← Chapters

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း (၂၀၃) အင်မော်တယ်ရာချီမြို့သို့ ဝင်ရောက်ခြင်း

​ကျန်းယဲ့ အလှည့်ရောက်သောအခါ သူက တစ္ဆေပိုက်ဆံကို ထည့်ရန် ယူလိုက်ရုံရှိသေး.....ရုပ်ဆိုးပြီး သွေးရောင်လွှမ်းနေသော ပါးစပ်ကြီးက ရုတ်တရက် ပိတ်သွား၏။

​၎င်း၏ နှုတ်ခမ်းပေါ်ရှိ ပုပ်ပွနေသော အသားများက တင်းကျပ်စွာ စေ့သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်လိုက်ရသည့်အလား နောက်သို့ပင် တွန့်ဆုတ်သွားချေသည်။

​ကျန်းယဲ့ မှင်တက်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ “မင်း မလိုချင်လို့လား ဒါမှမဟုတ် ငါ့ကို အထဲမဝင်ခိုင်းတာလား...”

​ပါးစပ်ကြီးမှာ တစ်လက်မမျှပင် မလှုပ်ဘဲ တင်းကျပ်စွာ စေ့ထားသော နှုတ်ခမ်းထောင့်များက အနည်းငယ် အောက်သို့ တွဲကျသွားကာ သနားစရာကောင်းသော အသွင်အပြင်ကို ပြသနေခဲ့သည်။

​ကျန်းယဲ့ နားလည်သွား၏။

​ဒီကောင် ကြောက်နေသည်မှာ သူ၏ ခါးတွင်ချိတ်ထားသော ရှေးဟောင်း ဝိညာဉ်ဖိနှိပ်ရေး ခေါင်းလောင်းကြောင့် ဖြစ်တန်ရာသည်။

​ခေါင်းလောင်းလေးမှာ သာမန်ဟု ထင်ရသော်လည်း သဘာဝလွန်အရာများကို ကြောက်ရွံ့စေသော အေးစက်သည့် အငွေ့အသက်များကို သိမ်မွေ့စွာ ထုတ်လွှတ်နေလေသည်။

​အသက်ရှင်နေသော လူများက သဘာဝအရ သတိမထားမိသော်လည်း သဘာဝလွန်အရာများအတွက်မူ ထိုအငွေ့အသက်က ပြင်းထန်သော နေရောင်အောက်ရှိ ရေခဲတစ်ခုနှင့် မခြားချေ။ အနားကပ်သွားရုံဖြင့်ပင် သူတို့၏ ဝိညာဉ်များကို တုန်ယင်သွားစေရန် လုံလောက်၏။

​ကျန်းယဲ့က နားလည်သော်လည်း အခြားသူများကမူ နားမလည်ကြပေ။

​ဤထူးဆန်းသော မြင်ကွင်းကြောင့် မြို့တံခါးကို ခုလေးတင် ဖြတ်လာသော ဂျီဖေးဟန်နှင့် မုန်းရှင်းဟွိုင်တို့မှာ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားကြ၏။ သူတို့နှစ်ယောက် တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ရာ မျက်လုံးများ အံ့သြမှုကြောင့် ပြူးကျယ်သွားကြရသည်။

​သူတို့က ကျန်းယဲ့နှင့် ထိုထူးခြားစွာ ကြီးမားလှသော ပါးစပ်ကြီးကို မယုံကြည်နိုင်သော မျက်နှာများဖြင့် စိုက်ကြည့်နေခဲ့ကြသည်။

​ဟနေသော ပါးစပ်ကြီးနှင့် ဤတံခါးစောင့်မှာ ရက်စက်ပြီး ကရုဏာကင်းမဲ့ခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားကြောင်း သိထားရချေမည်။

