အခန်း ၂၀၇
Vol. 21 Ch. 207
အခန်း (၂၀၇) ရှေးဟောင်း သိုင်းမိသားစုများ
“ဘုရားရေ.. သူတို့ တကယ်ပဲ နံရံတွေပေါ်တက်ပြီး ခေါင်မိုးပေါ် ပြေးနိုင်တာပဲ...”
“ဒါက သိုင်းကားတွေထက်တောင် ပိုပြီး ချဲ့ကားထားသေးတယ်...”
“ဒါရိုက်တာကျန်း... ဒါတော့ တကယ့်ကို တန်တာပဲ...”
ဇွန်ဘီ အုပ်စုကြီးမှာ သူတို့၏ စိတ်ထဲ၌ ရူးသွပ်စွာ အော်ဟစ်နေခဲ့ကြသည်။
ထွက်ပြေးဖို့ အခွင့်အရေးကို မယူဘဲ ရွှီဝမ်မှာ လိမ္မာစွာဖြင့် ပြန်ခုန်ဆင်းလာလေသည်။
ကျန်းယဲ့က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ “ဘာလို့ မပြေးတာလဲ...”
ရွှီဝမ်က ခါးသီးစွာ ပြုံးလိုက်၏။ “ပထမအချက်က ခင်ဗျားလို လူစွမ်းကောင်းကြီးဆီမှာ နောက်ကြောင်းပြန် ဆုတ်နိုင်မယ့် အစီအစဉ် ရှိမှာ သေချာတယ်... ကျွန်တော် မပြေးနိုင်ပါဘူး။ ဒုတိယအချက်က...”
သူက မှောင်မိုက်နေသော လမ်းမများကို ဝေ့ကြည့်လိုက်ခေသည်။ “ကျွန်တော် ပြေးသွားရင်လည်း အင်မော်တယ်ရာချီမြို့မှာပဲ တစ်ယောက်တည်း သေဖို့ ကံကြမ္မာ ပါလာမှာပါပဲ...”
ကျန်းယဲ့က သူ့ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်လိုက်ပြီး ထိုကောင်လေး လိမ်မပြောကြောင်း သိလိုက်လေသည်။
ရွှီဝမ်က မျှော်လင့်ချက်အပြည့်နှင့် ကျောနောက်သို့ ပြန်ကြည့်လိုက်၏။ “ဒီအသက်ကို ခင်ဗျားရဲ့ အကာအကွယ်နဲ့ လဲလှယ်လို့ မရဘူးလားဗျာ... ”
“ကျမ်းစာကို အရင်ပြပါဦး...” ကျန်းယဲ့က မရေမရာ ပြန်ပြောလိုက်လေသည်။
ရွှီဝမ်က အံကြိတ်ကာ သူ၏ အဝတ်အတွင်းဘက်မှ ဝါးနေသော ရှေးဟောင်း စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။
သူ လက်ထဲသို့ အပ်လိုက်ချိန်တွင် သူ၏ လက်ချောင်းများက အနည်းငယ် တုန်ယင်နေပြီး မျက်လုံးများထဲတွင် မလွှတ်ချင်သည့် အရိပ်အယောင်များ ပေါ်လာချေသည်။
၎င်းမှာ သူ မထွက်ခွာမီ ဖခင်က ပေးလိုက်သော လျှို့ဝှက်လက်နက် နက်နဲသော ယင်စွမ်းအင် စစ်မှန်သောကျမ်းစာပင်။
ကျန်းယဲ့က ကျမ်းစာကို ယူကာ စာမျက်နှာအချို့ကို ပေါ့ပေါ့ပါးပါး လှန်ကြည့်လိုက်၏။
သူက သိုင်းပညာကို သိပ်မသိသော်လည်း ရွှီဝမ်၏ စိတ်မကောင်းဖြစ်နေသော အမူအရာနှင့် စာအုပ်ထဲရှိ လက်ရာမြောက်လှသော ပုံများအရ ၎င်းမှာ တကယ့် စစ်မှန်ပြီး တန်ဖိုးရှိသော သိုင်းပညာရပ်တစ်ခု ဖြစ်ကြောင်း သိလိုက်သည်။
ဒါက အချက်တစ်ချက်။
ဒုတိယအချက်မှာ ကျမ်းစာကို လက်ခံရရှိချိန်တွင် စနစ်က ပစ္စည်းများအတွက် ထူးဆန်းသော လဲလှယ်မှုတစ်ခုကို ကမ်းလှမ်းလာ၏။ ငွေဖြင့် ဝယ်ယူခြင်းအပြင် သိုင်းကျမ်းများကို ဝယ်ယူနိုင်သည့် ရွေးချယ်စရာ ပေါ်လာခြင်းပင်။
ရွှီဝမ်က ကျန်းယဲ့၏ မျက်နှာအမူအရာကို စိုးရိမ်တကြီး စိုက်ကြည့်နေသော်လည်း ကျန်းယဲ့မှာ ကျမ်းစာကို လှန်ကြည့်ရင်း တည်ငြိမ်နေသဖြင့် သူ၏ နှလုံးသားမှာ လည်ချောင်းထဲသို့ ရောက်မတတ် ဖြစ်ပြီး လက်ဝါးများတွင် ချွေးများ ပြန်လာရသည်။
ကျန်းယဲ့က ကျမ်းစာကို ပိတ်လိုက်ပြီး မော့ကြည့်ကာ မေးလိုက်၏။ “မင်းတို့ကမ္ဘာက အခြေအနေကို ပြောပြပါဦး...”
