← Chapters

အခန်း ၄၀၆

Vol. 36 Ch. 406

အခန်း ၄၀၆

Vol. 36 Ch. 406

ထာဝရသိုင်းတာအိုအရှင်

အခန်း (၄၀၆) - အထက်ပိုင်းနယ်မြေသို့ တိုးမြှင့်ခံရခြင်း

ဘာသာပြန် - အားသစ်

"ကျွန်တော်လား… အထက်ပိုင်းနယ်မြေကိုလား"

လင်းဖုန်း အနည်းငယ် ဆွံ့အသွားသည်။ သူ အလယ်ပိုင်းနယ်မြေသို့ ရောက်လာခဲ့သည်မှာ လအနည်းငယ်မျှသာ ရှိသေးသည်။ သို့သော်လည်း ယခုအခါတွင် အထက်ပိုင်းနယ်မြေသို့ ဝင်ရောက်နိုင်နေလေပြီ။ ဂြိုဟ်အဆင့် သက်ရှိများသာ အထက်ပိုင်းနယ်မြေသို့ တက်လှမ်းနိုင်သည်။ ယင်းက အမြဲတမ်းအတွက် ပုံသေစည်းမျဉ်း ဖြစ်ခဲ့သည် မဟုတ်ပါလော။

"မှန်ပါတယ် အရှင်ငယ်။ ဒါက အရှင်မြတ်ဘီမွန်ကိုယ်တိုင် ထုတ်ပြန်လိုက်တဲ့ အမိန့်တော် ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အရှင့်ကို သုံးရက်အတွင်းမှာ အထက်ပိုင်းနယ်မြေဆီ လမ်းညွှန်ခေါ်ဆောင်သွားမှာပါ"

ထိုသို့ပြောပြီးနောက် လမ်းညွှန်ခေါ်ဆောင်သူများ ထွက်ခွာသွားကြသည်။

ဤဖြစ်ရပ် ဖြစ်ပွားပြီးနောက် လူတိုင်း လင်းဖုန်းကို ခြားနားသော အကြည့်များဖြင့် ကြည့်နေကြတော့သည်။ သူတို့သည်ပင် အထက်ပိုင်းနယ်မြေ၏ တပည့်များကို အရှင်ငယ်ဟု တလေးတစား ခေါ်ဝေါ်ကြရမည် ဖြစ်သည်။

အထက်ပိုင်းနယ်မြေ၊ အလယ်ပိုင်းနယ်မြေနှင့် အောက်ပိုင်းနယ်မြေတို့က တင်းတင်းကျပ်ကျပ် ပိုင်းခြားထား၏။ နတ်နန်းအတွင်းရှိ ထိုနယ်မြေသုံးခုအကြားတွင် ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားချက် ရှိနေသည်။

ဤသည်ကား အထက်ပိုင်းနယ်မြေ၏ တပည့်များအတွက် ပို၍ပင် မှန်ကန်လှသည်။ သူတို့၏ အဆင့်အတန်းက အလယ်ပိုင်းနှင့် အောက်ပိုင်းနယ်မြေများနှင့် လုံးဝဥဿုံ ကွာခြားလှသည်။ သူတို့က ဘီမွန်နတ်နန်း၏ အဓိက အမာခံအဖွဲ့ဝင်များ ဖြစ်ကြသော အမာခံတပည့်များ ဖြစ်ကြသည်။

"ဒါက မျိုးစေ့တပည့်တစ်ယောက်ရဲ့ ပုံစံပေါ့လေ။ သူ နတ်နန်းဆီကို ပြန်ရောက်လာတာ လအနည်းငယ်လောက်ပဲ ရှိသေးတယ်။ အခုတော့ အထက်ပိုင်းနယ်မြေဆီ ရာထူးတိုးမြှင့်ခံရပြီပေါ့"

