အခန်း ၂၁၀
Vol. 21 Ch. 210
အခန်း (၂၁၀) ဖြေရှင်းနည်း
သူ၏ မျက်လုံးများ ပြူးထွက်လာပြီး သွေးရောင် ပိုးကောင်ရှည် အချို့က မျက်လုံးအိမ်ထဲမှ တွားသွား ထွက်လာကြသည်။ ထို့နောက် မရေမတွက်နိုင်သော ပိုးကောင်နီများက သူ၏ ပါးစပ်၊ နှာခေါင်းနှင့် နားများမှတစ်ဆင့် တွားသွား ထွက်လာကြ၏။
နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ် အရေပြားအောက်၌ တစ်ကိုယ်လုံး တွန့်လိမ်လှုပ်ရှားလာပြီး မျက်စိတစ်မှိတ်အတွင်း ပိုးကောင်များ ဖုံးလွှမ်းသွားကာ တွန့်လိမ်နေသော ပိုးသိုက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
“ဝေါ့...” ကစားသမား အချို့က မထိန်းနိုင်တော့ဘဲ ထိုနေရာတွင်ပင် အန်ချလိုက်ကြ၏။
“ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်သလဲ...” ကြားပွဲစားမက ထူးဆန်းပြီး စူးရှသော အသံဖြင့် အော်ဟစ်လိုက်လေသည်။
အန်လိုက်သော ကစားသမားများမှာ ချက်ချင်းပင် သွေးမြူများအဖြစ် ပေါက်ကွဲသွားပြီး ပတ်ဝန်းကျင်ရှိ လူတိုင်းအပေါ်သို့ ပက်ဖျန်းသွားခဲ့သည်။
ယင်းကို မြင်သောအခါ အဆိပ်ဝိုင်ကို သောက်ပြီးသားဖြစ်နေသော ကစားသမားများ၏ မျက်လုံးများထဲတွင် ပြတ်သားသော အရောင်တစ်ခု ဖြတ်ပြေးသွားရသည်။
“သောက်လည်း သေမှာပဲ... အဲဒီတော့ တိုက်ကြတာပေါ့” ရှေ့ဆုံးမှ အမာရွတ်နှင့် လူက ဟိန်းဟောက်လိုက်ပြီး သူ၏ ခါးမှ ကျောက်စိမ်းဆွဲပြားကို ဆွဲထုတ်လိုက်လေသည်။
ထို့နောက် မျက်စိကျိန်းမတတ် ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ရွှေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ မြို့စားကြီး ကျောက်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားလေသည်။
တစ်ချိန်တည်းမှာပင် သူ့ဘေးရှိ မျက်မှန်နှင့် အမျိုးသမီးက ခရမ်းရောင် အင်းစာရွက်သုံးရွက်ကို ပစ်ထုတ်လိုက်ရာ လေထဲတွင် လောင်ကျွမ်းသွားပြီး ခရမ်းရောင် လျှပ်စီး သုံးကြောင်းအဖြစ် ပြောင်းလဲကာ အောက်သို့ ပစ်ချလိုက်၏။
နောက်ဆုံး ဗလတောင့်တောင့် လူကလည်း သူ၏ အင်္ကျီကို ဆွဲဆုတ်လိုက်ရာ ရင်ဘတ်ပေါ်ရှိ ထူးဆန်းသော သွေးရောင်ပုံစံများကို ဖော်ပြလိုက်ပြီး ခေါင်းဆောင်နေရာဆီသို့ အမြောက်ဆန်တစ်ခုလို ပြေးဝင်သွားသည်။
“ဝုန်း...”