“ဟင်...” ရွှီဝမ်မှာ လုံးဝ မှင်တက်သွားပြီး မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများ ပေါ်လာချေသည်။
သို့သော် သူ မမေးရဲတော့ဘဲ ရိုးသားစွာ ဖြေလိုက်၏။ “အရင်တုန်းကတော့ ဒီမှာ သိုင်းပညာက အရမ်း ခေတ်စားတယ်။ သီးသန့် ရှေးဟောင်းသိုင်းကျောင်းတွေနဲ့ ယဉ်ကျေးမှုကျောင်းတွေလည်း ရှိတယ်...”
သူ၏ အသံမှာ တဖြည်းဖြည်း တိုးသွားရသည်။ “ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်က ကောင်းကင်မှာ အက်ကြောင်းကြီးတစ်ခု ရုတ်တရက် ပေါ်လာပြီး ထူးဆန်းတဲ့ အရာတွေ ဖြစ်လာတယ်”
ထိုအကြောင်းကို ပြောပြစဉ် ရွှီဝမ်မှာ မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။ “တစ်လအတွင်းမှာပဲ မြို့ကြီး သုံးမြို့လုံးလုံး သတ်ဖြတ်ခံလိုက်ရတယ်။ အဲဒီအချိန်တုန်းက ရှေးဟောင်းသိုင်းမိသားစုက ကျွမ်းကျင်သူတွေ အားလုံး ထွက်လာကြတယ်။ ကျွန်တော့် အဖိုးနဲ့ အဖေလည်း စစ်ပွဲမှာ ပါဝင်ခဲ့ကြတယ်...”
ရွှီဝမ်က လက်သီးကို တင်းတင်းဆုပ်လိုက်၏။ “အဲဒီ တိုက်ပွဲကြီးမှာ ကျွန်တော်တို့ အကြီးအကျယ် ဆုံးရှုံးခဲ့တယ်။ အားလုံး စိတ်ပျက်နေတဲ့အချိန်မှာပဲ ကောင်းကင်ကနေ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာတယ်...”
ထိုနေ့က အဖြစ်အပျက်ကို ပြန်တွေးမိသဖြင့် သူ၏ မျက်နှာမှာ ဖြူရော်သွားချေသည်။ “အဲဒီ အသံက ၁၈ နှစ်နဲ့ အထက်ရှိတဲ့သူတိုင်း ထူးဆန်းတဲ့ ကမ္ဘာတစ်ခုထဲကို ကျပန်း ရောက်သွားမယ်လို့ ပြောတယ်...”
“နောက်ပိုင်းမှာ ထူးဆန်းတဲ့ ကမ္ဘာကနေ ပြန်ယူလာတဲ့ ပစ္စည်းတွေက ကျွန်တော်တို့ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံလာတဲ့ သိုင်းပညာထက် ပိုအစွမ်းထက်တယ်ဆိုတာ သိလိုက်ရတယ်...” ရွှီဝမ်က ခါးသီးစွာ ပြုံးလိုက်၏။ “အခုထိတော့ တချို့လူတွေ သိုင်းပညာ ကျင့်ကြံနေကြပေမယ့် သူတို့ရဲ့ တန်ဖိုးက အများကြီး လျော့ကျသွားပြီ...”
