အခန်း ၂၀၅
Vol. 21 Ch. 205
အခန်း (၂၀၅) ထူးဆန်းသော ရုပ်ဖျက်မှု
ကျန်းယဲ့သည် ခရီးသွားများကို မှောင်မည်းနေသော လမ်းကြားတစ်ခုထဲသို့ ခေါ်ဆောင်သွား၏။ သူတို့ လမ်းချိုးတစ်ခုကို ကွေ့လိုက်သည်နှင့် တစ်စုံတစ်ခုကို ဝါးစားနေသော အသံကို ကြားလိုက်ရလေသည်။
အနီးကပ် သေချာကြည့်လိုက်သောအခါ လမ်းကြားအဆုံးတွင် ပုံပျက်ပန်းပျက်ဖြစ်နေသော ထူးဆန်းသည့် ပုံရိပ်နှစ်ခု ဆောင့်ကြောင့်ထိုင်နေသည်ကို တွေ့လိုက်ကြရသည်။
တစ်ကောင်မှာ ညီညာမှုမရှိသော မျက်လုံးသုံးလုံးရှိပြီး ၎င်း၏ ခေါင်းမှာ အရည်ပျော်နေသော ဖယောင်းတိုင်တစ်ခုလို ပခုံးပေါ်သို့ တွဲကျနေချေသည်။ ၎င်းက ရှည်လျားသေးသွယ်သော လက်ချောင်းများကို အသုံးပြု၍ သွေးသံရဲရဲနှင့် ကြေမွနေသော အစားအစာပုံထဲမှ အသားစများကို ကော်ထုတ်စားသောက်နေခဲ့သည်။
နောက်တစ်ကောင်မှာ တစ်ကိုယ်လုံး ပြည်ဖုများ ဖုံးလွှမ်းနေပြီး ဗိုက်တွင် ဟနေသော ပါးစပ်ပေါက်ကြီးတစ်ခုရှိကာ လူ့လက်မောင်းတစ်ဝက်ခန့်ဟု ထင်ရသော အရာတစ်ခုကို လောဘတကြီး မျိုချနေ၏။
“ဝေါ့...” ချန်ရှင်းယွမ်က ရုတ်တရက် ပါးစပ်ကို ပိတ်လိုက်ပြီး သူ၏ မျက်နှာမှာ သေလူလို ဖြူရော်သွားရသည်။
လိန်မင်က သူ၏ ပေါင်ကို အတင်းလိမ်ဆွဲထားပြီး အန်မထွက်သွားစေရန် အစွမ်းကုန် ထိန်းချုပ်ထား၏။
ဗဟုသုတကြွယ်ဝသော လင်ယီရှင်းပင်လျှင် တည်ငြိမ်မှုမပျက်စေရန် အသက်ပြင်းပြင်း ဆက်တိုက် ရှူနေရလေသည်။
ထိုအသံကို ကြားသောအခါ ထူးဆန်းသော သတ္တဝါ နှစ်ကောင်က ရုတ်တရက် မော့ကြည့်လာခဲ့ကြသည်။
ပြည်ဖု မကောင်းဆိုးဝါး၏ ဗိုက်ပေါ်ရှိ သွေးစွန်းနေသော ပါးစပ်ကြီးမှာ စိတ်လှုပ်ရှားစွာ ပွင့်လိုက်ပိတ်လိုက် ဖြစ်သွားပြီး ဖယောင်းပျော် မကောင်းဆိုးဝါး၏ မျက်လုံးသုံးလုံးကလည်း တစ်ပြိုင်နက်တည်း ကြမ်းကြုတ်သော အလင်းရောင်များ တောက်ပသွားကြသည်။
ထို့နောက် သူတို့က ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ကြပြီး ပါးစပ်ထောင့်များမှ ပျစ်ချွဲချွဲ တံတွေးများ ကျဆင်းလာလေသည်။
ထိုအချိန်မှာပင်...
“ချွင်....”
