← Chapters

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း (၂၀၉) မြို့စားကြီး၏ ဂုဏ်ပြုအရက်ခွက်

​လူ့အရေပြားဖြင့် ပြုလုပ်ထားသော ကော်ဇောနီ၏ ပုံစံနှင့် ပတ်သက်၍ ကျန်းယဲ့က ဂရုတစိုက် လေ့လာမှုများမှတစ်ဆင့် ခြေခုနစ်လှမ်း လှမ်းပြီးတိုင်း သုံးစက္ကန့် ရပ်လိုက်ခြင်းဖြင့် ကစားသမားများက ဘေးကင်းစွာ ဖြတ်သန်းနိုင်ကြောင်း တွေ့ရှိခဲ့၏။

​သို့သော်လည်း လျင်မြန်စွာ ဖြတ်သန်းရန် ကြိုးစားပြီး သတ္တမမြောက် ခြေလှမ်းကို တစ်ဟုန်ထိုး ကျော်သွားပါက တွန့်လိမ်နေသော သွေးကြောများက ခြေကျင်းဝတ်များကို ရစ်ပတ်ဖမ်းဆီးသွားလိမ့်မည် ဖြစ်သည်။

​‘အပြုံးကို အပြုံးနဲ့ ပြန်တုံ့ပြန်ရမယ်... ပြီးတော့ ခြေခုနစ်လှမ်း လှမ်းပြီးတိုင်း ရပ်ရမယ်....’

​အစပိုင်း နေရာယူရုံလေးအတွက်ကိုတောင် ဒီလောက်များပြားတဲ့ စည်းမျဉ်းတွေနဲ့ ထောင်ချောက်တွေ ရှိနေတယ်ဆိုရင် နောက်ပိုင်းမှာ ကစားသမားတွေကို ဘယ်လို ကြောက်မက်ဖွယ်ကောင်းတဲ့ စည်းမျဉ်းတွေနဲ့ ထောင်ချောက်တွေက စောင့်ကြိုနေဦးမလဲ မတွေးရဲစရာပင်။

​လေအေးတစ်ချက် တိုက်ခတ်သွားပြီးနောက် မြို့စားကြီး စံအိမ်၏ လေးလံသော သစ်သားတံခါးကြီးများက “ဝုန်း” ဆိုသည့် ကျယ်လောင်သော အသံကြီးနှင့်အတူ တဖြည်းဖြည်း ပိတ်သွားခဲ့သည်။

​တံခါးအပြင်ဘက်မှ နှလုံးကွဲမတတ် ငိုယိုအော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

​“မလုပ်ပါနဲ့... ကျွန်တော့်ကို နောက်ထပ် အခွင့်အရေး တစ်ကြိမ်ပေးပါ..”

​“တံခါးဖွင့်ပေးပါ... ကျွန်တော့်မှာ ဖိတ်စာရှိပါတယ်...”

​“ကယ်... ကယ်ပါဦး...”

​အော်ဟစ်သံများမှာ နားကွဲမတတ် ကျယ်လောင်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ဝါးစားသံများနှင့်အတူ ရောနှောနေခဲ့သည်။

​ပြင်းထန်သော သွေးနံ့များက တံခါးဟနေသော နေရာများမှတစ်ဆင့် စံအိမ်အတွင်းသို့ စိမ့်ဝင်လာကာ လေထုထဲတွင် ပြည့်နှက်သွားပြီး ဧည့်သည်နေရာတွင် ထိုင်နေသော ဇွန်ဘီအချို့၏ ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်ဘဲ တုန်ယင်သွားစေလေသည်။

​ထိုင်နေသော ကစားသမားများ၏ တုံ့ပြန်မှုများမှာ အမျိုးမျိုး ကွဲပြားနေ၏။

​ညာဘက် ရှေ့ဆုံးတန်းရှိ အမာရွတ်နှင့် လူက သက်ပြင်းချလိုက်ပြီး သူ့ဘေးရှိ မျက်မှန်နှင့် အမျိုးသမီးကမူ အန္တရာယ်ကင်းလက်ဖွဲ့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရာ သူမ၏ လက်ဆစ်များပင် ဖြူလာရသည်။