"နတ်နန်းဆီ ပြန်လာကြတဲ့ မျိုးစေ့တပည့်တွေ အကုန်လုံးက ထူးခြားကြတယ်လို့ ငါ ကြားဖူးတာ ကြာပါပြီ။ အခု ကြည့်ရတာ အဲဒါက တကယ်ပဲကိုး။ ဒီလင်းဖုန်းက ဂြိုဟ်အဆင့်သက်ရှိ ဖြစ်မလာသေးဘူး။ ဒါပေမဲ့ သူ့ရဲ့ နိယာမတွေအပေါ် နားလည်နိုင်စွမ်း ပါရမီကတော့ တကယ်ကို ကြောက်စရာကောင်းလွန်းတယ်"

"ဟုတ်တယ်။ သူက နိယာမကို ဂြိုဟ်အဆင့်အထိ တကယ်ကြီး နားလည်ထားတာပဲ။ ဒါက ဘယ်လို ပါရမီမျိုးလဲ။ ဂြိုဟ်အဆင့် သက်ရှိတွေတောင် ဂြိုဟ်အဆင့်နိယာမကို နားလည်သဘောပေါက်နိုင်စွမ်း မရှိကြဘူး"

"ဂြိုဟ်အဆင့် နိယာမတွေကို အားကိုးပြီးတော့ လင်းဖုန်းက ဘယ်ဂြိုဟ်အဆင့် သက်ရှိထက်မဆို လုံးဝ နိမ့်ကျမနေလောက်ဘူး။ သူ အထက်ပိုင်းနယ်မြေကို တက်လှမ်းနိုင်တာက သဘာဝကျပါတယ်။ မီနိုယန်ကတော့ တကယ့် လူပြက်တစ်ယောက်ပါပဲ။ သူက လင်းဖုန်းလို ထိပ်တန်း ပါရမီရှင်တစ်ယောက်ကို တကယ်ပဲ လှောင်ပြောင်ရဲတယ်လား"

"မီနိုယန် ဘယ်မှာလဲ။ ဟားဟားဟား… သူ ဒီမှာ ဆက်နေဖို့ တကယ် မျက်နှာမရှိတော့ဘူး ထင်တယ်"

လက်တွေ့တွင် မီနိုယန်တစ်ယောက် တိတ်တဆိတ် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ သူ ဤနေရာတွင် ဆက်နေရန် မျက်နှာမရှိတော့ချေ။ လင်းဖုန်းအနေဖြင့် သူ့အပေါ် ရန်ငြိုးမထားရန်သာ ဆုတောင်းနေရတော့သည်။ သမဟုတ်ပါက အထက်ပိုင်းနယ်မြေ၏ တပည့်တစ်ယောက်အနေဖြင့် ကိုယ်တိုင် တိုက်ခိုက်ရန်ပင် မလိုပေ။ စိတ်ဆန္ဒ အနည်းငယ် ပြလိုက်ရုံဖြင့် အလယ်ပိုင်းနယ်မြေရှိ မရေမတွက်နိုင်သော လူများက သူ့အတွက် အလုပ်အကျွေး ပြုကြမည်သာ ဖြစ်သည်။

ထိုအချိန်ကျလျှင် မီနိုယန်အတွက် များစွာ ခက်ခဲသွားပေလိမ့်မည်။

လင်းဖုန်းလည်း ထိုနေရာတွင် ကြာကြာ မနေခဲ့ချေ။ သူ လောင်ဘီသမ်နှင့်အတူ အလျင်အမြန် ထွက်ခွာသွားသည်။

နေအိမ်သို့ ပြန်ရောက်ပြီးနောက် လောင်ဘီသမ်မှာ သိသိသာသာပင် စိတ်လှုပ်ရှားမှုများထဲ၌ နစ်မြုပ်နေဆဲ ဖြစ်သည်။ လင်းဖုန်းက ပြုံးကာ စကားဆိုလိုက်သည်။

"လောင်ဘီသမ်… ငါ့ရဲ့ နိယာမတွေအပေါ် နားလည်မှုက ဂြိုဟ်အဆင့်ကို ရောက်နေပြီဆိုတာ မင်း အရင်ကတည်းက သိထားတာပဲ။ စိတ်လှုပ်ရှားစရာ ဘာရှိလို့လဲ"

