အခန်း ၂၁၂
Vol. 22 Ch. 212
အခန်း (၂၁၂) စားသောက်ပွဲ၏ အဆုံးသတ်
ဒီအချိန်မှာတော့ မြင်ကွင်းက မင်္ဂလာအခန်းတစ်ခုဆီကို ပြောင်းလဲသွားပြီ ဖြစ်သည်။
ကစားသမား သုံးယောက်က သစ်သားပန်းပုတံခါးကို သတိကြီးစွာဖြင့် တွန်းဖွင့်လိုက်ပြီး တံခါးပွင့်သွားသည့် အချိန်မှာပင် ပြင်းထန်သော သွေးနံ့က လွင့်ပျံ့လာလေသည်။
မင်္ဂလာအခန်းထဲရှိ နဂါးနှင့် ဖီးနစ်ဖယောင်းတိုင်များမှာ လေမတိုက်ဘဲ အလိုအလျောက် လောင်ကျွမ်းနေပြီး ဘဲရုပ်များ ပန်းထိုးထားသော ကုတင်လိုက်ကာများပေါ်သို့ အနီရင့်ရောင် အလင်းတန်းများ ဖြာကျနေခဲ့သည်။
ကစားသမား သုံးယောက်မှာ အသက်အောင့်ထားကြပြီး သူတို့၏ မျက်လုံးများက ကုတင်ရှေ့ရှိ တောက်ပသော အနီရောင် ပန်းထိုးဖိနပ်တစ်စုံအပေါ်သို့ စူးစိုက်နေကြသည်။
ဖိနပ်ထိပ်များတွင် မခြောက်သေးသော သွေးများ စွန်းထင်းနေဆဲပင်။
“မကိုင်နဲ့...” အဖွဲ့ခေါင်းဆောင်က စကားပြောရုံရှိသေး အဖွဲ့ထဲမှ အငယ်ဆုံးအဖွဲ့ဝင်က ဆောင့်ကြောင့်ထိုင်ကာ ပန်းထိုးဖိနပ်ကို ကောက်ယူလိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပန်းထိုးဖိနပ်များက အသက်ရှင်နေသည့်အလား သူ၏ ခြေထောက်များကို ရစ်ပတ်သွားလေသည်။
မင်္ဂလာဝတ်စုံမှာ လေမတိုက်ဘဲ ရွေ့လျားလာပြီး သူ၏ ခန္ဓာကိုယ်ကို တစ်လွှာပြီးတစ်လွှာ ရစ်ပတ်သွားခဲ့သည်။
အဖွဲ့ဝင်များ သတိဝင်လာချိန်တွင် သူက မှန်တင်ခုံရှေ့၌ မတ်မတ်ထိုင်နေပြီး သူ၏ ဆံပင်များကို စက်ရုပ်ဆန်ဆန် ဖြီးနေပြီ ဖြစ်၏။
“ရှောင်ဝမ်... ငါ လှရဲ့လား..” သတို့သမီး ဖြစ်သွားသော အဖွဲ့ဝင်က ခေါင်းလှည့်လာ၏။ သူ၏ ဦးရေပြားက နားရွက်နားတွင် တွဲလောင်းကျနေသော်လည်း သူက မသိဘဲ ပြုံးနေချေသည်။
ဘီးသွားများက ပေါ်နေသော ဦးခေါင်းခွံကို ခြစ်ဆွဲသွားပြီး သွေးစက်များကို သယ်ဆောင်လာကာ တောက်ပသော အနီရောင် မင်္ဂလာဝတ်စုံကို ပို၍ပင် တောက်ပသွားစေခဲ့သည်။
“သွား... မြန်မြန်သွား...” ကျန်နှစ်ယောက်မှာ မင်္ဂလာအခန်းထဲမှ ယိုင်နဲ့စွာ ထွက်သွားကြသော်လည်း တံခါးအပြင်သို့ ခြေချလိုက်သည်နှင့် လေထဲမှ အသံတစ်သံကို ကြားလိုက်ရသည်။
‘ပထမဆုံး သတို့သမီးကို ရှာတွေ့သွားပါပြီ...’
