အခန်း ၂၁၁
Vol. 22 Ch. 211
အခန်း (၂၁၁) သတို့သမီးကို ရှာဖွေခြင်း
အချင်းချင်း တိုက်ခိုက်နေသည့် ရှုပ်ထွေးမှုကြားတွင် အဆိပ်ဝိုင်ကို ဖိတ်ကျသွားအောင် လုပ်လိုက်သော ကစားသမားမှာ သူ၏ အကြံအောင်မြင်သွားသဖြင့် ပြုံးလိုက်ချိန်မှာပင် သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် သွေးမြူတိမ်တိုက်တစ်ခုအဖြစ် ပေါက်ကွဲသွားပြီး သူ၏ အဖော်၏ မျက်နှာပေါ်သို့ သွေးများ ပက်ဖျန်းသွားလေသည်။
သူ၏ အဖော်ဖြစ်သူက အသေအလဲ တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် စားပွဲပေါ်၌ ဖိတ်ကျနေသော ဝိုင်ကို ရုတ်တရက် သတိပြုမိလိုက်၏။
ဝိုင်က သွေးရောင်ပန်းပွင့်အချို့ပေါ်သို့ ကျရောက်သွားသည်နှင့် ဝိုင်ထဲရှိ ပိုးကောင်များက လျင်မြန်စွာ အရည်ပျော်ကာ ပျောက်ကွယ်သွားကြချေသည်။
သူ၏ သူငယ်အိမ်များက ရုတ်ခြည်း ကျဉ်းမြောင်းသွားပြီး စားပွဲပေါ်မှ ပန်းပွင့်တစ်ပွင့်ကို ချက်ချင်း ကောက်ယူကာ သူ၏ ဝိုင်ခွက်ထဲသို့ ပစ်ထည့်လိုက်၏။
နောက်ခဏ၌ သူ၏ ဖန်ခွက်ထဲရှိ နောက်ကျိနေသော ဝိုင်များက ချက်ချင်းပင် ကြည်လင်သွားသည်ကို မြင်လိုက်ရသဖြင့် အလွန် စိတ်လှုပ်ရှားသွားပြီး လက်ချောင်းများပင် တုန်ယင်လာကာ ခေါင်းကို နောက်သို့လှန်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်လေတော့သည်။
“နှစ်...” လက်ခြောက်ဖက်ရှိသော မကောင်းဆိုးဝါး၏ ကြောက်မက်ဖွယ် နောက်ပြန်ရေတွက်သံက ခန်းမထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
ကစားသမားများသည်လည်း ဤလျှို့ဝှက်ချက်ကို ပိုပိုပြီး ရှာဖွေတွေ့ရှိလာကြ၏။
အမျိုးသမီး ကစားသမားတစ်ယောက်က စားပွဲပေါ်တွင် ပြန့်ကျဲနေသော ပန်းပွင့်အချို့ကို တိတ်တဆိတ် ကောက်ယူပြီး သူမ၏ ဝိုင်ခွက်ထဲသို့ ထည့်လိုက်လေသည်။
မျက်မှန်နှင့် အမျိုးသားကစားသမားကလည် ချောင်းဆိုးချင်ယောင်ဆောင်ပြီး အခွင့်အရေးကို အသုံးချကာ ပန်းပွင့်များကို အင်္ကျီလက်ထဲ ဖွက်ပြီး သူ၏ ဝိုင်ခွက်ထဲသို့ ထည့်လိုက်သည်။
ထောင့်ဘက်ရှိ ကောင်လေးက စိတ်ဓာတ်ကျနေဟန် ဆောင်နေသော်လည်း လက်တွေ့တွင်မူ မည်သူမျှ မကြည့်နေချိန်၌ သူ၏ ဝိုင်ခွက်ထဲသို့ ပန်းပွင့်များကို တိတ်တဆိတ် ခါထည့်လိုက်၏။
“တစ်...”