​ဘယ်ဘက် ထောင့်ရှိ ဝတ်ရုံခြုံထားသော ပိန်ပိန်ပါးပါး လူတစ်ယောက်က စိုးရိမ်တကြီး လက်သည်းများကို ကိုက်နေပြီး ခေါင်းဆောင်ရှိရာ စားပွဲဆီသို့ ရံဖန်ရံခါ လှမ်းကြည့်နေချေသည်။

အလယ်တွင် ထိုင်နေသော ဗလတောင့်တောင့် လူကမူ အမူအရာကင်းမဲ့စွာဖြင့် သူ၏ သွေးစွန်းနေသော ဓားမြှောင်ကို သုတ်နေပြီး မကြာမီ ကျရောက်လာတော့မည့် အန္တရာယ်အတွက် ပူပန်နေပုံ မပေါ်ပေ။

​နောက်ခဏ၌ စူးရှသော တံပိုးမှုတ်သံ ထွက်ပေါ်လာချိန်တွင် တောက်ပသော အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသည့် သတို့သမီးကို ပုပုလုံးလုံးနှင့် ကြားပွဲစားမတစ်ဦးက ကော်ဇောနီပေါ်သို့ ထူးဆန်းစွာ တွဲခေါ်လာ၏။

​ကြားပွဲစားမ၏ မျက်နှာပေါ်တွင် အလွန်အကျွံ ပါးနီများ ခြယ်သထားပြီး သူမ၏ ပါးစပ်က နားရွက်အထိ ပြဲနေကာ သူမ ခြေလှမ်းလိုက်တိုင်း ဖောင်းကားနေသော ခန္ဓာကိုယ်ကြီးက တုန်ခါနေချေသည်။

​လေအေးတစ်ချက် တိုက်ခတ်သွားပြီး ထူးဆန်းသော ချိုအီအီ အနံ့တစ်ခုကို သယ်ဆောင်လာ၏။

​ကစားသမား အများအပြားက ချက်ချင်း အသက်အောင့်ထားလိုက်ကြပြီး သေစေနိုင်သော အဆိပ်ငွေ့ တစ်ခုခု ဖြစ်မည်ကို စိုးရိမ်နေခဲ့ကြသည်။

​သတို့သမီး၏ အနီရောင် ပဝါလေးက လေထဲတွင် အနည်းငယ် လွင့်ခါသွားပြီး အောက်ဘက်ရှိ ဖြူရော်နေသော မေးစေ့ကို ဝိုးတဝါး မြင်တွေ့လိုက်ရပေသည်။

​သတို့သမီးက ခန်းမရှေ့သို့ လျှောက်သွားချိန်တွင် ကြောက်မက်ဖွယ် ဖိအားတစ်ခု ရုတ်တရက် ကျရောက်လာခဲ့သည်။

​တောက်ပသော အနီရောင် မင်္ဂလာဝတ်ရုံကို ဝတ်ဆင်ထားသည့် မြို့စားကြီးကျောက်က လေထဲမှ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ သူ့တွင် ဓားတစ်လက်လို ဖြောင့်တန်းနေသော မျက်ခုံးများ၊ တောက်ပသော မျက်လုံးများနှင့် ချောမောသော မျက်နှာတစ်ခု ရှိ၏။

အကယ်၍ သူ၏ မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင်အလင်းတန်းများဖြင့် တောက်ပမနေဘူးဆိုလျှင် မည်သူမဆို သူ့ကို ယဉ်ကျေးသိမ်မွေ့သော မှူးမတ်လူငယ်တစ်ယောက်ဟု ထင်မှတ်သွားကြမည်သာ ဖြစ်၏။

