အခန်း ၂၀၂
Vol. 21 Ch. 202
အခန်း ၂၀၂ အင်မော်တယ်ရာချီမြို့
ကားအတွင်းခန်းရှိ မီးရောင်များက အကြိမ်အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီးနောက် လုံးဝ ငြိမ်သက်သွားကာ ဖြူရော်ရော်နှင့် ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်ကို ပေးစွမ်းနေခဲ့သည်။
အင်ဂျင်က သေလုမြောပါး သားရဲတစ်ကောင်၏ မောဟိုက်သံလိုမျိုး တုံးတိတိ ဟိန်းသံကို ထုတ်လွှတ်နေကာ ကားကိုယ်ထည်က အနည်းငယ် တုန်ခါလာပြီး ရှေ့သို့ တဖြည်းဖြည်း ရွေ့လျားသွား၏။
အက်ကွဲနေသော ကားပြတင်းပေါက်များမှတစ်ဆင့် အပြင်ဘက်ရှိ ရှုခင်းများ လျင်မြန်စွာ ဖြတ်ပြေးသွားသည်ကို မြင်တွေ့နိုင်လေသည်။
ယိုင်နဲ့နေသော လမ်းမီးတိုင်များနှင့် အရောင်လွင့်နေသော မီးပုံးများအားလုံးက ဝိုးတဝါး အရိပ်များအဖြစ် ပြောင်းလဲသွားကြ၏။
မြူခိုးများက ကားပြတင်းပေါက်ပေါ်တွင် ရေပေါက်ကလေးများအဖြစ် စုဖွဲ့သွားပြီးနောက် ကား၏ တုန်ခါမှုကြောင့် ကွဲထွက်သွားကာ အသံတိတ် မျက်ရည်များလို စီးကျလာချေသည်။
ကားမှာ ထူးထူးခြားခြား တိတ်ဆိတ်နေပြီး ကျောက်စရစ်ခဲများပေါ်တွင် လိမ့်နေသော ဘီးများ၏ တုံးတိတိ အသံသာ ရှိနေခဲ့သည်။
ကျန်းထောင်က စိတ်လှုပ်ရှားစွာဖြင့် ကားပြတင်းပေါက်မှ အပြင်သို့ ငေးကြည့်နေပြီး သူ၏ နှာခေါင်းမှာ အေးစက်နေသော မှန်နှင့်ပင် ထိလုနီးပါး ဖြစ်နေပေသည်။
တာအိုဘုန်းကြီးငယ် ရွှမ်ချင်းကမူ နောက်ဆုံးတန်းရှိ ထူးဆန်းသော ပုံရိပ်သုံးခုအပေါ်သို့ သူ၏ စူးရှသော အကြည့်များကို ရပ်တန့်ထားခဲ့သည်။
ထိုကြောက်မက်ဖွယ် သတ္တဝါသုံးကောင်မှာ သူ၏ စူးရှလှသော အကြည့်အောက်တွင် နတ်ဆိုးတစ်ကောင်၏ စောင့်ကြည့်ခံနေရသကဲ့သို့ ကြက်သီးမွှေးညင်းများပင် ထလာကြရသည်။
အခြား ခရီးသွားများမှာ စူးစမ်းချင်စိတ်နှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေလျက် အပြင်ဘက်ရှိ ရှုခင်း များကို ငေးကြည့်နေခဲ့ကြသည်။
ကားပေါ်ရှိ မူလခရီးသည် ဆယ်ယောက်မှာ ကျန်းယဲ့နှင့် သူ၏အဖွဲ့ သက်တောင့်သက်သာနှင့် ပေါ့ပေါ့ပါးပါး ရှိနေသည်ကို ကြည့်ရင်း မအီမသာ ဖြစ်မနေဘဲ မနေနိုင်ကြချေ။
ဒါက အင်မော်တယ်ရာချီမြို့သို့ သွားရာတွင် မျှော်လင့်ထားရမည့် တုံ့ပြန်မှုမျိုးနှင့် လုံးဝ မတူညီပေ။
သူတို့ကို ကြည့်ပါဦး.... ပြတင်းပေါက်ကို မှီပြီး ရှုခင်းတွေကို ငေးကြည့်နေကြတယ်... စကားတွေပြောပြီး ရယ်မောနေကြတယ်။
ဒါက နွေဦးရာသီ အပန်းဖြေခရီးထွက်နေတာနဲ့ ပိုတူနေတယ်မဟုတ်ဘူးလား....