နောက်ဆုံး ရေတွက်သံ ထွက်ပေါ်လာချိန်တွင် ပန်းပွင့်များကို အချိန်မီ ထည့်နိုင်ခဲ့သော ကစားသမားများမှာ သူတို့၏ ဝိုင်ကို အေးချမ်းစွာ သောက်ပြီးသွားကြပြီ ဖြစ်သည်။
တုံ့ပြန်မှု အနည်းငယ် နှေးကွေးသွားသူများမှာ သူတို့၏ လက်ချောင်းများ ပန်းပွင့်များနှင့် ထိလိုက်သည်နှင့် သူတို့၏ ခန္ဓာကိုယ်များ ရုတ်တရက် ဖောင်းကားလာပြီး “ဗုန်း” ဆိုသည့် ကျယ်လောင်သော အသံများနှင့်အတူ သွေးမြူများအဖြစ် ပေါက်ကွဲသွားကာ ခန်းမတစ်ခုလုံးကို အနီရောင် လွှမ်းသွားစေတော့သည်။
အသက်ရှင်ကျန်ရစ်သော ကစားသမားများက တည်ငြိမ်ရန် ကြိုးစားကြသော်လည်း သူတို့၏ တုန်ယင်နေသော လက်ချောင်းများက သူတို့၏ အတွင်းစိတ်မှ ကြောက်ရွံ့မှုကို ဖော်ပြနေချေသည်။
မြို့စားကြီးကျောက်က ခန်းမတစ်ခုလုံးကို မထီမဲ့မြင် အပြုံးတစ်ခုဖြင့် ဝေ့ကြည့်လိုက်ပြီး သူ၏ အကြည့်က လွတ်နေသော ဝိုင်ခွက်များအပေါ် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ရုတ်တရက် လက်ခုပ်တီးကာ ရယ်မောလိုက်လေသည်။
“ကောင်းတယ်... ကောင်းတယ်... ဒီနှစ် ဧည့်သည်တွေက အရင်နှစ်တွေကထက် အများကြီး ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာပဲ...”
ထိုအချိန်မှာပင် ခြေလက်များကို ချုပ်စပ်ထားကြောင်း သိသာထင်ရှားလှသော ထူးဆန်းသည့် အမျိုးသမီးတစ်ဦးက ယိုင်နဲ့စွာ ဝင်လာပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်၏။ “မြို့စားကြီး... သ... သတို့သမီး ပျောက်သွားပါတယ်..”
သူမ စကားမဆုံးမီမှာပင် လည်ပင်းတွင် ခေါင်းဇောက်ထိုး ပြောင်းပြန်ဖြစ်နေသော ကြောက်မက်ဖွယ် သတ္တဝါနောက်တစ်ကောင် လိမ့်ဝင်လာပြီး အော်ဟစ်လိုက်ပြန်သည်။ “မြို့စားကြီးကို သတင်းပို့ပါတယ်... အရင်က သခင်မလေး ၁၀၇ ယောက်စလုံး ပျောက်သွားပါတယ်...”
မြို့စားကြီးကျောက်၏ လက်ထဲရှိ ဝိုင်ခွက်မှာ “ခွပ်” ဆိုသည့် အသံနှင့်အတူ ကွဲကြေသွားသော်လည်း မျက်စိတစ်မှိတ်အတွင်း ၎င်း၏ နူးညံ့ပြီး ကျောက်စိမ်းကဲ့သို့သော အသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သို့သော် သူ၏ မျက်လုံးများကမူ ယခုအခါ အေးစက်သော အလင်းရောင်များဖြင့် တောက်ပနေချေသည်။
“ဂုဏ်သရေရှိ ဧည့်သည်တော်များ...” သူက အခမ်းအနားကို တက်ရောက်လာသော ကစားသမားများအားလုံးကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် ဝေ့ကြည့်ကာ ပြောလိုက်၏။ “ငါ့ကို အကူအညီ သေးသေးလေး တစ်ခုလောက် ပေးရင် မကောင်းဘူးလား။ သတို့သမီးကို ရှာတွေ့တဲ့သူ ဘယ်သူ့ကိုမဆို ဆုလာဘ် ကြီးကြီးမားမား ပေးမယ်...”