ကစားသမား ခေါင်းဆောင်က ရုတ်တရက် လှည့်ကြည့်လိုက်ရာ တံခါးဟနေသော နေရာမှတစ်ဆင့် မှန်တင်ခုံရှိ မှန်ထဲတွင် သူ၏ အဖော်၏ မျက်နှာမှာ တဖြည်းဖြည်း အရည်ပျော်သွားပြီး သူစိမ်း အမျိုးသမီးတစ်ယောက်၏ မျက်နှာအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်ကို မြင်လိုက်ရပေသည်။
စားသောက်ပွဲရှိ ထူးဆန်းသော သတ္တဝါများမှာ ကစားသမားက ပန်းထိုးဖိနပ်ကို ကိုင်လိုက်သည်ကို မြင်သောအခါ အထူး စိတ်လှုပ်ရှားသွားကြရသည်။
“လာပြီ... စိတ်အလှုပ်ရှားဆုံး အပိုင်း ရောက်လာပြီ..” ချုပ်ရိုးများနှင့် အမျိုးသမီးက စိတ်လှုပ်ရှားစွာဖြင့် စားပွဲကို ရိုက်လိုက်ရာ ပန်းကန်ပြားထဲရှိ ပုပ်ဟောင်နေသော အသားများပင် လွှင့်စင်သွားရသည်။
မကောင်းဆိုးဝါးများ အားလုံးက ရေမျက်နှာပြင်ကို စိုက်ကြည့်ရန် လည်ပင်းများကို ဆန့်ထုတ်ထားကြပြီး ကစားသမားက သတို့သမီးအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရချိန်တွင် စားသောက်ပွဲတစ်ခုလုံးက ရူးသွပ်စွာ ရယ်မောသံများဖြင့် ပေါက်ကွဲထွက်လာတော့သည်။
“ဟားဟားဟား... နောက်ဆုံးတော့ စတင်ပြီပဲ...” လက်ခြောက်ဖက်က မသမာသော ရယ်မောသံဖြင့် ခါးကုန်းသည်အထိ ရယ်မောလိုက်၏။ “သူ ဆံပင်ဖြီးနေတာ ဘယ်လောက် လေးနက်နေလဲ ကြည့်စမ်းပါဦး....”
လျှာရှည်က အေးစက်ပြီး ထူးဆန်းသော အသံဖြင့် ပြောလိုက်ရာ သူ၏ လေသံတွင် မကျေနပ်မှုများ ပါဝင်နေပုံရလေသည်။ “ပြီးခဲ့တဲ့ အကြိမ်က အသုံးမကျတဲ့ ကောင်တွေက အားလုံး မသေခင် သတို့သမီး ၈၀ တောင် မပြည့်ခဲ့ဘူး။ အဲဒီတုန်းက သခင်ကြီးက တော်တော်လေး မကျေနပ်ဖြစ်ခဲ့တာ..”
“အကောင်းဆုံး အသုတ်မှာတော့ ရက်စက်တဲ့ ကောင်နှစ်ယောက် ပါခဲ့တယ်” ပြည်ဖုတစ္ဆေက ထူးဆန်းစွာ ဆက်ပြောလိုက်ပြီး သူ၏ ပြည်ဖုများက ထပ်ခါတလဲလဲ ပေါက်ကွဲနေချေသည်။ “သူတို့က သတို့သမီး ၁၀၈ ယောက်ကို စုဆောင်းနိုင်ခဲ့တယ်.. သူတို့ရဲ့ အဖော်တွေကိုတောင်...”
