အခန်း ၂၀၁
Vol. 21 Ch. 201
အခန်း (၂၀၁) နံပါတ် ၄၀၄ ဘတ်စ်ကား
ကျန်းယဲ့က ကားတံခါးနားတွင် ရပ်ကာ “အားလုံး ဆင်းပြီး စုကြပါ”
ခရီးသည်များ တစ်ယောက်ပြီးတစ်ယောက် ထလာကြပြီး သူတို့၏ တုံ့ပြန်မှုများမှာ အမျိုးမျိုးကွဲပြားနေ၏။
တချို့က ကားတံခါးဆီသို့ ကြောက်ရွံ့တုံ့ဆိုင်းစွာ လျှောက်သွားကြသည်။ တချို့ကမူ တစ်လှမ်းတည်းနှင့် ပြေးဆင်းသွားကြပြီး မြေပြင်ပေါ်သို့ ခြေချမိသည်နှင့် စိတ်လှုပ်ရှားစွာ ခြေဆောင့်နေကြ၏။
တာအိုဘုန်းကြီးငယ် ရွှမ်ချင်းကမူ သူ၏ ဝတ်ရုံကို သပ်ရပ်အောင်ပြင်ကာ တည်ငြိမ်စွာ ဆင်းလာသော်လည်း သူ၏ မျက်လုံးများကမူ ပြင်းပြသော မျှော်လင့်ချက်များဖြင့် တောက်ပနေချေသည်။
နောက်ဆုံးလူ ကားပေါ်မှ ဆင်းလိုက်ချိန်မှာပင် နောက်ကျောဘက်မှ စူးရှသော ‘ကျွီ’ ဆိုသည့် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
လူတိုင်းက ရုတ်တရက် လှည့်ကြည့်လိုက်ရာ မီးခိုးရောင် မြူခိုးများကို ဖောက်ထွင်းပြီး သူတို့ဆီသို့ တိုက်ရိုက် ထိုးကျလာသော ဖြူဖျော့ဖျော့ ကားရှေ့မီးရောင်ကို မြင်လိုက်ရလေသည်။
ထိုအလင်းရောင်မှာ အေးစက်နေပြီး လူ့လောကရှိ မည်သည့် မီးရောင်နှင့်မျှ မတူဘဲ ကျောက်ပြားခင်းလမ်းပေါ်တွင် ရှည်လျားပြီး ပုံပျက်ပန်းပျက် အရိပ်များကို ထင်ဟပ်နေစေခဲ့သည်။
ရှေးဟောင်းပုံစံ ဘတ်စ်ကားတစ်စီးက တဖြည်းဖြည်း မောင်းနှင်လာပြီး ကားရှေ့ပိုင်းတွင် နိမိတ်မကောင်းသော ၄၀၄ ဆိုသည့် ဆိုင်းဘုတ်ကို ပြသထားသည်။
ကားကိုယ်ထည်ပေါ်ရှိ အပြာရောင်ဆေးများမှာ ကြာမြင့်စွာကတည်းက ကွာကျနေပြီး အောက်ဘက်ရှိ ဝါကြင့်ကြင့် သံပြားများကို မြင်နေရ၏။ ပြတင်းပေါက် မှန်များမှာ ပင့်ကူအိမ်သဖွယ် အက်ကွဲကြောင်းများ ဖုံးလွှမ်းနေသော်လည်း ထူးဆန်းသည်မှာ ၎င်းတို့က ကားအတွင်းပိုင်း မြင်ကွင်းကို လုံးဝ ထင်ဟပ်မပြနိုင်ခြင်းပင်။
ကားနီးကပ်လာသည်နှင့်အမျှ လေထုထဲတွင် စိုထိုင်းနေသော အပုပ်နံ့တစ်ခု ပြည့်နှက်လာခဲ့သည်။
