အခန်း ၂၁၃
Vol. 22 Ch. 213
အခန်း (၂၁၃) မထင်မှတ်ထားသော အပြောင်းအလဲများ
သွေးများ ရွှဲနစ်နေသော ကစားသမား ကိုးယောက်က ရှေ့ဘက်ခြံဝင်းရှိ စားသောက်ပွဲခန်းမထဲသို့ ပြန်လည် ခြေချလိုက်ချိန်တွင် အရင်က ဆူညံနေသော ထူးဆန်းသည့် သတ္တဝါများမှာ ချက်ချင်း တိတ်ဆိတ်သွားကြ၏။
မသမာသော မျက်လုံးတစ်စုံက သူတို့ကို စိုက်ကြည့်နေပြီး သူတို့၏ အကြည့်များဖြင့်ပင် အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေသည့်အလား ထင်ရလေသည်။
မြို့စားကြီးကျောက်က ခေါင်းဆောင်နေရာတွင် ထိုင်နေပြီး သူ၏ မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခု ရှိနေဆဲပင်။ “မင်းတို့အားလုံး ကြိုးကြိုးစားစားနဲ့ အလုပ်ကို ကောင်းကောင်း လုပ်ခဲ့ကြပါတယ်...”
သူက လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်ရာ ဖြူဖျော့ဖျော့ မီးပုံးတစ်ခုက လေထဲမှ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
မီးပုံး၏ မျက်နှာပြင်ပေါ်တွင် ပုံပျက်နေသော တစ္ဆေမျက်နှာ မြောက်မြားစွာပေါ်လာပြီး တစ်ခါတစ်ရံတွင် ငိုယိုနေကာ တစ်ခါတစ်ရံတွင် သွားဖြဲနေကြပြီး ကျောချမ်းဖွယ် အငွေ့အသက်များကို ထုတ်လွှတ်နေ၏။
“ကပ်ဘေးအဆင့် ပစ္စည်းတစ်ခုဖြစ်တဲ့ တစ္ဆေတစ်ရာ မီးပုံးပဲ....” မြို့စားကြီးကျောက်၏ အသံက ဆွဲဆောင်မှု ရှိနေလေသည်။ “ဒါက ပိုင်ဆိုင်သူရဲ့ အမိန့်ကို နာခံဖို့ စာချုပ်အဆင့် တစ္ဆေသုံးကောင်ကို တစ်ပြိုင်နက်တည်း ခေါ်ထုတ်ပေးနိုင်တယ်...”
ကစားသမားကိုးယောက်၏ အသက်ရှူသံများ ရုတ်တရက် မြန်ဆန်လာ၏။
ဤအဆင့်ရှိ ပစ္စည်းမျိုးသာ ပြင်ပကမ္ဘာသို့ ရောက်သွားပါက သွေးထွက်သံယို တိုက်ပွဲတစ်ခုကို ဖန်တီးရန် လုံလောက်ချေသည်။
“ကံမကောင်းတာက တစ်ခုတည်းပဲ ရှိတယ်...” မြို့စားကြီး ကျောက်က နောင်တရသလို သက်ပြင်းချလိုက်ပြီး သူ၏ အကြည့်က လူကိုးယောက်ကြားတွင် ရွှေ့လျားသွားခဲ့သည်။ “ငါ ဒါကို ဘယ်သူ့ကို ပေးသင့်တယ်လို့ ထင်လဲ...”
ဒါက ဗြောင်ကျကျ ရန်စလိုက်ခြင်းပင်။
ကျန်းထောင်က တိတ်တဆိတ် မျက်လုံးလန်ကြည့်လိုက်ပြီး စိတ်ထဲမှ ဆဲရေးလိုက်၏။
‘ဒီလူအိုကြီးက တစ်ယောက်တည်း ကျန်တဲ့အထိကို ကျေနပ်မှာ မဟုတ်ဘူး....’
လေထုက ပိုပိုပြီး တင်းမာလာချိန်တွင် တစ္ဆေထိန်းချုပ်မှု နယ်ပယ်၏ အဆင့်တစ် ကစားသမားက ရုတ်တရက် စကားပြောလာခဲ့သည်။ “ဘယ်သူ့ကိုပေးပေး အဆင်ပြေပါတယ်”
“ဟုတ်ပါတယ်...” တစ္ဆေထိန်းချုပ်မှု အဆင့်၏ ဒုတိယအဆင့် ကစားသမားကလည်း ထောက်ခံလိုက်၏။ “ကျွန်တော်တို့ ကိုးယောက် အသက်ရှင်ကျန်ရစ်တာကပဲ အံ့ဖွယ်တစ်ခုပါ။ ထပ်ပြီး တိုက်ခိုက်နေစရာ မလိုတော့ပါဘူး...”