​“အားလုံးပဲ လာရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်...” မြို့စားကြီးကျောက်၏ အသံက နူးညံ့သိမ်မွေ့သော်လည်း ကစားသမား အားလုံး၏ ကျောရိုးများကို စိမ့်တက်သွားစေ၏။

​သူက နွေးထွေးသော အပြုံးဖြင့် ယဉ်ကျေးစွာ စကားပြောနေပြီး သာမန်မင်္ဂလာပွဲတစ်ခုလိုပင်။

​မင်္ဂလာ အခမ်းအနား တစ်ခုလုံးမှာ အံ့သြစရာကောင်းလောက်အောင် ချောမွေ့စွာ ပြီးဆုံးသွားပြီး ကစားသမားများ စိုးရိမ်တကြီး စောင့်မျှော်နေသော သေမင်းတမန် စည်းကမ်းချက်ကလည ထွက်ပေါ်မလာခဲ့ချေ။

​အခမ်းအနား ပြီးဆုံးသွားချိန်တွင် မရေမတွက်နိုင်သော သွေးရောင်ပန်းပွင့်များ ရုတ်တရက် ကောင်းကင်မှ ကျဆင်းလာပြီး ထို ချိုအီအီ အနံ့များကိုပါ သယ်ဆောင်လာခဲ့သည်။

​အနက်ရောင် ဝတ်ဆင်ထားသော ကစားသမား တစ်ယောက်က အလိုအလျောက် သူ၏ အတွင်းစွမ်းအားကို အသုံးပြုကာ သူ့ဆီသို့ လွင့်လာသော ပန်းပွင့်များကို ဖယ်ရှားလိုက်၏။

​နောက်တစ်စက္ကန့်တွင် မြို့စားကြီး ကျောက်၏ နူးညံ့သော အသံက ရုတ်တရက် အေးစက်သွားခေသည်။ “ငါ့ရဲ့ မင်္ဂလာပွဲက အဲဒီလောက်တောင် ကံမကောင်းဘူးလား...”

​“မဟုတ်ပါဘူး ကျွန်တော်က...” ကစားသမားက အလျင်စလို ရှင်းပြရန် ကြိုးစားသော်လည်း “ဗုန်း” ဆိုသည့် အသံနှင့်အတူ သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် သွေးမြူများအဖြစ် ပေါက်ကွဲသွားချေသည်။

​ပတ်ဝန်းကျင်ရှိ ဧည့်သည်များအပေါ် သွေးများ လွင့်စဉ်သွားရာ ထူးဆန်းသော သတ္တဝါများက စိတ်လှုပ်ရှားစွာဖြင့် လျက်နေကြပြီး ကစားသမားများမှာမူ သူတို့၏ အသက်ရှူသံများ လည်ချောင်းထဲတွင် တစ်ဆို့နေလျက် ထိုနေရာတွင် အေးခဲနေခဲ့ကြသည်။

​မြို့စားကြီး ကျောက်က ထိုစကားကို ပြောချိန်တွင် သူ၏ အကြည့်များက ကစားသမား အားလုံးအပေါ် ဝေ့ဝဲသွားပြီး သူ၏ နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင် ပြုံးယောင်ယောင် ပေါ်လာသည်ကို ကျန်းယဲ့ သတိပြုမိလိုက်၏။

​ဒီမင်္ဂလာပွဲတော်ရဲ့ ဂိမ်းက အခုမှ စတင်တာ ရှင်းနေချေသည်။

​ခုလေးတင် ဖြစ်သွားသည့် အဖြစ်အပျက်မှာ မြို့စားကြီး ကျောက်အတွက် ပြောပလောက်သည့် အသေးအဖွဲ ကိစ္စလေးတစ်ခုသာ ဖြစ်၏။

​မြို့စားကြီးကျောက်၏ မျက်နှာပေါ်ရှိ မှုန်မှိုင်းမှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး သူ၏ နူးညံ့သိမ်မွေ့သော အမူအရာဖြင့် အစားထိုး ဝင်ရောက်လာပြန်သည်။ သူက ပြုံးကာ လက်ကို မြှောက်လိုက်ပြီး လက်ဟန်ခြေဟန်ဖြင့် ပြလိုက်၏။ “ကျေးဇူးပြုပြီး အားလုံးပဲ အားမနာဘဲ ပျော်ပျော်ရွှင်ရွှင် စားသောက်ကြပါ...”