အင်မော်တယ်ရာချီမြို့မှာ ဘာကြောက်ရွံ့မှုမှ မရှိဘဲ ဒီလောက်တောင် သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါး နေနိုင်တယ်ပေါ့။
‘ဒီလူတွေအားလုံးက ပုန်းကွယ်နေတဲ့ လူစွမ်းကောင်းကြီးတွေများလား....’
ဤအတွေးက မူလခရီးသည် ဆယ်ယောက်၏ စိတ်ထဲတွင် ဖြတ်ပြေးသွားခဲ့သည်။
လူအတော်များများက ကျန်းယဲ့ကို ခိုးကြည့်လိုက်ကြသော်လည်း ချက်ချင်း အကြည့်လွှဲသွားကြ၏။
ဘာပဲဖြစ်ဖြစ် ဒီလူက ခုလေးတင် လျှာရှည် မကောင်းဆိုးဝါးကို လိမ္မာစွာနဲ့ နေရာဖယ်ပေးအောင် လုပ်နိုင်ခဲ့တာကိုး.....
ဘရိတ်အုပ်လိုက်သော စူးရှသည့် အသံနှင့်အတူ ၄၀၄ ဘတ်စ်ကားမှာ အင်မော်တယ်ရာချီမြို့၏ မိုးထိုးနေသော မြို့တံခါးရှေ့တွင် တဖြည်းဖြည်း ရပ်တန့်သွားလေသည်။
သံချေးတက်နေသော ကားတံခါးက ပွင့်သွားပြီး အေးစက်စိုထိုင်းသော မြူခိုးများက အထဲသို့ လိမ့်ဝင်လာခဲ့သည်။
မူလခရီးသည် ဆယ်ယောက်မှာ မကောင်းဆိုးဝါးတစ်ကောင် လိုက်ဖမ်းနေသည့်အလား လျင်မြန်သော လှုပ်ရှားမှုများဖြင့် ကားပေါ်မှ အလုအယက် ဆင်းသွားလိုက်ကြသည်။
ကျန်းယဲ့က ထရပ်လိုက်ပြီး အားလုံးကို ပြောလိုက်၏။ “ငါတို့ ရောက်ပြီ.... အားလုံး ကားပေါ်က ဆင်းကြ”
ကျန်းထောင်က ပထမဆုံး ခုန်ထလာပြီး ကားအပြင်သို့ စိတ်လှုပ်ရှားစွာ ထွက်သွားလိုက်၏။
တာအိုဘုန်းကြီးငယ် ရွှမ်ချင်းကလည်း သူ၏ ဝတ်ရုံကို သပ်ရပ်အောင်ပြင်ကာ နောက်မှ ကပ်လျက် လိုက်သွားလေသည်။
အသက်ရှင်နေသော လူများအားလုံး ကားပေါ်မှ ဆင်းသွားပြီးနောက် ထူးဆန်းသော သတ္တဝါသုံးကောင်လည်း တဖြည်းဖြည်း စတင်လှုပ်ရှားလာခဲ့ကြသည်။
လည်ပင်းကို ထူးဆန်းစွာ ပုထားပြီး လျှာကြီး တွဲကျနေသော လျှာရှည်မှာ ကားအတွင်းခန်း၏ အခြားတစ်ဖက်မှနေ၍ အပြင်သို့ တဖြည်းဖြည်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ထွက်သွားခဲ့သည်။
အဖြူရောင်ဝတ် တစ္ဆေပုံရိပ်နှစ်ခုမှာလည် လေထဲတွင် လွင့်မျောနေပြီး ကျန်းယဲ့ ရှိနေသည့်နေရာကို ရှောင်ရှားရန် အကြီးမားဆုံး အဝန်းအဝိုင်းပုံစံဖြင့် လှည့်ပတ်သွားလိုက်ကြသည်။
နောက်ခဏ၌ အင်ဂျင်၏ စူးရှသော ဟိန်းသံနှင့်အတူ သံချေးတက်နေသော ၄၀၄ ဘတ်စ်ကားမှာ တဖြည်းဖြည်း လှည့်သွားပြီး မီးခိုးမည်းများ မှုတ်ထုတ်ကာ မြို့တံခါးမှ ဝေးရာသို့ မောင်းနှင်သွားရင်း မီးခိုးရောင်မြူများထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