ရွှေနဂါးက မြို့စားကြီးကျောက်နှင့် ပထမဆုံး ဝင်တိုက်မိသော်လည်း မမြင်ရသော နံရံတစ်ခုကို ဝင်တိုက်မိသည့်အလား သူနှင့် သုံးပေအကွာတွင် ရုတ်တရက် အေးခဲသွားချေသည်။
ခရမ်းရောင် လျှပ်စီးသုံးကြောင်းက အောက်သို့ ပစ်ချလာသော်လည်း ထူးဆန်းစွာ ပြန်ကန်ထွက်သွားပြီး မျက်မှန်နှင့် အမျိုးသမီးကိုသာ မည်းတူးသွားစေခဲ့သည်။
ဗလတောင့်တောင့် လူမှာ တစ်ဝက်သာ ရောက်သေးချိန်တွင် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ဖောင်းကားလာပြီး “ဗုန်း” ဆိုသည့် အသံနှင့်အတူ သွေးမြူတိမ်တိုက် တစ်ခုအဖြစ် ပေါက်ကွဲသွားတော့သည်။
မြို့စားကြီးကျောက်က လက်တစ်ချောင်းမျှပင် မလှုပ်ဘဲ မထီမဲ့မြင် ပြုံးလိုက်၏။ “ပုရွက်ဆိတ်တွေ...”
မျက်စိတစ်မှိတ်အတွင်းမှာပင် အသေအလဲ တိုက်ခိုက်ခဲ့သော ကစားသမား သုံးယောက်မှာ ပြာအဖြစ် ပြောင်းလဲသွားချေသည်။
ခန်းမမှာ တစ်ဖန် တိတ်ဆိတ်သွားပြီး ကစားသမားများအားလုံး အကျပ်ရိုက်နေခဲ့ကြသည်။
သောက်ရင်လည်း သေမယ်.... မသောက်ရင်လည်း သေမယ်....
တချို့က သူတို့၏ ခွက်များကို တုန်တုန်ယင်ယင် မြှောက်ထားကြပြီး မျိုချရန် တုံ့ဆိုင်းနေကြ၏။ တချို့ကမူ မျှော်လင့်ချက်မဲ့စွာ မျက်လုံးများကို မှိတ်ထားပြီး သေခြင်းတရားကို စောင့်မျှော်နေကြလေသည်။
စားသောက်ပွဲတွင် ပြည်ဖုများ ဖုံးလွှမ်းနေသော ကြောက်မက်ဖွယ်ကောင်းသည့် လူတစ်ယောက်က သွားဖြဲကာ ပြောလိုက်၏။ “မြို့စားကြီး... ဒီအသက်ရှင်နေတဲ့ လူတွေက မသောက်ဘဲ ငြင်းဆန်နေကြတယ်။ ကျွန်တော်တို့ သူတို့ကို အခုပဲ ဆွဲဖြဲပစ်လိုက်ရင် မကောင်းဘူးလား...”
“မဟုတ်ဘူး.... အဲဒီလို လုပ်လို့မရဘူး” မြို့စားကြီး ကျောက်က တားဆီးရန် သူ၏ လက်ကို ကြော့ရှင်းစွာ မြှောက်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ရှိနေဆဲပင်။ “ငါ့ကို ဂုဏ်ပြုပေးဖို့ အဝေးကြီးကနေ လာကြတဲ့ ဧည့်သည်တွေကို ဘယ်လိုလုပ် လစ်လျူရှုလို့ ရပါ့မလဲ...”
ကစားသမားများ သက်ပြင်းချလိုက်ချိန်မှာပင် မြို့စားကြီး ကျောက်က ရုတ်တရက် စကားလွှဲလိုက်လေသည်။ “ဒါပေမဲ့ အသက် ဆယ်ကြိမ်ရှူတဲ့ အတွင်းမှာမှ ဒီဝိုင်ကို မသောက်ရသေးတဲ့သူ ရှိရင်တော့...”
သူက ဝိုင်ခွက်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး သူ၏ အပြုံးက ပိုမို နက်ရှိုင်းလာခဲ့သည်။ “ဒါဆိုရင်တော့ ငါက အိမ်ရှင်ကောင်း ပီသသွားရင် အပြစ်မတင်နဲ့ပေါ့...”
