ခုသို့ ရောက်ရှိမှသာ သက်ဆိုင်ရာ အဆင့်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
နိယာမမျှော်စင်က ကျင့်ကြံသူများ အချင်းချင်း သူတို့၏ နိယာမများကို အပြန်အလှန် အတည်ပြု စမ်းသပ်နိုင်ရန်အတွက် ရှိနေခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် လင်းဖုန်း၏ ကြိုးပမ်းအားထုတ်မှုများက ပြီးပြည့်စုံသွားခဲ့လေပြီ။ အချိန်တိုအတွင်း သူ ဖျက်ဆီးခြင်း နိယာမနှင့် ဒီရေလှိုင်း နိယာမအပေါ် နားလည်မှုများ ပိုမိုနက်ရှိုင်းလာခဲ့သည်။ အကယ်၍ သူ ထိုနိယာမများအပေါ် အနည်းငယ်မျှ ပိုမို တွေးတောဆင်ခြင်နိုင်ပါက အဆင့်မြင့်ဂြိုဟ်အဆင့် နိယာမများကို နားလည်သဘောပေါက်နိုင်ရန်ပင် စတင် ကြိုးပမ်းနိုင်လိမ့်မည် ဖြစ်သည်။
ဤအကျိုးကျေးဇူးက လင်းဖုန်းအတွက် ပဉ္စမအကြိမ်အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြီးမြောက်သည်ထက်ပင် ပိုမို ကြီးမားလှသည်။
ဝှစ်
လင်းဖုန်း နိယာမ မျှော်စင်ထဲမှ နေရာရွှေ့ပြောင်း ထွက်ခွာလာသောအခါ သူ့ ပတ်ပတ်လည်ရှိ လူတိုင်း မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးအပြူးသား ဖြစ်နေကြသည်ကို သူ သတိပြုမိလိုက်သည်။
အလယ်ပိုင်းနယ်မြေ၏ အားအကောင်းဆုံး လူသုံးဦး၏ မျက်လုံးများထဲတွင်ပင် အံ့အားသင့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
သူတို့ ဘာကို တွေ့လိုက်ရတာလဲ။
လင်းဖုန်းက စင်စစ်တွင် နိယာမမျှော်စင်၏ ဒုတိယမြောက်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ အလယ်ပိုင်းနယ်မြေတွင် အချိန်အတန်ကြာ နေထိုင်ခဲ့ဖူးသူ မည်သူမဆို နိယာမမျှော်စင်၏ ဒုတိယမြောက်အဆင့်က ဘာကို ဆိုလိုကြောင်း သိရှိကြမည် ဖြစ်သည်။
ထိုသည်က တစ်စုံတစ်ယောက်က ဂြိုဟ်အဆင့် နိယာမတစ်ခုကို နားလည်သဘောပေါက်ထားသည်ကို ဆိုလိုခြင်းပင်။
ယင်းက ဂြိုဟ်အဆင့်နိယာမ ဖြစ်သည်။ ဆဋ္ဌမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းထက် သို့တည်းမဟုတ် ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာရသည်ထက် များစွာ ပိုမို ခက်ခဲလှသည်။ အထက်ပိုင်းနယ်မြေရှိ ဂြိုဟ်အဆင့် သက်ရှိများစွာပင်လျှင် ဂြိုဟ်အဆင့် နိယာမများကို နားလည်သဘောပေါက်ထားခြင်း မရှိကြချေ။
ဂြိုဟ်အဆင့်အောက်ရှိ သက်ရှိများက ဂြိုဟ်အဆင့် နိယာမများကို နားလည်သဘောပေါက်ခြင်းနှင့် ပတ်သက်၍မူ ယင်းက မကြားစဖူး အရာတစ်ခုပင်။
အနည်းဆုံး ထိုကဲ့သို့သော အခြေအနေမျိုးက ဘီမွန်နတ်နန်း၏ သမိုင်းတစ်လျှောက် တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးချေ။ တစ်ချိန်က ပါရမီရှိခဲ့ဖူးသော မျိုးစေ့တပည့်အချို့ပင်လျှင် လင်းဖုန်း လုပ်ဆောင်ခဲ့သကဲ့သို့ ဂြိုဟ်အဆင့် သက်ရှိတစ်ယောက် မဖြစ်လာမီ ဂြိုဟ်အဆင့် နိယာမတစ်ခုကို နားလည်သဘောပေါက်ဖူးခြင်း မရှိခဲ့ကြချေ။
"သူတို့က ဒါကို ကိစ္စကြီးတစ်ခုလို သဘောထားနေကြတာပဲ။ လောင်ဘီသမ်… သမိုင်းမှာ နိယာမမျှော်စင်ရဲ့ ဒုတိယမြောက်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့လူတွေ အများကြီး ရှိခဲ့တယ် မဟုတ်လား" လင်းဖုန်းက လောင်ဘီသမ်ကို မေးလိုက်သည်။