ကျန်းယဲ့နှင့် သူ၏အဖွဲ့က ထိုထူးဆန်းသော ဘတ်စ်ကားကို အကဲခတ်နေစဉ် သူတို့ကို ခေါ်ဆောင်လာသော အချိန်ခရီးသွား ဘတ်စ်ကားကြီးမှာ ပူဖောင်းတစ်ခုလို တဖြည်းဖြည်း မှေးမှိန်သွားပြီး နောက်ဆုံးတွင် မြူများဖုံးလွှမ်းနေသော လေထုထဲသို့ လုံးဝ ပျောက်ကွယ်သွားတော့၏။
တစ်ချိန်တည်းမှာပင် သံချေးတက်နေသော နံပါတ် ၄၀၄ ဘတ်စ်ကားမှာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အက်ကွဲနေသော ပြတင်းပေါက်များမှတစ်ဆင့် အတွင်းတွင် ထိုင်နေသော ခရီးသည် ဆယ်ယောက်ကျော်ကို မြင်တွေ့နိုင်ပေသည်။
တည်ကြည်သော မျက်နှာအမူအရာများ ရှိနေသည့် လူငယ်အမျိုးသား အမျိုးသမီး ဆယ်ယောက်မှာ ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားပြီး သူတို့၏ သူငယ်အိမ်များ ရုတ်ခြည်း ကျဉ်းမြောင်းသွားကာ အသစ်စက်စက် ခရီးသွား ဘတ်စ်ကားကြီး လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရချိန်တွင် သူတို့၏ စိတ်ထဲ၌ မေးခွန်းတစ်ခု ပေါ်လာရသည်။
‘လမ်းကြောင်းသစ် တစ်ခု ဖွင့်လိုက်တာလား...’
ပုံမှန်လူငယ် ဆယ်ယောက်၏ ကြောက်ရွံ့နေသော အခြေအနေနှင့် ဆန့်ကျင်ဘက်အနေဖြင့် ကားနောက်ခန်းတွင် ထိုင်နေသော ဖြူဖျော့ဖျော့ နာရေးဝတ်စုံများကို ဝတ်ဆင်ထားသည့် ခရီးသည်နှစ်ယောက်မှာ ဘတ်စ်ကားက ခရီးသွားကားကြီးနှင့် နီးကပ်လာသည်နှင့်အမျှ ထိုင်ခုံများပေါ်သို့ နောက်တွန့်သွားကြပြီး သူတို့၏ စက္ကူလို ပါးလျနေသော မျက်နှာများပေါ်တွင် ကြောက်ရွံ့မှုများ ပေါ်လွင်နေ၏။
ကားတံခါးဝတွင် တွဲကျနေသော နီရဲသည့် လျှာရှည်ကြီးနှင့် မကောင်းဆိုးဝါးတစ်ကောင်က မိန်းကလေးတစ်ယောက်ဆီသို့ ၎င်း၏ ခြောက်သွေ့နေသော ခြေသည်းလက်သည်းများကို လှမ်းဆန့်နေသော်လည်း ကျန်းယဲ့နှင့် အခြားသူများကို မြင်လိုက်ရသည့်အချိန်တွင် အေးခဲသွားလေသည်။
မဟုတ်ပေ.... ပိုတိတိကျကျ ပြောရလျှင် ခရီးသွား ဘတ်စ်ကားကြီး၏ တည်ရှိမှုကို အာရုံခံမိပြီးနောက် ၎င်းတို့က ရုတ်တရက် ရပ်တန့်သွားကာ နောက်ထပ် မည်သည့် လှုပ်ရှားမှုမျှ မလုပ်ရဲတော့ခြင်း ဖြစ်၏။
သေဘေးမှ သီသီလေး လွတ်မြောက်သွားသော မိန်းကလေးမှာ ခုံပေါ်သို့ ခွေကျသွားပြီး အားအင်ကုန်ခမ်းနေလေသည်။