​တစ်ခါက နတ်ဆိုးဘုရင်တစ်ပါးက အတင်းဝင်ရန် ကြိုးစားခဲ့ရာ ၎င်းက သူ၏ လက်မောင်းတစ်ဝက်ကို ကိုက်ဖြတ်ပစ်ခဲ့ဖူးသည်။

​ယခုမူ ၎င်းက သာမန် အသက်ရှင်နေသူတစ်ယောက်ဟု ထင်ရသော ဤလူကို တကယ်ပဲ ပုန်းရှောင်နေသည်လော။

​ဂျီဖေးဟန်မှာ အံ့သြတုန်လှုပ်စွာဖြင့် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး မုန်းရှင်းဟွိုင်ကမူ စိတ်ငြိမ်သွားစေရန် အသက်ပြင်းပြင်း နှစ်ကြိမ် ရှူလိုက်၏။

​သူတို့နှစ်ယောက် တစ်ပြိုင်နက်တည်း အရှိန်လျှော့လိုက်ပြီး အဝတ်အစားများကို သေသပ်အောင် ပြင်နေဟန်ဆောင်ကာ လက်တွေ့တွင်မူ ကျန်းယဲ့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့ကြသည်။

​ထို့နောက် ကျန်းယဲ့က မြို့တံခါးမျဉ်းကို တိုက်ရိုက် ဖြတ်ကျော်သွားသည်ကို သူတို့ မြင်လိုက်ရလေသည်။ ပါးစပ်ကြီးမှာ သူ့ကို မတားဆီးသည့်အပြင် နောက်သို့ပင် တွန့်ဆုတ်သွားရာ သူတို့နှစ်ယောက် တစ်ပြိုင်နက်တည်း အသက်ရှူမှားသွားကြရသည်။

​ဂျီဖေးဟန်က သူ၏ အဖော်ကို တံတောင်ဖြင့် တွတ်လိုက်ပြီး အသံမထွက်ဘဲ စကားလုံးလေးလုံးကို ပြောလိုက်၏။

​“သေချာပေါက် လူစွမ်းကောင်းကြီးပဲ....”

​မုန်းရှင်းဟွိုင်က စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးများ အရောင်လက်လျက် အလေးအနက် ခေါင်းညိတ်လိုက်၏။

​သူတို့နှစ်ယောက် နားလည်မှုရှိသော အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လမ်းကြောင်းကို တိတ်တဆိတ် ပြောင်းကာ ဤအထူးအဖွဲ့နှင့် ချဉ်းကပ်ရန် အခွင့်အရေးရှာဖို့ ပြင်ဆင်လိုက်ကြလေသည်။

​ကျန်းထောင်က ကျန်းယဲ့ ပိုက်ဆံမပေးဘဲ မြို့ထဲဝင်သွားသည်ကို မြင်သောအခါ အလွန် ဝမ်းသာသွားပြီး ဒါရိုက်တာကျန်း၏ နောက်ကို လိုက်ရခြင်းက တကယ်ပဲ အထူးအခွင့်အရေးများ ရစေသည်ဟု တွေးလိုက်၏။

​သူက ပါးစပ်ကြီးဆီသို့ ဝင့်ဝင့်ကြွားကြွား လျှောက်သွားပြီး ကျော်သွားရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် တင်းကျပ်စွာ ပိတ်ထားသော ပါးစပ်ကြီးက ကျယ်ဟသွားပြီး ထက်မြက်သော သွားများကို ပြသလာချေသည်။

​“ဟင်... ဘာလို့ လူရွေးပြီး ဆက်ဆံနေတာလဲဟ....” ကျန်းထောင်က အံ့သြစွာ ရေရွတ်လိုက်သော်လည်း လိမ္မာစွာဖြင့် တစ္ဆေပိုက်ဆံ ဆယ်ရွက်ကို ရေတွက်ကာ တွန့်လိမ်နေသော ပါးစပ်ကြီးထဲသို့ တစ်ရွက်ချင်း ပစ်ထည့်လိုက်လေသည်။