"သခင်… သမိုင်းမှာ နိယာမမျှော်စင်ရဲ့ ဒုတိယမြောက်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့သူတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ သခင်ကတော့ ဂြိုဟ်အဆင့်သက်ရှိ ဖြစ်မလာခင်မှာ ဒုတိယအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ တစ်ဦးတည်းသောသူ ဖြစ်ပါတယ်"
"အော်…ဒီလိုကိုး"
လင်းဖုန်း နောက်ဆုံးတွင် ဤလူများ အဘယ်ကြောင့် ဤမျှအထိ အံ့အားသင့်နေကြသည်ကို နားလည်သွားသည်။ သူက မတော်တဆ စံချိန်တစ်ခု တင်လိုက်ခြင်းဖြစ်၏။ ယင်းကို မည်သူကမျှ ထပ်မံ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ကြောင်း သိသာလှသည်။
အကယ်၍ ဤလူများသာ သူ ဂြိုဟ်အဆင့် နိယာမနှစ်ခုကို နားလည်သဘောပေါက်ထားပြီး တတိယမြောက် နိယာမဖြစ်သော ဟင်းလင်းပြင်နိယာမကိုပင် နားလည်သဘောပေါက်ရန် ကြိုးပမ်းနေကြောင်း သိရှိသွားပါက သူတို့ မည်မျှအထိတိုင် အံ့အားသင့်သွားကြမည်ကို မသိနိုင်ချေ။
သို့သော်လည်း ဤသည်က လင်းဖုန်းအား ဂြိုဟ်အဆင့် နိယာမများကို နားလည်သဘောပေါက်ရန် မည်မျှ ခက်ခဲကြောင်းကိုလည်း သိရှိစေခဲ့သည်။ ဘီမွန်နတ်နန်း၏ အလယ်ပိုင်းနယ်မြေရှိ ကုဋေကုဋာမကသော ဂြိုဟ်များထဲမှ ထူးချွန်ထက်မြက်သူများထဲမှ ရွေးချယ်ထားသော ပါရမီရှင်များပင် ဂြိုဟ်အဆင့် နိယာမများကို နားလည်သဘောပေါက်ထားခြင်း မရှိကြချေ၊ ဂြိုဟ်အဆင့် နိယာမနှစ်ခုကို နားလည်သဘောပေါက်ရန် ဆိုသည်ကမူ ပြောနေစရာပင် မလိုတော့ချေ။
လင်းဖုန်းတွင် မသဲမကွဲ ခံစားချက်တစ်ခု ရှိနေခဲ့၏။ သူ ဖျက်ဆီးခြင်းနိယာမနှင့် ဖျက်ဆီးခြင်းလှံတံကို ဖုံးကွယ်ထားနိုင်သည်။ ယင်းတို့က သူ၏ ဝှက်ဖဲများဖြစ်ကြပြီး အရေးကြီးသော အခိုက်အတန့်များတွင် ကြီးကြီးမားမား အသုံးဝင်လာနိုင်သည်။
သူ လူအများရှေ့တွင် ဒီရေလှိုင်းနိယာမကိုသာ ပြသရန် လိုအပ်သည်။
မီနိုယန် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး လင်းဖုန်းကို စူးစိုက်ကြည့်လိုက်သည်။ သူ မည်သို့ပင် ကြည့်ရှုပါစေ လင်းဖုန်းက ဂြိုဟ်အဆင့်နိယာမကို နားလည်သဘောပေါက်နိုင်မည့်သူတစ်ဦးနှင့် လုံးဝ မတူချေ။ နိယာမမျှော်စင်တွင် တစ်ခုခု မှားယွင်းနေခြင်း ဖြစ်နိုင်သည်ဟုပင် သူ သံသယဝင်မိသည်။
လက်တွေ့တွင် နိယာမမျှော်စင်၌ အမှားအယွင်းများ ဖြစ်ပေါ်လာရန် လုံးဝနီးပါး မဖြစ်နိုင်ချေ။ နိယာမမျှော်စင်ကို ကြီးမြတ်လှသော နတ်ဘုရားဘုရင်ကိုယ်တိုင် စောင့်ကြည့်နေခြင်း ဖြစ်သည်ဟု ပြောစမှတ်ပြုကြသည်။ ထို့ကြောင့် အမှားအယွင်း တစ်ခုခု မည်သို့ ရှိနိုင်မည်နည်း။
ဝှစ်
ထိုအချိန်တွင် နိယာမမျှော်စင်၏ အပြင်ဘက်၌ လူရိပ်တချို့ ပေါ်ထွက်လာသည်။
"ဒီလူတွေက… အထက်ပိုင်းနယ်မြေဆီကို လမ်းညွှန်ခေါ်ဆောင်ပေးသူတွေလား"
"တစ်ယောက်ယောက် ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာတာများလား"
"ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာတယ်လို့တော့ ငါ မကြားမိပါဘူး။ ဒါပေမဲ့ အထက်ပိုင်းနယ်မြေဆီကို လမ်းညွှန်ခေါ်ဆောင်သူတွေက ဘယ်သူ့ကိုများ အထက်ပိုင်းနယ်မြေဆီ ခေါ်သွားဖို့ ရောက်လာကြတာလဲ"
ဤလူရိပ်များအားလုံးက အထက်ပိုင်းနယ်မြေဆီသို့ လမ်းညွှန်ခေါ်ဆောင်ပေးသူများ ဖြစ်ကြသည်ကို မြင်တွေ့လိုက်ရသဖြင့် လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။
ယင်းက အထက်ပိုင်းနယ်မြေ ဖြစ်စ။ တစ်စုံတစ်ယောက်က အထက်ပိုင်းနယ်မြေသို့ ဝင်ရောက်သွားသည်နှင့် သူတို့က ဘီမွန်နတ်နန်း၏ အမာခံ တပည့်တစ်ယောက် ဖြစ်လာမည် ဖြစ်သည်။ သူတို့ ဘီမွန်အရှင်မြတ်ကိုယ်တိုင်၏ လက်ခံတွေ့ဆုံမှုကိုပင် ခံရမည်ဖြစ်ပြီး ထိုအချိန်မှစ၍ သူ၏ အာရုံစိုက်မှုကို ရရှိမည် ဖြစ်သည်။
အထက်ပိုင်းနယ်မြေ၏ တပည့်တိုင်းက နယ်ပယ်တစ်ခုကို စိုးမိုးထားသော အရှင်သခင်များ ဖြစ်ကြသည်။ သူတို့၏ အုပ်စုအဖွဲ့က ကြီးကျယ်လှသော ယဉ်ကျေးမှုတစ်ခု၏ ခေါင်းဆောင်နှင့် နှိုင်းယှဉ်နိုင်ပေလိမ့်မည်။
ထို့ကြောင့် အောက်ပိုင်းနယ်မြေ၌ဖြစ်စေ၊ အလယ်ပိုင်းမနယ်မြေ၌ဖြစ်စေ လူတိုင်းနီးပါး၏ အန္တိမပန်းတိုင်က အထက်ပိုင်းနယ်မြေသို့ တက်လှမ်းနိုင်ရန်ပင်။
သို့သော်လည်း ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာသူများသာလျှင် အထက်ပိုင်းနယ်မြေသို့ တက်လှမ်းရန် အရည်အချင်း ပြည့်မီကြသည်။
အလယ်ပိုင်းနယ်မြေရှိ လူအများမှာ ဤပန်းတိုင်အတွက် တိုက်ပွဲဝင်နေကြပြီး သူတို့ထဲမှ ၈၀ ရာခိုင်နှုန်းကျော်က အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ်ပြီးမြောက်ထားကြသော်လည်း လက်တွေ့တွင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ခြောက်ကြိမ်ပြီးမြောက်ကယ ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာနိုင်သူ အရေအတွက်က လက်တစ်ဆုပ်စာမျှသာ ရှိနိုင်သည်။ နှစ်ပေါင်းတစ်ထောင်အတွင်း ဂြိုဟ်အဆင့် သက်ရှိတစ်ခု ဖြစ်လာနိုင်သူ တစ်ယောက်ပင် ရှိချင်မှရှိလိမ့်မည်။
"အရှင်ငယ် လင်းဖုန်း… ဘီမွန်အရှင်မြတ်ရဲ့ အမိန့်တော်အရ အရှင်ငယ်က ဂြိုဟ်အဆင့် နိယာမတွေကို နားလည်သဘောပေါက်ထားတဲ့အတွက် အဲ့ဒါက အရှင်ငယ်ကို ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်နှင့် ညီမျှစေပါတယ်။ အရှင်ငယ်အနေနဲ့ အထက်ပိုင်းနယ်မြေဆီကို တက်လှမ်းနိုင်ပါပြီ။ ကျွန်တော်တို့က လမ်းညွှန်ခေါ်ဆောင်သူတွေ ဖြစ်ပါတယ်။ အရှင်ငယ် လင်းဖုန်း… ကျေးဇူးပြုပြီး သုံးရက်အတွင်းမှာ အရှင်ငယ်ရဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး ပြင်ဆင်ထားပေးပါခင်ဗျ။ အရှင်ငယ် အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ကျွန်တော်တို့ အရှင့်ကို အထက်ပိုင်းနယ်မြေဆီ တက်လှမ်းနိုင်ဖို့အတွက် လမ်းညွှန်ခေါ်ဆောင်ပေသွားပါမယ်"
ဝုန်း
လမ်းညွှန်ခေါ်ဆောင်သူ စကားဆုံးသည်နှင့် တပြိုင်နက် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး လင်းဖုန်းကို အံ့အားသင့်တုန်လှုပ်စွာဖြင့် စူးစိုက်ကြည့်လိုက်ကြတော့သည်။