"သခင်… ကျွန်တော် အရင်တုန်းက အမိုက်မှောင် ဖုံးနေခဲ့တာပါ။ သခင်ရဲ့ နိယာမတွေအပေါ် ပါရမီက ဒီလောက်အထိ ထူးချွန်ထက်မြက်လိမ့်မယ်လို့ ကျွန်တော် မသိခဲ့ပါဘူး"

လောင်ဘီသမ် အတိတ်ကာလက သူ့၌ နားလည်မှု လိုအပ်ချက်များ ရှိခဲ့ကြောင်း ဝန်ခံရမည်။ သူ နိယာမများအကြောင်း သိရှိထားပြီး နိယာမများက အလွန်တရာ ခက်ခဲပုံရကြောင်း သိထားသော်လည်း ယင်းတို့၏ ခက်ခဲမှု အဆင့်အတန်းကိုမူ သူ နားမလည်ခဲ့ချေ။

အဆုံးတွင် အတိတ်ကာလ၌ သူက ဘီမွန်ဂြိုဟ်ပေါ်ရှိ အလွန်တရာ သာမန်ဖြစ်သော စက်မှုသက်ရှိတစ်ခုသာ ဖြစ်ခဲ့သည်။ သူ အောက်ပိုင်းနယ်မြေသို့ပင် တစ်ခါမှ မရောက်ဖူးခဲ့ချေ။ စကြဝဠာ၏ အနက်ရှိုင်းဆုံးနေရာသို့ အမွေအနှစ်ကို သယ်ဆောင်သွားရန် နတ်နန်း၏ ရွေးချယ်ခြင်းကို ခံရလောက်အောင် သူ ကံကောင်းခဲ့ခြင်းသာ ဖြစ်သည်။

နိယာမများကို နားလည်သဘောပေါက်ရန် မည်မျှ ခက်ခဲကြောင်း သူ တိတိကျကျ မသိခဲ့ချေ၊ ဂြိုဟ်အဆင့် နိယာမများကို နားလည်သဘောပေါက်ခြင်းက ဘာကို ဆိုလိုကြောင်း ဆိုသည်ကိုမူ ပို၍ပင် မသိခဲ့ချေ။

ယခုအခါတွင်မူ သူ ဂြိုဟ်အဆင့် နိယာမများ၏ အဓိပ္ပာယ်ကို နောက်ဆုံး၌ နားလည်သွားခဲ့လေပြီ။ ယင်းက အစစ်အမှန် ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်၏ အဆင့်အတန်းထက် လုံးဝ နိမ့်ကျမနေပေ။ အထက်ပိုင်းနယ်မြေသို့ပင် တိုက်ရိုက် ရာထူးတိုးမြှင့်ခံရစေနိုင်သည်။

တကယ်တန်းတွင် လင်းဖုန်းသည်လည်း အတွင်းစိတ်၌ အလွန်တရာ အံ့အားသင့်နေခဲ့ရသည်။ သူ အပြင်ပန်းတွင် ဂရုမစိုက်ဟန် ရှိနေခဲ့သော်လည်း အတွင်းစိတ်ထဲ၌မူ သူ သတိထားနေခဲ့သည်။

နိယာမများကို နားလည်သဘောပေါက်ရန်က အခြားသက်ရှိများအတွက် အလွန်တရာ ခက်ခဲလှသော်လည်း သူ့တွင် အထွတ်အမြတ်ကျိန်စာကျောက် ရှိနေခဲ့သည်။ နိယာမများက သူ့အတွက်လည်း အတော်အတန် ခက်ခဲလှသော်လည်း မျှော်လင့်ချက်မဲ့လောက်အောင် ခက်ခဲခြင်းမျိုးတော့ မဟုတ်ချေ။

သူ ရှေ့ဆက်ရမည့် လမ်းကြောင်းကိုပင် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပြီး ဆက်လက် တိုးတက်နေနိုင်သည်။