အသက်ရှင်ကျန်ရစ်သော ကစားသမားများက ဒါက တကယ့် အသက်ရှင်ခြင်းနှင့် သေခြင်းတရားကို စမ်းသပ်သည့် စမ်းသပ်မှုဖြစ်ကြောင်း ကောင်းစွာ သိရှိကြသည်။
ဒီနေ့အထိ အသက်ရှင်ကျန်ရစ်သူများမှာ သာမန်လူများ မဟုတ်ကြဘဲ သူတို့က မြို့စားကြီး စံအိမ်အတွင်း၌ သတို့သမီး၏ သဲလွန်စကို ရှာဖွေရန် ချက်ချင်း လူစုခွဲ ထွက်သွားကြလေသည်။
ကျန်းယဲ့နှင့် သူ၏အဖွဲ့မှာ ထိုင်ခုံတွင် ဆက်ထိုင်နေပြီး အရသာရှိသော အစားအစာကို စားသုံးနေဟန် ဆောင်နေကြ၏။
ကျန်းထောင်က သူ၏ ခွက်ကို မြှောက်လိုက်ရင်း အသံကို နှိမ့်ကာ မေးလိုက်၏။ “ဒါရိုက်တာကျန်း... သူတို့ ရှာတွေ့နိုင်မယ်လို့ ထင်လား...”
ကျန်းယဲ့က ထွက်ခွာသွားသော ကစားသမားများ၏ ကျောပြင်များကို ဝေ့ကြည့်လိုက်ပြီး ခေါင်းကို အနည်းငယ် ယမ်းလိုက်လေသည်။ “တချို့က ရှာတွေ့နိုင်ကောင်း တွေ့နိုင်တယ်.... တချို့ကလည်း ဘယ်သူမှ ရှာမတွေ့တာလည်း ဖြစ်နိုင်တာပဲ”
သူတို့က သတို့သမီးကို ရှာနေတယ်လို့ ပြောကြပေမယ့် ဒါက ပိုကြီးမားတဲ့ ထောင်ချောက်တစ်ခု ဖြစ်နိုင်ခြေ များတယ်။
သူ စကားပြောပြီးသည်နှင့် ခန်းမအထက်တွင် ကြီးမားလှသော ရေမျက်နှာပြင်တစ်ခုပေါ်လာပြီး အနောက်ဘက်ခြံဝင်းအတွင်းရှိ ကစားသမားများ၏ လှုပ်ရှားမှုများကို အချိန်နှင့်တစ်ပြေးညီ ပြသနေချေသည်။
ယင်းကို မြင်သောအခါ ကျန်းထောင်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
သူက အသံကို နှိမ့်ကာ “သောက်ကျိုးနည်း” ဟု တိုးတိုးလေး ရေရွတ်လိုက်၏။
အခြား ခရီးသွားများလည်း အံ့သြသွားကြသော်လည်း ဤကြောက်မက်ဖွယ်ကောင်းပြီး ဖောက်ပြန်နေသော ပျော်ရွှင်မှုများကို လျင်မြန်စွာ နားလည်သွားကြရသည်။
တာအိုဘုန်းကြီးငယ် ရွှမ်ချင်းက သူ၏ မျက်နှာချင်းဆိုင်ရှိ ဇွန်ဘီ နှစ်ကောင်ကို ရံဖန်ရံခါ လှမ်းကြည့်နေခေသည်။ သူ၏ အင်္ကျီလက်ထဲရှိ အင်းစာရွက်များကို တွေးမိသောအခါ သူ၏ လက်များက အနည်းငယ် ယားယံလာသော်လည်း ပတ်ဝန်းကျင်ရှိ ထူးဆန်းသော လေထုနှင့် မြို့စားကြီး၏ တည်ရှိမှုကြောင့် သူ၏ ဂနာမငြိမ်သော အတွေးများကိုသာ ထိန်းချုပ်ထားရ၏။
ထိုအချိန်တွင် ကင်မရာက အနောက်ဘက် ခြံဝင်းအတွင်းရှိ ရေတွင်းခြောက်တစ်ခုကို အာရုံစိုက်သွားလေသည်။
ရေတွင်းနံရံများတွင် ရေညှိများ ဖုံးလွှမ်းနေပြီး ရေတွင်းဝအစွန်းတွင် တစ်စုံတစ်ယောက်ကို မကြာသေးမီက ဆွဲချသွားခဲ့သည့်အလား သွေးကွက်များ ပြန့်ကျဲနေ၏။
လူငါးယောက်ပါ အဖွဲ့တစ်ဖွဲ့က သတိကြီးစွာဖြင့် ချဉ်းကပ်သွားချိန်တွင် ရုတ်တရက် ရေတွင်းအောက်ခြေမှ အမျိုးသမီးတစ်ဦး၏ သနားစရာကောင်းသော ငိုရှိုက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ကယ်ပါဦး... ကျွန်မက သတို့သမီးပါ... တစ်ယောက်ယောက်က ကျွန်မကို အောက်တွန်းချလိုက်တာ...”