​ပိုက်ဆံတစ်ရွက် ဝင်သွားတိုင်း ပါးစပ်ကြီးက စက်ရုပ်ဆန်ဆန် ဝါးနေပြီး ကျောချမ်းချင်စရာကောင်းသော အသံကို ထွက်ပေါ်နေစေခဲ့သည်။

​တန်းစီနေသည့် လူတန်း၏ အနောက်ဆုံးတွင် ရှိနေသော လိန်မင်မှာ အလွန် စိုးရိမ်နေသဖြင့် လက်ဝါးများတွင် ချွေးများ ပျံနေချေသည်။ သူ၏ အလှည့်ရောက်သောအခါ လက်တုန်သွားပြီး တစ္ဆေပိုက်ဆံများ မြေပြင်ပေါ်သို့ ပြန့်ကျသွားရသည်။

​သူ၏ မျက်နှာမှာ ချက်ချင်း သေလူလို ဖြူရော်သွားပြီး နံရံထဲမှ ခြောက်သွေ့နေသော လက်တံက သူ၏ လည်ပင်းကို အချိန်မရွေး လာညှစ်တော့မည်ဟု တွေးကာ ခြေထောက်များ ပျော့ခွေသွားရသည်။

​သို့သော် အချိန်အတော်ကြာ စောင့်ပြီးနောက် ပါးစပ်ကြီးမှာ လုံးဝ မလှုပ်ရှားဘဲ ဟလျက်သာ ရှိနေပြီး နံရံထဲရှိ ခြောက်သွေ့နေသော လက်တံမှာလည်း လုံးဝ ငြိမ်သက်နေ၏။

​“မြန်မြန်... မြန်မြန် ကောက်လိုက်” အနောက်ရှိ ကောင်လေးက စိုးရိမ်တကြီး တိုက်တွန်းလိုက်၏။

​ထိုအခါမှ လိန်မင်က တစ္ဆေပိုက်ဆံများကို အလျင်စလို ကောက်ယူလိုက်ပြီး ပါးစပ်ကြီးထဲသို့ တုန်တုန်ယင်ယင်နှင့် ပြန်ပစ်ထည့်လိုက်ခေသည်။

​ဤတစ်ကြိမ်တွင် သူက လှုပ်ရှားမှုများကို တမင်တကာ အရှိန်လျှော့လိုက်ရာ ပါးစပ်ကြီးမှာ တကယ်ပဲ တိုက်ခိုက်မည့် ရည်ရွယ်ချက် မရှိကြောင်း တွေ့လိုက်ရ၏။

​ယင်းကို မြင်သောအခါ အနောက်တွင် တန်းစီနေသူများက သက်ပြင်းချလိုက်ကြလေသည်။

​ပိုက်ဆံပေးရသေးသော်လည်း အနည်းဆုံးတော့ လက်တုန်လို့ သေရမည်ကို စိုးရိမ်စရာ မလိုတော့ချေ။

​လူတိုင်းက တစ္ဆေပိုက်ဆံ ဆယ်ရွက်စီ ပေးပြီးနောက် မြို့တံခါးကို အမြန်ဖြတ်ကာ ကျန်းယဲ့၏ အနားသို့ လျှောက်သွားလိုက်ကြသည်။

​မူလက ကြောက်မက်ဖွယ်ကောင်းသော မြို့ထဲဝင်ရသည့် ဖြစ်စဉ်မှာ ဤအဖြစ်အပျက်ငယ်လေးကြောင့် အမှန်တကယ်ပဲ သက်သာသွားပြီး လူတိုင်း၏ တင်းမာနေသော အာရုံကြောများကို အများကြီး လျော့ကျသွားစေလေသည်။

​မိုးထိုးနေသော အလောင်းမြို့ရိုးကြီးပင်လျှင် ထိုအချိန်၌ သိပ်ပြီး ကြောက်စရာမကောင်းတော့ဟု ထင်ရသည်။

