← Chapters

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း (၂၀၆) မကောင်းဆိုးဝါးများအားလုံး ဆုတ်ခွာသွားခြင်း

​“ဘာ...” ဇွန်ဘီ နှစ်ဆယ်က တစ်ပြိုင်နက်တည်း ခေါင်းလှည့်လာကြပြီး သူတို့၏ ဖြူရော်နေသော မျက်နှာများပေါ်တွင် အံ့သြတုန်လှုပ်မှုများ ပြည့်နှက်နေခဲ့သည်။

​ကျန်းထောင်က ရှေ့သို့ ပြေးထွက်လာပြီး ကျန်းယဲ့၏ ခြေထောက်ကို တင်းကျပ်စွာ ဖက်ကာ ငိုယိုလိုက်၏။ “ဒါရိုက်တာကျန်း... ခင်ဗျား ကျွန်တော့်ကို ပစ်သွားလို့ မရဘူးနော်...”

​သူက စွန့်ပစ်ခံလိုက်ရသော ဇနီးငယ်လေး တစ်ယောက်လို အလွန်အကျွံ အော်ဟစ်ငိုယိုနေချေသည်။

​ကျန်းယဲ့က ထို ခြေထောက်တွယ်ကပ်ကောင်ကို မလွှဲသာမရှောင်သာ ဆွဲခွာလိုက်ပြီး ပြောလိုက်၏။ “ငါက အလောင်းထိန်းချုပ်သူဝတ်စုံကို ပြောင်းဝတ်ဖို့ လိုတယ်လေ...”

​သူက ဇွန်ဘီ အုပ်စုကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်ပြန်သည်။ “မင်းတို့ ဇွန်ဘီ နှစ်ဆယ်ကို ဖမ်းဖို့ အချိန်ကိုက်ပဲ..”

​ထိုစကားကို ကြားသောအခါ တာအိုဘုန်းကြီးငယ် ရွှမ်ချင်း၏ မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်း လက်ထောင်လိုက်၏။ “ကျွန်တော်လည်း ဒါပဲ ပြောင်းဝတ်ချင်တယ်။ ဒါက ကျွန်တော်နဲ့ ကိုက်တယ်.. ကျွန်တော်နဲ့ အသင့်တော်ဆုံးပဲ”

​‘ဒါက ငါ့ရဲ့ အဓိကဘာသာရပ်နဲ့ ကွက်တိပဲ...’

​ကျန်းထောင်ကပါ အဝတ်အစား စတင်လဲလှယ်တော့မည်ကို မြင်သောအခါ ကျန်းယဲ့က အမြန်တားလိုက်လေသည်။ “မရူးစမ်းပါနဲ့... မင်းတို့က ဇွန်ဘီဝတ်စုံနဲ့ပဲ နေလို့ရပါတယ်”

​သူ၏ လက်ထဲတွင် တိုက်ဆိုင်စွာပင် ဝိညာဉ်ဖိနှိပ်ရေး ခေါင်းလောင်း ရှိနေလေသည်။ ထို့ကြောင့် အလောင်းထိန်းချုပ်သူ တစ်ယောက်အနေဖြင့် ထူးဆန်းသော သတ္တဝါများကို တားဆီးရန် ဝိညာဉ်ဖိနှိပ်ရေး ခေါင်းလောင်းကို ပွင့်ပွင့်လင်းလင်းနှင့် တရားဝင် မြှောက်ကိုင်ထားနိုင်၏။

​ကြီးမားလှသော ဇွန်ဘီအုပ်စုကြီးက ကစားသမားများ သူတို့ကို ပစ်မှတ်ထားခြင်းမှ ကာကွယ်ရာတွင်လည်း ကူညီပေးလေသည်။

​နောက်ဆုံးတွင် ရွှမ်ချင်းက ကျန်းယဲ့ကဲ့သို့ပင် အလောင်းမောင်းနှင်သူဝတ်စုံကို ပြောင်းဝတ်လိုက်ရာ သူတို့နှစ်ယောက် အတူရပ်နေသောအခါ ဆရာနှင့် တပည့် စုံတွဲနှင့် တစ်ထေရာတည်း တူနေချေသည်။