အစောပိုင်းက ကားပေါ်မှ ဆင်းသွားသော ခရီးသည်များနှင့် ထူးဆန်းသောသတ္တဝါသုံးကောင်မှာ သူတို့ရှေ့ရှိ မြင်ကွင်းကို အသားကျနေပြီဖြစ်၍ မြို့တံခါးဆီသို့ အလျင်စလို သွားလိုက်ကြသည်။
ကျန်းယဲ့နှင့် သူ၏အဖွဲ့သာ မတ်တပ်ရပ်နေလျက် သူတို့ရှေ့ရှိ မြို့ရိုးကြီးကို အံ့သြမှင်တက်စွာ စိုက်ကြည့်နေကြ၏။
၎င်းမှာ အုတ်များ၊ ကျောက်များဖြင့် တည်ဆောက်ထားသော မြို့ရိုးလုံးဝ မဟုတ်ဘဲ အသက်ရှင်နေသော လူများဖြင့် ပုံလောင်းထားသည့် ကြီးမားလှသော အလောင်းမြို့ရိုးကြီး ဖြစ်နေခဲ့သည်။
ခဲနေသော မီးခိုးဖြူရောင် အင်္ဂတေရည်များထဲတွင် လူအလောင်း သောင်းပေါင်းများစွာ မြုပ်နှံနေပြီး မသေဆုံးမီ နာကျင်စွာ ရုန်းကန်ခဲ့ရသည့် အမူရာများ ရှိနေလေသည်။
အချို့ လက်တံများမှာ မြို့ရိုးအပြင်ဘက်သို့ လိမ်ကောက်ပြီး ထွက်နေကာ သူတို့၏ လက်ဆစ်များက ခြိမ်းခြောက်နေသလို ဟနေခဲ့သည်။ အချို့ မျက်နှာများမှာ အင်္ဂတေရည်များထဲတွင် တစ်ဝက်တစ်ပျက် နစ်မြုပ်နေပြီး သူတို့၏ ဟနေသော ပါးစပ်များထဲတွင် အင်္ဂတေရည်များ ပြည့်နှက်နေကာ အသံတိတ် အော်ဟစ်နေသည့် ကြောက်မက်ဖွယ် ပန်းပုရုပ်များသဖွယ် ဖြစ်နေ၏။
“ဒါ... ဒါက...” ကျန်းထောင်၏ အပြုံးများမှာ မျက်နှာပေါ်တွင် အေးခဲသွားသော်လည်း အဓိပ္ပာယ်ရှိသော အသံကိုပင် မထွက်နိုင်တော့ချေ။
သူက အလိုအလျောက် ခြေတစ်ဝက်ခန့် နောက်ဆုတ်လိုက်မိပြီး နောက်ဘက်ရှိ တာအိုဘုန်းကြီးငယ် ရွှမ်ချင်းနှင့် ဝင်တိုက်မိသွားသည်။
ရွှမ်ချင်း၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်နေလေသည်။ သူက တာအိုမန္တန်တစ်ခုကို တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ၏ လက်ချောင်းထိပ်များက အလိုအလျောက် လက်သင်္ကေတတစ်ခုကို ပုံဖော်လိုက်၏။
လင်ယီရှင်း၏ မျက်နှာမှာ ဖြူရော်သွားရသည်။ သူသည် အလောင်းအမျိုးမျိုးကို မြင်တွေ့ရသည်မှာ ကျင့်သားရနေပြီ ဖြစ်သော်လည်း ဤ မြို့ရိုး အတွင်းရှိ အလောင်းများ၏ ဆိုးရွားလှသော အခြေအနေကို မြင်သောအခါ အနည်းငယ် မအီမသာ ဖြစ်သွားမိခဲ့သည်။
“ဝေါ့...”