ဘတ်စ်ကားကြီး ပျောက်ကွယ်သွားပြီးနောက် ၄၀၄ ဘတ်စ်ကားမှာ ကျန်းယဲ့နှင့် သူ၏အဖွဲ့ရှေ့တွင် တဖြည်းဖြည်း ရပ်တန့်သွားချေသည်။
တကျွိကျွိ မြည်သံနှင့်အတူ ကားတံခါးများ ပွင့်လာပြီး တစ်စုံတစ်ခုကို တိတ်တဆိတ် ဖိတ်ခေါ်နေသကဲ့သို့ပင်။
ကားရှေ့ပိုင်းရှိ သံချေးတက်နေသော ၄၀၄ အမှတ်တံဆိပ်မှာ မှိန်ဖျော့သော အလင်းရောင်အောက်တွင် သွေးခြောက်များကဲ့သို့ ထူးဆန်းသော အနီရင့်ရောင်ဖြင့် တောက်ပနေခဲ့သည်။
“မြန်မြန် တက်ကြလေ...” တိုက်ခိုက်မှုမှ သီသီလေး လွတ်မြောက်လာသော မိန်းကလေးက ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို သတိပေးလိုက်၏။ “ဒါက အင်မော်တယ်ရာချီမြို့ကို သွားမယ့် နောက်ဆုံးကားပဲ။ လွတ်သွားရင် မနက်ဖြန်ညအထိ စောင့်ရလိမ့်မယ်”
ကျန်းယဲ့လည်း အသိပေးချက်တစ်ခုကို လက်ခံရရှိလိုက်လေသည်။
အခြားသူများ အားလုံး စိုးရိမ်ပူပန်ပြီး တုံ့ဆိုင်းနေကြချိန်တွင် သူက ဘတ်စ်ကားပေါ်သို့ ပထမဆုံး တက်သွားလိုက်၏။
“အဲဒီမှာ ဒီတိုင်း ရပ်မနေကြနဲ့... ကားပေါ်တက်”
ကျန်သူများမှာ အသိစိတ် ပြန်ဝင်လာပုံရပြီး ကားပေါ်တက်ရန် တန်းစီလိုက်ကြ၏။
ကျန်းယဲ့က ခရီးသည် နှစ်ဆယ်ကို ၄၀၄ ဘတ်စ်ကားပေါ်သို့ ခေါ်ဆောင်သွားရာ မူလက ကျယ်ဝန်းသော ကားအတွင်းခန်းမှာ ရုတ်တရက် ကျပ်ညပ်သွားရသည်။
သတ္တုကြမ်းပြင်မှာ ဝန်ပိသဖြင့် တကျွိကျွိ မြည်နေပြီး ထူးဆန်းသော အပုပ်နံ့နှင့် သွေးညှီနံ့များ ရောနှောကာ လေထုထဲတွင် ပြည့်နှက်လာခဲ့သည်။
တွဲကျနေသော နီရဲသည့် လျှာရှည်ကြီးနှင့် မကောင်းဆိုးဝါးမှာ ကျန်းယဲ့ ကားပေါ်သို့ တက်လာသည်နှင့် အလိုအလျောက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး ၎င်း၏ ပုပ်ပွနေသော ခြေထောက်များက ကြမ်းပြင်ပေါ်တွင် စေးကပ်သော ခြေရာများ ကျန်ရစ်ခဲ့လေသည်။
ကျန်းယဲ့က ကားအတွင်းပိုင်းကို ဝေ့ကြည့်လိုက်ရာ သူ၏ အကြည့်များက နောက်ဆုံးတန်းတွင် ခွေခွေလေးထိုင်နေသော အဖြူရောင်ဝတ် တစ္ဆေပုံရိပ် နှစ်ခုအပေါ် ဖြတ်သွားပြီး နောက်ဆုံးတွင် လူသွားလမ်းတွင် ပိတ်ရပ်နေသော လျှာရှည်တစ္ဆေအပေါ်သို့ ရပ်တန့်သွား၏။
