အခန်း ၂၀၆
Vol. 21 Ch. 206
အခန်း (၂၀၆) မကောင်းဆိုးဝါးများအားလုံး ဆုတ်ခွာသွားခြင်း
“ဘာ...” ဇွန်ဘီ နှစ်ဆယ်က တစ်ပြိုင်နက်တည်း ခေါင်းလှည့်လာကြပြီး သူတို့၏ ဖြူရော်နေသော မျက်နှာများပေါ်တွင် အံ့သြတုန်လှုပ်မှုများ ပြည့်နှက်နေခဲ့သည်။
ကျန်းထောင်က ရှေ့သို့ ပြေးထွက်လာပြီး ကျန်းယဲ့၏ ခြေထောက်ကို တင်းကျပ်စွာ ဖက်ကာ ငိုယိုလိုက်၏။ “ဒါရိုက်တာကျန်း... ခင်ဗျား ကျွန်တော့်ကို ပစ်သွားလို့ မရဘူးနော်...”
သူက စွန့်ပစ်ခံလိုက်ရသော ဇနီးငယ်လေး တစ်ယောက်လို အလွန်အကျွံ အော်ဟစ်ငိုယိုနေချေသည်။
ကျန်းယဲ့က ထို ခြေထောက်တွယ်ကပ်ကောင်ကို မလွှဲသာမရှောင်သာ ဆွဲခွာလိုက်ပြီး ပြောလိုက်၏။ “ငါက အလောင်းထိန်းချုပ်သူဝတ်စုံကို ပြောင်းဝတ်ဖို့ လိုတယ်လေ...”
သူက ဇွန်ဘီ အုပ်စုကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်ပြန်သည်။ “မင်းတို့ ဇွန်ဘီ နှစ်ဆယ်ကို ဖမ်းဖို့ အချိန်ကိုက်ပဲ..”
ထိုစကားကို ကြားသောအခါ တာအိုဘုန်းကြီးငယ် ရွှမ်ချင်း၏ မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်း လက်ထောင်လိုက်၏။ “ကျွန်တော်လည်း ဒါပဲ ပြောင်းဝတ်ချင်တယ်။ ဒါက ကျွန်တော်နဲ့ ကိုက်တယ်.. ကျွန်တော်နဲ့ အသင့်တော်ဆုံးပဲ”
‘ဒါက ငါ့ရဲ့ အဓိကဘာသာရပ်နဲ့ ကွက်တိပဲ...’
ကျန်းထောင်ကပါ အဝတ်အစား စတင်လဲလှယ်တော့မည်ကို မြင်သောအခါ ကျန်းယဲ့က အမြန်တားလိုက်လေသည်။ “မရူးစမ်းပါနဲ့... မင်းတို့က ဇွန်ဘီဝတ်စုံနဲ့ပဲ နေလို့ရပါတယ်”
သူ၏ လက်ထဲတွင် တိုက်ဆိုင်စွာပင် ဝိညာဉ်ဖိနှိပ်ရေး ခေါင်းလောင်း ရှိနေလေသည်။ ထို့ကြောင့် အလောင်းထိန်းချုပ်သူ တစ်ယောက်အနေဖြင့် ထူးဆန်းသော သတ္တဝါများကို တားဆီးရန် ဝိညာဉ်ဖိနှိပ်ရေး ခေါင်းလောင်းကို ပွင့်ပွင့်လင်းလင်းနှင့် တရားဝင် မြှောက်ကိုင်ထားနိုင်၏။
ကြီးမားလှသော ဇွန်ဘီအုပ်စုကြီးက ကစားသမားများ သူတို့ကို ပစ်မှတ်ထားခြင်းမှ ကာကွယ်ရာတွင်လည်း ကူညီပေးလေသည်။
နောက်ဆုံးတွင် ရွှမ်ချင်းက ကျန်းယဲ့ကဲ့သို့ပင် အလောင်းမောင်းနှင်သူဝတ်စုံကို ပြောင်းဝတ်လိုက်ရာ သူတို့နှစ်ယောက် အတူရပ်နေသောအခါ ဆရာနှင့် တပည့် စုံတွဲနှင့် တစ်ထေရာတည်း တူနေချေသည်။
ကျန်းယဲ့က ဝိညာဉ်ဖိနှိပ်ရေး ခေါင်းလောင်းကို စမ်းလှုပ်ကြည့်လိုက်၏။ ခေါင်းလောင်း၏ ကြည်လင်သော အသံက လမ်းကြားထဲတွင် ပဲ့တင်ထပ်သွားပြီး ဇွန်ဘီ ဆယ့်ကိုးကောင်မှာလည်း သူတို့၏ ဇာတ်ကောင်စရိုက်ထဲသို့ အမြန်ဝင်သွားကာ ကိုယ်ကို လိမ္မာစွာ မတ်လိုက်ကြသည်။
“မဆိုးဘူး...” ကျန်းယဲ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ “ငါတို့ တွဲဖက်ပစ္စည်းတွေ ဝယ်ရမယ့် ပိုက်ဆံတောင် သက်သာသွားသေးတယ်...”