ကျန်းယဲ့နှင့် သူ၏ ဇွန်ဘီအုပ်စုက ပတ်ဝန်းကျင်ရှိ ထူးဆန်းသော သတ္တဝါများက ကစားသမားများ သေဆုံးခဲ့သည့် နည်းလမ်းအမျိုးမျိုးကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်ကို တိတ်ဆိတ်စွာ နားထောင်နေကြပြီး ရံဖန်ရံခါတွင် သူတို့၏ ကိုယ်ပိုင် မှတ်ချက်များကိုပါ ပေးနေကြသေးလေသည်။
သူတို့၏ စိတ်လှုပ်ရှားဖွယ် ဆွေးနွေးမှုများမှတစ်ဆင့် ဘာမေးခွန်းမှ မမေးရဘဲ ဘာတွေဖြစ်နေလဲဆိုတာကို သူတို့ သိလိုက်ရ၏။
ရေမျက်နှာပြင်ပေါ်တွင် ပေါ်ထွက်လာသော သွေးထွက်သံယို မြင်ကွင်းများကို ကြည့်ရင်း ချန်ရှင်းယွမ်ကဲ့သို့သော ကြောက်တတ်သူများပင်လျှင် ယခုအခါ မျက်တောင်မခတ်ဘဲ ကြည့်ရှု နားထောင်နိုင်နေပြီဖြစ်ပြီး အချို့က ထောက်ခံသည့်အနေဖြင့် ခြောက်ကပ်ကပ်ပင် ရယ်မောလိုက်ကြသေးသည်။
ကျန်းယဲ့က ဤမြင်ကွင်းကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် မသက်ပြင်းချဘဲ မနေနိုင်တော့ချေ။ ‘လူသားတွေက တကယ်ကို လိုက်လျောညီထွေ အဖြစ်နိုင်ဆုံး မျိုးစိတ်တွေထဲက တစ်ခုပဲ....’
ကျန်းထောင်က ဝိုင်ခွက်ဖြင့် ပါးစပ်ကို ကွယ်ကာ ကြားရခက်လောက်အောင် တိုးညင်းသော အသံဖြင့် ပြောလိုက်၏။ “သူတို့ ဂိမ်းကို ဖြတ်ကျော်ချင်ရင် ကစားသမား ၁၀၇ ယောက်ကို စတေးရမယ့်ပုံပဲ...”
ကျန်းယဲ့က ခေါင်းယမ်းပြီး ပြင်ပေးလိုက်သည်။ “မဟုတ်ဘူး... ၁၀၈ ယောက်”
လင်ယီရှင်းက မျက်မှောင်ကြုတ်ကာ အသံကို နှိမ့်၍ ပြောလိုက်ပြန်သည်။ “ဒါရိုက်တာကျန်း... ခုလေးတင် ထွက်သွားတဲ့ ကစားသမားက ၈၀ တောင် မပြည့်ဘူး။ သူတို့အားလုံးကို ထည့်တွက်ရင်တောင် ၁၀၈ ယောက်အတွက် လုံလောက်မှာ မဟုတ်ဘူး။ အားလုံး သေကုန်မှာ မဟုတ်ဘူးလား..”
ကျန်းယဲ့၏ အကြည့်က ရေမျက်နှာပြင်ပေါ်တွင် ကူးခတ်နေသော ထူးဆန်းသည့် သတ္တဝါများအပေါ်သို့ ကျရောက်သွားပြီး တည်ငြိမ်စွာ ပြောလိုက်၏။ “မသေဘူး... ဟိုအရာတွေလည်း ပါတယ်”
အားလုံး ခေတ္တမျှ မှင်တက်သွားကြပြီးနောက် ဘာဖြစ်နေလဲဆိုတာကို သဘောပေါက်သွားကြရသည်။
အနောက်ဘက် ခြံဝင်းထဲရှိ အထီးကျန်နေသော ထူးဆန်းသည့် သတ္တဝါများကလည်း သတို့သမီးများ အဖြစ် အသုံးဝင်နိုင်တာကိုး။
တကယ်ပင် ရေမျက်နှာပြင်တွင် ပြသနေသော မြင်ကွင်းထဲ၌ အစွမ်းအထက်ဆုံး ကစားသမား အချို့က ကျန်ရှိနေသော အင်အားစုများကို လျင်မြန်စွာ ဖွဲ့စည်းလိုက်ပြီး အနောက်ဘက် ခြံဝင်းထဲရှိ ထူးဆန်းသော သတ္တဝါများကို စတင် အမဲလိုက်ကြတော့သည်။