သူမ၏ အသံက သနားစရာကောင်းသလို သာယာနာပျော်ဖွယ်လည်း ကောင်းပြီး ဆွဲဆောင်မှုတစ်ခု ပါရှိနေချေသည်။
အဖွဲ့ခေါင်းဆောင်က မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ပြောလိုက်၏။ “မယုံနဲ့... သွားကြစို့”
သူတို့က တုံ့ဆိုင်းမှုမရှိဘဲ လှည့်ထွက်သွားကြသော်လည်း ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်သည့် အချိန်မှာပင်...
“ဝုန်း...”
ရေတွင်းအောက်ခြေမှ စူးရှသော ဟိန်းဟောက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဒီရေလှိုင်းတစ်ခုလို ပြင်းထန်သော အမည်းရောင် ဆံပင်ရှည်ကြီးများက အပြင်သို့ လျှံကျလာကာ အဖွဲ့ထဲရှိ နောက်ဆုံး ကစားသမား၏ ခြေကျင်းဝတ်ကို ချက်ချင်း ရစ်ပတ်သွားခဲ့သည်။
“အား...” ကစားသမားမှာ ကြောက်လန့်တကြား ရုန်းကန်သော်လည်း ဆံပင်များက ပို၍ ပို၍ ရစ်ပတ်လာပြီး သူ့ကို ရေတွင်းဆီသို့ ဆွဲခေါ်သွားတော့သည်။
သူ၏ လက်သည်းများက မြေပြင်ပေါ်တွင် သွေးထွက်နေသော ခြစ်ရာဆယ်ခုကို ချန်ရစ်ထားခဲ့သော်လည်း သူ၏ ခန္ဓာကိုယ် တွင်းနက်ကြီးထဲသို့ လျှောကျသွားခြင်းကိုတော့ မတားဆီးနိုင်ခဲ့ချေ။
“ဝုန်း...”
နောက်ခဏ၌ ရေတွင်းထဲမှ ရေများ စင်ထွက်သွားပြီးနောက် တစ်ဖန် တိတ်ဆိတ်သွားပြန်၏။
ဒုတိယမြောက် အဖွဲ့ ရောက်လာလေသည်။
ဤအဖွဲ့က ယခင်အဖွဲ့ထက် ပို၍ ရက်စက်ကြောင်း ရှင်းလင်းစွာ ပြသနေခဲ့သည်။
သူတို့က ရေတွင်းဘေးတွင် ရပ်ကာ အောက်ခြေမှ သတို့သမီး၏ ညည်းတွားသံများကို နားထောင်ရင်း အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့အဖွဲ့ထဲမှ အားအနည်းဆုံး ကစားသမားကို ရှေ့သို့ တွန်းပို့လိုက်ကြ၏။
“မင်း.. သွားကြည့်စမ်း” ခေါင်းဆောင်က အေးစက်စွာ ပြောလိုက်၏။
ကစားသမား၏ မျက်နှာမှာ ပြာနှမ်းသွားသော်လည်း အံကြိတ်ကာ ရှေ့သို့ တိုးသွားခြင်းမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
သူက အန္တရာယ်ကင်း လက်ဖွဲ့ကို လက်ထဲတွင် ကိုင်ထားပြီး ရေတွင်းဝဆီသို့ တဖြည်းဖြည်း လှမ်းသွားလိုက်သည်။
“ရွှစ်...”