ကျန်ခုနစ်ယောက်မှာ အနည်းငယ် အံ့အားသင့်သွားကြပြီး ပစ္စည်းကို ရရှိရန် အဖြစ်နိုင်ဆုံး လူနှစ်ယောက်က တကယ်ပဲ နောက်ဆုတ်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
မြို့စားကြီးကျောက်၏ မျက်လုံးများထဲတွင် အရိပ်တစ်ခု ဖြတ်ပြေးသွားပြီး အခြား ခုနစ်ယောက်ကို ကြည့်လိုက်၏။ “မင်းတို့ကရော...”
ထိုခုနစ်ယောက်က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အံကိုကြိတ်ကာ ပြောလိုက်ကြသည်။ “ကျွန်တော်တို့မှာ ဘာကန့်ကွက်စရာမှ မရှိပါဘူး။ မြို့စားကြီးပဲ ဆုံးဖြတ်ပေးပါ..”
ထိုစကားကြောင့် မြို့စားကြီးကျောက်၏ အပြုံးမှာ ခေတ္တမျှ အေးခဲသွားရသည်။
“ကောင်းပြီ... ကောင်းပြီ.. ကောင်းပြီ” ဟု သူက ပြောလိုက်ရာ “ကောင်းပြီ” ဆိုသည့် စကားလုံးတိုင်းမှာ သူ၏ သွားများကြားမှ ညှစ်ထုတ်နေရသည့်အလား ဖြစ်နေချေသည်။
တစ္ဆေတစ်ရာမီးပုံးက တစ္ဆေထိန်းချုပ်မှု နယ်ပယ်၏ ဒုတိယအဆင့် ကစားသမားဆီသို့ လွင့်မျောသွားသော်လည်း ထိုအချိန်တွင် မြို့စားကြီး ကျောက်၏ ဒေါသမှာ မီးပုံးထဲရှိ တစ္ဆေတစ်ရာထက်ပင် ပို၍ ကြမ်းကြုတ်နေကြောင်း လူတိုင်း မြင်တွေ့နိုင်လေသည်။
မြို့စားကြီးကျောက်က အေးစက်စက် လေသံဖြင့် “မင်းတို့ဘာသာ သွားကြတော့” ဆိုသည့် စကားနှင့်အတူ အသက်ရှင်ကျန်ရစ်သော ကစားသမားကိုးယောက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သလို ခံစားလိုက်ရပြီး မြို့စားကြီး စံအိမ်မှ အလျင်စလို ထွက်ခွာသွားကြတော့သည်။
ကြီးမားလှသော စားသောက်ပွဲတွင် ကျန်းယဲ့နှင့် သူ၏ ဇွန်ဘီအတုအုပ်စုသာ ထူးဆန်းသော လူအုပ်ကြားတွင် ရောနှောလျက် ကျန်ရစ်ခဲ့လေသည်။
နောက်ခဏ၌ ထူးဆန်းသော သတ္တဝါများမှာ နှစ်ယောက် သုံးယောက်စီ စတင် ထွက်ခွာသွားကြပြီး လေထုထဲတွင် ပြည့်နှက်နေသော သွေးနံ့များကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
တကယ့် ဇွန်ဘီနှစ်ကောင်က ကျန်းယဲ့အနားသို့ ခုန်ဆွခုန်ဆွလာကြပြီး သူတို့၏ ပြာလဲ့လဲ့ မျက်နှာများပေါ်တွင် ကြောက်မက်ဖွယ် အပြုံးများကို အတင်း ညှစ်ထုတ်လိုက်ကြလေသည်။ ထို့နောက် သူတို့နောက်ကို လိုက်လာရန် တိုက်တွန်းသည့်အလား အူသံ အနည်းငယ်ကိုပါ ထုတ်လွှတ်လိုက်ကြသည်။
ကျန်းထောင်နှင့် အခြားသူများမှာ ချက်ချင်း တင်းမာသွားကြ၏။
‘ဒီအတိုင်း ဇွန်ဘီစခန်းကို အခေါ်ခံလိုက်ရရင် ငါတို့ ပေါ်သွားမှာ မဟုတ်ဘူးလား...’