​သို့သော် ဤခံစားချက်မှာ သူတို့ မြို့တံခါးကို ဖြတ်သန်းပြီး မြို့ထဲသို့ ခြေချကာ အတွင်းရှိ မြင်ကွင်းကို မြင်လိုက်ရချိန်တွင် ပျောက်ကွယ်သွားတော့သည်။

​မြို့ထဲသို့ ခြေချလိုက်သည်နှင့် နံ့သာပေါင်းနှင့် အပုပ်နံ့ ရောနှောနေသော ထူးဆန်းသည့် အနံ့တစ်ခုက ဆီးကြိုနေလေသည်။

​တစ်ချက်ကြည့်လိုက်လျှင် လမ်း၏ တစ်ဖက်တစ်ချက်စီရှိ အဆောက်အအုံများမှာ အပြာရောင်အုတ်များ၊ မီးခိုးရောင်အမိုးကြွပ်များနှင့် အမိုးစွန်းများ ကော့တက်နေကာ သာမန်ရှေးဟောင်းမြို့တော်တစ်ခုနှင့် မည်သို့မျှ မကွာခြားချေ။

သို့သော် အနီးကပ် သေချာကြည့်လိုက်လျှင် သစ်သားတံခါးများနှင့် ပြတင်းပေါက်များတွင် အသက်ရှူလိုက်တိုင်း အနည်းငယ် လှိုင်းထနေသော အနီရင့်ရောင် သွေးကြောပုံစံများ ဖုံးလွှမ်းနေချေသည်။

​လမ်းမပေါ်ရှိ စည်ကားနေသော လမ်းသွားလမ်းလာများ အနက် ၃၀ ရာခိုင်နှုန်းခန့်မှာ တည်ကြည်သော မျက်နှာအမူအရာရှိသည့် အသက်ရှင်နေသော လူများ ဖြစ်ကြသည်။

သူတို့က ကမန်းကတန်း လျှောက်သွားနေကြပြီး သူတို့၏ မျက်လုံးများက သတိဝီရိယ ရှိနေကာ အားလုံး၏ ခါးတွင် ကာကွယ်ရေးပစ္စည်း အမျိုးမျိုးကို ချိတ်ဆွဲထားကြ၏။ သို့သော် အများစုမှာမူ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင် ရှိကြလေသည်။

​ရေစိုရွှဲနေသော အဘွားအိုတစ်ဦးက လမ်းထောင့်တစ်ခုတွင် ဆောင့်ကြောင့်ထိုင်နေပြီး သူမ၏ ဆံပင်များမှတစ်ဆင့် ရေညှိများ ရောနှောနေသော ရေမည်းများ စိမ့်ထွက်နေကာ သူမ၏ ခြေရင်းတွင် ရေအိုင်တစ်ခုက တဖြည်းဖြည်း ကြီးမားလာနေလေသည်။

​နာရေးဝတ်စုံများ ဝတ်ဆင်ထားသော ကလေးငယ် အတော်များများမှာ ပြေးလွှားဆော့ကစားနေကြ၏။ သူတို့၏ ရယ်မောသံများမှာ စူးရှပြီး နားကွဲမတတ်ဖြစ်ကာ သူတို့ ပြေးလွှားနေစဉ် လည်ပင်းများမှာ သဘာဝမကျစွာ စောင်းနေပြီး အချိန်မရွေး ကျိုးကျသွားနိုင်မည့်အလားပင်။

​အနည်းငယ် အလှမ်းဝေးသောနေရာတွင် စက္ကူလူရုပ် တစ်စုက သွေးရောင်လွှမ်းနေသော ပုခက်စင်တစ်ခုကို ထမ်းကာ လွင့်မျောသွားပြီး လိုက်ကာကွက်လပ်များမှတစ်ဆင့် ဖြူဖျော့နေသော ခြေဗလာတစ်စုံကို ဝိုးတဝါး မြင်တွေ့နိုင်ချေသည်။