အဖွဲ့ထဲမှ ရွံရှာမှုကို မခံနိုင်သော ခရီးသွားအချို့မှာ ကိုယ်ကိုကိုင်းကာ စတင် အန်ကြရတော့သည်။
လေအေးတစ်ချက် တိုက်ခတ်သွားပြီး အလောင်းမြို့ရိုးကြီးထဲမှ ဖျော့တော့သော လေချွန်သံများ ထွက်ပေါ်လာရာ မတရားသေဆုံးခဲ့ရသော ဝိညာဉ် ထောင်ပေါင်းများစွာက တစ်ပြိုင်နက်တည်း ညည်းတွားနေသကဲ့သို့ပင်။
အင်္ဂတေရည်ထဲတွင် ခဲနေသော ထိုမျက်နှာများမှာ မြူခိုးများထဲတွင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေပြီး အချိန်မရွေး မျက်လုံးများ ဖွင့်လာတော့မည့်အလား ထင်ရ၏။
ထိုအချိန်မှာပင် ဒါရိုက်တာကျန်း၏ အစောပိုင်းက သတိပေးချက်မှာ အကြွင်းမဲ့ မှန်ကန်ကြောင်း ခရီးသွားများအားလုံး နားလည်သွားကြရသည်။
ဤရှုခင်းသာ ဧရိယာက ကြောက်တတ်သူများအတွက် တကယ်ကို မသင့်တော်ချေ။
ဤလူများက သာမန်လူများထက် သတ္တိပိုရှိကြသော်လည်း ထိုသို့သော လူမဆန်သည့် မြို့ရိုးကြီးကို မြင်လိုက်ရချိန်တွင် မတုန်ယင်ဘဲ မနေနိုင်ကြပေ။
လူတိုင်းက ဤကြောက်မက်ဖွယ် မြင်ကွင်းကြောင့် မှင်တက်နေကြစဉ် ကျန်းယဲ့၏ ခေါင်းထဲတွင် စနစ်၏ အေးစက်စက် အီလက်ထရောနစ် အသံက ရုတ်တရက် ထွက်ပေါ်လာ၏။
‘ဒင်... ခရီးသွား မစ်ရှင် ထွက်ပေါ်လာပါပြီ... အင်မော်တယ်ရာချီမြို့၏ ရိုးရာဓလေ့များကို တွေ့ကြုံခံစားပါ..’
‘မစ်ရှင် ရည်မှန်းချက် - အင်မော်တယ်ရာချီမြို့ရှိ ရိုးရာမင်္ဂလာပွဲတော်သို့ ခရီးသွားများကို လမ်းညွှန်ခေါ်ဆောင်သွားပါ’
‘မစ်ရှင် အချိန်ကန့်သတ်ချက် - ၆ နာရီ။’
‘အောင်မြင်မှု ဆုလာဘ် - ထာဝရ မကောင်းဆိုးဝါးများအားလုံး ကိုယ်ခံစွမ်းအား ဖွဲ့စည်းပုံ (မကောင်းဆိုးဝါး လွှမ်းမိုးမှု အားလုံးကို ကာကွယ်နိုင်သည်)’
ကျန်းယဲ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ အကြည့်များက အန်နေဆဲဖြစ်သော ခရီးသွားများအပေါ် ဝေ့ဝဲသွားကာ အဝေးရှိ သွေးရောင်မြူများ ဖုံးလွှမ်းနေသော မြို့တံခါးဆီသို့ လှမ်းကြည့်လိုက်၏။
‘မင်္ဂလာပွဲတော်လား။ ဒီလို နတ်ဘုရားတွေတောင် စွန့်ပစ်ထားတဲ့ နေရာမျိုးမှာ ကျင်းပတဲ့ မင်္ဂလာပွဲဆိုတာ တစ္ဆေမင်္ဂလာဆောင်နဲ့ ပိုတူလောက်တယ်...’