ကျန်းယဲ့က တည်ငြိမ်အေးဆေးစွာပင် သူ၏ လည်ချောင်းထဲမှ တိုးညင်းသော “ဝု ဝု” ဆိုသည့် အသံနှစ်ချက် ထုတ်လွှတ်လိုက်ပြီး သူတို့ကို အရင်သွားရန် အချက်ပြသည့်အနေဖြင့် လက်များကိုပင် ဝှေ့ယမ်းပြလိုက်လေသည်။
တကယ့် ဇွန်ဘီနှစ်ကောင်က ခေါင်းစောင်းသွားကြပြီး နားမလည်ဟန်ဖြင့် နောက်ထပ် အူသံ နှစ်ချက်ကို ထုတ်လွှတ်ကာ “မင်းတို့ ငါတို့နဲ့ မလိုက်ဘူးလား” ဟု မေးသည့်အလား ဖြစ်နေချေသည်။
ကျန်းယဲ့က မတုန်မလှုပ်ဘဲ ဇွန်ဘီ ဘာသာစကားဖြင့် ပြန်ဖြေလိုက်၏။ “အာဝူး... အာဝူး (မင်းတို့ အရင်သွားကြ)”
(NT-ဇွန်ဘီလား ဘာလား မသဲကွဲဘူး..... )
နောက်ဆုံးတွင် ဇွန်ဘီနှစ်ကောင်က သူတို့၏ ခေါင်းများကို ကုတ်ကာ သူတို့ဘာသာ ခုန်ဆွခုန်ဆွ ထွက်သွားကြတော့သည်။
ကျန်းထောင်နှင့် အခြားသူများမှာ ကျန်းယဲ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြပြီး သူတို့၏ မျက်လုံးများထဲတွင် လေးစားမှုများ ပြည့်နှက်နေခဲ့သည်။
ရွှီဝမ်၏ မျက်လုံးများ အရောင်လက်သွား၏။
‘ဒီလူက ဇွန်ဘီ ဘာသာစကားကိုတောင် ပြောတတ်တာပဲလား...’
‘ဒါက တကယ့်ကို အံ့သြစရာပဲ.....’
ကျန်းယဲ့နှင့် သူ၏အဖွဲ့က မြို့တံခါးအပြင်သို့ ခြေချလိုက်သည်နှင့် သံချေးတက်နေသော ၄၀၄ ဘတ်စ်ကားက မှတ်တိုင်တွင် တိတ်ဆိတ်စွာ ရပ်နားထားပြီး အသက်ရှင်ကျန်ရစ်သော ကစားသမား ကိုးယောက်က အတွင်း၌ ထိုင်နေကြသည်ကို မြင်လိုက်ရ၏။
ထိုကစားသမား ကိုးယောက်မှာ ဘတ်စ်ကား ဘာကြောင့် မထွက်သေးတာလဲဆိုပြီး နားမလည် ဖြစ်နေကြလေသည်။
ယုတ္တိအရဆိုလျှင် ယခု လူစုံပြီဖြစ်၍ ဘတ်စ်ကားက ချက်ချင်း စတင် ထွက်ခွာသင့်ပြီ ဖြစ်၏။ သို့သော်လည်း ၎င်းမှာ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည့်အလား လုံးဝ မလှုပ်ရှားဘဲ ရှိနေချေသည်။
အချိန်အတော်ကြာသည့်အထိပင်...
“ဒုန်း ဒုန်း ဒုန်း...”
လေးလံသော ခြေသံများက မြို့တံခါးဘက်မှ ထွက်ပေါ်လာ၏။
ကစားသမား ကိုးယောက်က သတိကြီးစွာဖြင့် မော့ကြည့်လိုက်ရာ အပြာရောင်မျက်နှာနှင့် အစွယ်များရှိသော ဇွန်ဘီအုပ်စုကို ဦးဆောင်လာသည့် အလောင်းထိန်းချုပ်သူ နှစ်ယောက် တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို မြင်လိုက်ရ၏။
သူတို့မှာ ချက်ချင်း တင်းမာသွားကြပြီး သူတို့၏ လက်ချောင်းများက လက်နက်များဆီသို့ အလိုအလျောက် ဆုပ်ကိုင်မိလိုက်ကြသည်။
ဤဇွန်ဘီများမှာ အလွန် အစွမ်းထက်လွန်းသဖြင့် မြို့စားကြီးစံအိမ်ထဲရှိ အစွမ်းအထက်ဆုံး သဘာဝလွန်သတ္တဝါများပင် သူတို့ကို ရှောင်ဖယ်သွားကြသည် မဟုတ်ပါလော။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် သူတို့ကို အံ့အားသင့်စေမည့် အရာတစ်ခု ဖြစ်ပျက်သွားခဲ့သည်။
ရွှီဝမ်က သူ၏ ဇွန်ဘီဝတ်စုံကို ချွတ်လိုက်ရာ ယင်စွမ်းအင်များ ချက်ချင်း ပျောက်ကွယ်သွားပြီး အသက်ရှင်နေသော လူသားတစ်ယောက်၏ အငွေ့အသက်များကို ဖော်ပြလိုက်လေသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ကျန်းထောင်၊ တာအိုဘုန်းကြီးငယ် ရွှမ်ချင်း၊ လင်ယီရှင်းနှင့် အခြား လူနှစ်ဆယ်ကျော်ကလည်း သူတို့၏ ရုပ်ဖျက်မှုများကို ဖယ်ရှားလိုက်ကြပြီး အသက်ရှင်နေသည့် လူသားများအဖြစ် ပေါ်ထွက်လာခဲ့ကြသည်။
“ရွှစ်...”