ထို့နောက် ကျန်းယဲ့နှင့် သူ၏အဖွဲ့က လမ်းကြားထဲမှ ထွက်လာပြီး အင်မော်တယ်ရာချီမြို့၏ လမ်းမများပေါ်သို့ တရားဝင် ခြေချလိုက်ကြလေသည်။
ရှေ့ဆောင်လာသော ကျန်းယဲ့က ဝါးဦးထုပ်ကို ဆောင်းထားပြီး ဝိညာဉ်ဖိနှိပ်ရေး ခေါင်းလောင်းကို ကိုင်ထားကာ သူ၏ ခါးရှိ အနီရောင်ကြိုးလေးက သူ၏ ခြေလှမ်းများနှင့်အတူ ညင်သာစွာ ယိမ်းနွဲ့နေခဲ့သည်။
တာအိုဘုန်းကြီးငယ် ရွှမ်ချင်းက နောက်မှ ကပ်လျက်လိုက်လာပြီး မက်မွန်သစ်သား ဓားကို ကိုင်ဆောင်ထားကာ ရံဖန်ရံခါတွင် စက္ကူပိုက်ဆံ တစ်ဆုပ်ကို ကြဲချနေလေသည်။
သူတို့နောက်တွင် ဇွန်ဘီဆယ့်ကိုးကောင်က သပ်ရပ်စွာ လိုက်ပါလာကြပြီး လက်များကို ဆန့်တန်းကာ ခြေထောက်များကို တောင့်တောင့်ကြီးထား၍ ရှေ့သို့ ခုန်ဆွခုန်ဆွ သွားနေကြရာ ခြေလှမ်းတစ်လှမ်းချင်းစီက မြေပြင်ကို အနည်းငယ် တုန်ခါသွားနေစေခဲ့သည်။
ဤသို့ အင်အားပြသလိုက်ခြင်းက လမ်းတစ်လမ်းလုံးကို ချက်ချင်း ရုန်းရင်းဆန်ခတ် ဖြစ်သွားစေသည်။
ဖိတ်စာ ရှာဖွေနေကြသော ကစားသမား အချို့က ထိုအဖွဲ့ကို အဝေးမှ မြင်လိုက်ရပြီး ချက်ချင်း ကြောက်လန့်သွားကြ၏။ “သောက်ကျိုးနည်း... အလောင်းထိန်းချုပ်သူတွေက ဇွန်ဘီအုပ်စုကြီးကို ခေါ်လာတယ်ဟ...”