ရုတ်တရက် အမည်းရောင် ဆံပင်တစ်ထွေးက ရေတွင်းထဲမှ ပစ်ထွက်လာပြီး သူ၏ လည်ပင်းကို အဆိပ်ပြင်း မြွေတစ်ကောင်လို ရစ်ပတ်လိုက်၏။
လက်ဖွဲ့လေးမှာ လင်းလက်ဖို့ပင် မစတင်ရသေးမီ ဆံပင်မျှင်များ၏ ဆွဲဖြဲခြင်းကို ခံလိုက်ရပြီး အပိုင်းပိုင်း ပြတ်သွားရလေသည်။
ကစားသမား၏ သွေးကြောများ ဖောင်းကြွလာပြီး သူ၏ မျက်လုံးများမှာ သွေးကြောများဖြင့် နီရဲကာ ပြူးထွက်လာပြီး သူ၏ လည်ချောင်းထဲမှ ထူးဆန်းသော “ဂလွတ် ဂလွတ်” ဆိုသည့် အသံများ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် စူးရှသော “ခွပ်” ဆိုသည့် အသံတစ်ခု ထွက်ပေါ်လာ၏။
သွေးများ ပက်စင်သွားမှုကြားတွင် ခေါင်းတစ်လုံးက လေထဲတွင် မျဉ်းကွေးတစ်ခု ရေးဆွဲသွားပြီးနောက် နက်ရှိုင်းသော ရေတွင်းထဲသို့ “ဝုန်း” ဆိုသည့် အသံနှင့်အတူ ကျဆင်းသွားချေသည်။
ခေါင်းပြတ်နေသော ခန္ဓာကိုယ်မှာ ရုန်းကန်နေသည့် ကိုယ်နေဟန်ထားဖြင့် ကျန်ရစ်ခဲ့ပြီးနောက် တဖြည်းဖြည်း ဒူးထောက် ကျသွားတော့သည်။
သူ၏ အဖွဲ့ဝင်များမှာမူ နောက်လှည့်မကြည့်ဘဲ ထွက်ပြေးသွားကြပြီ ဖြစ်သည်။
စားသောက်ပွဲတွင် ထူးဆန်းသော သတ္တဝါများက ဤမြင်ကွင်းကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ရယ်မောနေကြလေသည်။
“ဟားဟားဟား...ကြည့်စမ်း... လူသားတွေက အချင်းချင်း သတ်ဖြတ်ဖို့ အကျွမ်းကျင်ဆုံး မျိုးနွယ်ပဲ...” လက်ခြောက်ဖက်က စားပွဲကို သူ၏ လက်သီးဖြင့် ထုကာ ရိုင်းစိုင်းစွာ ရယ်မောလိုက်၏။
“ပထမအဖွဲ့က တော်တော် ပါးနပ်ပေမယ့် ကံမကောင်းစွာနဲ့ပဲ သူတို့က မမြန်ဘူး ဖြစ်သွားတယ်...” လျှာရှည်က သူ၏ နှုတ်ခမ်းကို ထူးဆန်းစွာ သပ်လိုက်လေသည်။ “ဒုတိယအဖွဲ့ကတော့... ချွတ် ချွတ်... တကယ်ကို ကြည့်ကောင်းတာပဲ”
ကျန်းယဲ့နှင့် သူ၏အဖွဲ့မှာ ရေမျက်နှာပြင်ပေါ်ရှိ မြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြပြီး သူတို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။
ရေမျက်နှာပြင်ပေါ်ရှိ မြင်ကွင်းက ပြောင်းလဲသွားလေသည်။
အလင်းရောင် မှိန်ဖျော့နေသော အိပ်ခန်းအတွင်း၌ လရောင်အောက်တွင် ဖုန်မှုန့်များ လွင့်မျောနေခဲ့သည်။
လူလေးယောက်ပါ အဖွဲ့တစ်ဖွဲ့က သတိကြီးစွာဖြင့် ဝင်ရောက်လာပြီး သူတို့၏ ခြေအောက်ရှိ သစ်သားကြမ်းပြင်များက တကျွိကျွိ အသံမည်ကာ ညည်းတွားနေချေသည်။
“ဒီနေရာက အရမ်း ယင်စွမ်းအင်များနေတယ်” အမျိုးသမီး ကစားသမားတစ်ယောက်က တစ်ကိုယ်လုံး အမြင့်ဆုံး သတိအနေအထားဖြင့် တိုးတိုးလေး ပြောလိုက်၏။
ရှေ့ဆုံးမှ လျှောက်သွားနေသော အမျိုးသား ကစားသမားက ရုတ်တရက် ရပ်တန့်သွားလေသည်။
“ဒါကို ကြည့်စမ်း...” သူက ထောင့်ရှိ လူနှစ်ယောက်စာလောက် မြင့်သော ကြေးမုံပြင်တစ်ခုကို ညွှန်ပြလိုက်၏။
ကြေးမုံမျက်နှာပြင်က ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်ဖြင့် တောက်ပနေပြီး ၎င်း၏ အစွန်းများတွင် ပုံပျက်နေသော လူ့မျက်နှာများကို ဖောင်းကြွ ထွင်းထုထားရာ အသံတိတ် အော်ဟစ်နေသည့်အလားပင်။
သူက အနားသို့ တိုးကပ်သွားပြီးနောက် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။ မှန်ထဲရှိ ပုံရိပ်က လက်တွေ့ထက် တစ်ခဏလောက် နောက်ကျနေသလို ဖြစ်နေချေသည်။
ထို့နောပ် မှန်ထဲတွင် နောက်ထပ် ပုံရိပ်တစ်ခု အပိုပါနေသည်ကို သူ ဝိုးတဝါး မြင်လိုက်ရ၏။
“နေဦး... ဒီမှန်က တစ်ခုခု မှားနေတယ်...”