ဘတ်စ်ကားထဲရှိ ကစားသမား ကိုးယောက်မှာ ရုတ်တရက် မတ်တပ်ရပ်လိုက်ကြပြီး ပြတင်းပေါက် အပြင်ဘက်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြလေသည်။
“ဒါ... ဒါက မဖြစ်နိုင်ဘူး” တစ်စုံတစ်ယောက်က အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်၏။
ဂျီဖေးဟန်နှင့် မုန်းရှင်းဟွိုင်တို့က ကားပြတင်းပေါက် အပြင်ဘက်မှ ရုပ်ဖျက်မှုများကို ချွတ်ချလိုက်သော ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို စူးစိုက်ကြည့်နေခဲ့ကြသည်။ သူတို့၏ သူငယ်အိမ်များ ရုတ်ခြည်း ကျဉ်းမြောင်းသွားပြီး အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။
“အဲဒီ ဇွန်ဘီတွေက တကယ်တော့ သူတို့ပဲလား..” မုန်းရှင်းဟွိုင်၏ အသံတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေချေသည်။
အင်မော်တယ်ရာချီမြို့အတွင်း၌ အခြား ထူးဆန်းသော သတ္တဝါများအားလုံးကို ကြောက်လန့်တကြား ဆုတ်ခွာသွားစေခဲ့သော ပြီးပြည့်စုံစွာ ညီညာသော လှုပ်ရှားမှုများ၊ အသက်ရှူကျပ်လောက်အောင် ဖိနှိပ်သည့် ခံစားချက်များနှင့် မြေပြင်အဆင့် မကောင်းဆိုးဝါးများပင် သတိထားမိသည့် အငွေ့အသက်များ ရှိသော ဇွန်ဘီ တပ်မတော်ကြီးမှာ...
ရုပ်ဖျက်ထားသော အသက်ရှင်သည့် လူတစ်စု ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ချေ။
ဂျီဖေးဟန်၏ မျက်နှာအမူအရာမှာ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည့်အလား ပြောင်းလဲသွားရသည်။ “နေဦး.... အဲဒါက ဒီလိုဆိုလိုတာ မဟုတ်ဘူးလား...”
သူ၏ အကြည့်များက ကားအပြင်ဘက်ရှိ လူစု၏ သန့်ရှင်းသပ်ရပ်နေသော အဝတ်အစားများအပေါ် ဝေ့ကြည့်လိုက်ပြီးနောက် သွေးစွန်းပြီး စုတ်ပြဲနေသော သူ၏ ကိုယ်ပိုင်အဝတ်အစားများကို ပြန်ကြည့်ကာ အလွန်အမင်း ခြောက်ကပ်နေသော အသံဖြင့် ပြောလိုက်၏။ “သူတို့က တိုက်ပွဲမှာ လုံးဝ မပါဝင်ခဲ့ဘူးလား...”
သူတို့နှစ်ယောက်က မြို့စားကြီး စံအိမ်အတွင်းရှိ ကြောက်မက်ဖွယ် မြင်ကွင်းကို တိုက်ဆိုင်စွာပင် ပြန်တွေးမိလိုက်ကြသည်။
ရေတွင်းထဲမှ ကလဲ့စားချေလိုသော အမျိုးသမီး၏ ဆွဲခေါ်သွားခြင်း ခံရသူများ၊ ကြေးမုံတစ္ဆေ၏ ဝါးမျိုခံလိုက်ရသူများ၊ မင်္ဂလာအခန်းထဲတွင် သတို့သမီး ဖြစ်သွားသူများနှင့် လူအရေအတွက် ပြည့်မီစေရန်အတွက် နောက်ဆုံး အချင်းချင်း သတ်ဖြတ်ကြရသည့် မြင်ကွင်းများ....