“အစ်ကိုကြီး... ခင်ဗျားနဲ့ ဆွေးနွေးစရာလေး ရှိလို့ပါ။ နောက်နည်းနည်းလောက် ဆုတ်ပေးလို့ရမလား...” ကျန်းယဲ့က တည်ငြိမ်စွာ ပြောလိုက်ပြီး နောက်ဆုံးတန်းရှိ လွတ်နေသော ခုံဆီသို့ ရွှေ့ပေးရန် လက်ဟန်ခြေဟန်ဖြင့်ပင် ပြလိုက်ချေသည်။
ကားအတွင်းခန်းမှာ ထူးဆန်းစွာ တိတ်ဆိတ်သွား၏။
တည်ကြည်သော မျက်နှာအမူအရာများ ရှိနေသည့် ခရီးသည် ဆယ်ယောက်မှာ တစ်ပြိုင်နက်တည်း မျက်လုံးပြူးသွားကြရသည်။
တချို့က လှောင်ပြောင်စွာ ပြုံးလိုက်ကြ၏။ တချို့က ဒီကောင်တော့ သေချင်နေတာပဲဟု တွေးနေသည့်အလား ဝမ်းသာအားရ အမူအရာများ ဖြစ်နေကြပြီး ဆံပင်ကို မြင်းမြီးပုံစံ စည်းထားသော မိန်းကလေး တစ်ယောက်ကမူ ဤမောက်မာသော လူငယ်လေး ဘာဖြစ်သွားမလဲဆိုတာ ကြိုမြင်နေသည့်အလား ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။
လျှာရှည် မကောင်းဆိုးဝါးမှာလည်း သိသိသာသာ မှင်တက်သွားရသည်။ ၎င်း၏ ပုပ်ပွနေသော မျက်လုံးများက မျက်လုံးအိမ်ထဲတွင် နှစ်ကြိမ်ခန့် လည်သွားပြီး နီရဲနေသော လျှာကြီးမှာ အလိုအလျောက် လိပ်တက်သွားခဲ့သည်။
သွေးထွက်သံယို မြင်ကွင်းတစ်ခုကို မြင်တွေ့ရတော့မည်ဟု လူတိုင်းက ထင်မှတ်နေချိန်တွင် ၎င်းက ခြေထောက်များကို တရွတ်တိုက်ဆွဲကာ လိမ္မာစွာဖြင့် နောက်ဆုံးတန်းဆီသို့ လျှောက်သွားပြီး အခြားခရီးသည်များအတွက် နေရာဖယ်ပေးရန် ကိုယ်ကိုပင် စောင်းပေးလိုက်သေးပေသည်။
ထိုမြင်ကွင်းကြောင့် ခရီးသည် ဆယ်ယောက်၏ မျက်နှာအမူအရာများမှာ ချက်ချင်း အေးခဲသွားရသည်။
မြင်းမြီးပုံစံ ဆံပင်နှင့် မိန်းကလေးမှာ ကြက်ဥတစ်လုံး ဝင်သွားနိုင်လောက်အောင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ခုလေးတင် လှောင်ပြောင်ခဲ့သော ကောင်လေးမှာ ချက်ချင်း မျက်နှာဖြူရော်သွားပြီး ခေါင်းယမ်းကာ သက်ပြင်းချခဲ့သူမှာလည်း တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား ကျန်းယဲ့ကို စိုက်ကြည့်ရင်း အံ့သြမှင်တက်သွားခဲ့သည်။