​ကြောက်စရာအကောင်းဆုံးအရာမှာ ဆိုင်များအားလုံး၏ အဝင်ဝတွင် ချိတ်ဆွဲထားသော မီးပုံးများမှာ လူ့ဦးခေါင်းခွံများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင် မီးတောက်များ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေခြင်းပင်။

​လေတိုက်လိုက်သောအခါ ထို မီးပုံးများက ဖျော့တော့ပြီး ဆွေးမြေ့ဖွယ်အသံတစ်ခုကို ထုတ်လွှတ်နေလေသည်။

​“ဒါ... ဒါက အရမ်း...” ကျန်းထောင်မှာ စကားတစ်ဝက်တွင် ဆို့နင့်သွားရသည်။

​အကြောင်းမှာ သူက မြို့ရိုးဘေးရှိ သကြားရုပ်ရောင်းသူ တစ်ယောက်က သူ၏ လက်ချောင်းများကြားမှ စိမ့်ထွက်နေသော ပြည်များဖြင့် သကြားရုပ်များကို ဆွဲ နေသည်ကို မြင်လိုက်ရခြင်းကြောင့် ဖြစ်၏။

​အကြည့်ကို အာရုံခံမိသွားသောအခါ ဆိုင်ရှင်က ရုတ်တရက် ၁၈၀ ဒီဂရီ လှည့်လာပြီး သူ၏ ပုပ်ပွနေသော မျက်နှာပေါ်တွင် အပြုံးတစ်ခုကို အတင်း ဖန်တီးလိုက်လေသည်။ “နည်းနည်းလောက် မြည်းကြည့်ချင်လား သခင်လေး.....”

(လခွီး ကျောချမ်းသာကွာ....)

​လန့်သွားသော ကျန်းထောင်က ကျန်းယဲ့အနားသို့ တိုးကပ်သွား၏။

​ကျန်းယဲ့က သကြားရုပ်သည်ကို လှည့်ကြည့်လိုက်ဆလသည်။ ရောင်းသူ၏ အကြည့်က ကျန်းယဲ့နှင့် ခေတ္တမျှ ဆုံသွားပြီးနောက် အကြည့်လွှဲသွားကာ ခေါင်းငုံ့ပြီး သကြားရုပ်များကို ဆက်လုပ်နေလေသည်။

​သတ္တိရှိလှသော လင်ယီရှင်းပင်လျှင် ယခုအခါ အခြားခရီးသွားများနည်းတူ မျက်နှာဖြူရော်နေပြီဖြစ်ပြီး အချို့က သူတို့၏ အဖော်များ၏ လက်မောင်းများကို တင်းကျပ်စွာ ဖက်တွယ်ထားရာ သူတို့၏ လက်ဆစ်များပင် ဖြူလာရသည်။

​မြို့တစ်မြို့လုံးမှာ ကြောက်မက်ဖွယ်ကောင်းသော လေထုဖြင့် ဖုံးလွှမ်းနေ၏။

​လေထုထဲရှိ မြူခိုးများတွင် ညှီစော်နံပြီး ချိုအီသော အနံ့တစ်ခုရှိနေကာ ၎င်းကို ရှူရှိုက်လိုက်ပါက အဆုတ်ထဲတွင် စူးရှသော နာကျင်မှုကို ဖြစ်ပေါ်စေပြီး မရေမတွက်နိုင်သော ပိုးကောင်လေးများက ရင်ခေါင်းထဲတွင် တွားသွားနေသကဲ့သို့ ခံစားရချေသည်။

​သေခြင်းတရား၏ လေထုက ပြည့်နှက်နေသော်လည်း မြို့တော်မှာ ၎င်း၏ စည်ကားသော အခြေအနေကို ထူးဆန်းစွာ ထိန်းသိမ်းထားပေသည်။