တစ္ဆေထိန်းချုပ်သူ အဆင့်ရှိ ကစားသမား တစ်ယောက်က လက်ကိုမြှောက်ကာ သွေးရောင် အင်းစာရွက်တစ်ခုကို ခေါ်ထုတ်လိုက်ပြီး လွင့်မျောနေသော အနီရောင်ဝတ် တစ္ဆေမတစ်ကောင်ကို ချက်ချင်း ချည်နှောင်ကာ မင်္ဂလာအခန်းဆီသို့ တရွတ်တိုက် ဆွဲခေါ်သွားလေသည်။
အခြား အဖွဲ့တစ်ခုကလည်း ပူးပေါင်းလုပ်ဆောင်ကာ ခေါင်းပြတ်တစ္ဆေတစ်ကောင်ကို ဖမ်းဆီးလိုက်ပြီး အထူးပြုလုပ်ထားသော သံကြိုးများဖြင့် တရွတ်တိုက် ဆွဲခေါ်သွားလိုကိကြသည်။
ရှေ့ဘက် ခြံဝင်းရှိ စားသောက်ပွဲတွင်မူ ထူးဆန်းသော ပုံရိပ်များ၏ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားကြချေသည်။
ကျန်းထောင်က ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ အကဲခတ်ကြည့်လိုက်ရာ မှိုင်းညို့နေသော ထူးဆန်းသည့် မျက်နှာများစွာကို သတိပြုမိလိုက်၏။ တချို့က မတ်တပ်ရပ်ပြီးသွားပြီ ဖြစ်သော်လည်း သူတို့ကိုယ်သူတို့ အတင်းအကျပ် ပြန်ထိုင်လိုက်ကြသည်။
သူက တိုးတိုးလေး ရေရွတ်လိုက်၏။ “သူတို့က ဒီတိုင်း ရပ်ကြည့်မနေနိုင်ဘူးဆိုရင် ဘာလို့ ဝင်မကူညီကြတာလဲ...”
ကျန်းယဲ့က စကားမပြောသော်လည်း တာအိုဘုန်းကြီးငယ် ရွှမ်ချင်းက တိုးတိုးလေး ပြောလိုက်လေသည်။ “စည်းကမ်းချက်တွေလေ....”
စည်းကမ်းချက်များက သူတို့ကို ချည်နှောင်ထားပြီး သူတို့ကို ပါဝင်ခြင်းမှ တားဆီးထားကာ သူတို့၏ အနောက်ဘက် ခြံဝင်းထဲတွင် အမဲလိုက်ဂိမ်း ပေါ်ထွက်လာသည်ကိုသာ ကြည့်ရှုခွင့် ပေးထားချေသည်။
ကျန်းထောင်၏ မျက်လုံးများက ဟိုဟိုဒီဒီ ဝေ့ကြည့်လိုက်ပြီး ထပ်မေးလိုက်ပြန်သည်။ “အကယ်၍ အနောက်ဘက်ခြံဝင်းထဲက အကုန်လုံးကို သတ်တာတောင် မလုံလောက်ဘူးဆိုရင် သူတို့က ရှေ့ဘက် ခြံဝင်းထဲ လာပြီး ငါတို့ကို အမဲလိုက်ကြမှာလား..”
ကျန်းယဲ့က ခေါင်းယမ်းလိုက်၏။ “ဒီကို လာရင်တော့ သေခြင်းတရားကိုပဲ ရင်ဆိုင်ရလိမ့်မယ်...”
တကယ်ပင် ရေမျက်နှာပြင်ထဲရှိ ကစားသမားများက အနောက်ဘက် ခြံဝင်းထဲရှိ ထူးဆန်းသော သတ္တဝါများ အားလုံးကို လျင်မြန်စွာ ရှင်းလင်းပစ်လိုက်ကြလေသည်။ စည်းကမ်းချက်များကြောင့် သေဆုံးသွားသော ကစားသမားများနှင့် ထူးဆန်းသည့် သတ္တဝါများကိုပါ ထည့်တွက်လိုက်လျှင် သတို့သမီး စုစုပေါင်း ၇၈ ယောက် ပြည့်သွား၏။
သို့သော်ငြား အယောက် ၃၀ ထပ်လိုသေးပေသည်။
ရေမျက်နှာပြင်ထဲတွင် ကစားသမားတစ်ယောက်က အံကိုကြိတ်ကာ အကြံပြုလိုက်၏။ “ရှေ့ဘက် ခြံဝင်းကို သွားကြစို့။ အဲဒီမှာ ထူးဆန်းတဲ့ အရာတွေ ပိုများတယ်...”