ကျန်းယဲ့၏ ခါးတွင်ချိတ်ဆွဲထားသော ဝိညာဉ်ဖိနှိပ်ရေး ခေါင်းလောင်းလေးမှာ လေမတိုက်ဘဲ အလိုအလျောက် လှုပ်ရှားသွားပြီး စူးရှကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာချေသည်။
ထူးဆန်းသော သတ္တဝါနှစ်ကောင်မှာ ချက်ချင်း အေးခဲသွားကြ၏။ ပြည်ဖုတစ္ဆေပေါ်ရှိ ပြည်ဖုအချို့မှာ ဖောင်းခနဲ ပေါက်ကွဲသွားပြီး ဖယောင်းတစ္ဆေ၏ ခေါင်းမှာလည်း ဘေးဘက်သို့ စောင်းကျသွားခဲ့သည်။
“လူကြီးမင်းတို့...” ကျန်းယဲ့က ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး တည်ငြိမ်ကာ ဖော်ရွေသော လေသံဖြင့် မေးလိုက်၏။ “တခြားနေရာမှာ သွားစားလို့ ရမလား...”
ကြောက်မက်ဖွယ် သတ္တဝါနှစ်ကောင်က အချင်းချင်း အကဲခတ်ကြည့်လိုက်ကြလေသည်။ ပြည်ဖုတစ္ဆေ၏ ဗိုက်မှာ မသက်မသာ တွန့်လိမ်သွားပြီး ဖယောင်းပျော်တစ္ဆေ၏ မျက်လုံးသုံးလုံးမှာလည်း အဆက်မပြတ် မျက်တောင်ခတ်သွားခဲ့သည်။
နောက်ဆုံးတွင် သူတို့က မြေပြင်ပေါ်ရှိ အစားအစာကိုပင် ယူရန် ဂရုမစိုက်တော့ချေ။ ပြည်ဖု မကောင်းဆိုးဝါးက အသားစိုင်တစ်ခုလို ကျုံ့ဝင်ကာ လိမ့်ထွက်သွားပြီး ဖယောင်းပျော် မကောင်းဆိုးဝါးမှာ ဖယောင်းတိုင်တစ်ခုလို အရည်ပျော်ကျကာ မြေကြီးအက်ကွဲကြောင်းများထဲသို့ စိမ့်ဝင်သွားတော့သည်။
သူတို့ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးမှသာ အားလုံးက သက်ပြင်းချနိုင်ကြတော့သည်။
ကျန်းထောင်က သူ၏ နဖူးမှ ချွေးအေးများကို သုတ်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်၏။ “ဒါရိုက်တာကျန်း... ခင်ဗျားရဲ့ ခေါင်းလောင်းလေးက တကယ် အစွမ်းထက်တာပဲ...”
ကျန်းယဲ့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး မှောင်မည်းနေသော ထောင့်များတွင် ချောင်းကြည့်နေသော မျက်လုံးများ မရှိကြောင်း သေချာပြီးနောက် လက်ကိုမြှောက်ကာ ဖောက်ထွင်းမြင်နိုင်သော စနစ်မျက်နှာပြင်ကို ခေါ်ထုတ်လိုက်လေသည်။
အပြာနုရောင် အလင်းမျက်နှာပြင်မှာ မှောင်မိုက်နေသော လမ်းကြားထဲတွင် ထင်ရှားစွာ ပေါ်ထွက်လာပြီး ၎င်းပေါ်တွင် ထူးဆန်းသော အဝတ်အစား သင်္ကေတ အမျိုးမျိုးကို သပ်ရပ်စွာ စီစဉ်ပြသထားခဲ့သည်။
ကျန်းယဲ့က အသံကို နှိမ့်ကာ ပြောလိုက်၏။ “အခု အားလုံးပဲ အဝတ်အစား တစ်စုံစီ ဝယ်ဖို့ လိုတယ်...”