​ကျန်းယဲ့က ဝိညာဉ်ဖိနှိပ်ရေး ခေါင်းလောင်းကို စမ်းလှုပ်ကြည့်လိုက်၏။ ခေါင်းလောင်း၏ ကြည်လင်သော အသံက လမ်းကြားထဲတွင် ပဲ့တင်ထပ်သွားပြီး ဇွန်ဘီ ဆယ့်ကိုးကောင်မှာလည်း သူတို့၏ ဇာတ်ကောင်စရိုက်ထဲသို့ အမြန်ဝင်သွားကာ ကိုယ်ကို လိမ္မာစွာ မတ်လိုက်ကြသည်။

​“မဆိုးဘူး...” ကျန်းယဲ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ “ငါတို့ တွဲဖက်ပစ္စည်းတွေ ဝယ်ရမယ့် ပိုက်ဆံတောင် သက်သာသွားသေးတယ်...”

​ထို့နောက် ကျန်းယဲ့နှင့် သူ၏အဖွဲ့က လမ်းကြားထဲမှ ထွက်လာပြီး အင်မော်တယ်ရာချီမြို့၏ လမ်းမများပေါ်သို့ တရားဝင် ခြေချလိုက်ကြလေသည်။

​ရှေ့ဆောင်လာသော ကျန်းယဲ့က ဝါးဦးထုပ်ကို ဆောင်းထားပြီး ဝိညာဉ်ဖိနှိပ်ရေး ခေါင်းလောင်းကို ကိုင်ထားကာ သူ၏ ခါးရှိ အနီရောင်ကြိုးလေးက သူ၏ ခြေလှမ်းများနှင့်အတူ ညင်သာစွာ ယိမ်းနွဲ့နေခဲ့သည်။

​တာအိုဘုန်းကြီးငယ် ရွှမ်ချင်းက နောက်မှ ကပ်လျက်လိုက်လာပြီး မက်မွန်သစ်သား ဓားကို ကိုင်ဆောင်ထားကာ ရံဖန်ရံခါတွင် စက္ကူပိုက်ဆံ တစ်ဆုပ်ကို ကြဲချနေလေသည်။

​သူတို့နောက်တွင် ဇွန်ဘီဆယ့်ကိုးကောင်က သပ်ရပ်စွာ လိုက်ပါလာကြပြီး လက်များကို ဆန့်တန်းကာ ခြေထောက်များကို တောင့်တောင့်ကြီးထား၍ ရှေ့သို့ ခုန်ဆွခုန်ဆွ သွားနေကြရာ ခြေလှမ်းတစ်လှမ်းချင်းစီက မြေပြင်ကို အနည်းငယ် တုန်ခါသွားနေစေခဲ့သည်။

​ဤသို့ အင်အားပြသလိုက်ခြင်းက လမ်းတစ်လမ်းလုံးကို ချက်ချင်း ရုန်းရင်းဆန်ခတ် ဖြစ်သွားစေသည်။

​ဖိတ်စာ ရှာဖွေနေကြသော ကစားသမား အချို့က ထိုအဖွဲ့ကို အဝေးမှ မြင်လိုက်ရပြီး ချက်ချင်း ကြောက်လန့်သွားကြ၏။ “သောက်ကျိုးနည်း... အလောင်းထိန်းချုပ်သူတွေက ဇွန်ဘီအုပ်စုကြီးကို ခေါ်လာတယ်ဟ...”

​ထို့နောက် သူတို့က ကိုင်ထားသော အရာများကို ပစ်ချကာ နောက်လှည့်မကြည့်ဘဲ အရပ်မျက်နှာ အသီးသီးသို့ လူစုခွဲ ထွက်ပြေးကြတော့သည်။

​လမ်းထောင့်တွင် မူလက တစ်စုံတစ်ခုကို ဝေမျှစားသောက်နေကြသော ကြောက်မက်ဖွယ် သတ္တဝါအချို့က ဝိညာဉ်ဖိနှိပ်ရေးခေါင်းလောင်း၏ ကြည်လင်သော အသံကို ကြားလိုက်ရ၏။ သူတို့၏ ပုပ်ပွနေသော မျက်နှာများမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားပြီး သူတို့၏ ပြတ်တောက်နေသော ခန္ဓာကိုယ်များကို အရိပ်များထဲသို့ အလျင်စလို တရွတ်တိုက် ဆွဲသွားကြလေသည်။