ထို့နောက် သူတို့က ကိုင်ထားသော အရာများကို ပစ်ချကာ နောက်လှည့်မကြည့်ဘဲ အရပ်မျက်နှာ အသီးသီးသို့ လူစုခွဲ ထွက်ပြေးကြတော့သည်။
လမ်းထောင့်တွင် မူလက တစ်စုံတစ်ခုကို ဝေမျှစားသောက်နေကြသော ကြောက်မက်ဖွယ် သတ္တဝါအချို့က ဝိညာဉ်ဖိနှိပ်ရေးခေါင်းလောင်း၏ ကြည်လင်သော အသံကို ကြားလိုက်ရ၏။ သူတို့၏ ပုပ်ပွနေသော မျက်နှာများမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားပြီး သူတို့၏ ပြတ်တောက်နေသော ခန္ဓာကိုယ်များကို အရိပ်များထဲသို့ အလျင်စလို တရွတ်တိုက် ဆွဲသွားကြလေသည်။
အနည်းငယ် အလှမ်းဝေးသော နေရာတွင်တော့ ကစားသမားတစ်ယောက်ကို အနီရောင်ဝတ် တစ္ဆေမတစ်ကောင်က လည်ပင်းညှစ်ထားခဲ့သည်။
တစ္ဆေမ၏ ဆံပင်ရှည်ကြီးများက အရိုင်းဆန်စွာ လွင့်ခါနေပြီး သေစေလောက်သော တိုက်ခိုက်မှုကို ပြုလုပ်တော့မည့်အချိန်တွင် ခေါင်းလောင်းသံကို ရုတ်တရက် ကြားလိုက်ရလေသည်။ သူမ၏ သွေးရောင် မျက်လုံးများက အံ့သြထိတ်လန့်စွာ ပြူးကျယ်သွားရသည်။
ထို့နောက် သူမက သေလုမြောပါး ဖြစ်နေသော သားကောင်ကို စွန့်ပစ်ကာ အနီရောင်အလင်းတန်းတစ်ခုအဖြစ် ခေါင်မိုးစွန်းအောက်တွင် ပျောက်ကွယ်သွားတော့သည်။
ကစားသမားမှာ မြေပြင်ပေါ်သို့ ခွေကျသွားပြီး သွေးထွက်နေသော သူ၏ ပြတ်နေသည့် လက်မောင်းကို ဖက်ကာ အသက်လုရှူနေရလေသည်။
သူ အသက်ရှင်သွားပြီဟု သက်သာရာမရနိုင်သေးမီမှာပင် ချွင် ချွင်ဆိုသည့် ခေါင်းလောင်းသံက ပိုပိုပြီး နီးကပ်လာသည်ကို ကြားလိုက်ရပေသည်။
မော့ကြည့်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဇွန်ဘီ တပ်မတော်ကြီးတစ်ခု သူတို့ဆီသို့ ချီတက်လာသည်ကို မြင်လိုက်ရပြီး ချက်ချင်း ကြောက်လန့်သွားကြရသည်။
“ကယ်ပါ... ကယ်ပါဦး...” ပြင်းထန်စွာ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ဂရုမစိုက်နိုင်တော့ဘဲ သူက ကျန်နေသေးသော လက်တစ်ဖက်ကို အသုံးပြုကာ သူ၏ ကျိုးနေသော ခြေထောက်ကို တရွတ်တိုက်ဆွဲပြီး လမ်းဘေးရှိ ရေမြောင်းထဲသို့ အသေအလဲ တွားသွားဝင်ရောက်သွားကာ မိလ္လာမြောင်းထဲမှ အပုပ်နံ့ကိုပင် ဂရုမစိုက်နိုင်တော့ချေ။
အဖွဲ့ကြီး အဝေးသို့ ရောက်သွားပြီးမှသာ နံစော်နေသော ရေမြောင်းထဲမှ ခေါင်းကို ထုတ်ရဲတော့ပြီး သူတို့ ထွက်ခွာသွားသော ပုံရိပ်များကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်ခေသည်။ “ဒါက ဘာ သေမင်းတမန် ပေါင်းစပ်မှုကြီးလဲကွ....”
လမ်းမရှည်ကြီး တစ်ခုလုံးမှာ ထူးဆန်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်နေခဲ့သည်။
ကျန်းယဲ့၏ အဖွဲ့ သွားရာ နေရာတိုင်းတွင် ကစားသမားများရော မကောင်းဆိုးဝါးများပါ လမ်းဖယ်ပေးကြလေသည်။
လမ်း၏ တစ်ဖက်တစ်ချက်စီရှိ ပြတင်းပေါက်များမှာ တစ်ခုပြီးတစ်ခု ဒိုင်းခနဲ ပိတ်သွားကြပြီး ခေါင်မိုးစွန်းအောက်တွင် ချိတ်ဆွဲထားသော မီးပုံးများပင်လျှင် လေမတိုက်ဘဲ အလိုအလျောက် ယိမ်းထိုးနေကြကာ တုန်ယင်နေသည့်အလားပင်။
တာအိုဘုန်းကြီးငယ် ရွှမ်ချင်းက ကျန်းယဲ့အနားသို့ တိုးကပ်သွားပြီး တိုးတိုးလေး မေးလိုက်၏။ “ဒါရိုက်တာကျန်း... အင်မော်တယ်ရာချီမြို့က ဇွန်ဘီတွေရဲ့ ဖိတ်စာ အခိုးခံရရင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ..”
