အခန်း ၂၀၄
Vol. 21 Ch. 204
အခန်း (၂၀၄) ခရီးသွားများနှင့် ကစားသမားများ
“ပထမအချက်... မင်းတို့မှာ ဖိတ်စာတစ်ခု ရှိရမယ်။ ဖိတ်စာအားလုံးကို ဒေသခံတွေဆီမှာ ဝေပေးထားတယ်။ အဲဒါကို ရချင်ရင် သူတို့ဆီကနေ ယူတာပဲဖြစ်ဖြစ်၊ သူတို့နဲ့အတူ ဝင်တာပဲဖြစ်ဖြစ် လုပ်ရမယ်..”
“ဒုတိယအချက်.... မင်းတို့မှာ လက်ဆောင်တစ်ခု ပါလာရမယ်။ အဲဒီလက်ဆောင်က မြို့စားကြီးကို မကျေနပ်စေဘူးဆိုရင်တော့...”
၎င်းက ရုတ်တရက် သွားဖြဲလိုက်ရာ ထက်မြက်သော သွားအစီအရီကို မြင်လိုက်ရလေသည်။ “တစ်ယောက်ယောက်တော့ ကံမကောင်းတော့ဘူးပေါ့.... ”
“တတိယအချက်.... ဂုဏ်ပြုဆုတောင်းမယ့် လူအရေအတွက်က စုံဖြစ်ရမယ်။ မစုံတဲ့ အရေအတွက်ဆိုရင် အလွန်ကံမကောင်းတဲ့ အဖြစ်လို့ သတ်မှတ်တယ်....”
လင်းနို့နှင့်တူသော မကောင်းဆိုးဝါးက ပေလိပ်ကို သိမ်းလိုက်ပြီး လေထဲတွင် ခပ်သွက်သွက် လည်လိုက်သည်။ “မှတ်ထား... မင်္ဂလာပွဲမစခင် မြို့စားကြီးရဲ့ စံအိမ်ထဲကို မဝင်နိုင်ရင် အားလုံး အသုတ်လိုက်ခံရလိမ့်မယ်.... ”
နောက်ဆုံးစကားလုံးကို ဆွဲငင်ပြောလိုက်သဖြင့် ညကောင်းကင်ယံတွင် ကြာရှည်စွာ ပဲ့တင်ထပ်နေခဲ့သည်။
ပြောပြီးသည်နှင့် ၎င်းက တောင်ပံများကို ရုတ်တရက် ခတ်လိုက်ကာ မြင့်မားစွာ ပျံတက်သွားပြီး သွေးရောင်လမင်းကြီးထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားချေသည်။
နေရာတွင် ဖြူဖျော့နေသော လူသားတစ်စုသာ ကျန်ရစ်ခဲ့ပြီး အရိပ်များထဲမှ တဖြည်းဖြည်း ပေါ်ထွက်လာသော ကြောက်မက်ဖွယ်ကောင်းသည့် ဒေသခံများလည်း ရှိနေ၏။
လင်းနို့က ကြောက်မက်ဖွယ်ကောင်းစွာ ရွတ်ဆိုသွားသော စည်းကမ်းချက်များထဲတွင် ကစားသမားဆိုသည့် စကားလုံးကို ကျန်းယဲ့ သတိပြုမိလိုက်၏။
သူတစ်ယောက်တည်း သတိပြုမိခြင်း မဟုတ်ဘဲ ခရီးသွားများစွာလည်း သတိပြုမိကြလေသည်။
ဤမျှ ထူးဆန်းသော ကမ္ဘာတစ်ခုတွင် သဘာဝလွန်အရာများက အသက်ရှင်နေသူများကို ကစားသမားဟု ခေါ်ဆိုနေခြင်းမှာ စိတ်ဝင်စားစရာကောင်းပြီး တွေးစရာ ဖြစ်စေလေသည်။
ချန်ရှင်းယွမ်က လိန်မင်၏ အင်္ကျီလက်ကို တိတ်တဆိတ် ဆွဲလိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်၏။ “သူက ကစားသမားလို့ ပြောသွားတာ... ဒါပေမဲ့ ငါတို့က ခရီးသွားတွေလေ မဟုတ်ဘူးလား... အဲဒီတော့ ဒီမင်္ဂလာပွဲကို တက်စရာ မလိုဘူးလို့ ဆိုလိုတာလား”
သူ၏ အသံတွင် သက်ပြင်းချသံအနည်းငယ် ပါနေခဲ့သည်။
ဤစကားများက ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ခရီးသွားများ၏ မျက်လုံးများကို ချက်ချင်း တောက်ပသွားစေပြီး အချို့မှာ သက်ပြင်းချလိုက်ကြ၏။
“ဟုတ်တယ်... ငါတို့က ကစားသမားတွေ မဟုတ်ဘူးလေ...”