အထွတ်အမြတ်ကျိန်စာကျောက်၏ အံ့ဩစရာ လက္ခဏာရပ်က ဂလက်ဆီအဆင့် သက်ရှိများ၏ နားလည်မှုကိုပင် ကျော်လွန်နေသည်။ အနည်းဆုံး ကြီးမြတ်လှသော ဂလက်ဆီအဆင့် မဟာသက်ရှိများစွာပင်လျှင် နိယာမများအပေါ် စေ့စေ့စပ်စပ် နားလည်သဘောပေါက်မှု ချို့တဲ့နေကြဆဲပင်။

ထို့ကြောင့် သူ အထွတ်အမြတ်ကျိန်စာကျောက်အကြောင်းကို မည်သူ့ကိုမျှ အသိပေး၍ မဖြစ်ချေ။ ဤသည်ကား လင်းဖုန်း၏ အကြီးမားဆုံး လျှို့ဝှက်ချက်အဖြစ် ရှိနေရမည် ဖြစ်သည်။

ယခုအခါ လင်းဖုန်း ဟင်းလင်းပြင်နိယာမကို နားလည်သဘောပေါက်ရန် ကြိုးပမ်းနေခဲ့သည်။ အနာဂါတ်တွင် သူ ဟင်းလင်းပြင်နိယာမကို လွယ်လင့်တကူ မဖော်ပြမိစေရန်အတွက် ဂရုစိုက်ရပေမည်။

သုံးရက်တာ အချိန်ကာလက မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားသည်။ ဤသုံးရက်အတွင်း လင်းဖုန်း၏ နိယာမအပေါ် နားလည်သဘောပေါက်မှုက ဂြိုဟ်အဆင့်သို့ ရောက်ရှိနေသည့် သတင်းက အလယ်ပိုင်းနယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

လင်းဖုန်း အထက်ပိုင်းနယ်မြေသို့ ရာထူးတိုးခံရခြင်းက မရေမတွက်နိုင်သော လူများကိာ မနာလိုအားကျ ဖြစ်စေခဲ့၏။

ထိုအချိန်တွင်မှသာ လူအများက သူတို့ ဂြိုဟ်အဆင့် နိယာမများကို နားလည်သဘောပေါက်နိုင်ပါက အထက်ပိုင်းဇုန်သို့ တက်လှမ်းနိုင်ကြောင်း သိရှိသွားကြတော့သည်။ လူပေါင်းများစွာသည်ပင် နိယာမများကို နားလည်သဘောပေါက်နိုင်ရန် လျှို့ဝှက်စွာ ဆုံးဖြတ်ချက် ချလိုက်ကြသေးသည်။

သို့သော်လည်း လက်တွေ့ စမ်းသပ်ကြည့်ပြီးနောက်တွင်မူ သူတို့၌ နိယာမနှင့်ပတ်သတ်သည့် မည်သည့် သဲလွန်စမျှ မရှိခဲ့ချေ။ ထိုအခါမှသာ နိယာမများကို နားလည်သဘောပေါက်ရန်က မည်မျှအထိ ခက်ခဲလှကြောင်း သူတို့ နားလည်သွားကြတော့သည်။

လင်းဖုန်းအတွက် ပြင်ဆင်စရာ အများကြီး မရှိခဲ့ချေ။ လမ်းညွှန်ခေါ်ဆောင်သူများ ထပ်မံ ရောက်ရှိလာပြီးနောက်တွင် လင်းဖုန်း လောင်ဘီသမ်ကို ခေါ်ဆောင်ကာ ပစ္စည်းအနည်းငယ်ကို ယူဆောင်လျက် အထက်ပိုင်းနယ်မြေသို့ တက်လှမ်းသွားသည်။

"အင်း… အထက်ပိုင်းနယ်မြေက တကယ်ကို ထူးခြားတာပဲ"

လင်းဖုန်း အထက်ပိုင်းနယ်မြေသို့ တက်လှမ်းရောက်ရှိလာသည်။ သူ မြင်တွေ့လိုက်ရသည်မှာ ကျယ်ပြောလှသော ဂြိုဟ်ကြီးတစ်လုံး ဖြစ်၏။ သူသည် ကြီးမားလှသော ဂြိုဟ်များ၊ ကြယ်တာရာများနှင့် ကြောက်မက်ဖွယ်ရာ တွင်းနက်ကြီးများကိုပင် မြင်တွေ့နေရသည်။