သူ ပြောနေစဉ် ကျန်းယဲ့၏ လက်ထဲရှိ ကျမ်းစာကို ခိုးကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်လေး ပေါ်လာပေသည်။
တစ်ချိန်က ပြင်းထန်စွာ ယှဉ်ပြိုင်ခဲ့ရသော မိသားစု လျှို့ဝှက်သိုင်းပညာမှာ ယခုတော့ အသက်လုရန် လဲလှယ်ရသည့် အဆင့်သို့ ရောက်ရှိသွားပြီဖြစ်၏။
ကျန်းယဲ့က ရုတ်တရက် မေးလိုက်၏။ “မင်းဆီမှာ ပေါ့ပါးမှု သိုင်းပညာ ကျမ်းစာတွေ ရှိသေးလား...”
သူ၏ လေသံတွင် မျှော်လင့်ချက်များ ပြည့်နှက်နေပြီး သူ၏ မျက်လုံးများက နုပျိုသော စိတ်အားထက်သန်မှုဖြင့် တောက်ပနေခဲ့သည်။
ဘာပဲဖြစ်ဖြစ်၊ နံရံတွေကို တက်ပြီး ခေါင်မိုးပေါ် ခုန်ကူးဖို့ အိပ်မက် မမက်ဖူးတဲ့ လူသား ဘယ်သူမရှိပဲ နေမည်နည်း။
ရွှီဝမ် တစ်ခါပြန် မှင်တက်သွားရပြန်သည်။
သူ့ရှေ့က လျှို့ဝှက်ဆန်းကြယ်တဲ့ လူစွမ်းကောင်းကြီးက နက်နဲသော ယင်စွမ်းအင် စစ်မှန်သော ကျမ်းစာထက် ပေါ့ပါးမှုသိုင်းပညာကို ပိုပြီး စိတ်ဝင်စားနေပုံရသည်ကို သူ သတိထားမိလိုက်၏။
ရွှီဝမ် ချက်ချင်း ပြန်မဖြေသည်ကို မြင်သောအခါ ကျန်းယဲ့က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး သူ၏ စိတ်ပျက်မှုကို မဖုံးကွယ်နိုင်တော့ချေ။ “မရှိဘူးလား..”
“ရှိပါတယ်... ရှိပါတယ်..” ရွှီဝမ် သတိဝင်လာပြီး အမြန် ပြန်ဖြေလိုက်လေသည်။
ထို့နောက် ရွှီဝမ်က သူ၏ အိတ်ထဲမှ စာအုပ်ပါးပါးလေး တစ်အုပ်ကို ထုတ်ပေးလိုက်၏။
အင်မော်တယ်ရာချီမြို့ကို လာဖို့ ရွေးချယ်ခံလိုက်ရပြီဆိုတာ သိကတည်းက သူက လျှို့ဝှက်ကျမ်းတွေနဲ့ ပစ္စည်းတွေကို အများကြီး ယူလာခဲ့တာ ဖြစ်လေသည်။
ကံမကောင်းစွာဖြင့် ယခင် တိုက်ပွဲများတွင် ပစ္စည်းတွေ အကုန်ကုန်သွားပြီး ယခုမူ ဤကျမ်းစာများသာ ကျန်တော့သည်။
သူက နှင်းပေါ်မှာ ခြေရာမကျန် လျှောက်လှမ်းခြင်းဟု ခေါ်သော ပေါ့ပါးမှုသိုင်းကျမ်းကို ဂရုတစိုက် ပေးအပ်လိုက်၏။ ကျန်းယဲ့က ယူကာ စာမျက်နှာအချို့ကို လျင်မြန်စွာ လှန်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ချက်ချင်းပင် ကျေနပ်သည့် အမူအရာများ ပေါ်လာရသည်။
ရွှီဝမ်က ကျန်းယဲ့၏ နောက်ထပ် ညွှန်ကြားချက်ကို စိုးရိမ်တကြီး စောင့်မျှော်နေစဉ် တစ်ဖက်လူက လေထဲမှနေ၍ ဇွန်ဘီ ဝတ်စုံတစ်စုံကို ဖန်တီးလိုက်ခေသည်။
ဝတ်စုံ ပေါ်လာသောအခါ ရွှီဝမ်၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားရသည်။
၎င်းဆီမှ ထွက်ပေါ်နေသော သိပ်သည်းလှသော ယင်စွမ်းအင်ကို သူ ခံစားမိလိုက်လေသည်။ ဒါက တကယ့်ကို အဆင့်မြင့်... စာချုပ်အဆင့် ပစ္စည်းတစ်ခုပဲ....