ကားပေါ်တွင် ထူးဆန်းမှုများ ရှိနေသော်လည်း အသက်ရှင်နေသော လူတစ်ယောက်၏ တည်ရှိမှုက ထိုအချိန်တွင် သူတို့အတွက် ပို၍ ကြောက်စရာကောင်းနေသည်မှာ သိသာထင်ရှားလှပေသည်။
ချန်ယွမ်ရှင်းနှင့် သူ၏အဖွဲ့မှာ ကျန်းယဲ့က ထူးဆန်းသော သတ္တဝါကို ပေါ့ပေါ့ပါးပါးပင် ဖယ်ရှားလိုက်သည်ကို မြင်ပြီးနောက် သူတို့၏ တင်းမာနေသော အာရုံကြောများက ရုတ်တရက် ပိုမို လုံခြုံသွားသလို ခံစားလိုက်ရပြီး သူတို့၏ စိုးရိမ်ပူပန်နေသော စိတ်များလည်း အနည်းငယ် လျော့ကျသွား၏။
ဤအခိုက်အတန့်တွင် သူတို့က အကာအကွယ်အလွှာတစ်ခု ထပ်တိုးလာသလို ခံစားလိုက်ရလေသည်။
သို့သော် ကျန်းထောင်နှင့် အခြား သတ္တိရှိသူ အနည်းငယ်မှာမူ လုံးဝ ကွဲပြားခြားနားသော နည်းလမ်းများဖြင့် တုံ့ပြန်ကြသည်။
တာအိုဘုန်းကြီးငယ် ရွှမ်ချင်း၏ မျက်လုံးများမှာ ကြောက်ခမန်းလိလိ တောက်ပနေ၏။ လင်ယီရှင်းမှာ အလွန် စိတ်လှုပ်ရှားနေသဖြင့် သူ၏ လက်များကို ပွတ်သပ်နေမိသည်။ ကျန်းထောင်ကမူ ချက်ချင်း ဒူးထောက်ချကာ ကျန်းယဲ့၏ ခြေထောက်ကို သွားဖက်ချင်စိတ်များပင် ပေါက်နေရသည်။
ကျန်းယဲ့က လူအုပ်ကို လက်ဝှေ့ယမ်းပြလိုက်၏။ “အားလုံးပဲ... နေရာရှာထိုင်ကြ...”
သူ၏ အသံမှာ မကျယ်လောင်သော်လည်း ကားအတွင်းခန်း တစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။
ချန်ယွမ်ရှင်းက တုံ့ဆိုင်းစွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ သူ ထောင့်ဘက်သို့ တိုးဝင်သွားတော့မည့်အချိန်တွင် ဆံပင်အဝါရောင် ဆိုးထားသော လူငယ်တစ်ယောက် ရုတ်တရက် ထရပ်ကာ ခေါင်းငုံ့ပြီး နေရာကို အမြန်ဖယ်ပေးလိုက်သည်ကို မြင်လိုက်ရခေသည်။
အခြား ခရီးသည်များကလည်း တစ်စုံတစ်ယောက်ကို စော်ကားမိမည်ကို ကြောက်ရွံ့နေသည့်အလား သူ၏ နောက်ကိုလိုက်ကာ တိတ်တဆိတ် ထရပ်ပြီး ကားနောက်ဘက်ဆီသို့ တိုးသွားလိုက်ကြသည်။
“ကျေးဇူးပဲ အစ်ကိုရာ...” ကျန်းထောင်က ခုလေးတင် ဖယ်ပေးလိုက်သော ခုံပေါ်သို့ ပြိုကျသွားပြီး လူငယ်၏ ပခုံးကို ပုတ်ကာ ပြုံးဖြဲဖြဲဖြင့် ပြောလိုက်၏။ “မင်းက လူကောင်းပဲ...”