သို့သော်လည်း တစ္ဆေထိန်းချုပ်မှု နယ်ပယ်၏ အဆင့်တစ် ကျွမ်းကျင်သူက ချက်ချင်းပင် အော်ဟစ်တားဆီးလိုက်၏။ “လူမိုက်.... ရှေ့ဘက်ခြံဝင်းက မြို့စားကြီးရဲ့ နယ်မြေပဲ။ ငါတို့ အဲဒီကို ခြေချလိုက်တာနဲ့ မကောင်းဆိုးဝါး အားလုံးက တိုက်ခိုက်ကြလိမ့်မယ်... ငါတို့ထဲက ဘယ်သူမှ အသက်ရှင်မှာ မဟုတ်ဘူး...”
ထိုစကားကို ကြားသောအခါ စားသောက်ပွဲရှိ ထူးဆန်းသော ပုံရိပ်များက ဆဲဆိုသံများ ထွက်ပေါ်လာကြလေသည်။
“ကျစ်... ဒီကောင်က တော်တော် ပါးနပ်တာပဲ...” လက်ခြောက်ဖက် မကောင်းဆိုးဝါးက ဒေါသတကြီးဖြင့် စားပွဲကို သူ၏ လက်သီးဖြင့် ထုလိုက်၏။
“နှမြောစရာပဲ... သူတို့ ငါတို့ရဲ့ ထောင်ချောက်ထဲကို တိုက်ရိုက် လျှောက်လာတာကို မြင်ရဖို့ မျှော်လင့်နေတာ....” လျှာရှည်က သူ၏ ထက်မြက်သော သွားများကို ထူးဆန်းသော နောင်တရမှုဖြင့် သပ်လိုက်လေသည်။
ရေမျက်နှာပြင်ထဲရှိ ကစားသမားများ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
သူတို့က ဖြည်းညှင်းစွာ ဆုတ်သွားကာ သူတို့အချင်းချင်းကြားတွင် အကွာအဝေးကို ဖန်တီးလိုက်ကြပြီး သူတို့၏ လက်နက်များက တစ်ချိန်က အသင်းဖော်များဖြစ်ခဲ့သူများဆီသို့ တိတ်ဆိတ် ချိန်ရွယ်လိုက်ကြ၏။
မကောင်းဆိုးဝါးတွေ မလုံလောက်မှတော့ ကစားသမားတွေနဲ့ပဲ အစားထိုးလိုက်ကြတာပေါ့။
တိုက်ပွဲက တရားဝင် စတင်သွားပြီ ဖြစ်၏။
ကျန်းယဲ့က ရေမျက်နှာပြင်ထဲရှိ သွေးထွက်သံယို တိုက်ပွဲကို စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများက မှိုင်းညို့ကာ စိတ်မသက်မသာ ဖြစ်နေချေသည်။
ဒီဂိမ်းရဲ့ အဆိုးရွားဆုံးအချက်က သတ်ဖြတ်ခြင်းသာမက လူ့သဘာဝရဲ့ အရုပ်ဆိုးဆုံး အစိတ်အပိုင်းတွေကို ဖော်ထုတ်ပြသနေခြင်းပင်။ အသက်ရှင်ဖို့အတွက် တစ်ချိန်က ရဲဘော်ရဲဘက်တွေက မျက်စိတစ်မှိတ်အတွင်းမှာ အချင်းချင်း ပြန်လှည့်တိုက်ခိုက်နိုင်ကြသည်။
ရေမျက်နှာပြင်ထဲတွင် နောက်ဆုံး ကစားသမားက တုန်ယင်စွာဖြင့် သူ၏ အသင်းဖော်၏ ကျောထဲသို့ ဓားမြှောင်ကို ထိုးစိုက်လိုက်၏။
သုံးဆယ်မြောက် အလောင်း ကျဆင်းသွားချိန်တွင် အသက်ရှင်ကျန်ရစ်သူကိုးယောက်မှာ အလောင်းပုံများကြားတွင် ရပ်နေကြပြီး သွေးများ ဖုံးလွှမ်းနေကာ သူတို့၏ မျက်လုံးများမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် လွတ်ဟာနေခဲ့ကြသည်။