​အသက်ရှင်နေသူများနှင့် ထူးဆန်းသော သတ္တဝါများက သူတို့၏ လမ်းခွဲများကို သွားကြပြီး ကြက်သီးထစရာကောင်းသော သဟဇာတဖြစ်မှု တစ်ခုကို ဖန်တီးထားကြသည်။

​သို့သော် ဤထူးဆန်းသော သဟဇာတဖြစ်မှုမှာ ကျယ်လောင်သော ဝုန်း ဆိုသည့် အသံနှင့်အတူ ပျက်စီးသွားလေသည်။

​အင်မော်တယ်ရာချီမြို့၏ လေးလံသော မြို့တံခါးကြီးများက သူတို့၏ နောက်ကျောတွင် ပြင်းထန်စွာ ပိတ်သွားရာ မြေပြင်ကိုပင် အနည်းငယ် တုန်ခါသွားစေခဲ့သည်။

​တစ်ချိန်တည်းမှာပင် စူးရှပြီး ကျယ်လောင်သည့် ရယ်မောသံတစ်ခုက ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာလေသည်။

​လူတိုင်း မော့ကြည့်လိုက်ရာ လင်းနို့နှင့်တူသော မကောင်းဆိုးဝါးတစ်ကောင်က လေထဲတွင် ဇောက်ထိုးတွဲလောင်းကျနေပြီး ၎င်း၏ နောက်ကွယ်တွင် ကြောက်မက်ဖွယ် သွေးရောင်လမင်းကြီး ရှိနေသည်ကို မြင်လိုက်ရ၏။

​သုံးမီတာကျော် ရှည်လျားသော ၎င်း၏ အနက်ရောင် အသားတောင်ပံကြီးများက လရောင်အောက်တွင် ဆီပြန်နေသော အလင်းရောင်ဖြင့် တောက်ပနေခဲ့သည်။

​“ကစားသမားတွေ အားလုံးကို အင်မော်တယ်ရာချီမြို့မှ ကြိုဆိုပါတယ်...” မကောင်းဆိုးဝါးက စူးရှသော အသံဖြင့် ပြောလိုက်ပြီး ၎င်း၏ လေသံတွင် စိတ်မသက်မသာဖြစ်စေသော ရွှင်မြူးမှုတစ်ခု ပါဝင်နေချေသည်။ “ဒီနေ့က တကယ်ကို သာယာတဲ့နေ့ပါပဲ....”

​၎င်းက ရုတ်တရက် အောက်သို့ ထိုးဆင်းလာပြီး မြေပြင်မှ ဆယ်မီတာအကွာတွင် ရုတ်ခြည်း ရပ်တန့်သွားကာ ဇောက်ထိုးတွဲလောင်းကျနေရင်း ဆက်လက် ကြေညာလိုက်သည်။ “ကျွန်ုပ်တို့ရဲ့ ကြီးမြတ်လှတဲ့ မြို့စားကြီးက သူရဲ့ ၁၀၈ ယောက်မြောက် သတို့သမီးနဲ့ မင်္ဂလာဆောင်တော့မယ်။ အင်မော်တယ်ရာချီမြို့ရဲ့ မြို့သူမြို့သားတွေနဲ့ ဧည့်သည်တွေအနေနဲ့ အားလုံး မြို့စားကြီးရဲ့ စံအိမ်ကိုသွားပြီး ဂုဏ်ပြုဆုတောင်းပေးရမယ်....”

​စကားပြောနေစဉ် ၎င်းက တောင်ပံအောက်မှ လူ့အရေပြားဖြင့် ပြုလုပ်ထားသော ပေလိပ်တစ်ခုကို ဆွဲထုတ်လိုက်ပြီး ၎င်း၏ ရှည်လျားသော လက်သည်းများဖြင့် ညင်သာစွာ ဖြန့်ချလိုက်၏။

အခန်း ၂၀၃ပြီး၏။

All Chapters