ထိုစကား ပြောလိုက်သည်နှင့် ခန်းမတစ်ခုလုံးရှိ လေထုမှာ အေးခဲသွား၏။
ကစားသမားများ၏ မျက်နှာအမူအရာများ အကြီးအကျယ် ပြောင်းလဲသွားချေသည်။ အသက် ဆယ်ကြိမ်ရှူသည့် အချိန်ဆိုသည်မှာ ထိုမျှ တိုတောင်းသော အချိန်အတွင်း ဖြေရှင်းနည်းကို ရှာတွေ့ရန် လုံးဝ မဖြစ်နိုင်သလောက်ပင်။
“ဘာပဲဖြစ်ဖြစ် အားလုံး သေရမှာပဲ...” အနက်ရောင် ဝတ်ဆင်ထားသော ကစားသမား တစ်ယောက်က ရုတ်တရက် ထရပ်ပြီး စူးရှစွာ အော်ဟစ်လိုက်၏။ “အားလုံး အတူတူ တိုက်ကြ။ ဒီတစ္ဆေ မြို့စားကြီးကို သတ်နိုင်မှ ငါတို့ အသက်ရှင်နိုင်မယ်....”
“သတ်...”
မျက်စိတစ်မှိတ်အတွင်းမှာပင် ကစားသမား နှစ်ဆယ်ကျော် ရုတ်တရက် တိုက်ခိုက်လိုက်ကြပြန်သည်။
တချို့က အင်းစာရွက်များကို မိုးရွာသကဲ့သို့ ပစ်လွှတ်လိုက်ရာ မီးမိုးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ တချို့က သူတို့၏ အစွမ်းအထက်ဆုံး ပစ္စည်းများကို ခေါ်ထုတ်လိုက်ရာ ဓားပျံ ခုနစ်လက်က ဓားသိုင်းကွက်တစ်ခုအဖြစ် ဖွဲ့စည်းကာ မြို့စားကြီး၏ လည်ချောင်းဆီသို့ တိုက်ရိုက် ဦးတည်သွားလေသည်။
ဗာဂျရာ ခန္ဓာကိုယ်ကို ကျင့်ကြံထားသော ကစားသမားအချို့မှာ သူတို့၏ ကြွက်သားများ ဖောင်းကြွလာပြီး ဒေါသထွက်နေသော နွားသိုးများကဲ့သို့ ခေါင်းဆောင်နေရာဆီသို့ ပြေးဝင်သွားကြသည်။
“ဝုန်း...”
ခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားလေသည်။
အင်းစာရွက်များ၏ ပေါက်ကွဲမှုကြောင့် ခေါင်မိုးများမှာ မီးတောက်ရောင်အဖြစ် ပြောင်းလဲသွားပြီး ဓားသိုင်းကွက်က စူးရှသော အသံဖြင့် လေထုကို ဆုတ်ဖြဲသွားကာ ဗာဂျရာခန္ဓာကိုယ်နှင့် ကစားသမားများ၏ ခြေလှမ်းတိုင်းတွင် မြေပြင်မှာ အက်ကွဲသွားစေခဲ့သည်။
ကစားသမားများ ပူးပေါင်းကာ အစွမ်းထက် ပစ္စည်းတစ်ခုကို အသက်သွင်းလိုက်ရာ ရေပုံးတစ်လုံးခန့် တုတ်သော လျှပ်စီးစပါးအုံးမြွေကြီး တစ်ကောင်ကို ခေါ်ထုတ်လိုက်ပြီး ၎င်း၏ သွေးရောင်လွှမ်းနေသော ပါးစပ်ကြီးကို ဟကာ မြို့စားကြီး ကျောက်ဆီသို့ ခုန်အုပ်သွားချေသည်။
သို့သော်လည်း...