ခရီးသွား နှစ်ဆယ်စလုံးက ဝိုင်းအုံလာကြပြီး ထူးဆန်းသော ဝတ်စုံမျိုးစုံကို ပြသထားသည့် မျက်နှာပြင်ကို မြင်လိုက်ရလေသည်။
ရေစိုရွှဲနေသော ရေတစ္ဆေဝတ်ရုံများ၊ သွေးစွန်းနေသော အနီရောင် တစ္ဆေမ မင်္ဂလာဝတ်စုံများ၊ ပုပ်ပွနေသော ဇွန်ဘီ အရာရှိဝတ်စုံများနှင့် ကြောက်မက်ဖွယ်ကောင်းသော ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ဝတ်စုံများ စသည်ဖြင့် ရှိနေ၏။ ဝတ်စုံတစ်ခုစီတိုင်းက လက်တွေ့ဆန်လွန်းလှသဖြင့် ၎င်းတို့ဆီမှ ထွက်ပေါ်နေသော မကောင်းဆိုးဝါး အငွေ့အသက်များကိုပင် ရှူရှိုက်မိနိုင်လုမတတ်ပင်။
လင်ယီရှင်းက မျက်မှန်ကို ပင့်တင်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်၏။ “ဒါက ဘာလို့ ရုပ်ဖျက်ပွဲနဲ့ တူနေတာလဲ။ ငါတို့ ကော့စ်ပလေးပွဲ လုပ်ကြတော့မလို့လား...”
သူ၏ စကားကြောင့် အခြားသူများကလည်း ဤထူးဆန်းသော ဝတ်စုံများကို ဝတ်ဆင်ထားလျှင် သူတို့ ဘယ်လိုပုံစံ ဖြစ်နေမလဲဆိုတာကို စိတ်ကူးယဉ်ကြည့်မိကြလေသည်။
သူ ပြောသလိုပင်.... ဒါက တကယ်ကို ဟယ်လိုဝင်း ရုပ်ဖျက်ပါတီတစ်ခုလို ခံစားချက်မျိုး ပေးစွမ်းနေလေသည်။
ချန်ရှင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး ရေများ တစ်တောက်တောက် ကျနေသော အပြာရောင် ဝတ်ရုံတစ်စုံကို ညွှန်ပြလိုက်၏။ “ဒါရိုက်တာကျန်း... ဒါတွေကို ဝတ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ”
ကျန်းယဲ့ မဖြေရသေးမီ ကျန်းထောင်က ဝင်ပြောလိုက်ခေသည်။ “အာ... ဒါက ရုပ်ဖျက်ဖို့လေ။ ဥပမာ... မင်းက ရေတစ္ဆေဝတ်စုံကို ဝတ်ထားမယ်ဆိုရင် သဘာဝလွန် သတ္တဝါတွေအတွက်ရော၊ ဒီကမ္ဘာက ကစားသမားတွေအတွက်ရော မင်းက တကယ့် ရေတစ္ဆေစစ်စစ်ပဲ။ အဲဒါက ပြီးပြည့်စုံတဲ့ ရုပ်ဖျက်မှုပဲ....”