သူတို့ရှေ့ရှိ လူအုပ်မှာ အန္တရာယ်မကင်းရုံသာမက...
“သူတို့ရဲ့ အဝတ်အစားတွေက ညစ်ပတ်တောင် မညစ်ပတ်ဘူး...” မုန်းရှင်းဟွိုင်က တိုးတိုးလေး ရေရွတ်လိုက်ရာ သူ၏ ပါးစပ်ထဲတွင် ခါးသီးသော အရသာတစ်ခု ပေါ်လာခေေသည်။
‘အရင်က မြို့စားကြီးစံအိမ်မှာ သူတို့ကို မတွေ့ရတော့ ဖိတ်စာတွေကြောင့် သူတို့ ကျရှုံးသွားပြီလို့ ထင်ခဲ့ပြီး ငါ့ရဲ့ အလိုအလျောက်သိစိတ် မှားသွားပြီလို့ ထင်ခဲ့တာ...’
‘အခု ပြန်တွေးကြည့်တော့ ငါ့ရဲ့ ဆဋ္ဌမအာရုံက တော်တော်လေး မှန်ကန်ခဲ့တာပဲ....’
‘အဲဒီတုန်းကသာ ဒီအဖွဲ့ထဲကို အောင်မြင်စွာ ဝင်နိုင်ခဲ့မယ်ဆိုရင်...’
‘အင်း.... ငါတို့ အဲဒီလောက် ကံမကောင်းခဲ့တာ နှမြောစရာပဲ...’
ဇွန်ဘီဝတ်စုံကို ကိုင်ထားရင်း ရွှီဝမ်က တုံ့ဆိုင်းစွာဖြင့် ကျန်းယဲ့ကို ကြည့်လိုက်၏။ “ခင်ဗျားတို့ ကျွန်တော်တို့နဲ့ မလိုက်ဘူးလား....”
ကျန်းယဲ့က ခေါင်းယမ်းလိုက်၏။ “ငါတို့ ဒီကား မလိုပါဘူး...”
ရွှီဝမ်က တစ်စုံတစ်ခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဇွန်ဘီ ဝတ်စုံကို လေးလေးနက်နက် ပြန်ပေးလိုက်ဆခသည်။ “ဒီမှာပါ...”
ကျန်းယဲ့က လက်ဝှေ့ယမ်းပြလိုက်၏။ “သိမ်းထားလိုက်.... နောက်မှ မင်း လိုချင် လိုလာလိမ့်မယ်”
ရွှီဝမ်၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာရသည်။ သူက ခေါင်းကို အားပါးတရ ညိတ်ပြလိုက်ပြီး ၄၀၄ ဘတ်စ်ကားဆီသို့ လှည့်ထွက်သွားလိုက်သည်။
သို့သော်လည်း သူ ကားထဲသို့ ခြေချတော့မည့်အချိန်မှာပင်...
“ဝုန်း...”
ကြောက်မက်ဖွယ် ဖိအားတစ်ခု ရုတ်တရက် ကျရောက်လာပြီး လေအေးများ တိုက်ခတ်လာကာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော စက္ကူပိုက်ဆံများကို ဝဲပျံသွားစေဆလသည်။
အားလုံးမှာ ထိုစွမ်းအားကြောင့် ခါးကိုင်းသွားကြပြီး အသက်ရှူရန်ပင် ခက်ခဲလာရသည်။
မြို့စားကြီးကျောက်၏ အေးစက်စက် အသံက လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားပြီး ကျောချမ်းဖွယ် အငွေ့အသက်များကို သယ်ဆောင်လာ၏။
“ငါ့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေ ရောက်လာပြီဆိုမှ နှုတ်တောင် မဆက်ဘဲ ဘာလို့ ထွက်သွားကြတာလဲ....”
ရွှီဝမ်က နောက်သို့ လှည့်ကြည့်လိုက်ရာ မြို့တံခါးဝတွင် ဘယ်အချိန်ကတည်းက ပေါ်လာမှန်းမသိသော အရပ်ရှည်ရှည်နှင့် ပိန်သွယ်သွယ် ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။
အနီရောင် ဝတ်ဆင်ထားသော မြို့စားကြီး ကျောက်က လက်ပိုက်လျက် ရပ်နေပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ရှိနေသော်လည်း ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို ကြည့်နေသော သူ၏ မျက်လုံးများထဲတွင် မှောင်မိုက်ပြီး နားလည်ရခက်သော အကြည့်တစ်ခု ဝဲပျံနေချေသည်။
အခန်း ၂၁၃ပြီး၏။