​အနည်းငယ် အလှမ်းဝေးသော နေရာတွင်တော့ ကစားသမားတစ်ယောက်ကို အနီရောင်ဝတ် တစ္ဆေမတစ်ကောင်က လည်ပင်းညှစ်ထားခဲ့သည်။

​တစ္ဆေမ၏ ဆံပင်ရှည်ကြီးများက အရိုင်းဆန်စွာ လွင့်ခါနေပြီး သေစေလောက်သော တိုက်ခိုက်မှုကို ပြုလုပ်တော့မည့်အချိန်တွင် ခေါင်းလောင်းသံကို ရုတ်တရက် ကြားလိုက်ရလေသည်။ သူမ၏ သွေးရောင် မျက်လုံးများက အံ့သြထိတ်လန့်စွာ ပြူးကျယ်သွားရသည်။

​ထို့နောက် သူမက သေလုမြောပါး ဖြစ်နေသော သားကောင်ကို စွန့်ပစ်ကာ အနီရောင်အလင်းတန်းတစ်ခုအဖြစ် ခေါင်မိုးစွန်းအောက်တွင် ပျောက်ကွယ်သွားတော့သည်။

​ကစားသမားမှာ မြေပြင်ပေါ်သို့ ခွေကျသွားပြီး သွေးထွက်နေသော သူ၏ ပြတ်နေသည့် လက်မောင်းကို ဖက်ကာ အသက်လုရှူနေရလေသည်။

​သူ အသက်ရှင်သွားပြီဟု သက်သာရာမရနိုင်သေးမီမှာပင် ချွင် ချွင်ဆိုသည့် ခေါင်းလောင်းသံက ပိုပိုပြီး နီးကပ်လာသည်ကို ကြားလိုက်ရပေသည်။

​မော့ကြည့်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဇွန်ဘီ တပ်မတော်ကြီးတစ်ခု သူတို့ဆီသို့ ချီတက်လာသည်ကို မြင်လိုက်ရပြီး ချက်ချင်း ကြောက်လန့်သွားကြရသည်။

​“ကယ်ပါ... ကယ်ပါဦး...” ပြင်းထန်စွာ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ဂရုမစိုက်နိုင်တော့ဘဲ သူက ကျန်နေသေးသော လက်တစ်ဖက်ကို အသုံးပြုကာ သူ၏ ကျိုးနေသော ခြေထောက်ကို တရွတ်တိုက်ဆွဲပြီး လမ်းဘေးရှိ ရေမြောင်းထဲသို့ အသေအလဲ တွားသွားဝင်ရောက်သွားကာ မိလ္လာမြောင်းထဲမှ အပုပ်နံ့ကိုပင် ဂရုမစိုက်နိုင်တော့ချေ။

​အဖွဲ့ကြီး အဝေးသို့ ရောက်သွားပြီးမှသာ နံစော်နေသော ရေမြောင်းထဲမှ ခေါင်းကို ထုတ်ရဲတော့ပြီး သူတို့ ထွက်ခွာသွားသော ပုံရိပ်များကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်ခေသည်။ “ဒါက ဘာ သေမင်းတမန် ပေါင်းစပ်မှုကြီးလဲကွ....”

​လမ်းမရှည်ကြီး တစ်ခုလုံးမှာ ထူးဆန်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်နေခဲ့သည်။

​ကျန်းယဲ့၏ အဖွဲ့ သွားရာ နေရာတိုင်းတွင် ကစားသမားများရော မကောင်းဆိုးဝါးများပါ လမ်းဖယ်ပေးကြလေသည်။

​လမ်း၏ တစ်ဖက်တစ်ချက်စီရှိ ပြတင်းပေါက်များမှာ တစ်ခုပြီးတစ်ခု ဒိုင်းခနဲ ပိတ်သွားကြပြီး ခေါင်မိုးစွန်းအောက်တွင် ချိတ်ဆွဲထားသော မီးပုံးများပင်လျှင် လေမတိုက်ဘဲ အလိုအလျောက် ယိမ်းထိုးနေကြကာ တုန်ယင်နေသည့်အလားပင်။

​တာအိုဘုန်းကြီးငယ် ရွှမ်ချင်းက ကျန်းယဲ့အနားသို့ တိုးကပ်သွားပြီး တိုးတိုးလေး မေးလိုက်၏။ “ဒါရိုက်တာကျန်း... အင်မော်တယ်ရာချီမြို့က ဇွန်ဘီတွေရဲ့ ဖိတ်စာ အခိုးခံရရင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ..”