“ဟက်....” မြို့စားကြီး ကျောက်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး လက်တစ်ချောင်းကို အနည်းငယ် မြှောက်လိုက်ရုံပင်။
တိုက်ခိုက်မှု အားလုံးက သူနှင့် သုံးပေအကွာတွင် ရုတ်တရက် အေးခဲသွားရသည်။
ဓားပျံက လေထဲတွင် ဝဲပျံနေပြီး မီးမိုးများက ပန်းချီကားတစ်ချပ်လို အေးခဲသွားကာ လျှပ်စီးစပါးအုံးမြွေကြီးမှာ လုံးဝ အေးခဲသွားပြီး လျှပ်စီးများ တောက်ပနေသော ပန်းပုရုပ်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
“ချီးကျူးစရာ သတ္တိပဲ...” မြို့စားကြီး ကျောက်က ဝိုင်ကို ကြော့ရှင်းစွာ တစ်ငုံသောက်လိုက်ပြီးနောက် သူ၏ လက်သီးကို ဆုပ်လိုက်၏။
“ဗုန်း ဗုန်း ဗုန်း....”
ဝိုင်းဝန်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သော ကစားသမားများမှာ တစ်ယောက်ပြီး တစ်ယောက် သွေးမြူများအဖြစ် ပေါက်ကွဲသွားပြီး ခန်းမတစ်ခုလုံးအပေါ် ချက်ချင်းပင် သွေးမိုး ရွာကျသွားတော့၏။
ခြေလက်များနှင့် ပြတ်တောက်နေသော ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ နေရာအနှံ့ ပြန့်ကျဲသွားပြီး ပြင်းထန်သော သွေးနံ့က လေထုထဲတွင် ပြည့်နှက်သွားချေသည်။ ကြောက်မက်ဖွယ်ဧည့်သည်များက လွင့်စင်လာသော သွေးများကို လောဘတကြီး လျက်နေကြပြီး ကျေနပ်သည့် သက်ပြင်းချသံများကို ထုတ်လွှတ်နေခဲ့ကြသည်။
ခန်းမထဲတွင် ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားနေချိန်တွင် ကျန်းယဲ့က သူ၏ စိတ်ထဲမှ စနစ်ကို မေးလိုက်၏။ ‘အကိုစနစ်... အတိအကျ ဖြေရှင်းနည်းက ဘာလဲ...’
စနစ်က အေးစက်စက် တုံ့ပြန်လိုက်၏။ ‘ခြေတစ်လှမ်းအတွင်းမှာပဲ ဖြေဆေးကို ရနိုင်ပါတယ်...’
ကျန်းယဲ့ မျက်လုံးများပင် လန်သွားလုမတတ် ဖြစ်သွားရသည်။ ဤစောက်သုံးမကျသော စနစ်က စကားဝှက်တွေ ပြောပြီး ကစားရတာကို အရမ်း သဘောကျတာပဲ။
သူ၏ အကြည့်က သူ့ရှေ့ရှိ စားသောက်ဖွယ်ရာများ တင်ထားသော စားပွဲပေါ်သို့ လျင်မြန်စွာ ဝေ့ကြည့်လိုက်ခေသည်။
တွန့်လိမ်လှုပ်ရှားနေသော အမည်းရောင် ပိုးကောင်များ၊ လောက်ကောင်များ တွားသွားနေသော ပုပ်ဟောင်နေသည့် အသားများ၊ လိမ့်နေသော မျက်လုံးများ...