“ဟုတ်တယ်... ဟုတ်တယ်... ငါတို့က ခရီးသွားဖို့ လာတာ...”
“ဒါဆိုရင် ငါတို့ ပုန်းစရာ နေရာလုံခြုံတဲ့ နေရာတစ်ခု ရှာလို့ရမလား....”
လူအုပ်ကြားတွင် တီးတိုးစကားများ ပျံ့နှံ့သွားပြီး တင်းမာနေသော လေထုမှာ အနည်းငယ် လျော့ကျသွားသလို ရှိလေသည်။
“အားလုံးပဲ...” တာအိုဘုန်းကြီးငယ် ရွှမ်ချင်းက ရုတ်တရက် စကားပြောလိုက်ရာ သူ၏ အသံမှာ တိုးညင်းသော်လည်း လူတိုင်းကို တိတ်ဆိတ်သွားစေခဲ့သည်။
သူက ခေါင်းကို လေးနက်စွာ ယမ်းလိုက်၏။ “အဲဒါ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်...”
“ဘာလို့လဲ...” ချန်ရှင်းယွမ်က နားမလည်စွာ မျက်မှောင်ကြုတ်လျက် မေးလိုက်၏။
တာအိုဘုန်းကြီးငယ်ရွှမ်ချင်းက ကောင်းကင်ကို ညွှန်ပြလိုက်သည်။ “အဲဒီ မကောင်းဆိုးဝါးက ကျွန်တော်တို့ ခရီးသွားတွေဆိုတာ မသိတာ ဖြစ်နိုင်ပေမယ့် စည်းကမ်းချက်တွေက အဲဒီလို ခွဲခြားမှာ မဟုတ်ဘူး။ ပြီးတော့ ဒီမြို့က အသက်ရှင်နေတဲ့ လူတစ်ယောက်ယောက်ကို အလွတ်ပေးမယ်လို့ မင်းတို့ ထင်နေတာလား...”
နောက်ဆုံးစကားစုက လူတိုင်းကို ရေခဲပြင်ထဲသို့ ကျဆင်းသွားသကဲ့သို့ ဖြစ်သွားစေခဲ့သည်။
ကျန်းထောင်က တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်၏။ “ဒါဆိုရင် ငါတို့ကလည်း ကစားသမားစာရင်းထဲ ပါသွားတာပေါ့...”
“မဟုတ်ဘူး...” ကျန်းယဲ့က ပြောသည်။
ဤစကားလုံး နှစ်လုံးတည်းက အားလုံး၏ စိုးရိမ်နေသော စိတ်များကို ချက်ချင်း ငြိမ်းချမ်းသွားစေလေသည်။
တစ္ဆေပိုက်ဆံ လဲလှယ်စဉ်က စတိုးဆိုင်တွင် ထူးဆန်းသော ပစ္စည်းအချို့ကို သူ သတိထားမိခဲ့သည်။
အခု စည်းကမ်းချက်တွေ ထွက်လာတော့ ထိုပစ္စည်းတွေရဲ့ ရည်ရွယ်ချက်က ချက်ချင်း ရှင်းလင်းသွားပေသည်။
ရေတစ္ဆေ ဝတ်စုံ၊ ဇွန်ဘီ ဝတ်စုံ၊ ကြိုးဆွဲချ တစ္ဆေ ဝတ်စုံ... ပစ္စည်းတစ်ခုစီတိုင်းက ဤထူးခြားသော ခရီးစဉ်အတွက် အထူးထုတ်လုပ်ထားခြင်းပင်။
စနစ်သည် ခရီးသွားစနစ်ဖြစ်သည့်အတွက် ခရီးသွားများကို ဤကမ္ဘာရှိ လူများကဲ့သို့ အခြေအနေမျိုးသို့ ကျရောက်စေလိမ့်မည် မဟုတ်ချေ။
သူတို့သည် အသက်ကိုရင်းပြီး လာခြင်းမဟုတ်ဘဲ ရှုခင်းကြည့်ရန် လာခြင်း ဖြစ်သည်။
ကျန်းယဲ့က အားလုံးကို ပြောလိုက်၏။ “ငါတို့က သူတို့နဲ့ ကွဲပြားတာတော့ အမှန်ပဲ... ဒါပေမဲ့ တစ်ခုတော့ သတိပေးချင်တယ်။ ငါတို့ ကွဲပြားပေမယ့် ပါးစပ်ကို ပိတ်ထားဖို့တော့ လိုလိမ့်မယ်...”