​စူးရှသော တံပိုးမှုတ်သံ ထပ်မံ ထွက်ပေါ်လာချိန်တွင် ဖြူဖျော့နေသော အစေခံမတစ်စုက ခန်းမထဲသို့ စက်ရုပ်ဆန်ဆန် လျှောက်လာခဲ့ကြသည်။

​သူတို့က တူညီသော အဖြူရောင် တရုတ်ရိုးရာ ဝတ်စုံများကို ဝတ်ဆင်ထားပြီး လည်ပင်းတစ်ဝိုက်တွင် သိသာထင်ရှားသော ချုပ်ရိုးအရာများ ရှိကာ သူတို့၏ လက်ထဲရှိ လင်ပန်းများတွင် အရသာရှိသော အစားအစာများဟု ခေါ်ဆိုနိုင်သည့် အရာများ ပါရှိလေသည်။

​ပထမဆုံး ဟင်းလျာကို ကျန်းယဲ့ရှေ့တွင် ချထားလိုက်ချိန်တွင် အတွေ့အကြုံများစွာရှိသော သူပင်လျှင် အစာအိမ်ထဲတွင် မအီမသာ ဖြစ်သွားသည်ကို မထိန်းချုပ်နိုင်ခဲ့ချေ။

​ပန်းကန်ပြားထဲတွင် တွန့်လိမ်လှုပ်ရှားနေသော အမည်းရောင် ပိုးကောင်ရှည်ကြီးများ ပြည့်နှက်နေပြီး သူတို့ ရွေ့လျားသွားတိုင်း သူတို့၏ စေးကပ်နေသော အရည်များက ကြိုးမျှင်လေးများအဖြစ် ဆန့်ထွက်သွားကာ ကြက်သီးထစရာကောင်းသော တစီစီ အသံများကို ထုတ်လွှတ်နေ၏။

​နောက်ဆက်တွဲ ပါလာသော အရသာရှိသောဟင်းလျာများမှာ လူသားတို့၏ ခံနိုင်ရည်ကို ပို၍ စိန်ခေါ်နေလေသည်။

​ပုပ်ဟောင်နေသော အသားဟင်းတွင် ပြည့်ဖြိုးနေသော အဖြူရောင်လောက်ကောင်များက အမည်းရောင်အသားတုံးများ၏ ကြားထဲသို့ ဝင်လိုက်ထွက်လိုက် ဖြစ်နေခဲ့ကြသည်။

​ပြည်ရည်များ စွန်းထင်းနေသော မျက်လုံးများက သူတို့၏ အနက်နှင့်အဖြူ သူငယ်အိမ်များဖြင့် စားသောက်သူများကို ကြောက်မက်ဖွယ်ကောင်းစွာ စိုက်ကြည့်နေလေသည်။

​အရည်အသွေးမြင့် ဝိုင်ဟောင်းဟု ကြွေးကြော်ထားသော အနီရင့်ရောင်အရည်များတွင် ကောက်ကွေးနေသော အရေပြားများ မျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေ၏...