ဖြေဆေးက ဒီရွံစရာကောင်းတဲ့ ဟင်းလျာတွေထဲမှာ ပုန်းကွယ်နေတာများလား။
သူ တွေးတောနေစဉ် သွေးရောင် ပန်းပွင့်လေး တစ်ပွင့်က သူ၏ ပခုံးပေါ်မှ အောက်သို့ လွင့်ကျလာခဲ့သည်။
ကျန်းယဲ့က အလိုအလျောက် လှမ်းဖမ်းလိုက်ချိန်တွင် ရုတ်တရက် အတွေးတစ်ခုက သူ၏ စိတ်ထဲတွင် ဖြတ်ပြေးသွား၏။
ပန်းပွင့်တွေက အစကနေ အဆုံးထိ အဲဒီ ထူးခြားတဲ့ ရနံ့ကို သယ်ဆောင်ထားတာပဲ။
သူက စမ်းကြည့်သည့် အနေဖြင့် ပန်းပွင့်ကို ဝိုင်ခွက်ထဲသို့ ပစ်ချလိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဖန်ခွက်ထဲရှိ တွန့်လိမ်နေသော ပိုးကောင်နီများက တရှဲရှဲ အသံမည်သွားပြီး အရည်ပျော်ကာ ပျောက်ကွယ်သွားချေသည်။ ထို့နောက် ဝိုင်မှာ ကြည်လင်သွားပြီး ဖျော့တော့သော သစ်ခွပန်း ရနံ့လေးပင် ထွက်ပေါ်လာခဲ့သည်။
‘သောက်ကျိုးနည်း....’ ကျန်းယဲ့မှာ အသံထွက်လုမတတ် ဖြစ်သွားရသည်။
ထို့နောက် သူက ဘေးရှိ ကျန်းထောင်ကို ခြေဖျားဖြင့် ချက်ချင်း တွတ်လိုက်ပြီး စားပွဲပေါ်ရှိ ပန်းပွင့်များကို လက်ဟန်ဖြင့် ပြလိုက်၏။
ခရီးသွားများ ချက်ချင်း နားလည်သွားကြပြီး မည်သူမျှ မကြည့်နေချိန်တွင် စားပွဲပေါ် ပြန့်ကျဲနေသော သွေးရောင် ပန်းပွင့်များကို တိတ်တဆိတ် ကောက်ယူလိုက်ကြခေသည်။
တာအိုဘုန်းကြီးငယ် ရွှမ်ချင်းက သူ၏ တာအိုဝတ်ရုံမှ ကျယ်ဝန်းသော အင်္ကျီလက်ကို အခွင့်ကောင်းယူကာ နောက်ထပ် အနည်းငယ် ပိုကောက်ယူပြီး နောက်တန်းရှိ သူ၏ အဖော်များဆီသို့ ဝေငှပေးလိုက်သေး၏။
“ခလွပ်...”
ဝိုင်ခွက် နှစ်ဆယ်ကျော်က တစ်ပြိုင်နက်တည်းနီးပါး တိုးညင်းသော အသံကို ထုတ်လွှတ်လိုက်သည်။
သွေးရောင်ပန်းပွင့်များ၏ အာနိသင်ကြောင့် ကြောက်မက်ဖွယ် သောက်စရာများ အားလုံးမှာ လန်းဆန်းသော ဝိုင်အဖြစ် ပြောင်းလဲသွားကြပေသည်။
ကျန်းထောင်က တိတ်တဆိတ် ရှူရှိုက်ကြည့်လိုက်ရာ သာယာသော ဝိုင်ရနံ့တစ်ခုကို အံ့သြဖွယ် တွေ့လိုက်ရ၏။
ထိုအချိန်တွင် ခန်းမ အလယ်ဗဟိုရှိ တိုက်ပွဲမှာ အဆုံးသတ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
ခုခံခဲ့သော နောက်ဆုံးကစားသမားမှာ မမြင်ရသော စွမ်းအားတစ်ခုက သူ၏ လည်ပင်းကို ညှစ်ကာ မြှောက်တင်ထားခြင်း ခံရပြီး သူ၏ ခြေထောက်များက လေထဲတွင် မျှော်လင့်ချက်မဲ့စွာ ကန်ကျောက်နေဆလသည်။
မြို့စားကြီးကျောက်က ပြုံးကာ မြင်ကွင်းတစ်ခုလုံးကို အကဲခတ်ကြည့်လိုက်သော်လည်း သူ၏ အကြည့်က ကျန်းယဲ့နှင့် သူ၏အဖွဲ့အပေါ်သို့ ကျရောက်သွားချိန်တွင် ရုတ်တရက် ခေတ္တမျှ ရပ်တန့်သွားရသည်။