စကားမဆုံးသေးမီပင် ကြေးမုံမျက်နှာပြင်က ရေပြင်လို ရုတ်တရက် လှိုင်းထသွားခဲ့သည်။
ထို့နောက် ဖြူဖျော့နေသော လက်တစ်စုံက မှန်ကို ဖောက်ထွက်လာပြီး သူ၏ ပခုံးများကို ရုတ်တရက် ဖမ်းဆွဲလိုက်၏။
“ကယ်...”
သူ၏ ခန္ဓာကိုယ်မှာ မမြင်ရသော စွမ်းအားတစ်ခု၏ ဆွဲငင်ခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး မှန်ဘောင်ထဲသို့ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
သူ လုံးဝ ပျောက်ကွယ်သွားသည့် အချိန်မှာပင် ကြေးမုံမှာ ငြိမ်သက်သွားပြီး သူ၏ လက်ဝါးတစ်ဝက်သာ မှန်ပေါ်တွင် ဖိကပ်လျက် ကျန်ရစ်ခဲ့ကာ လက်ချောင်းများက တဆတ်ဆတ် ခြစ်ကုပ်နေပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားလေသည်။
သူ၏ အဖွဲ့ဝင်များမှာ ထိုနေရာတွင် မှင်တက်သွားကြပြီး မှန်ထဲတွင် ပေါ်လာသော ဝိုးတဝါး ပုံရိပ်ကို အံ့သြထိတ်လန့်စွာ စိုက်ကြည့်နေကြ၏။ ယင်းမှာ ခုလေးတင် အဆွဲခံလိုက်ရသော သူတို့၏ အဖော်ပင်။
သူက မှန်ကို အတင်း ထုနှက်နေသော်လည်း မည်သည့် အသံမှ မထွက်ပေါ်လာချေ။
စားသောက်ပွဲတွင် ထူးဆန်းသော သတ္တဝါများက စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်ကြ၏။
“ကျွတ်.... တစ်ယောက်ပဲ စားရတယ်” ပြည်ဖုများ ဖုံးလွှမ်းနေသော ထူးဆန်းသည့် သတ္တဝါက မကျေမနပ်ဖြင့် ရေရွတ်လိုက်၏။ “ပြီးခဲ့တဲ့ အကြိမ်တုန်းက သုံးယောက် ဆက်တိုက် စားခဲ့ရတာကို...”
“ဒီနှစ် ကစားသမားတွေက တုံ့ပြန်မှု မြန်တယ်လေ” လက်ခြောက်ဖက်က ကြောက်မက်ဖွယ် အပြုံးဖြင့် ပြောလိုက်လေသည်။ “ကျန်တဲ့ သုံးယောက်က နောက်တောင် လှည့်မကြည့်ဘဲ တကယ်ပဲ ထွက်ပြေးသွားကြတာပဲ...”
လျှာရှည်က သူ၏ ထက်မြက်သော သွားများကို ကြောက်မက်ဖွယ်ကောင်းစွာ သပ်လိုက်သည်။ “ကြေးမုံတစ္ဆေက ဒီနေ့ သိပ်ပြီး ခံတွင်းမတွေ့လှပါလား...”
ရေမျက်နှာပြင်ပေါ်ရှိ မြင်ကွင်း မပြောင်းလဲမီ မှန်ထဲတွင် ဝါးမျိုခံလိုက်ရသော ကစားသမား၏ ပုံရိပ်မှာ ပိုပိုပြီး မှေးမှိန်လာကာ နောက်ဆုံးတွင် မရေမတွက်နိုင်သော အခြားသားကောင်များကဲ့သို့ပင် ထာဝရ မှန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားရတော့၏။
အခန်း ၂၁၁ပြီး၏။