ထိုလူငယ်၏ မျက်နှာမှာ ဖြူရော်သွားပြီးနောက် နီရဲလာကာ သူ၏ နှုတ်ခမ်းထောင့်ကို တောင့်တင်းစွာ တွန့်ကွေးလိုက်ပြီး တစ္ဆေကို မြင်လိုက်ရသည့်အလား ဖြစ်နေခဲ့သည်။
ကားပေါ်တွင် တစ္ဆေများ တကယ်ရှိနေသော်လည်း ထိုနေရာနှင့် ပတ်သက်၍ ဘာမှမသိသော ဤအသက်ရှင်နေသည့် လူများကို သူက ပို၍ ကြောက်ရွံ့နေသည်မှာ သိသာထင်ရှားလှချေသည်။
ဤကမ္ဘာတွင် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသည့် အရာများက ပုံမှန်လိုဖြစ်နေသော်လည်း တစ်ခါတစ်ရံတွင် အသက်ရှင်နေသောလူများက ထိုထူးဆန်းမှုများထက် ပို၍ ကြောက်စရာကောင်းနေတတ်ပေသည်။
ယင်းကို မြင်သောအခါ တာအိုဘုန်းကြီးငယ် ရွှမ်ချင်းက သူ့ကို နေရာဖယ်ပေးသော ဗလတောင့်တောင့် လူကို စံသတ်မှတ်ချက်နှင့်အညီ တာအိုအရိုအသေပြုခြင်းကို အရင်လုပ်ပြီးမှ သေသေချာချာ ထိုင်လိုက်၏။
လင်ယီရှင်းက သူ၏ မျက်မှန်ကို ပင့်တင်လိုက်ပြီး “ကျေးဇူးပါ” ဟု တိုးတိုးလေး ပြောကာ ထိုင်လိုက်လေသည်။
ကျန်းထောင်နှင့် အခြားသူများ ထိုင်လိုက်သည်ကို မြင်သောအခါ ကျန်ခရီးသွားများကလည်း သူတို့၏ စိုးရိမ်ပူပန်မှုများကို တဖြည်းဖြည်း ဖယ်ရှားလိုက်ကြသည်။
မထိုင်မီတွင် ကြောက်တတ်သော မိန်းကလေးတစ်ယောက်က မူလနေရာပိုင်ရှင်ကို သတိထား၍ တစ်ချက်ကြည့်လိုက်၏။ တစ်ဖက်လူက ဂရုမစိုက်သလို ဖြစ်နေသည်ကို မြင်သောအခါမှ သူမက သက်ပြင်းချကာ ထိုင်ချလိုက်လေသည်။
မကြာမီတွင် လူနှစ်ဆယ့်တစ်ယောက်စလုံး ကားအတွင်းခန်းထဲ၌ ကိုယ့်နေရာကိုယ် တွေ့သွားကြပြီး မူလက ကျပ်ညပ်နေသော ကားအတွင်းခန်းမှာ သေသပ်စွာ နေရာကျသွားခဲ့သည်။
နေရာဖယ်ပေးလိုက်သော ထိုလူဆယ်ယောက်မှာ လူသွားလမ်းတွင် တိတ်တဆိတ် ရပ်နေကြသည် သို့မဟုတ် နောက်ဆုံးတန်းတွင် ထိုင်နေကြလေသည်။
သူတို့က ကျန်းယဲ့ကို တစ်ချက်တစ်ချက် ခိုးကြည့်နေကြပြီး သူတို့၏ မျက်လုံးများထဲတွင် စူးစမ်းချင်စိတ်နှင့် စိုးရိမ်ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။
ကားအတွင်းခန်း တစ်ခုလုံးမှာ ထူးဆန်းသော သဟဇာတဖြစ်မှု တစ်ခုကို ပြသနေချေသည်။
ကျန်းယဲ့နှင့် သူ၏အဖွဲ့က သက်တောင့်သက်သာ ထိုင်နေကြသော်လည်း ဘတ်စ်ကားပေါ်ရှိ မူလခရီးသည်များမှာမူ ဆူးပေါ်ထိုင်နေရသကဲ့သို့ ဖြစ်နေခဲ့ကြသည်။
စူးရှသော တကျွိကျွိ မြည်သံနှင့်အတူ ၄၀၄ ဘတ်စ်ကား၏ တံခါးများမှာ ဟောင်းလောင်းပေါက်နေသော ပါးစပ်ကြီးတစ်ခု ပိတ်သွားသကဲ့သို့ တဖြည်းဖြည်း ပိတ်သွားခဲ့သည်။
သံချေးတက်နေသော ပတ္တာများက ကျော်ချမ်းချင်စရာကောင်းသည့် ပွတ်တိုက်သံကို ထွက်ပေါ်စေပြီး နောက်ဆုံးတွင် ‘ဒိုင်း’ ဆိုသည့် အသံနှင့်အတူ ပိတ်သွားကာ အပြင်ဘက်မှ မှိန်ဖျော့သော အလင်းရောင်ကိုပါ ပိတ်ဆို့သွားလေတော့သည်။
အခန်း ၂၀၁ပြီး၏။