(လခွီး.... )

​ကျန်းယဲ့က မသက်မသာ ဖြစ်မှုကို ထိန်းချုပ်လိုက်ပြီး အားလုံးကို တည်ငြိမ်စွာနေရန် လက်ဟန်ဖြင့် ပြလိုက်၏။

​ကျန်းထောင်က သူ၏ ပေါင်ကို အတင်းလိမ်ဆွဲထားရာ လက်သည်းများပင် အသားထဲသို့ စိုက်ဝင်နေခဲ့သည်။

​ချန်ရှင်းယွမ်နှင့် လိန်မင်တို့ကမူ သူတို့၏ ပေါင်များကို ညိုမည်းသွားသည်အထိ လိမ်ဆွဲထားပြီးမှ အန်ချင်စိတ်ကို မနည်းထိန်းထားနိုင်ခဲ့ကြသည်။

​ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အခြား ကစားသမားများလည်း မျက်နှာဖြူရော်နေကြ၏။

​တချို့က မျက်လုံးများကို တင်းကျပ်စွာ ပိတ်ထားကြပြီး တချို့က နှုတ်ခမ်းကို အတင်းကိုက်ထားကြသော်လည်း မည်သူကမျှ အသံမထွက်ရဲကြချေ။

​ဆန့်ကျင်ဘက်အနေဖြင့် ပတ်ဝန်းကျင်ရှိ မကောင်းဆိုးဝါးများမှာ သွားရည်ကျနေကြချေပြီ။ လျှာရှည်မကောင်းဆိုးဝါးက ပိုးကောင်တစ်ဆုပ်ကို ကောက်ယူပြီး ပါးစပ်ထဲသို့ အတင်းထိုးထည့်ရန်ပင် မစောင့်နိုင်တော့ဘဲ ပါးစပ်ထောင့်မှ အရည်များ ကျဆင်းနေလေသည်။

​မြို့စားကြီးကျောက်က အပုပ်နံ့များ ထွက်နေပြီး ပူဖောင်းများ ထနေသော အနီရင့်ရောင်ဝိုင်ခွက်ကို ကြော့ရှင်းစွာ မြှောက်လိုက်ပြီး နူးညံ့စွာ ပြုံးလိုက်၏။ “လူကြီးမင်းတို့... ဒီအတွက် အတူတူ သောက်ကြစို့....”

​မျက်စိတစ်မှိတ်အတွင်းမှာပင် ခန်းမထဲရှိ လူတိုင်းက ထူးဆန်းစွာဖြင့် သူတို့၏ ခွက်များကို မြှောက်လိုက်ကြခေသည်။

​ပုပ်ပွနေသော လက်မောင်းများနှင့် ပုံပျက်နေသော ခြေလက်များကို အထက်သို့ မြှောက်ထားကြပြီး ခွက်ထဲရှိ သံသယဖြစ်ဖွယ် အရည်များက လှုပ်ခါနေကာ အန်ချင်စရာကောင်းသော အပုပ်နံ့ကို ထုတ်လွှတ်နေ၏။

​ကစားသမားများမှာ မျက်နှာဖြူရော်နေကြသော်လည်း တစ်စက္ကန့်မျှ မတုံ့ဆိုင်းရဲဘဲ သူတို့ရှေ့ရှိ ဝိုင်ခွက်များကို တုန်တုန်ယင်ယင် မြှောက်လိုက်ကြရသည်။

​တချို့က မျက်လုံးမှိတ်ထားကြပြီး တချို့က အံကြိတ်ထားကြသော်လည်း အားလုံးက ညွှန်ကြားချက်အတိုင်း လုပ်ဆောင်လိုက်ကြသည်။

​ကျန်းထောင်နှင့် အခြားခရီးသွားများမှာ ထိုနေရာတွင် မှင်တက်စွာ ရပ်နေကြပြီး ကျန်းယဲ့ကို တွေဝေစွာ ကြည့်နေခဲ့ကြသည်။

​ကျန်းယဲ့က မသိမသာ ခေါင်းညိတ်ပြလိုက်ပြီး ဝိုင်ခွက်ကို အရင် မြှောက်လိုက်၏။

​ယင်းကို မြင်သောအခါ ခရီးသွားများမှာ ကြောက်ရွံ့မှုကို ထိန်းချုပ်ကာ ခွက်များကို တုန်တုန်ယင်ယင် ကိုင်လိုက်ခြင်းမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

​လိန်မင်က ပျို့တက်မလာစေရန် သူ၏ အောက်နှုတ်ခမ်းကို အတင်းကိုက်ထား၏။

​ကျန်းထောင်၏ ဖြူရော်နေသော မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး သူ၏ စိတ်ထဲတွင် အော်ဟစ်နေချေသည်။

​‘အား... မလုပ်ပါနဲ့....’