“လဲဝတ်လိုက်...” ကျန်းယဲ့က အတိုချုပ် အမိန့်ပေးလိုက်၏။
ရွှီဝမ်က လက်နှစ်ဖက်ဖြင့် ယူလိုက်ပြီး ဝတ်ဆင်လိုက်သည်နှင့် ထူးဆန်းသော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်ကို ခံစားလိုက်ရသည်။
ထိုအခါမှ သူ ဖြစ်ပျက်နေသည်များကို သဘောပေါက်သွားလေသည်။
ကျန်းယဲ့နောက်ကို လိုက်နေတာက တကယ့် ဇွန်ဘီတွေ မဟုတ်ဘဲ အရည်အသွေးမြင့် ပစ္စည်းတွေကို ဝတ်ဆင်ထားတဲ့ အသက်ရှင်နေတဲ့ လူတွေပဲ....
“ဒါ... ဒါက တကယ့်ကို...” ရွှီဝမ်မှာ အံ့သြလွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။
အရည်အသွေးမြင့် စာချုပ်အဆင့် ပစ္စည်းတွေကို တစ်ပြိုင်နက်တည်း လူနှစ်ဆယ်စာ ထုတ်ပေးနိုင်ခြင်းမှာ သူ၏ စိတ်ကူးထဲပင် မရှိခဲ့ပေ။
သူက ကျန်းယဲ့၏ ခါးတွင်ချိတ်ထားသော ဝိညာဉ်ဖိနှိပ်ရေး ခေါင်းလောင်းကို ခိုးကြည့်လိုက်ပြီး တွေးလိုက်မိသည်။
‘ဒီ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးက ငါတို့မိသားစုရဲ့ အစွမ်းအထက်ဆုံး လူကြီးမင်းတွေထက်တောင် အများကြီး ပိုကြောက်ဖို့ကောင်းလိမ့်မယ်...’
ကျန်းယဲ့နှင့် သူ၏အဖွဲ့မှာ နောက်ဆုံးတွင် စုံဖြစ်သွားပြီး မြို့စားကြီး စံအိမ်ဆီသို့ သူတို့၏ ခမ်းနားသော ချီတက်မှုကို ဆက်လုပ်လိုက်ကြသည်။
ကျန်းယဲ့ လမ်းချိုးတစ်ခုကို ကွေ့လိုက်ချိန်တွင် သူ၏ ရှေ့တွင် အမျိုးအစားတူ သူနှစ်ယောက်ကို မြင်လိုက်ရလေသည်။ ဇွန်ဘီနှစ်ကောင်မှာ စက်ရုပ်ဆန်ဆန် ခုန်ဆွခုန်ဆွ သွားနေခဲ့ကြသည်။
“ချွင်...”
ဝိညာဉ်ဖိနှိပ်ရေး ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် ဇွန်ဘီနှစ်ကောင်မှာ ချက်ချင်း အေးခဲသွားကြရသည်။
သူတို့၏ မီးခိုးပြာရောင်မျက်နှာများမှာ ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာပြီး လွတ်မြောက်ရန်အတွက် ပို၍မြန်မြန် ခုန်သွားရန်ပင် ကြိုးစားနေကြလေသည်။
“မြန်မြန်... မြန်မြန်... သူတို့နောက်ကို လိုက်ကြ...” ကျန်းယဲ့က ဝိညာဉ်ဖိနှိပ်ရေး ခေါင်းလောင်းကို အမြန် သိမ်းလိုက်ပြီး အဖွဲ့ကို ခေါ်ဆောင်ကာ လိုက်သွားကြ၏။
ဇွန်ဘီ နှစ်ဆယ်က တကယ့် ဇွန်ဘီ နှစ်ကောင်ကို ဝိုင်းရံလိုက်ချိန်တွင် သူတို့မှာ လုံးဝ မှင်တက်သွားကြရသည်။
ပြာလဲ့လဲ့ ခေါင်းနှစ်လုံးက ဘယ်ညာ လှည့်လိုက်ကြပြီး သူတို့၏ အသက်မဲ့သော မျက်လုံးများထဲတွင် ဝေဝါးမှု အရိပ်အယောင်များ ပေါ်လာ၏။
‘မြို့ထဲမှာ ငါတို့လိုမျိုးတွေ ဘယ်အချိန်ကတည်းက ဒီလောက်များသွားတာလဲ...’