ဤအထက်ပိုင်းနယ်မြေက စကြဝဠာထဲတွင် မျောလွင့်နေသော အခြားဟင်းလင်းပြင်တစ်ခု ဖြစ်ပုံရသည်။

"အရှင်ငယ်… ဒါကို ထူးဆန်းတယ်လို့ ထင်နေတာလား။ တကယ်တော့ အထက်ပိုင်းနယ်မြေက အလယ်ပိုင်းနဲ့ အောက်ပိုင်းနယ်မြေတွေနဲ့ အခြေခံအားဖြင့် ကွာခြားပါတယ်။ အထက်ပိုင်းနယ်မြေက ဘီမွန်ဂြိုဟ်ပေါ်မှာ ရှိနေတာ မဟုတ်ပါဘူး။ စကြဝဠာထဲမှာ ရှိနေတာပါ"

"စကြဝဠာထဲမှာလား"

လင်းဖုန်း အလွန်တရာ အံ့အားသင့်သွားသည်။ အထက်ပိုင်းနယ်မြေက စကြဝဠာထဲတွင် တည်ရှိနေခြင်းလော။ သူ အဘယ်ကြောင့် မည်သည့်အရာကိုမျှ မခံစားရသနည်း။

"အရှင်ငယ်… အဲ့ဒီဂြိုဟ်တွေနဲ့ ကြယ်တာရာတွေကို မြင်ရလား။ တကယ်လို့ ကျွန်တော်တို့က စကြဝဠာထဲမှာ ရှိမနေဘူးဆိုရင် အဲ့ဒီဂြိုဟ်တွေကို ဘယ်လိုလုပ် မြင်နိုင်ပါ့မလဲ။ ဒါတွေအကုန်လုံးက ဘီမွန်အရှင်မြတ်ကိုယ်တိုင် ဖန်တီးထားတာ ဖြစ်ပါတယ်။ စကြဝဠာထဲမှာ ရှိနေမှသာ စကြဝဠာထဲက နိယာမအမျိုးမျိုးကို ခံစားသိရှိနိုင်မှာဖြစ်ပြီးတော့ နိယာမတွေရဲ့ အစစ်အမှန် အဓိပ္ပာယ်ကို နားလည်နိုင်မှာပါ။ ဒီလိုနဲ့ နိယာမအမျိုးမျိုးကို ပိုပြီးတော့ လွယ်လွယ်ကူကူ နားလည်သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်"

လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ နတ်ဘုရားဘုရင်ဘီမွန်က နိယာမများကို အလွန်တရာ အလေးထားကြောင်း သူ မြင်တွေ့နိုင်ပေသည်။ သို့ဆိုလျှင် လင်းဖုန်းအနေဖြင့် ဂြိုဟ်အဆင့် နိယာမများကို နားလည်သဘောပေါက်ပြီးနောက် အထက်ပိုင်းနယ်မြေသို့ အဘယ်ကြောင့် တက်လှမ်းနိုင်ခဲ့သည်ကို နားလည်ရန် မခက်တော့ချေ။

"အရှင်ငယ်… ဒါကတော့ အရှင့်ရဲ့ နေအိမ် ဖြစ်ပါတယ်။ အရှင်ငယ်ရဲ့ နောက်လိုက်အနေနဲ့ အထက်ပိုင်းနယ်မြေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အားလုံးကို ဒေါင်းလုဒ် ရယူနိုင်ပါတယ်။ ယခုတော့ အရှင်ငယ်… ကျေးဇူးပြုပြီး ကျွန်တော်နဲ့အတူ ကြီးမြတ်လှတဲ့ ဘီမွန်အရှင်မြတ်ဆီကို သွားရောက်တွေ့ဆုံဖို့ လိုက်ခဲ့ပေးပါ"

"နတ်ဘုရားဘုရင်ဘီမွန်ကို တွေ့ရမှာလား"