မြို့စားကြီးကျောက်က မျက်စိမှေးကာ လုံးဝ မလှုပ်ရှားသော ဇွန်ဘီအုပ်စုကို သံသယဖြင့် စောင့်ကြည့်နေချိန်မှာပင် သူတို့က ရုတ်တရက် တစ်ပြိုင်နက်တည်း သူတို့၏ ဝိုင်ခွက်များကို မြှောက်ကာ ခေါင်းကို နောက်သို့လှန်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်ကြ၏။
ထို့ပြင် နှုတ်ခမ်းကို အလွန်အကျွံ သပ်ကာ ယစ်မူးသွားသည့် အမူအရာကိုပင် ပြသလိုက်ကြသေးချေသည်။
ထိုအခါမှသာ မြို့စားကြီးကျောက်က သူ၏ အကြည့်ကို ကျေနပ်စွာ ရွှေ့သွားပြီး သေလုမြောပါး ရုန်းကန်နေရသော ကစားသမားများဆီသို့ သူ၏ အာရုံကို ပြန်လည် ပြောင်းလဲလိုက်၏။
ထိုအချိန်တွင် လက်ခြောက်ဖက်ရှိသော ကြောက်မက်ဖွယ်ကောင်းသည့် မကောင်းဆိုးဝါး ပုံရိပ်တစ်ခုက နောက်ပြန် စတင် ရေတွက်လိုက်လေသည်။
“ငါး”
သေမင်းခေါင်းလောင်းသံကြောင့် ကစားသမားများ၏ မျက်နှာများ မြေကြီးလို ဖြူရော်သွားကြသည်။
တချို့မှာ နဖူးတွင် ချွေးသီးချွေးပေါက်များ ကျနေပြီး တချို့မှာ မထိန်းချုပ်နိုင်အောင် တုန်ယင်နေကာ တချို့မှာ သူတို့၏ ထိုင်ခုံများပေါ်တွင်ပင် ခွေကျသွားကြရသည်။
“လေး...”
ရုတ်တရက် ပိန်ပိန်ပါးပါး ကစားသမား တစ်ယောက်၏ မျက်လုံးများထဲတွင် ရက်စက်မှုများ တောက်ပသွား၏။ သူက သူ၏ အဖော်ဖြစ်သူ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ အဆိပ်ဝိုင်ကို သူ၏ ပါးစပ်ထဲသို့ အတင်း လောင်းထည့်လိုက်သည်။
သတိမထားမိလိုက်သဖြင့် သူ၏ အဖော်မှာ တစ်ငုံစာ မျိုချမိသွားပြီးနောက် ဒေါသတကြီးဖြင့် သူ၏ ဓားမြှောင်ကို ဆွဲထုတ်ကာ ထိုးစိုက်လိုက်ပြီး အော်ဟစ်လိုက်ခေသည်။ “မင်း သေချင်နေတာလား...”
မြို့စားကြီး ကျောက်က ဤရယ်စရာကောင်းသော အချင်းချင်း တိုက်ခိုက်နေသည့် ပြဇာတ်ကို ဖျော်ဖြေမှု တစ်ခုအဖြစ် ကြည့်ကာ သူ၏ မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်၏။
အခြား လိမ္မာပါးနပ်သော ကစားသမား တစ်ယောက်က သူတို့ တိုက်ခိုက်နေသည့် ရှုပ်ထွေးမှုကို အခွင့်ကောင်းယူကာ သူ၏ ဝိုင်ခွက်ကို တိုက်ချလိုက်ပြီး အဆိပ်ဝိုင်များကို ကြမ်းပြင်ပေါ်သို့ ဖိတ်ကျသွားစေလေသည်။
ခန်းမမှာ လုံးဝ ရုန်းရင်းဆန်ခတ် ဖြစ်သွားရသည်။
ကစားသမားအချို့က အခွင့်အရေးကို ယူကာ ဝိုင်များကို စက္ကန့်အရုပ်များအပေါ် လောင်းချလိုက်ကြသည်။ တချို့က အဆိပ်ဝိုင်ကို သန့်စင်ရန် အင်းစာရွက်များကို အသုံးပြုဖို့ ကြိုးစားကြပြီး တချို့ကမူ မျှော်လင့်ချက်မဲ့စွာ မျက်လုံးမှိတ်ကာ သေရန် စောင့်ဆိုင်းနေကြတော့လေသည်...
အခန်း ၂၁၀ပြီး၏။