ထို့နောက် သူတို့က တောင့်တင်းနေသော နှာခေါင်းများကို တွန့်လိုက်ပြီး သေချာ ဂရုတစိုက် ရှူရှိုက်ကြည့်လိုက်ကြ၏။
အနံ့မှာ နည်းနည်း ထူးဆန်းနေပေမယ့် သူတို့ အမျိုးအစားတူတွေပဲ။
ဇွန်ဘီ တစ်ကောင်က ရုတ်တရက် သူ၏ မေးရိုးကို ‘ကလစ်’ဆိုသည့် အသံနှင့်အတူ ဖြုတ်လိုက်ပြီး လက်ဖြင့် ဖြည်းဖြည်းချင်း ပြန်တပ်ကာ ထိုနေရာတွင် ဘာမှ မသိသလို ခေါင်းငိုက်စိုက်ဖြင့် ဆက်ရပ်နေချေသည်။
ဇွန်ဘီတွေက အမျိုးအစားတူဖြစ်ကြောင်း အတည်ပြုပြီးနောက် ထိုဇွန်ဘီနှစ်ကောင်က သူတို့ကို ဂရုမစိုက်တော့ဘဲ ရှေ့သို့ စက်ရုပ်ဆန်ဆန် ခုန်ဆွခုန်ဆွ ဆက်သွားလိုက်ကြသည်။
အဖွဲ့ထဲရှိ ဇွန်ဘီအချို့၏ ပါးစပ်ထောင့်များမှာ မထိန်းချုပ်နိုင်ဘဲ တွန့်လှုပ်နေသည်ကိုတော့ သူတို့ သတိမထားမိကြချေ။
တကယ့် ဇွန်ဘီတွေနဲ့ အနီးကပ် ထိတွေ့ရတဲ့ အတွေ့အကြုံက တကယ်ကို ရင်ခုန်စရာ ကောင်းလွန်း၏။
အဲဒီ ယွမ် တစ်သောင်းက တကယ်ကို တန်ပါတယ်...
မြို့စားကြီး စံအိမ်နှင့် နီးကပ်လာသောအခါ သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် ကျန်းယဲ့နှင့် သူ၏အဖွဲ့မှာ ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ရသည်။
ထူးဆန်းပြီး ပုံပျက်နေသော သတ္တဝါတစ်ကောင်မှာ ကစားသမားတစ်ယောက်၏ ကျောပေါ်တွင် စီးနင်းနေလေသည်။
ကြောက်မက်ဖွယ်ကောင်းသော ထိုသတ္တဝါမှာ မျောက်တစ်ကောင်နှင့် တူသော်လည်း သေလူတစ်ယောက်လို ဖြူဖျော့နေသော လူ့မျက်နှာတစ်ခု ရှိနေပြီး ရယ်မောကာ ထူးဆန်းသော ‘ဟီးဟီး’ ဆိုသည့် အသံကို ထုတ်လွှတ်နေခဲ့သည်။
သူ၏ ခြောက်သွေ့နေသော လက်ချောင်းများက ကစားသမား၏ ပခုံးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေပြီး ရယ်မောလိုက်တိုင်း ပါးစပ်ထောင့်မှ အနက်ရောင် အရည်များ ကျဆင်းလာကာ ကစားသမား၏ သွေးစွန်းပြီး ကြေမွနေသော ကျောပြင်ကို တိုက်စားသွားခဲ့သည်။
ကစားသမားမှာ အသက်မဲ့နေသော မျက်လုံးများ ရှိနေပြီး သူ၏ မျက်နှာမှာ ခြောက်သွေ့နေသော သွေးများဖြင့် ဖုံးလွှမ်းနေကာ သူ၏ လက်များဖြင့် ထောက်၍ အနည်းငယ်စီ ရှေ့သို့ တွားသွားနေ၏။
သူ၏ ခြေထောက်များမှာ မှတ်မိနိုင်စရာ မရှိတော့ဘဲ မြေပြင်ပေါ်တွင် အနက်ရောင် သွေးလမ်းကြောင်း နှစ်ခုကို ချန်ရစ်ထားလေသည်။
သူက စက်ရုပ်ဆန်ဆန် “ဂုဏ်ပြုပေးဖို့ သွားရမယ်... လက်ဆောင်ယူသွားရမယ်... ဂုဏ်ပြုပေးဖို့ သွားရမယ်...” ဟု ထပ်ခါတလဲလဲ ရေရွတ်နေ၏။
အခန်း ၂၀၇ပြီး၏။