‘အထူး မှတ်ချက် - ဤမင်္ဂလာပွဲတော်သည် အင်မော်တယ်ရာချီမြို့တွင် ရာစုနှစ်တစ်ခုအတွင်း တစ်ကြိမ်သာ ကျင်းပသော ပွဲဖြစ်ပါသည်။ အကယ်၍ လွတ်သွားပါက နောက်တစ်ကြိမ် ခံစားခွင့်ရရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပါ’
ကျန်းယဲ့က သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး တုန်လှုပ်နေဆဲဖြစ်သော လူအုပ်ကြီးဘက်သို့ လှည့်လိုက်၏။
သူ၏ အကြည့်များက လူအုပ်ကြီးကို ကျော်လွန်ကာ မြို့ရိုးရှိရာ အရပ်ဆီသို့ ဝေ့ဝဲသွားလေသည်။
မြို့တံခါးဝတွင် တန်းစီနေကြပြီး ရှေ့ဆုံးတွင် ထူးဆန်းသော သတ္တဝါသုံးကောင်ရှိကာ အနောက်တွင် အသက်ရှင်နေသော ခရီးသည် ဆယ်ယောက် ရှိနေလေသည်။
ကျန်းယဲ့က ခရီးသွားများအားလုံးဘက်သို့ လှည့်ကာ ညွှန်ကြားလိုက်၏။ “အားလုံးပဲ... ကျွန်တော့်အနား ကပ်နေကြပါ။ မြို့ထဲကို ရောက်သွားတာနဲ့ ဘယ်သူနဲ့မှ စကားမပြောပါနဲ့.. ခွင့်ပြုချက်မရှိဘဲ အဖွဲ့ထဲကနေ မခွဲထွက်ပါနဲ့။ မှတ်ထားပါ... ဒီမှာ ခြေတစ်လှမ်း မှားတာနဲ့ အသက်သေနိုင်တယ်...”
ခရီးသွား နှစ်ဆယ်စလုံးက တစ်ပြိုင်နက်တည်း ခေါင်းညိတ်ပြလိုက်ကြ၏။ သူတို့၏ မျက်နှာများပေါ်တွင် တင်းမာမှုနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော်လည်း မျက်လုံးများထဲတွင်တော့ မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင်များကို တွေ့နေရဆဲပင်။
တန်းစီထားသော လူတန်းကြီးက ထိုခရီးသည် ဆယ်ယောက်၏ အနောက်မှနေ၍ ရှေ့သို့ တဖြည်းဖြည်း ရွေ့လျားသွားခဲ့သည်။
ထူးဆန်းသော သတ္တဝါသုံးကောင် မြို့တံခါးဝသို့ ရောက်သွားချိန်တွင် လျှာရှည် မကောင်းဆိုးဝါးက သူ၏ လက်စွပ်ထဲမှ ဝါကြင့်ကြင့် တစ္ဆေပိုက်ဆံ တစ်ရွက်ကို ထုတ်ကာ မြို့တံခါးပေါ်ရှိ ရုပ်ဆိုးပြီး သွေးရောင်လွှမ်းနေသော ပါးစပ်ကြီးထဲသို့ ပစ်ထည့်လိုက်သည်ကို ကျန်းယဲ့ သတိထားမိလိုက်လေသည်။