​သူ ဒီအရာတွေကို မသောက်ချင်ဘူး....

​ပို၍ ကြောက်စရာကောင်းသည်မှာ ဖန်ခွက်ထဲရှိ အရည်များက အသက်ရှင်နေသကဲ့သို့ ရံဖန်ရံခါတွင် ထူးဆန်းသော ပုံစံများဖြင့် လှိုင်းထနေပြီး တစ်ခါတစ်ရံ၌ သွေးကြောများနှင့် တူသော သေးငယ်သည့် အရာများ အရည်ထဲတွင် တွန့်လိမ်နေသည်ကို မြင်တွေ့နိုင်ခြင်းပင်။

​“မြို့စားကြီးကို ဂါရဝပြုပါတယ်...” ခန်းမတစ်ခုလုံးက ထူးဆန်းပြီး အက်ကွဲကာ ကြောက်မက်ဖွယ်ကောင်းသော အသံဖြင့် ပဲ့တင်ထပ်သွားခဲ့သည်။

​ကစားသမားများ အားလုံးက ခွက်များကို ကိုင်ကာ ထိုနေရာတွင် မှင်တက်စွာ ရပ်နေကြပြီး ဤဝိုင်ကို သောက်မည့် ပထမဆုံး စစ်သည်တော်ကို စောင့်မျှော်နေခဲ့ကြသည်။

​မြို့စားကြီးကျောက်၏ ဘေးတွင် ရပ်နေသော ကြားပွဲစားမက ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းစွာ သွားဖြဲလိုက်ရာ ထက်မြက်သော ဝါညိုရောင် သွားအစီအရီကို မြင်လိုက်ရခေသည်။ “ခွက်မြှောက်ဖို့ နှေးတဲ့သူ.... ဝိုင်ဖိတ်ကျတဲ့သူနဲ့ မသောက်ဘဲ ငြင်းဆန်တဲ့သူတိုင်းကို မလေးမစား လုပ်တယ်လို့ သတ်မှတ်တယ်...”

​ဆွဲငင်ပြောလိုက်သော အသံက လူတိုင်း၏ ကျောရိုးများကို စိမ့်တက်သွားစေလေသည်။

​ထိုအချိန်တွင် ကစားသမားတစ်ယောက်က သတ္တိမွေးကာ ခေါင်းကို နောက်သို့လှန်ပြီး ထူးဆန်းသော ဝိုင်ကို တစ်ကျိုက်တည်း မော့သောက်လိုက်၏။

​ခန်းမထဲရှိ လူတိုင်းက အသက်အောင့်ထားကြပြီး သူ၏ တုံ့ပြန်မှုကို အသေအချာ စောင့်ကြည့်နေကြသည်။

​လွန်ခဲ့သည့် စက္ကန့်အနည်းငယ်က ထိုလူမှာ ဘာမှမဖြစ်ပုံရခေသည်။

​ယင်းကို မြင်သောအခါ အခြား ကစားသမား အချို့လည်း အံကြိတ်ကာ သောက်လိုက်ကြ၏။

​သို့သော်လည်း...

​“အား...”

​ဆယ်စက္ကန့်မြောက်တွင် အရက်ကို ပထမဆုံး သောက်လိုက်သော ကစားသမားက နှလုံးကွဲမတတ် အော်ဟစ်သံတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်လေတော့သည်။

အခန်း ၂၀၉ပြီး၏။

All Chapters