ထိုစကားကို ကြားသောအခါ ကျန်းယဲ့က ရှေ့ဘက် လမ်းမပေါ်သို့ မော့ကြည့်လိုက်ရာ ကြောက်မက်ဖွယ် သတ္တဝါအချို့ ထိတ်လန့်တကြား ထွက်ပြေးနေကြသည်ကို မြင်လိုက်ရလေသည်။ ထို့နောက် သူ၏ လက်ထဲရှိ ထူးဆန်းသော အလင်းရောင်များ တောက်ပနေသော ဝိညာဉ်ဖိနှိပ်ရေး ခေါင်းလောင်းကို ငုံ့ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။
“လုမယ်လေ....”
ထိုစကားလုံးကို ပြတ်ပြတ်သားသားနှင့် ရှင်းရှင်းလင်းလင်း ပြောလိုက်ခြင်းပင်။
ပြောပြီးနောက် ကျန်းယဲ့က ထပ်မံရှင်းပြရန် လိုအပ်သည်ဟု ခံစားလိုက်ရပုံဖြင့် ဖြည့်စွက်ပြောလိုက်ပြန်သည်။ “တကယ်တော့ ငါက ယဉ်ကျေးတဲ့ လူတစ်ယောက်ပဲ.... လုယက်တဲ့နည်းလမ်းကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး။ ဒါပေမဲ့ အခြား ရွေးချယ်စရာ မရှိဘူးဆိုရင်တော့ တစ်ခါတလေ လုယက်တာကိုတော့ နားလည်ပေးလို့ ရပါတယ်...”
တာအိုဘုန်းကြီးငယ်က မျက်တောင်ခတ်လိုက်ပြီး သူ့ရှေ့ရှိ ဒါရိုက်တာကျန်းမှာ ပျော့ပြောင်းမှုရှိပြီး တင်းမာမနေဘူးဟု ရုတ်တရက် ခံစားလိုက်ရ၏။
(NT- ပြောင်းလဲ ပြင်လွယ် ရှိခြင်းကို ဆိုလိုတာပါ)
နောက်မှ လိုက်လာသော ဇွန်ဘီ ကျန်းထောင်က ကျန်းယဲ့၏ ဖြည့်စွက်စကားကို ကြားလိုက်သောအခါ သူ၏ မျက်လုံးများက အပေါ်သို့ လန်သွားတော့သည်။
‘ဒါရိုက်တာကျန်း... ခင်ဗျားက ဖုံးကွယ်ဖို့ ကြိုးစားနေတာပဲ။ ခင်ဗျားကိုယ်ခင်ဗျားတောင် မသိဘူးလား...’
ဤအချိန်တွင် ကစားသမားလေးယောက်မှာ ကျဉ်းမြောင်းသော လမ်းကြားတစ်ခုထဲတွင် ထိတ်လန့်တကြား ထွက်ပြေးနေကြပြီး သူတို့၏ အနောက်မှ အပြာရောင်မျက်နှာနှင့် အစွယ်များ ရှိသော ကြောက်မက်ဖွယ် ပုံရိပ်နှစ်ခုက ကပ်လျက် လိုက်ဖမ်းနေခဲ့ကြသည်။
လွတ်မြောက်ရန် လမ်းမရှိတော့သည်ကို မြင်သောအခါ သူတို့ထဲမှ သုံးယောက်က ရုတ်တရက် ပူးပေါင်းလိုက်ပြီး အဖွဲ့ထဲရှိ အငယ်ဆုံး ကောင်လေးကို မကောင်းဆိုးဝါးများဆီသို့ တွန်းပို့လိုက်ကြ၏။
“ချန်ကျစ်... မင်း ငါ့မိသားစုရဲ့ သိုင်းကျမ်းကို ခိုးသွားပြီး အခု ငါ့ကို သေတွင်းထဲ တွန်းပို့နေတာလား...” ရွှီဝမ်က အော်ဟစ်လိုက်၏။ သူ၏ မျက်လုံးများမှာ သွေးကြောများ နီရဲနေပြီး သူ၏ အသံမှာ အက်ကွဲနေချေသည်။ “ငါ့အဖေက မင်းကို သူ့သားအရင်းတစ်ယောက်လို ဆက်ဆံခဲ့တာကွ.... မင်းက သူ့ကို ဒီလို ဗြောင်ကျကျ သစ္စာဖောက်ရက်တယ်ပေါ့...”