ကျန်းယဲ့သည် ကျန်းထောင်ကို မကြည့်ဘဲ မနေနိုင်တော့ချေ။ ဤကောင်လေး၏ ခေါင်းက တကယ်ကို မြန်မြန်ဆန်ဆန် အလုပ်လုပ်ချေသည်။ သူက အဓိကအချက်ကို ထိထိမိမိ တွေးမိပြီး လုံးဝ မှန်ကန်နေခဲ့သည်။
ကျန်းယဲ့က ခေါင်းညိတ်လိုက်ပြီး ဖြည့်စွက်ပြောလိုက်၏။ “ကျန်းထောင် ပြောတာ မှန်တယ်။ ဒီအဝတ်အစားတွေက ကောင်းမွန်တဲ့ ရုပ်ဖျက်နိုင်စွမ်း ရှိတယ်။ ဒါပေမဲ့ ဝတ်စုံကို ရွေးချယ်ပြီးသွားရင်တော့ သက်ဆိုင်ရာ မကောင်းဆိုးဝါးတွေရဲ့ ဝိသေသလက္ခဏာတွေအတိုင်း ကွက်တိ လှုပ်ရှားရလိမ့်မယ်။ ရေတစ္ဆေက အချိန်တိုင်း ရေတွေ တစ်တောက်တောက် ကျနေရမယ်.... ဇွန်ဘီက ခုန်ဆွခုန်ဆွ သွားရမယ်... အနီရောင်ဝတ် တစ္ဆေမကတော့ လွင့်မျောနေရမယ်။ ကိုယ့်ရဲ့ သရုပ်ဖော်မှုနဲ့ မကိုက်ညီတဲ့ ဘယ်လိုအပြုအမူမျိုးမဆို ကိုယ့်ကို ဖော်ထုတ်ခံရစေနိုင်တယ်... ”
လိန်မင်က ရေတစ္ဆေဝတ်စုံပုံကို စိုက်ကြည့်နေပြီး တုံ့ဆိုင်းဆိုင်းဖြင့် မေးလိုက်ပြန်သည်။ “ဒါရိုက်တာကျန်း... ကျွန်တော်သာ ဒါကို ရွေးလိုက်ရင် ရေမကျလာရင် ဘယ်လိုလုပ်မလဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က တကယ့် ရေတစ္ဆေမှ မဟုတ်တာဗျ...”
ကျန်းယဲ့က စနစ်မျက်နှာပြင်ကို တည်ငြိမ်စွာ ပွတ်ဆွဲလိုက်ပြီး တွဲဖက်ပစ္စည်းများကို ခေါ်ထုတ်လိုက်ဆလသည်။ “စိုစွတ်ရေပုလဲဆိုတဲ့ ပစ္စည်းကို ဝယ်လို့ရတယ်။ အဲဒါကို ဝတ်ထားရင် အလိုအလျောက် ရေတွေ ကျနေလိမ့်မယ်...”
သူက စခရင် အောက်ခြေရှိ အရောင်းမြှင့်တင်ရေး စာတမ်းကို ညွှန်ပြလိုက်၏။ “အုပ်စုလိုက် ဝယ်ရင် ၂၀ ရာခိုင်နှုန်း လျှော့ပေးတယ်...”
ထို့နောက် သူက ဖြည့်စွက်ပြောလိုက်ပြန်သည်။ “ကျွန်တော် အကြံပေးချင်တာကတော့ တစ်ယောက်ချင်းစီ ခွဲရွေးတာထက် လူအများစုက ဝတ်စုံတစ်စုံတည်းကို အတူတူ ရွေးတာ ပိုကောင်းမယ်...”
“ဘာလို့လဲ..” တစ်စုံတစ်ယောက်က နားမလည်စွာ မေးလိုက်၏။
ကျန်းယဲ့က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်လေသည်။ “ရုပ်ဖျက်ထားတဲ့အချိန်မှာ ထူးဆန်းတဲ့ သတ္တဝါတွေက မင်းတို့ကို တိုက်ခိုက်မှာ မဟုတ်ပေမယ့် ကစားသမားတွေနဲ့ကျတော့ မတူဘူး။ သူတို့အမြင်မှာတော့ မင်းတို့က ဖိတ်စာကိုင်ထားတဲ့ ထူးဆန်းတဲ့ သတ္တဝါတွေပဲ။ မြို့စားကြီး စံအိမ်ထဲ ဝင်ခွင့်ရဖို့အတွက် တစ်ကောင်တည်းရှိနေတဲ့ သတ္တဝါကို တိုက်ခိုက်ပြီး ဖိတ်စာလုဖို့ ကြိုးစားမယ့် ကစားသမားတွေ မရှိဘူးလို့ အာမမခံနိုင်ဘူး။ ဒါက အကြောင်းရင်း တစ်ချက်ပဲ....”