တကယ် ကြက်သီးထစရာကောင်းသည်မှာ ထိုပါးစပ်ကြီးက တကယ်ပင် စတင်လှုပ်ရှားလာပြီး တစ္ဆေပိုက်ဆံကို အကြိမ်အနည်းငယ် ဝါးပြီးမှ မျိုချလိုက်ခြင်းပင်။
ပို၍ ထူးဆန်းသည်မှာ အသက်ရှင်နေသော ခရီးသည် ဆယ်ယောက် အလှည့်ရောက်သောအခါ သူတို့တစ်ဦးစီတိုင်းက တစ္ဆေပိုက်ဆံ ဆယ်ရွက်စီ ထည့်ရခြင်းဖြစ်၏။
လူငယ်တစ်ယောက်မှာ လက်တုန်သွားသဖြင့် တစ်ရွက် လွတ်ကျသွားရာ မြို့တံခါးအပေါ်ဘက်မှ ရုတ်တရက် ဆန့်ထွက်လာသော အရိုးစုလက်တံတစ်ခုက သူ၏ လည်ပင်းကို ချက်ချင်း ညှစ်ဖမ်းလိုက်သည်။ သူ၏ အဖော်က လိုအပ်နေသော ပိုက်ဆံကို ဖြည့်ပေးလိုက်မှသာ သူ့ကို ပြန်လွှတ်ပေးလိုက်၏။
တန်းစီနေသည့် လူတန်း၏ အနောက်ဆုံးတွင် ရှိနေသော ကျန်းထောင်က အသံကို နှိမ့်ကာ ပြောလိုက်၏။ သူ၏ နဖူးတွင် ချွေးအေးများ ပျံနေလေသည်။ “ဒါရိုက်တာကျန်း... ကျွန်တော်တို့ တစ္ဆေပိုက်ဆံ တစ်ခုမှ မပြင်ဆင်လာခဲ့ဘူး...”
ကျန်းယဲ့က စနစ်မျက်နှာပြင်ကို တည်ငြိမ်စွာ ဖွင့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်း စတိုးဆိုင်စာမျက်နှာတွင် အသစ်ထပ်တိုးထားသော တစ္ဆေပိုက်ဆံ လဲလှယ်ခြင်းဆိုသည့် ရွေးချယ်စရာကို တွေ့လိုက်ရ၏။
သူက တစ္ဆေပိုက်ဆံ ရွက်ရေ ၂၁၀ ကို အမြန်လဲလှယ်လိုက်ပြီး တစ်ဦးလျှင် ၁၀ ရွက်စီ ခွဲဝေပေးလိုက်လေသည်။
“ဒါကို ယူထား... မပျောက်စေနဲ့” ကျန်းယဲ့က အထူကြီးဖြစ်နေသော တစ္ဆေပိုက်ဆံအုပ်ကို ကျန်းထောင်၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ “မှတ်ထား.... မြို့ထဲကို ဝင်တဲ့အခါ တစ်ရွက်ချင်းစီ ပစ်ထည့်.... ပြီးတော့ တည်တည်ငြိမ်ငြိမ် လုပ်ပါ....”
အဖွဲ့သားများမှာ ထိုကြောက်မက်ဖွယ် ပါးစပ်ကြီးနှင့် ပိုမို နီးကပ်လာသည်နှင့်အမျှ တစ္ဆေပိုက်ဆံများမှ ထွက်နေသော အပုပ်နံ့က မြို့တံခါးမှ ထွက်ပေါ်နေသော သွေးညှီနံ့များနှင့် ရောနှောသွားကာ အဖွဲ့ထဲရှိ အကြောက်တတ်ဆုံး ခရီးသွားများကိုပင် မထိန်းချုပ်နိုင်အောင် တုန်ယင်လာစေတော့သည်။
အခန်း ၂၀၂ပြီး၏။