တိုက်ဆိုင်စွာ ဖြတ်သွားသော ကျန်းယဲ့၏ နားရွက်များ လှုပ်ရှားသွားရသည်။ သိုင်းကျမ်းဆိုသည့် စကားလုံးက သူ၏ မျက်လုံးများကို အရောင်လက်သွားစေလေသည်။
‘ဒီကမ္ဘာက သူ စိတ်ကူးယဉ်ထားတာထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေပုံပဲ.... ထူးဆန်းတာတင် မကဘူး... ရိုးရာ သိုင်းပညာတွေပါ ပါဝင်နေတာကိုး...’
ရွှီဝမ်က မျှော်လင့်ချက်မဲ့စွာ မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ နားထဲတွင် ကြောက်မက်ဖွယ်ကောင်းပြီး နံစော်နေသော အသက်ရှူသံများကိုသာ ကြားနေရလေသည်။
ရုတ်တရက်...
“ချွင် ချွင်...”
လမ်းကြားအဝင်ဝမှ ကြည်လင်သော ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာချေသည်။
ကိုက်တော့မည် လုပ်နေသော ထူးဆန်းသည့် သတ္တဝါမှာ ရုတ်တရက် အေးခဲသွားပြီး ၎င်း၏ ပုပ်ပွနေသော မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
သူတို့က အသံလာရာဆီသို့ မော့ကြည့်လိုက်ပြီးနောက် စူးရှသော အော်ဟစ်သံကို ထုတ်လွှတ်ကာ ရွှီဝမ်ကို စွန့်ပစ်ပြီး ထိတ်လန့်တကြား ထွက်ပြေးသွားကြတော့သည်။
ရွှီဝမ်မှာ မြေပြင်ပေါ်သို့ ခွေကျသွားပြီး အသက်ပြင်းပြင်း ရှူနေရသည်။ သူ မော့ကြည့်လိုက်ရာ ဝါးဦးထုပ်ဆောင်းထားသော အလောင်းထိန်းချုပ်သူ တစ်ယောက်က သူ၏ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေပြီး အနောက်တွင် ဖြူရော်နေသော ဇွန်ဘီ ဆယ့်ကိုးကောင် လိုက်ပါလာသည်ကို မြင်လိုက်ရ၏။
သူ တုန်ယင်သွားရလေသည်။ သူ့အထဲတွင် ခုလေးတင် ပေါ်လာသော မျှော်လင့်ချက် ရောင်ခြည်လေးမှာ ချက်ချင်း ငြိမ်းသတ်ခံလိုက်ရ၏။
‘ဒါက ရှင်းရှင်းလေးပဲ... ဝံပုလွေတွင်းကနေ လွတ်လာပြီး ကျားဆွဲခံရသလို ဖြစ်သွားပြီ...’
မထင်မှတ်ဘဲ အလောင်းထိန်းချုပ်သူက သူ၏အနားသို့ လျှောက်လာသော်လည်း သူ့ကို တိတ်တဆိတ် အကဲခတ်နေရုံသာ ရှိပြီး ဘာလှုပ်ရှားမှုမျှ မလုပ်ချေ။
ပို၍ ထူးဆန်းသည်မှာ ဝါးဦးထုပ်အောက်ရှိ အသက်ရှင်နေသော လူသားတစ်ယောက်၏ မျက်လုံးတစ်စုံကို ရွှီဝမ် ရှင်းလင်းစွာ မြင်လိုက်ရခြင်းပင်။ ၎င်းတို့က ကြည်လင်ပြီး နက်ရှိုင်းကာ အသက်မပါသော ထူးဆန်းသည့် သတ္တဝါများ၏ မျက်လုံးများနှင့် လုံးဝ ကွဲပြားခြားနားနေခဲ့သည်။
“ခင်ဗျား...” ရွှီဝမ်၏ အသံက တုန်ယင်နေပြီး ထွက်ပြေးရမလား သနားခံရမလား မသေချာတော့ချေ။
ကျန်းယဲ့က သူ၏ ဝါးဦးထုပ်ကို ပင့်တင်လိုက်ပြီး အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကို ဖော်ပြလိုက်၏။ “မင်းမိသားစုရဲ့ သိုင်းကျမ်းက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းမယ့်ပုံပဲ...”