အဖွဲ့သားများက ခေါင်းညိတ် သဘောတူလိုက်ကြ၏။ သူတို့အားလုံးက လူကြီးများဖြစ်ကြပြီး ဤအခြေခံမူကို နားလည်ကြလေသည်။
ခရီးသွားများ စိတ်အေးလက်အေး ရှိနေချိန်တွင် မြို့ထဲရှိ ကစားသမားများမှာမူ စိတ်အေးလက်အေး မရှိကြချေ။
လင်းနို့၏ ကြောက်မက်ဖွယ်အသံများ သွေးရောင်လမင်းကြီးထဲတွင် ပျောက်ကွယ်သွားပြီးနောက် ရင်ပြင်ရှိ ကစားသမားများမှာ ချက်ချင်း ရုန်းရင်းဆန်ခတ် ဖြစ်သွားကြရသည်။
လူများမှာ နှစ်ယောက် သုံးယောက်စီ အုပ်စုလိုက် စုဝေးပြီး တိုးတိုးတိတ်တိတ် ဆွေးနွေးနေခဲ့ကြသည်။
တချို့က လက်နက်များနှင့် ပစ္စည်းများကို ထုတ်ကာ ပတ်ဝန်းကျင်ကို ကြည့်ရှုနေကြပြီး အချို့က ဒေသခံများနှင့် စကားပြောကာ ဖိတ်စာ ရအောင် ကြိုးစားနေကြ၏။
ဂျီဖေးဟန်နှင့် မုန်းရှင်းဟွိုင်တို့မှာ ပျက်စီးနေသော နံရံတစ်ခုဘေးတွင် ရပ်ကာ အတူတွဲလုပ်ရန် ဖိတ်ခေါ်သော ကစားသမားအုပ်စုအချို့ကို ယဉ်ကျေးစွာ ငြင်းပယ်နေကြ၏။
“အဲဒီလူတွေက အားနည်းလွန်းတယ်...” ဂျီဖေးဟန်က ခေါင်းယမ်းလိုက်၏။ “သူတို့နဲ့အတူ မြို့စားကြီး စံအိမ်ထဲသွားတာက သေကြောင်းကြံတာပဲ”
မုန်းရှင်းဟွိုင်က သူ၏ လက်ကောက်ဝတ်ရှိ အမှတ်အသားကို ပွတ်သပ်ရင်း အဝေးမှ ကျန်းယဲ့၏ အဖွဲ့ကို စိုက်ကြည့်နေခဲ့သည်။ “ဒါပေမဲ့ သူတို့က ကွဲပြားတယ်။ ကြည့်လေ... ခေါင်းဆောင်က အခုထိ တည်ငြိမ်နေတုန်းပဲ.... အခြားသူတွေက စိတ်လှုပ်ရှားနေပေမယ့် သူတို့က ဘာမှ မဖြစ်သလိုပဲ...”
သူက မျက်လုံးကို ကျဉ်းလိုက်၏။ “သူတို့မှာ အထူးနည်းလမ်းတစ်ခုခု ရှိမှာ သေချာတယ်...”
“ပြဿနာက သူတို့မှာ လူနှစ်ဆယ်ကျော် ရှိနေပြီ။ ငါတို့ နှစ်ယောက်ကို ဝန်ထုပ်ဝန်ပိုးအဖြစ် ခေါ်သွားဖို့ သူတို့ သဘောတူပါ့မလား...” ဂျီဖေးဟန်က ခါးသီးစွာ ပြောလိုက်လေသည်။
“ကြိုးစားကြည့်ရမှာပေါ့... ” မုန်းရှင်းဟွိုင်က အသက်ပြင်းပြင်း ရှူလိုက်၏။ “သူတို့နောက်ကို လိုက်မှသာ ဒီနေရာကနေ အသက်ရှင်ပြီး ထွက်သွားနိုင်မယ်လို့ ခံစားနေရတယ်...”