“အသုံးမကျတဲ့ ကောင်တွေ..” လက်ခြောက်ဖက်က ထူးဆန်းစွာ အော်ဟစ်လိုက်၏။ “ဟိုတစ်ခေါက်က နှစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တာ... ဒီတစ်ခါကျတော့ ကိုးယောက်တောင်”
လျှာရှည်က ၎င်း၏ အစွယ်များကို ကြောက်မက်ဖွယ်ကောင်းပြီး သပ်လိုက်ကာ ကျောချမ်းဖွယ် လေသံဖြင့် ပြောလိုက်လေသည်။ “နောက်တစ်ခါကျရင် စည်းကမ်းချက်တွေကို ပြောင်းရမယ်။ ပထမဆုံး စိန်ခေါ်မှုဖြစ်တဲ့ ဖိတ်စာရှာတဲ့ အဆင့်မှာတင် သူတို့ဆယ်ယောက်မှာ ရှစ်ယောက်လောက် သေသွားသင့်တယ်....”
“ငါ့ကို မေးရင်တော့ ရေတွင်းထဲက ကလဲ့စားချေချင်တဲ့ မိန်းမမှာ ဆံပင်က သုံးဆလောက် ပိုများသင့်တယ်....” ချုပ်ရိုးများနှင့် အမျိုးသမီးက ထူးဆန်းပြီး စူးရှသော အသံဖြင့် အကြံပြုလိုက်၏။ “သူတို့ ဘယ်လို လွတ်အောင် ပြေးမလဲ ကြည့်ကြတာပေါ့...”
မြို့စားကြီးကျောက်က သူ၏ ဝိုင်ခွက်ကို ကစားနေပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်နေချေသည်။
သူတို့ စကားမပြောကြသော်လည်း နောက်တစ်သုတ် ကစားသမားများက ပိုမို ရက်စက်သော သေမင်းတမန်ဂိမ်းကို ရင်ဆိုင်ရမည်ဆိုတာကို ထူးဆန်းသော သတ္တဝါအားလုံး ကောင်းစွာ သိရှိကြ၏။
ထူးဆန်းသော တီးတိုးစကားများက ခရီးသွားများ၏ နားထဲသို့ ရောက်ရှိသွားရာ သူတို့က ဤဘက်မြင်ကွင်းမှ လူသားများ မဟုတ်သည့်အတွက် ကြောက်ရွံ့မှုနှင့် သက်သာရာရမှုများ ပြည့်နှက်သွားကြရသည်။
မဟုတ်ပါက သေရသည်ထက်ပင် ပိုဆိုးပေလိမ့်မည်။
ထူးဆန်းသော သတ္တဝါများက ခက်ခဲမှု တိုးလာစေရန် နောက်ထပ် စည်းမျဉ်းများကို ကြံစည်နေကြသည်ကို ရွှီဝမ် ကြားလိုက်ရချိန်တွင် သူ၏ ကျောရိုးများ စိမ့်တက်သွားရသည်။ ရှေ့ဆက်ရမည့် လမ်းက မှိုင်းညို့နေပြီး မျှော်လင့်ချက် မရှိတော့ဘူးဟု သူ ခံစားလိုက်ရခေသည်။
လင်ယီရှင်းက အသံကို နှိမ့်ကာ မေးလိုက်၏။ “ဒါရိုက်တာကျန်း... အကယ်၍ ကျွန်တော်တို့သာဆိုရင်...”
ကျန်းယဲ့က ပြန်မဖြေချေ။
အကယ်၍ သူတို့၏ ဘလူးစတားကမ္ဘာမှ လူသားများသာဆိုလျှင်လည်း အခြေအနေက အများကြီး ပိုကောင်းနေမည် မဟုတ်ချေ။
အခန်း ၂၁၂ပြီး၏။