​ထိုစကားကို ကြားသောအခါ ကျန်းယဲ့က ရှေ့ဘက် လမ်းမပေါ်သို့ မော့ကြည့်လိုက်ရာ ကြောက်မက်ဖွယ် သတ္တဝါအချို့ ထိတ်လန့်တကြား ထွက်ပြေးနေကြသည်ကို မြင်လိုက်ရလေသည်။ ထို့နောက် သူ၏ လက်ထဲရှိ ထူးဆန်းသော အလင်းရောင်များ တောက်ပနေသော ဝိညာဉ်ဖိနှိပ်ရေး ခေါင်းလောင်းကို ငုံ့ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။

​“လုမယ်လေ....”

​ထိုစကားလုံးကို ပြတ်ပြတ်သားသားနှင့် ရှင်းရှင်းလင်းလင်း ပြောလိုက်ခြင်းပင်။

​ပြောပြီးနောက် ကျန်းယဲ့က ထပ်မံရှင်းပြရန် လိုအပ်သည်ဟု ခံစားလိုက်ရပုံဖြင့် ဖြည့်စွက်ပြောလိုက်ပြန်သည်။ “တကယ်တော့ ငါက ယဉ်ကျေးတဲ့ လူတစ်ယောက်ပဲ.... လုယက်တဲ့နည်းလမ်းကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး။ ဒါပေမဲ့ အခြား ရွေးချယ်စရာ မရှိဘူးဆိုရင်တော့ တစ်ခါတလေ လုယက်တာကိုတော့ နားလည်ပေးလို့ ရပါတယ်...”

​တာအိုဘုန်းကြီးငယ်က မျက်တောင်ခတ်လိုက်ပြီး သူ့ရှေ့ရှိ ဒါရိုက်တာကျန်းမှာ ပျော့ပြောင်းမှုရှိပြီး တင်းမာမနေဘူးဟု ရုတ်တရက် ခံစားလိုက်ရ၏။

(NT- ပြောင်းလဲ ပြင်လွယ် ရှိခြင်းကို ဆိုလိုတာပါ)

​နောက်မှ လိုက်လာသော ဇွန်ဘီ ကျန်းထောင်က ကျန်းယဲ့၏ ဖြည့်စွက်စကားကို ကြားလိုက်သောအခါ သူ၏ မျက်လုံးများက အပေါ်သို့ လန်သွားတော့သည်။

​‘ဒါရိုက်တာကျန်း... ခင်ဗျားက ဖုံးကွယ်ဖို့ ကြိုးစားနေတာပဲ။ ခင်ဗျားကိုယ်ခင်ဗျားတောင် မသိဘူးလား...’

​ဤအချိန်တွင် ကစားသမားလေးယောက်မှာ ကျဉ်းမြောင်းသော လမ်းကြားတစ်ခုထဲတွင် ထိတ်လန့်တကြား ထွက်ပြေးနေကြပြီး သူတို့၏ အနောက်မှ အပြာရောင်မျက်နှာနှင့် အစွယ်များ ရှိသော ကြောက်မက်ဖွယ် ပုံရိပ်နှစ်ခုက ကပ်လျက် လိုက်ဖမ်းနေခဲ့ကြသည်။

​လွတ်မြောက်ရန် လမ်းမရှိတော့သည်ကို မြင်သောအခါ သူတို့ထဲမှ သုံးယောက်က ရုတ်တရက် ပူးပေါင်းလိုက်ပြီး အဖွဲ့ထဲရှိ အငယ်ဆုံး ကောင်လေးကို မကောင်းဆိုးဝါးများဆီသို့ တွန်းပို့လိုက်ကြ၏။

​“ချန်ကျစ်... မင်း ငါ့မိသားစုရဲ့ သိုင်းကျမ်းကို ခိုးသွားပြီး အခု ငါ့ကို သေတွင်းထဲ တွန်းပို့နေတာလား...” ရွှီဝမ်က အော်ဟစ်လိုက်၏။ သူ၏ မျက်လုံးများမှာ သွေးကြောများ နီရဲနေပြီး သူ၏ အသံမှာ အက်ကွဲနေချေသည်။ “ငါ့အဖေက မင်းကို သူ့သားအရင်းတစ်ယောက်လို ဆက်ဆံခဲ့တာကွ.... မင်းက သူ့ကို ဒီလို ဗြောင်ကျကျ သစ္စာဖောက်ရက်တယ်ပေါ့...”