“ဒုတိယအချက်က... ရုပ်ဖျက်ဝတ်စုံကို လဲဝတ်ပြီးသွားရင် မြို့စားကြီးစံအိမ်ထဲ ဝင်ဖို့အတွက် ကျွန်တော်တို့က အမျိုးအစားတူ သတ္တဝါ အုပ်စုတွေကြားထဲ ရောနှောဝင်ရောက်သွားရမှာ။ တကယ်လို့ မင်းက တစ်ယောက်တည်း ထူးခြားနေတဲ့ ဝတ်စုံကို ရွေးလိုက်မယ်ဆိုရင် မင်း တစ်ယောက်တည်း အထီးကျန်ဖြစ်နေပြီး အဲဒီ အမျိုးအစားတူ သတ္တဝါတွေနဲ့ ကိုယ့်ဘာသာ ရင်ဆိုင်ရလိမ့်မယ်...”
တာအိုဘုန်းကြီးငယ် ရွှမ်ချင်းက ကျန်းယဲ့ကို ကြည့်လိုက်၏။ “ဒါရိုက်တာကျန်း... ခင်ဗျားရော ဘယ်ဝတ်စုံကို ရွေးမှာလဲ... ”
ထိုစကားကို ကြားသောအခါ အားလုံးက ကျန်းယဲ့ကို လှည့်ကြည့်လိုက်ကြ၏။
ဘယ်သူ့နောက်ကို လိုက်တာ အလုံခြုံဆုံးလဲဟု မေးလာလျှင် သေချာပေါက် ကျန်းဒါရိုက်တာသာ ဖြစ်ပေမည်။
ယုံကြည်မှုအပြည့်ရှိနေသော မျက်လုံး အစုံ ၂၀ ကို ရင်ဆိုင်ရချိန်တွင် ကျန်းယဲ့က ဇွန်ဘီ ဝတ်စုံကို ညွှန်ပြလိုက်လေသည်။
“ဒါက တွက်ခြေကိုက်တယ်။ ဘာအပိုပစ္စည်းမှ ဝယ်စရာ မလိုဘူး။ ခုန်ဆွခုန်ဆွသွားရတာကို အားလုံး အဆင်ပြေကြတယ် မဟုတ်လား။” ကျန်းယဲ့က အားလုံးကို အကဲခတ်ကြည့်ရင်း မေးလိုက်သည်။
လူနှစ်ဆယ်စလုံးက တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြလေသည်။
ကျန်းထောင်က သူ၏ ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်၏။ “ခုန်ပြီး သွားရတာလောက်ကတော့ ဘာမှ မဟုတ်ပါဘူး...”
လင်ယီရှင်းကလည်း ဝင်ထောက်ခံလိုက်သည်။ “ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်”
“ဒါဆိုရင် အားလုံး အတူတူပဲ ရွေးလိုက်ကြတာပေါ့။ ဇွန်ဘီ နှစ်ဆယ့်တစ်ကောင် အတူတူ ခုန်ဆွခုန်ဆွနဲ့ သွားရင် ဘယ်သူ လာရှုပ်ရဲမလဲ ကြည့်ကြတာပေါ့...”
ထိုအကြံပြုချက်ကို လူတိုင်းက ချက်ချင်းပင် တက်ကြွစွာ တုံ့ပြန်လက်ခံလိုက်ကြ၏။
အနည်းငယ် ဆွေးနွေးတိုင်ပင်ပြီးနောက် နောက်ဆုံးတွင် သူတို့ဟာ အနည်းငယ် ဟောင်းနွမ်းနေသော ဇွန်ဘီ အရာရှိဝတ်စုံတစ်စုံကို ရွေးချယ်လိုက်ကြသည်။ ၎င်းဝတ်ရုံကို ပန်းထိုးထားသော အပြာရင့်ရောင် အထည်ဖြင့် ပြုလုပ်ထားလေသည်။
ကော်လာနှင့် လက်ပတ်များမှာ အနည်းငယ် ဟောင်းနွမ်းနေသော်လည်း အလုံးစုံ အသွင်အပြင်မှာ သပ်ရပ်နေဆဲပင်။ ခါးတွင် အရောင်လွင့်နေသော ကျောက်စိမ်းခါးပတ်တစ်ခုကို ပတ်ထားခဲ့သည်။
“ဒါကို ရွေးဖို့ သေချာပြီလား...” ကျန်းယဲ့က နောက်ဆုံးအကြိမ် အတည်ပြုလိုက်၏။ “မှတ်ထား... ဝတ်ပြီးသွားရင် ခုန်ဆွခုန်ဆွ သွားရမယ်... လက်နှစ်ဖက်ကို ဆန့်တန်းထားရမယ်... ပြီးတော့ မျက်နှာအမူအရာကိုလည်း တောင့်တောင့်ကြီး ထားရမယ်...”