လင်းဖုန်း၏ နှလုံးခုန်သံ အနည်းငယ် မြန်ဆန်သွားသည်။ နတ်ဘုရားဘုရင်ဘီမွန်က ကြီးမြတ်လှသော ဂလက်ဆီအဆင့် မဟာသက်ရှိ မဟုတ်ပါလော။

"မှန်ပါတယ်။ အထက်ပိုင်းနယ်မြေဆီကို ရာထူးတိုးခံရတာနဲ့ ဘီမွန်အရှင်မြတ်ရဲ့ လက်ရင်းတပည့် ဖြစ်လာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အရှင်မြတ်ကိုယ်တိုင် စိုက်ပျိုးပျိုးထောင်ခဲ့တဲ့ မျိုးစေ့တပည့်တစ်ဦးအတွက် ကျောင်းအရှင်မြတ်က အရှင့်ကို သဘာဝကျကျပဲ ဆင့်ခေါ်မှာ ဖြစ်ပါတယ်။ နတ်နန်းဆီကို ပြန်လာနိုင်ပြီး အထက်ပိုင်းနယ်မြေဆီအထိပါ တက်လှမ်းနိုင်တဲ့သူကို ဘီမွန်အရှင်မြတ်က အရမ်း တန်ဖိုးထားပါတယ်"

လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ သူလည်း ကြီးမြတ်လှသော နတ်ဘုရားဘုရင်ကြီးကို တွေ့ဆုံလိုပြီး ဂလက်ဆီအဆင့် သက်ရှိများက မည်မျှအထိ အားကောင်းကြသည်ကို မြင်တွေ့လိုစိတ် ရှိနေသည်။

လောင်ဘီသမ်ကို အထက်ပိုင်းနယ်မြေရှိ လင်းဖုန်း၏ နေအိမ်သို့ ခေါ်ဆောင်သွားပြီး လင်းဖုန်းကမူ လမ်းညွှန်ခေါ်ဆောင်သူများ နောက်သို့လိုက်ကာ ရှေ့တူရူသို့ ဆက်လက် ပျံသန်းသွားသည်။

ဝှစ်...

သူတို့နှစ်ဦး နတ်ဘုရားဘုရင်၏ နန်းတော်အတွင်းသို့ ပျံသန်းဝင်ရောက်သွားချိန်တွင် လမ်းညွှန်ခေါ်ဆောင်သူများ ရပ်တန့်သွားကြသည်။ လင်းဖုန်း တံခါးကြီးကို တွန်းဖွင့်ကာ မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ အတွင်းသို့ လျှောက်လှမ်း ဝင်ရောက်သွားသည်။

လင်းဖုန်းတစ်ယောက် တံခါးကို ဖြတ်ကျော်ဝင်ရောက်သွားပြီးနောက် အတွင်း၌ ကြီးမားလှသော ခန်းမဆောင်ကြီးတစ်ခု ရှိနေကြောင်း သူ သိလိုက်၏။ သို့သော်လည်း အတွင်းရှိ အပြင်အဆင်များက အလွန်တရာ ရိုးရှင်းလှပြီး ဗလာကျင်းနေသလိုပင် ထင်မှတ်ရသည်။

ထိုခန်းမဆောင်အတွင်း၌ ဝတ်ရုံဖြူဝတ်ဆင်ထားသော လူရိပ်တစ်ခု မတ်တပ်ရပ်နေသည်ကို လင်းဖုန်း သတိပြုမိလိုက်သည်။

ဒါ နတ်ဘုရားဘုရင်ဘီမွန် ဖြစ်နိုင်မလား။

"ဘီမွန်အရှင်မြတ်ခင်ဗျာ"

လင်းဖုန်း အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး ရိုသေလေးစားစွာဖြင့် ခေါ်ဝေါ်လိုက်သည်။

ထိုဝတ်ရုံဖြူနှင့် လူရိပ်က မလှုပ်မယှက် ရှိနေပုံရသည်။ အချိန်အတော်ကြာပြီးနောက်မှသာ သူ ဖြည်းဖြည်းချင်း လှည့်ကြည့်လာတော့သည်။

All Chapters