​တိုက်ဆိုင်စွာ ဖြတ်သွားသော ကျန်းယဲ့၏ နားရွက်များ လှုပ်ရှားသွားရသည်။ သိုင်းကျမ်းဆိုသည့် စကားလုံးက သူ၏ မျက်လုံးများကို အရောင်လက်သွားစေလေသည်။

​‘ဒီကမ္ဘာက သူ စိတ်ကူးယဉ်ထားတာထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေပုံပဲ.... ထူးဆန်းတာတင် မကဘူး... ရိုးရာ သိုင်းပညာတွေပါ ပါဝင်နေတာကိုး...’

​ရွှီဝမ်က မျှော်လင့်ချက်မဲ့စွာ မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ နားထဲတွင် ကြောက်မက်ဖွယ်ကောင်းပြီး နံစော်နေသော အသက်ရှူသံများကိုသာ ကြားနေရလေသည်။

​ရုတ်တရက်...

​“ချွင် ချွင်...”

​လမ်းကြားအဝင်ဝမှ ကြည်လင်သော ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာချေသည်။

​ကိုက်တော့မည် လုပ်နေသော ထူးဆန်းသည့် သတ္တဝါမှာ ရုတ်တရက် အေးခဲသွားပြီး ၎င်း၏ ပုပ်ပွနေသော မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

​သူတို့က အသံလာရာဆီသို့ မော့ကြည့်လိုက်ပြီးနောက် စူးရှသော အော်ဟစ်သံကို ထုတ်လွှတ်ကာ ရွှီဝမ်ကို စွန့်ပစ်ပြီး ထိတ်လန့်တကြား ထွက်ပြေးသွားကြတော့သည်။

​ရွှီဝမ်မှာ မြေပြင်ပေါ်သို့ ခွေကျသွားပြီး အသက်ပြင်းပြင်း ရှူနေရသည်။ သူ မော့ကြည့်လိုက်ရာ ဝါးဦးထုပ်ဆောင်းထားသော အလောင်းထိန်းချုပ်သူ တစ်ယောက်က သူ၏ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေပြီး အနောက်တွင် ဖြူရော်နေသော ဇွန်ဘီ ဆယ့်ကိုးကောင် လိုက်ပါလာသည်ကို မြင်လိုက်ရ၏။

​သူ တုန်ယင်သွားရလေသည်။ သူ့အထဲတွင် ခုလေးတင် ပေါ်လာသော မျှော်လင့်ချက် ရောင်ခြည်လေးမှာ ချက်ချင်း ငြိမ်းသတ်ခံလိုက်ရ၏။

​‘ဒါက ရှင်းရှင်းလေးပဲ... ဝံပုလွေတွင်းကနေ လွတ်လာပြီး ကျားဆွဲခံရသလို ဖြစ်သွားပြီ...’

​မထင်မှတ်ဘဲ အလောင်းထိန်းချုပ်သူက သူ၏အနားသို့ လျှောက်လာသော်လည်း သူ့ကို တိတ်တဆိတ် အကဲခတ်နေရုံသာ ရှိပြီး ဘာလှုပ်ရှားမှုမျှ မလုပ်ချေ။

​ပို၍ ထူးဆန်းသည်မှာ ဝါးဦးထုပ်အောက်ရှိ အသက်ရှင်နေသော လူသားတစ်ယောက်၏ မျက်လုံးတစ်စုံကို ရွှီဝမ် ရှင်းလင်းစွာ မြင်လိုက်ရခြင်းပင်။ ၎င်းတို့က ကြည်လင်ပြီး နက်ရှိုင်းကာ အသက်မပါသော ထူးဆန်းသည့် သတ္တဝါများ၏ မျက်လုံးများနှင့် လုံးဝ ကွဲပြားခြားနားနေခဲ့သည်။

​“ခင်ဗျား...” ရွှီဝမ်၏ အသံက တုန်ယင်နေပြီး ထွက်ပြေးရမလား သနားခံရမလား မသေချာတော့ချေ။

​ကျန်းယဲ့က သူ၏ ဝါးဦးထုပ်ကို ပင့်တင်လိုက်ပြီး အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကို ဖော်ပြလိုက်၏။ “မင်းမိသားစုရဲ့ သိုင်းကျမ်းက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းမယ့်ပုံပဲ...”