အားလုံးက တညီတညွတ်တည်း သဘောတူပြီးနောက် ကျန်းယဲ့က ငွေပေးချေရန် ကျူအာကုတ်များကို တစ်ခုချင်းစီ စတင် စကင်ဖတ်လိုက်လေသည်။
အသိပေးချက် အသံများ ထွက်ပေါ်လာသည်နှင့်အမျှ သပ်ရပ်စွာ ခေါက်ထားသော ဇွန်ဘီအရာရှိဝတ်စုံများက လူတိုင်း၏ လက်ထဲတွင် လေထဲမှ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ကျန်းထောင်က အဝတ်အစားများကို စိတ်အားထက်သန်စွာ ဖြန့်ကြည့်လိုက်ရာ တွဲဖက် အရာရှိဦးထုပ်နှင့် ဘွတ်ဖိနပ်များပင် အပြည့်အစုံ ပါဝင်နေသည်ကို တွေ့လိုက်ရ၏။
လူတိုင်းက ဇွန်ဘီဝတ်စုံများကို အမြန်လဲဝတ်ပြီးနောက် လမ်းကြားတစ်ခုလုံး၏ လေထုမှာ ချက်ချင်း ပြောင်းလဲသွားချေသည်။
ဇွန်ဘီနှစ်ဆယ်မှာ သပ်ရပ်သော အတန်းတစ်ခုအဖြစ် ရပ်နေကြပြီး သူတို့ တစ်ဦးစီတိုင်း၏ မျက်နှာများမှာ ဖြူရော်နေကာ အသက်မပါသော မျက်လုံးများနှင့် ကြက်သီးထစရာ သေခြင်းတရား၏ အငွေ့အသက်များက သူတို့ဆီမှ ထွက်ပေါ်နေခြ့သည်။
အထူးသဖြင့် သူတို့က တစ်ပြိုင်နက်တည်း အလိုအလျောက် ယိမ်းထိုးနေကြချိန်တွင် ထိုဖိနှိပ်မှု ခံစားချက်ကြောင့် ပတ်ဝန်းကျင်ရှိ လေထုပင်လျှင် အေးခဲသွားသကဲ့သို့ ထင်ရလေသည်။
ကျန်းယဲ့က ဇွန်ဘီဝတ်စုံကို ဝယ်ရန် နှိပ်တော့မည့်အချိန်တွင် ရုတ်တရက် ထောင့်ဘက်ရှိဝတ်စုံကို မျက်စိကျသွား၏။
၎င်းမှာ အဝါရင့်ရောင်တာအိုဝတ်ရုံဖြစ်ပြီး ခါးတွင် အနီရောင်ကြိုးကို ပတ်ထားကာ ဝါးဦးထုပ်တစ်ခုနှင့် အင်းစာရွက် အထပ်လိုက်လည်း ပါဝင်ခေသည်။
သူက သူ့ရှေ့ရှိ ဇွန်ဘီအုပ်စုကို တစ်ချက်ကြည့်လိုက်ပြီး ဝတ်စုံ၏ ဖော်ပြချက်ကိုပါ ဖတ်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ချောင်းဟန့်လိုက်၏။ “အဟမ်း... ငါ ဝတ်စုံ ပြောင်းရွေးမှ ဖြစ်မယ်ထင်တယ်...”
အခန်း ၂၀၅ပြီး၏။