အင်မော်တယ်ရာချီမြို့မှာ ကစားသမား သေဆုံးမှုနှုန်း ၉၀ ရာခိုင်နှုန်းအထိ ရှိသော S-အဆင့် ခက်ခဲသည့် မြေအောက်ထောင် ဖြစ်သည်။
မြို့တံခါးဝရှိ ပါးစပ်ကြီးမှာ ကျန်းယဲ့ကို လေးစားစွာ ဆက်ဆံခဲ့သည်ကို တွေးမိလိုက်သောအခါ မုန်းရှင်းဟွိုင်၏ ဆုံးဖြတ်ချက်မှာ ပို၍ ခိုင်မာလာရသည်။
သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်ကြ၏။
ထို့နောက် သူတို့က လူအုပ်ကြားမှတစ်ဆင့် ကျန်းယဲ့တို့ဆီသို့ သတိထား လျှောက်သွားလိုက်ကြသည်။
ဂျီဖေးဟန်နှင့် မုန်းရှင်းဟွိုင် ချဉ်းကပ်လာသောအခါ ကျန်းယဲ့နှင့် သူ၏အဖွဲ့မှာ စကားပြောခြင်းကို ချက်ချင်း ရပ်တန့်လိုက်ပြီး မျက်လုံး အစုံ ၂၀ ကျော်ဖြင့် သူတို့ကို စိုက်ကြည့်လိုက်ကြသည်။
“အထင်မလွဲကြပါနဲ့... ကျွန်တော်တို့က အန္တရာယ် မပေးပါဘူး....” ဂျီဖေးဟန်က လက်ကို အမြန်မြှောက်လိုက်ပြီး မုန်းရှင်းဟွိုင်ကလည်း အန္တရာယ် မရှိကြောင်း ပြသရန် တစ်ဝက်ခန့် နောက်ဆုတ်လိုက်လေသည်။
ထို့နောက် မုန်းရှင်းဟွိုင်က ချောင်းဟန့်လိုက်ပြီး အဓိကအချက်ကို ပြောလိုက်၏။ “ကျွန်တော်တို့ မင်းတို့အဖွဲ့ထဲ ဝင်ချင်ပါတယ်....”
ပြောပြောဆိုဆိုနှင့် သူက ရင်ဘတ်ထဲမှ အနီရောင် ပန်းထိုးဖိနပ်တစ်စုံကို ထုတ်ပြလိုက်သည်။ “ဒါက နောက်ဆုံး ထောင်ထဲမှာ ရခဲ့တဲ့ သတို့သမီးကောင်းချီးပါ။ အသက်အန္တရာယ်ရှိတဲ့ တိုက်ခိုက်မှုတစ်ခုကို ကာကွယ်ပေးနိုင်တယ်.... ဒါကို လက်ဆောင်အဖြစ် ယူလိုက်ပါ...”
ကျန်းယဲ့၏ အကြည့်က ထိုအနီရောင် ပန်းထိုးဖိနပ်ပေါ်သို့ ကျသွားလေသည်။
ဖိနပ်ပေါ်ရှိ ဘဲရုပ်ပန်းထိုးထားမှုမှာ လက်တွေ့ဆန်သော်လည်း ထူးဆန်းသော မကောင်းသည့် အငွေ့အသက်ကို ထုတ်လွှတ်နေပြီး ယင်စွမ်းအင်များက မီးခိုးငွေ့သဖွယ် ဖိနပ်မျက်နှာပြင်တွင် ဝဲပျံနေချေသည်။
လက်ရာနှင့် အငွေ့အသက်...