​ကျန်းယဲ့က သိုင်းကျမ်းများကို စိတ်ဝင်စားကြောင်း မြင်သောအခါ ရွှီဝမ်သည် အသက်ကယ်ကြိုးတစ်ချောင်းကို ဆုပ်ကိုင်မိသွားသကဲ့သို့ ခံစားလိုက်ရပြီး အလျင်စလို ပြောလိုက်၏။ “ခင်ဗျား ကျွန်တော့်ကို မြို့စားကြီး စံအိမ်ထဲ ခေါ်သွားပေးမယ်ဆိုရင် ကျွန်တော့် မိသားစုရဲ့ နက်နဲသော ယင်စွမ်းအင် စစ်မှန်သောကျမ်းစာကို ခင်ဗျားဆီ ဆက်သဖို့ ဆန္ဒရှိပါတယ်...”

​ကျန်းယဲ့ သူ့ကို မယုံမည်စိုးသဖြင့် သူက အလျင်စလို ဖြည့်စွက်ပြောလိုက်ပြန်သည်။ “ကျွန်တော့် မိသားစုက ရှေးဟောင်း သိုင်းမိသားစုပါ။ ကျွန်တော်တို့ရဲ့ စာကြည့်တိုက်မှာ လျှို့ဝှက်ကျမ်းတွေ အများကြီး ရှိသေးတယ်။ ခင်ဗျား ကျွန်တော့် အသက်ကို ချမ်းသာပေးမယ်ဆိုရင် နောက်ထပ် နှစ်အုပ် သုံးအုပ်လောက် ဆွေးနွေးလို့ ရပါသေးတယ်...”

​ရှေးဟောင်း သိုင်းမိသားစုဆိုသည့် စကားစုက တော်တော်လေး ဆွဲဆောင်မှု ရှိလေသည်။

​ထိုစကားကို ကြားသောအခါ ကျန်းထောင်နှင့် အခြားသူများ၏ မျက်လုံးများ အရောင်လက်သွားကြရသည်။

​မျက်လုံး အစုံနှစ်ဆယ်က ရွှီဝမ်အပေါ်သို့ ရပ်တန့်သွားကြပြီး သူတို့က ရွေ့လျားနေသော ရတနာသိုက်ကြီး တစ်ခုကို ကြည့်နေသည့်အလားပင်။

​ကျန်းယဲ့ မျက်ခုံးပင့်လိုက်ပြီး သူ၏ မျက်နှာအမူအရာက တည်ငြိမ်နေခဲ့သည်။ “ငါ့ကို သက်သေပြ”

​ဘာစကားမှ မပြောဘဲ ရွှီဝမ်က ဒူးကို အနည်းငယ် ကွေးလိုက်ပြီး ရုတ်တရက် လေထဲသို့ ခုန်တက်သွားလိုက်သည်။

​သူ၏ ကိုယ်နေဟန်ထားမှာ ပျံလွှားငှက်တစ်ကောင်လို ပေါ့ပါးနေချေသည်။ သူက လမ်းကြားနံရံပေါ်တွင် ခြေသုံးလှမ်း နင်းလိုက်ပြီး နောက်ဆုံးတွင် ခေါင်မိုးတစ်ခုပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်သွားလိုက်သည်။

​ဤခန္ဓာကိုယ် ပေါ့ပါးမှု သိုင်းပညာကို ပြသလိုက်ခြင်းမှာ အလွန် ချောမွေ့ပြီး လှပလွန်းလှသဖြင့် ကျန်းထောင်နှင့် အခြားသူများကို အံ့သြမှင်တက်သွားစေတော့သည်။

အခန်း ၂၀၆ပြီး၏။

All Chapters