ကျန်းယဲ့က သိုင်းကျမ်းများကို စိတ်ဝင်စားကြောင်း မြင်သောအခါ ရွှီဝမ်သည် အသက်ကယ်ကြိုးတစ်ချောင်းကို ဆုပ်ကိုင်မိသွားသကဲ့သို့ ခံစားလိုက်ရပြီး အလျင်စလို ပြောလိုက်၏။ “ခင်ဗျား ကျွန်တော့်ကို မြို့စားကြီး စံအိမ်ထဲ ခေါ်သွားပေးမယ်ဆိုရင် ကျွန်တော့် မိသားစုရဲ့ နက်နဲသော ယင်စွမ်းအင် စစ်မှန်သောကျမ်းစာကို ခင်ဗျားဆီ ဆက်သဖို့ ဆန္ဒရှိပါတယ်...”
ကျန်းယဲ့ သူ့ကို မယုံမည်စိုးသဖြင့် သူက အလျင်စလို ဖြည့်စွက်ပြောလိုက်ပြန်သည်။ “ကျွန်တော့် မိသားစုက ရှေးဟောင်း သိုင်းမိသားစုပါ။ ကျွန်တော်တို့ရဲ့ စာကြည့်တိုက်မှာ လျှို့ဝှက်ကျမ်းတွေ အများကြီး ရှိသေးတယ်။ ခင်ဗျား ကျွန်တော့် အသက်ကို ချမ်းသာပေးမယ်ဆိုရင် နောက်ထပ် နှစ်အုပ် သုံးအုပ်လောက် ဆွေးနွေးလို့ ရပါသေးတယ်...”
ရှေးဟောင်း သိုင်းမိသားစုဆိုသည့် စကားစုက တော်တော်လေး ဆွဲဆောင်မှု ရှိလေသည်။
ထိုစကားကို ကြားသောအခါ ကျန်းထောင်နှင့် အခြားသူများ၏ မျက်လုံးများ အရောင်လက်သွားကြရသည်။
မျက်လုံး အစုံနှစ်ဆယ်က ရွှီဝမ်အပေါ်သို့ ရပ်တန့်သွားကြပြီး သူတို့က ရွေ့လျားနေသော ရတနာသိုက်ကြီး တစ်ခုကို ကြည့်နေသည့်အလားပင်။
ကျန်းယဲ့ မျက်ခုံးပင့်လိုက်ပြီး သူ၏ မျက်နှာအမူအရာက တည်ငြိမ်နေခဲ့သည်။ “ငါ့ကို သက်သေပြ”
ဘာစကားမှ မပြောဘဲ ရွှီဝမ်က ဒူးကို အနည်းငယ် ကွေးလိုက်ပြီး ရုတ်တရက် လေထဲသို့ ခုန်တက်သွားလိုက်သည်။
သူ၏ ကိုယ်နေဟန်ထားမှာ ပျံလွှားငှက်တစ်ကောင်လို ပေါ့ပါးနေချေသည်။ သူက လမ်းကြားနံရံပေါ်တွင် ခြေသုံးလှမ်း နင်းလိုက်ပြီး နောက်ဆုံးတွင် ခေါင်မိုးတစ်ခုပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်သွားလိုက်သည်။
ဤခန္ဓာကိုယ် ပေါ့ပါးမှု သိုင်းပညာကို ပြသလိုက်ခြင်းမှာ အလွန် ချောမွေ့ပြီး လှပလွန်းလှသဖြင့် ကျန်းထောင်နှင့် အခြားသူများကို အံ့သြမှင်တက်သွားစေတော့သည်။
အခန်း ၂၀၆ပြီး၏။