စနစ်ဆိုင်တွင် မကြာသေးမီက ထည့်သွင်းထားသော ဖိနပ်နှင့် ခပ်ဆင်ဆင် ဖြစ်နေလေသည်။ သို့သော် ဆိုင်ရှိ ဖိနပ်မှာ ပို၍ လက်ရာမြောက်၏။
စနစ်ဆိုင်မှ ပန်းထိုးဖိနပ်များမှာ ရွှေရောင်ချည်ဖြင့် ချုပ်ထားသော ဘဲမျက်လုံးများက လှုပ်ရှားနေသလို ဖြစ်ပြီး ခြေဖဝါးတွင်လည်း လျှို့ဝှက်ချက် ရှိနေကာ အလွန်တရာ အစွမ်းထက်သည့် မကောင်းသည့် အငွေ့အသက်ကို ထုတ်လွှတ်နေလေသည်။
အရေးကြီးဆုံးမှာ ၎င်းမှာ အလွန် စျေးသက်သာခြင်းပင်။
ထို့ကြောင့် ဤလက်ဆောင်မှာ ကျန်းယဲ့အတွက် ဘာမှ မဟုတ်ချေ။
“တောင်းပန်ပါတယ်... လူပြည့်သွားပြီ” ကျန်းယဲ့က ပြတ်ပြတ်သားသား ငြင်းပယ်လိုက်၏။
သူ၏ ငြင်းပယ်မှုကို မြင်သောအခါ ဂျီဖေးဟန်က အလျင်စလို ဖြည့်စွက်ပြောလိုက်ခေသည်။ “ကျွန်တော်တို့က တုံယိုအဆင့် အဆင့် ၄ မှာ ရောက်နေတာပါ....”
သူ၏ အသံတွင် ဂုဏ်ယူမှု အရိပ်အယောင်လေး ရှိနေလေသည်။
ပြင်ပကမ္ဘာတွင် ဤအဆင့်သို့ ရောက်နိုင်သူမှာ နာမည်ကြီး ပုဂ္ဂိုလ်များသာ ဖြစ်ကြောင်း သိထားရပေမည်။
မုန်းရှင်းဟွိုင်က သူ၏ လက်ကောက်ဝတ်ရှိ အမှတ်အသားကို အမြန် ပြသလိုက်၏။ အနက်ရောင် ၁၈ အမှတ်အသားဘေးတွင် ငွေရောင်မျဉ်းလေး လေးကြောင်း ရှိနေပြီး ၎င်းမှာ တုံယိုအဆင့် အဆင့် ၄ ဖြစ်ကြောင်း သက်သေပင်။
သို့သော် ကျန်းယဲ့က ခေါင်းသာ တည်ငြိမ်စွာ ခါလိုက်ပြန်သည်။ “မလိုပါဘူး... ကျေးဇူးပါ။”
သူတို့နှစ်ယောက်မှာ အံ့သြစွာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့၏ စွမ်းအားကို ပြသပြီးမှပင် ငြင်းပယ်ခံလိုက်ရသည်ကို မယုံနိုင် ဖြစ်နေကြရသည်။ သို့သော် ကျန်းယဲ့၏ တင်းမာသော အမူအရာကို မြင်သောအခါ ဤလျှို့ဝှက်ဆန်းကြယ်သူကို စော်ကားမိမည်ကို စိုးရိမ်သဖြင့် ထပ်မပြောရဲတော့ချေ။
“ဒါဆိုရင် အနှောင့်အယှက် ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်...” မုန်းရှင်းဟွိုင်က အနီရောင် ဖိနပ်ကို အနေခက်စွာ သိမ်းလိုက်ပြီး ဂျီဖေးဟန်နှင့်အတူ နောက်သို့ ဆုတ်သွားလေသည်။
အနည်းငယ် လျှောက်သွားပြီးနောက် ဂျီဖေးဟန်က နောက်သို့ တစ်ချက်ပြန်ကြည့်ကာ တိုးတိုးလေး ပြောလိုက်၏။ “သူတို့ ဘယ်သူတွေလဲ။ တုံယိုအဆင့် ၄ တောင်မှ အထင်မကြီးဘူး....”
မုန်းရှင်းဟွိုင်က ခေါင်းယမ်းလိုက်၏။ သူ၏ မျက်လုံးထဲတွင် စိတ်ပျက်မှုနှင့် ကြောက်ရွံ့မှုတို့ ရောထွေးနေလေသည်။ “တခြားလူတွေကိုပဲ အဖော်ရှာရတော့မယ်.... ဒါပေမဲ့ သူတို့နောက်ကို လိုက်တာက အလုံခြုံဆုံး ဖြစ်မယ်လို့ ခံစားနေရတုန်းပဲ....”
အခန်း ၂၀၄ပြီး၏။